ရွှီယန်၏ အရိုးသန့်စင်မှု
Vol. 1 Ch. 8
ကောင်းကင်က အဖြူရောင်သို့ ပြောင်းလဲလာပြီး မနက်ခင်းနေ၏ အလင်းကြောင်းများဟာ ရွာ၏ ကျဉ်းမြောင်းသော လမ်းတစ်လျှောက် ထွန်းလင်းလာခဲ့သည်။ ကျင့်ကြံနေသည့် ရွှီယန်အပေါ်သို့ ကျရောက်လာ၏။
ရွှီယန်သည် အမြဲတမ်းလိုလို အာရုံမတက်ခင် ကျင့်ကြံမှုကို စတင်လေ့ရှိ၏။ ဒီအချိန်၌ သူ၏နှလုံးသားဟာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေပါသည်။ သူ၏အသက်ဓာတ်စွမ်းအင်ကို လှည့်လည်ရာတွင် အခိုက်အတန့်တစ်ခု၌ အရေပြားက တင်းကြပ်သွားပြီး အသံတစ်ခုပေါ်လာခဲ့သည်။
ထိုအသံမှာ ဂီတာကြိုးအား လျှင်မြန်စွာ ဆွဲတင်းရာမှ ထွက်ပေါ်လာသည့် စူးရှသည့်အသံတစ်ခုနှင့် တူ၏။
သူ၏အရေပြားက အပြစ်အနာအဆာကင်းမဲ့လာပြီး ချက်ချင်းပင် ချောမွေ့သွားသည်။
စွမ်းအားက ပိုမိုကာ ကြီးထွားသန်မာလာခဲ့ပြီး အသက်ဓာတ်စွမ်းအင်လည်း ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
အရေပြားသန့်စင်ခြင်းဟာ ပြီးမြောက်ခဲ့ပါပြီ။
'ရက်၂၀...ရက်၂ဝကြာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ အရေပြားသန့်စင်ခြင်းကို ပြီးမြောက်ခဲ့ပြီ။ ဒါက ရှေးအခါတုန်းက ပါရမီရှင်တွေနဲ့ အများကြီးကွာခြားပေမယ့် ငါလည်းပဲ ပါရမီရှင်တွေအကြားမှာ ပါဝင်နေတုန်းပဲ..'
သူက စဉ်းစားသည်။
'ရွှေအရိုးကိုသာ သန့်စင်ပြီးရင် အတိတ်ရဲ့ပါရမီရှင်တွေထက် နိမ့်ကျမှာမဟုတ်ဘူး..'
ရွှီယန်က စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ လက်ကိုမြောက်ကာ လက်သီးများကို ဆုပ်သည်။ သူ့ကိုယ်သူ မည်မျှ စွမ်းအားကြီးသနည်းဟု ခံစားကြည့်၏။
လက်နက်ကိရိယာမရှိပဲနှင့်ပင်လျှင် သူသည် ဓားနှင့် ဆေဘာများကို အကြောက်တရားကင်းမဲ့စွာ တိုက်ခိုက်နိုင်လုနီးပါး ရှိနေ၏။ ယခုအချိန်၌ တစ်ယောက်တည်းနှင့် ရန်သူ၁၀၀ကို အလွယ်တကူ ရင်ဆိုင်ရန် ပြဿနာမရှိပေ။
ဟုတ်ပါသည်။ ဤသည်မှာ အရေပြားသန့်စင်ခြင်း ပြီးမြောက်မှု၏ ရလဒ်လေးသာ ဖြစ်၏။ အခြေခံအဆင့်များထဲတွင်မှ အခြေခံအကျဆုံးဖြစ်သည်။
'ဒီနေ့တော့ ဒီလောက်ပဲ။ မနက်ဖြန်ကျရင် အရိုးသန့်စင်ခြင်းကို စတင်မယ်..'
ရွှီယန်က သူ၏ကျင့်ကြံမှုကို အဆုံးသတ်ပြီးနောက် ပေါက်ပြားတစ်လက်ကိုယူကာ စိုက်ခင်းဆီသို့ သွားရောက်သည်။
ပြီးနောက် ကြက်များကို အစာကျွေးသည်။ သူ၏စိတ်ဝိဉာဥ်ကို သက်တောင့်သက်သာ ထားရှိပြီး မနက်ဖြန်တွင် အရိုးသန့်စင်ရန်အတွက် ပြင်ဆင်၏။
ဆရာ၏ သင်ကြားချက်များကို သူမှတ်သားထားသည်။ အလုပ်နှင့်အနားယူမှုကို ပေါင်းစပ်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်နေ၏။
အိပ်ရာမှထကာ ကိုယ်လက်သန့်စင်ပြီးနောက် လီရွှမ်တစ်ယောက် အိမ်မှ ထွက်လိုက်သည်နှင့် အံ့သြမှုတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ ရွှီယန်ဟာ ကျင့်ကြံမှုကို လုပ်ဆောင်မနေခြင်း ဖြစ်၏။ တပည့်အဖြစ် လက်ခံခဲ့စဉ်ကတည်းက ဤသည်မှာ ပထမဆုံးအကြိမ် ရွှီယန်၏ မနက်စောစောတွင် လေ့ကျင့်မှုမရှိသည့်ပုံစံအား မြင်ရခြင်းဖြစ်သည်။
'ဘာဖြစ်တာလဲ သူလက်လျှော့လိုက်ပြီလား..'
'မဖြစ်နိုင်ဘူး.. မနေ့ကပဲ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်နေသေးတယ်လေ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် လက်လျှော့လိုက်မှာလဲ..'
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် လီရွှမ်၏ ရွှီယန်အပေါ် နားလည်မှုအရ ရွှီယန်ဟာ အရာတစ်ခုတည်းပေါ်တွင် အာရုံစူးစိုက်စွာ ပြုမူတတ်သည့်သူ ဖြစ်ပြီး သူ၏ဦးနှောက်ဟာ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း မရှိပေ။ ထို့ကြောင့် ဗြုန်းစားကြီး လက်လျှော့လိုက်တာ မဟုတ်လောက်ပါ။
လီရွှမ်က ကြက်ခြံဆီသို့ သွားရောက်စစ်ဆေးကြည့်သည်။ ကြက်များမှာ အစာစားပြီး ဖြစ်ကြ၏။
အဝေးမှလှမ်းကြည့်သော် စိုက်ခင်းအတွင်းတွင် ပေါင်းသင်နေသည့် ရွှီယန်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက လျှောက်သွားလိုက်သည်။
"ဆရာ.."
ရွှီယန်က လေးစားစွာဖြင့် နှုတ်ဆက်၏။
"အင်း.. မဆိုးဘူး... စိတ်ကို တည်ငြိမ်အေးဆေးအောင်ထားပြီး စိုက်ခင်းကို သေသေသပ်သပ်နဲ့ စနစ်တကျရှိအောင် ထိန်းသိမ်းနိုင်တယ်..."
လီရွှမ်က ဟင်းသီးဟင်းရွက် စိုက်ခင်းကိုကြည့်ကာ မြက်ပင်များအားလုံး မရှိဘဲ အသီးအရွက်များသာ သန့်ရှင်းစွာ ကြီးထွားနေကြောင်းကို အံ့သြစွာ တွေ့လိုက်ရသည်။ သူ့ဘာ့သာ စိုက်ပျိုးခင်တုန်းကထက်ပင် ပိုမိုစွာကောင်းမွန်နေ၏။
"ဒါတွေအားလုံးက ဆရာ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ သင်ကြားပို့ချမှုတွေကြောင့်ပါ.."
"ဒီမနက်အစောကြီးမှာ ဘယ်လိုလုပ်ပြီး စိုက်ခင်းကိုလာဖို့ ဆုံးဖြတ်လိုက်တာလဲ.."
လီရွှမ်ဟာ ရွှီယန်၏ မနက်ခင်းတွင် ကျင့်ကြံမှုမပြုသည့်ကိစ္စအား လာရောက်စုံစမ်းခြင်းဖြစ်၏။
ယခုအချိန်အထိ စူးစမ်းမှုအရ ရွှီယန် လက်လျှော့လိုက်သည့်ပုံ မပေါ်ပါ။
"ဆရာ့ရဲ့သင်ကြားမှုနောက်ကိုလိုက်ပြီး အလုပ်နဲ့အနားယူမှုကို ထိန်းညှိနေတာပါ။ လာမယ့်ခက်ခဲတဲ့ လေ့ကျင့်မှုတွေအတွက် စိတ်နဲ့လူကို အနားပေးနေတာ.."
ရွှီယန်က လေးစားစွာဖြင့် ပြန်ကြား၏။
လီရွှမ်က စိတ်သက်သာရာ ရသွားသည်။ အမှန်တကယ်ပင် ရွှီယန်ဟာ လက်လျှော့ခြင်း မဟုတ်ပေ။ အဲ့ဒီ့အစား စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ ချီနှင့်သွေးကို အာရုံခံခြင်းအား ဆက်လက်ကျင့်ကြံမည် ဖြစ်သည်။
ထိုကဲ့သို့သော ခေါင်းမာသည့် လူတစ်ယောက်ဟာ မည်ကဲ့သို့ အလွယ်တကူ လက်လျှော့သွားမည်နည်း။ ထို့နောက် သူက ကျေနပ်သည့်အပြုံးတစ်ခုဖြင့် ထွက်ခွာသွားသည်။
"မင်းရဲ့နက်နဲတဲ့ နားလည်မှုတွေကို တွေ့ရပြီးတဲ့နောက်မှာ ငါစိတ်ချရပြီ.."
ရွှီယန်က ချက်ချင်းပင် အားတက်သရော ရှိသွား၏။
သူက တိတ်တဆိတ် စဉ်းစားသည်။
'တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ အရေပြားသန့်စင်ခြင်းကို ပြီးမြောက်ပြီးတဲ့နောက်မှာ အရိုးသန့်စင်ခြင်းကို အလောတလျှင် တစ်ခါတည်း မပြုလုပ်ပဲ စိတ်ရဲ့တင်းကြပ်မှုတွေကို ဖြေလျှော့ပြီး တည်ငြိမ်အောင်လုပ်တာက မှန်ကန်တဲ့ ကျင့်ကြံမှုလမ်းကြောင်းဆိုတာကို သက်သေပြနေတယ်..'
"ကောင်းမွန်တဲ့ စိတ်အခြေအနေကို ထိန်းသိမ်းပြီး မာန်တက်တာ သို့မဟုတ် စိတ်မရှည်တာမျိုး မလုပ်နဲ့။ အောင်မြင်မှုက မင်းနောက်ကို သေချာပေါက်လိုက်လာလိမ့်မယ်.."
လီရွှမ်က အားပေးစကားပြောပြီးနောက် ထွက်ခွာသွား၏။
သူက ရွာအတွင်းတွင် တစ်ပတ်လောက် လှည့်လည်မှုပြုသည်။ ရွာရှိ နောက်ဆုံး သက်ကြီးရွယ်အိုကြီး သေဆုံးသွားခဲ့စဉ်ကတည်းက အိမ်များဟာ ယိုယွင်းပျက်စီးလာခဲ့သည်။
အိမ်များစွာတို့ကို သူက ကြက်ခြံအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်၏။ ကျန်သည်များမှာလည်း ရှည်လျားသည့် မြက်ပင်များဖြင့် ပြည့်နှက်နေပါသည်။
'မကောင်းဆိုးဝါးသစ်တောကို ရွှီယန်ဘယ်လိုလုပ်ပြီး ဖြတ်ကျော်ခဲ့တာလဲ။ ကြမ်းကြုတ်တဲ့ကျားရဲကို သူကံကောင်းပြီး ရှောင်ကြဉ်နိုင်ခဲ့တာများလား..'
'ငါလည်း ဒီရွာထဲမှာပဲ အမြဲတမ်း ပိတ်မိနေလို့ မရဘူး။ ဒီနေရာကနေ ထွက်ခွာဖို့နည်းလမ်းတစ်ခုကို စဉ်းစားရမယ်။ အဖြေက ရွှီယန်ပဲ...'
လီရွှမ်က နှလုံးသားထဲတွင် နက်ရှိုင်းစွာစဉ်းစားသည်။
'ကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ ဒီစတင်ခြင်းရွာကတောင် မထွက်နိုင်တာက တကယ့်ကို သနားဖို့ကောင်းတာပဲ..'
လီရွှမ်က သက်ပြင်းချသည်။
နောက်တစ်နေ့တွင် အာရုံမတက်ခင်၌ ရွှီယန်သည် နိုးထပြီးဖြစ်ကာ ကျင့်ကြံနေပါပြီ။
'အသက်ဓာတ်စွမ်းအင်က အရိုးထဲကို ဝင်ရောက်ပြီး သန့်စင်ပေးတယ်။ ဒါက အရေပြားသန့်စင်ခြင်းနဲ့ အနည်းငယ် ခြားနားပေမယ့် သဘောတရားတွေက အတူတူပဲ။ ငါ့ရဲ့ပန်းတိုင်က ရွှေအရိုးကိုရဖို့ပဲ။ အဲ့ဒါမှ ရှေးအခါက ပါရမီရှင်တွေကို နှိုင်းယှဉ်နိုင်မှာ..'
ရွှီယန်၏ အကြည့်က ခိုင်မာ၏။
'ဆရာက ဘာမှမပြောခဲ့ပေမယ့်.. ငါ့ကိုရွှေအရိုးသန့်စင်နိုင်ဖို့ မျှော်လင့်မှာတော့ အသေအချာပဲ။ ရှေးခေတ်ရဲ့ ပါရမီရှင်တွေကို နှိုင်းယှဉ်နိုင်မှပဲ သူ့ရဲ့ဆက်ခံသူတစ်ယောက်ဖြစ်လာဖို့ ငါထိုက်တန်လာမှာ..'
'ကျောက်စိမ်းအရိုးကတော့.. အဲ့ဒါကို ဇွဲလုံ့လနဲ့ ပါရမီတစ်ခုတည်းနဲ့ မရနိုင်ဘူးလို့ ဆရာပြောခဲ့တယ်။ ငါအကောင်းဆုံး လုပ်ရမယ်။ ကျောက်စိမ်းအရိုးကိုသာ ဖွဲ့စည်းနိုင်ရင် အဲ့ဒီ့ရှေးခေတ်ရဲ့ ပါရမီရှင်တွေကို ဖြတ်ကျော်နိုင်မှာ..'
ကျောက်စိမ်းအရိုးကို ဖန်တီးနိုင်မည့် စိန်ခေါ်မှုဟာ အလွန်မြင့်မားလွန်းလှသည်။ ဤသည်မှာ ဇွဲလုံ့လနှင့် ပါရမီတို့အား အမှီပြုရန်နှင့် အောင်မြင်နိုင်သည့်အရာ မဟုတ်ပေ။
ထို့ကြောင့် ရွှီယန်၏ မူလပန်းတိုင်ဟာ ရွှေအရိုးကို ဖန်တီးရန်ဖြစ်၏။
ရွှီယန် သူ၏အသက်ဓာတ်စွမ်းအင်အား လှည့်လည်လိုက်၏။ အရိုးထဲသို့ ဖြေးညှင်းစွာ စိမ့်ဝင်စေသည်။ အချိန်တစ်ခုကြာအပြီးတွင် သူဟာ အရိုးများကို ပုရွဲဆိတ်များက ကိုက်ဝါးနေသည်ဟု ခံစားလာရ၏။
ယားယံကာ မသက်မသာ ရှိလှသည်။
'အသက်ဓာတ်စွမ်းအင်က ငါ့ရဲ့အရိုးထဲကို ဝင်သွားပြီး သန့်စင်နေတဲ့ ဖြစ်စဉ်အတွင်းမှာ ဒီလိုခံစားချက်မျိုး ပေါ်လာမယ်လို့ ထင်မထားဘူး.."
ရွှီယန်က အံကိုကြိတ်ကာ တောင့်ခံထား၏။
'ရွှေအရိုးကို ရရှိဖို့ဆိုတာ ပါရမီ၊ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ခိုင်မာခြင်းတွေကို ပေါင်းစပ်ထားမှ ရမယ်လို့ ဆရာပြောခဲ့တာ အံ့သြစရာ မဟုတ်ဘူး..'
'အရိုးသန့်စင်ခြင်းကို စတင်တာတင် ဒီလောက်ခက်ခဲနေပြီ။ ရွှေအရိုးအဆင့်ကို ရောက်တာနဲ့ စွမ်းအင်က ရိုးတွင်းခြင်ဆီထဲကို စိမ့်ဝင်သွားပြီး ခံစားရတာ ပိုပြီးတော့တောင် ဆိုးရွားလာမှာ..'
သူ၏အရိုးတစ်ခုလုံးတွင် ပုရွဲဆိတ်များ တွားသွားနေသကဲ့သို့ ယားယံစွာ ခံစားရပြီး ရွှီယန်၏ နဖူးမှချွေးများ စီးကျလာခဲ့သည်။
သို့ပေမယ့် အံ့ကိုကြိတ်ကာ တောင့်ခံထားဆဲရှိ၏။ သူ၏အကြည့်က ခိုင်မာပါသည်။ မည်မျှပင် ဆိုးရွားစေကာမူ သူဟာ ကြိုးစားကျင့်ကြံနေမည် ဖြစ်၏။
ကံကောင်းစွာပင် အသက်ဓာတ်စွမ်းအင်တို့ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ အစောပိုင်းအဆင့်ကို တောင့်ခံမှုအပြီးတွင် ယားယံမှုနှင့် ပုရွဲဆိတ်များတွားသွားသည့် ခံစားချက်ဟာ လျော့ပါးသွားခဲ့သည်။
၎င်းနှင့်အတူ သူ၏အရိုးများ ပိုမိုမာကျောလာသည်ဟု ခံစားလာရ၏။ ဤသည်မှာ အရေပြားသန့်စင်ခြင်းနှင့် တူညီ၏။ သို့ပေမယ့် များစွာပိုမို ခက်ခဲပါသည်။
အသက်ဓာတ်စွမ်းအင်က အရိုးအတွင်းသို့ ဝင်ရောက်သည့်ဖြစ်စဉ်ဟာ အလွန်နှေးကွေးလှ၏။ ၎င်းဟာ အရိုး၏ မျက်နှာပြင်ပေါ်တွင် အချိန်အတော်ကြာအောင် တည်ရှိနေပြီး နက်ရှိုင်းစွာ ထိုးဖောက်နိုင်ခြင်း မရှိပေ။
ထိုအချိန်၌ ရွှီယန်လည်း အရိုးသန့်စင်ခြင်း၏ ခက်ခဲမှုဟာ သူထင်ထားတာထက် များစွာပိုမိုကြောင်းကိုနားလည်လာခဲ့သည်။ ရွှေအရိုးကို ဖွဲ့စည်းနိုင်သည့်လူများ အလွန်နည်းပါးတာ အံ့သြစရာ မဟုတ်ပေ။
လီရွှမ် အိမ်ထဲမှထွက်လာပြီးနောက် ကျင့်ကြံမှုအတွင်းတွင် ရှိနေသည့် ရွှီယန်ကို ချက်ချင်းပင် တွေ့လိုက်ရသည်။ သူက ခေါင်းငြိမ့်၏။ ခေါင်းမာသည့် လူတစ်ယောက်ဟာ အမှန်တကယ်ကို အလွယ်တကူ လက်လျှော့ခြင်းမရှိပေ။
ဇွဲနဘဲကြီးသည့် ကောင်းမွန်သည့် စိတ်အခြေအနေကို ထိန်းသိမ်းထား၏။
ရွှီယန်လည်း သူ၏မျက်လုံးထောင့်များမှ ဆရာ၏ခေါင်းငြိမ့်မှုကို တွေ့လိုက်ရပြီး နှလုံးသားက ချက်ချင်းပင် အခုန်မြန်သွားသည်။
'ဆရာ.. ငါအရိုးသန့်စင်ခြင်းရဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့တာကို အသိအမှတ်ပြုနေတာ ဖြစ်မယ်။ ဒါက ငါ့ရဲ့ဇွဲလုံ့လအပေါ် ချီးကျူးတာ..'
'ငါတောင့်ခံထားရမယ်။ နာကျင်မှုက ဘယ်လောက်ပဲ ကြီးမားကြီးမား တောင့်ခံထားပြီး ဘယ်တော့မှလက်မလျော့ဘူး..'
ရွှီယန်က ကိုယ့်ကိုယ်ကို နှလုံးသားထဲတွင် အားပေးသည်။ အရိုးများကို ဆက်လက်သန့်စင်၏။
အသက်ဓာတ်စွမ်းအင်များ ပိုမိုပိုမိုကာ စိမ့်ဝင်သွားလေလေ ၎င်းဟာ အရိုးများကို ဖုံးလွှမ်းကာ ဆက်တိုက်သန့်စင်နေပြီး ပုရွှဲဆိတ်များ တွားသွားသည့် ခံစားချက်ဟာ ပျောက်ကွယ်သွားလေလေ ဖြစ်သည်။
သို့ပေမယ့် သဲများပွတ်တိုက်ခြင်းနှင့် တူညီသည့်ခံစားချက်တစ်ခုဟာ ပေါ်လာခဲ့ပြန်၏။ ရွှီယန်၏ နဖူးမှ ချွေးများစီးကျနေ၏။ သို့ပေမယ့် အံကိုကြိတ်ကာ တိတ်ဆိတ်စွာနေပြီး ဆက်လက်သန့်စင်နေပါသည်။
အချိန်မည်မျှ ကြာသွားသလဲ မသိပေ။
သူ၏အရိုးများရှိ သဲပွတ်တိုက်သကဲ့သို့ ခံစားချက်ဟာ ပိုမိုကာ သန်မာလာခဲ့၏။ ရွှီယန်သည် အကန့်အသတ်သို့ ရောက်ရှိလုနီးပြီဟု ခံစားလာရ၏။
နဖူးမှ ချွေးများ ဆက်တိုက်စီးကျနေ၏။ သစ်ပင်အောက်ရှိ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည့် လီရွှမ်က အချိန်ကို ကြည့်သည်။ ထို့နောက် ရွှီယန်ကို ကြည့်၏။ 'နေ့လည်စာစားဖို့ အချိန် နီးနေပြီ။ ဒီနေ့ငါ့တပည့်က ဘာဖြစ်တာလဲ။ သူ့အချိန်ကို မေ့သွားတာလား။ အခုလောက်ဆိုရင် ချက်ပြုတ်သင့်နေပြီလေ..'
ထို့ကြောင့် လီရွှမ်၏အသံက ပေါ်လာခဲ့၏။
"ကောင်းပြီ။ သွားပြီးတော့ ချက်ပြုတ်တော့ နောက်ကျနေပြီ.."
ထိုစကားနှင့်အတူ ရွှီယန်က ချက်ချင်းပင် နိုးထလာခဲ့သည်။ သူသည် ကျင့်ကြံမှုကို စတင်ရပ်ဆဲလိုက်ပြီး အရိုးများတွင် သဲနှင့်ပွတ်တိုက်ခံရသည့် ခံစားချက်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်၌ သူသည် အလွန်ခံစားသွားရ၏။
'ငါ့ရဲ့အကန့်အသတ်ကို ရောက်နေတာကို ဆရာတွေ့သွားတာဖြစ်မယ်။ ဒါ့ကြောင့် ငါ့ကို အနားယူဖို့ပြောတာ..'
"ဟုတ်ကဲ့ပါဆရာ.."
လေးစားစွာပြောပြီးနောက် သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်၏။