အရိုးသန့်စင်မှု ပြီးမြောက်ခြင်း
Vol. 1 Ch. 11
ရွှီယန်၏ စိတ်ခွန်အားတို့ မြင့်တက်လာပြီး ရေရွတ်၏။ 'စိတ်ထဲမှာ မိန်းမတွေမရှိတာက နတ်ဘုရားတစ်ပါးလို ကျင့်ကြံနိုင်တာလား..'
"ဆရာ.. ကျွန်တော့အထင်တော့ ကျွန်တော်နားလည်ပြီထင်တယ်။ သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
သူက လေးစားစွာ ဦးညွတ်သည်။
"ဆရာကျွန်တော်အခုပဲ သွားပြီးလေ့ကျင့်လိုက်ပါဦးမယ်.."
"အင်း... သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏မျက်လုံးများဟာ သံသယများဖြင့် ပြည့်နက်နေ၏။
'ငါ့တပည့်အရူး...သူတကယ်ပဲ မိန်းမတွေကို မေ့ပစ်ပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်မှာတော့ မဟုတ်ပါဘူးနော်။ မှားတာပဲ... ငါဒီလိုပေါ့ပေါ့တန်တန် မပြောလိုက်သင့်ဘူး..'
ရွှီယန်က ကျင့်ကြံသည့် နေရာဆီသို့ ရောက်ရှိလာပြီး မြင်းထိုင်သည့်ပုံစံကို ထိုင်လိုက်သည်။ သူ၏အကြည့်မှာ ခိုင်မာပြတ်သားစွာ ရှိနေ၏။
'ဆရာပြောတာ မှန်တယ်။ ကျရှုံးမှုကပဲ လူတစ်ယောက်ကို ပိုပြီးတော့ ရဲရင့်လာစေနိုင်တယ်..'
'စိတ်ထဲမှာ ဘယ်မိန်းမမှမရှိရင် ကျင့်ကြံတာက နတ်ဘုရားတစ်ပါးလိုပဲ မြန်ဆန်နိုင်တယ်။ ဆရာ့ရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို ငါနားလည်ပြီ..'
'မိန်းမဆိုတာ ငါ့အသက်အရွယ်မှာရှိတဲ့ ယောက်ျားတွေအတွက် စိတ်အာရုံထွေပြားမှုကို ကိုယ်စားပြုတယ်။ မိန်းမတွေက ငါတို့အတွက် အကြီးမားဆုံး အနှောင့်အယှက်ပဲ..'
'ငါသာ ဒီအကြီးမားဆုံး အနှောင့်အယှက်ကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ငါ့ရဲ့စိတ်တွေက ရှင်းလင်းနေမှာ။ ငါ့ရဲ့အာရုံခံမှုက တိုးတက်လာပြီး ကျင့်ကြံမှုအမြန်နှုန်းက သေချာပေါက် မြင့်တက်လာမှာ..'
သူသည် သွေးနှင့်ချီကို လှည့်ပတ်ကာ အရိုးသန့်စင်ခြင်းကို စတင်၏။
ရုတ်တရက် ရွှီယန်တစ်ယောက် ဉာဏ်အလင်းပွင့်မှု တစ်ခုကို ရလိုက်ပြန်သည်။
'ဆရာပြောတာ.. စိတ်ထဲမှာ မိန်းမ မရှိရင် ကျင့်ကြံရတာ နတ်ဘုရားတွေလိုပဲ မြန်ဆန်တယ်တဲ့။ ဒါကငါ့ရဲ့ အရိုးသန့်စင်ခြင်း နည်းလမ်းက အရမ်းကိုနှေးကွေးလို့.. အဲ့ဒါရဲ့အနှစ်သာရကို ပြည့်ပြည့်စုံစုံ မဖမ်းဆုပ်နိုင်သေးဘူးဆိုတာကို သတိပေးလိုက်တာလား..'
'ငါအနှောင့်အယှက် အတွေးတွေအားလုံးကို ဘေးဖယ်ထားပြီး စိတ်ကိုတည်ငြိမ်အောင် ထားရမယ်။ ချီနဲ့သွေးရဲ့ ပြောင်းလဲမှုကို သေသေချာချာ လေ့လာရမယ်။ အဲ့ဒါမှ အရိုးသန့်စင်ခြင်းရဲ့ အနှစ်သာရကို ရှာဖွေနိုင်မှာ။ ဒါကဆရာ့ရဲ့ နက်နဲတဲ့ ဆိုလိုခြင်းဖြစ်ရမယ်..'
ထိုအချိန်၌ ရွှီယန် အကြိမ်ကြိမ် စဉ်းစားသည်။ စဉ်းစားလေလေ ဆရာ၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်းဟာ နက်ရှိုင်းလှသည်ဟု ခံစားရလေလေ ရှိလာခဲ့၏။
'ဆရာက လမ်းကြောင်းကို ညွှန်ပြတယ်။ ကျင့်ကြံဖို့ကတော့ ငါ့အပေါ်ကိုပဲ မူတည်တယ်။သူကတကယ့်ကို လျှို့ဝှက်တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ..'
'သူသင်ပေးတဲ့ နည်းလမ်းတွေက သမရိုးကျမဟုတ်ဘဲ နားလည်သဘောပေါက်မှု အပေါ်ကို အဓိကထားတယ်။ ငါ့ကို ပိုပြီးတော့ နားလည်သဘောပေါက်အောင် လေ့လာဖို့ ဆက်တိုက်သတိပေးနေတယ်..'
ဤသည်ကို နားလည်ပြီးနောက် ရွှီယန်သည် သွေးနှင့်ချီကို သေသေချာချာ စတင်ခံစားသည်။ ထို့နောက် အရိုး၏ပြောင်းလဲမှုများကို ခံစားကာ တဖြည်းဖြည်းနှင့် သူ့ကိုယ်သူနှင့် အရာအားလုံးတို့ကို မေ့ပျောက်သည့် အခြေအနေသို့ ကျဆင်းသွား၏။
'ဒီနေရာမှာ တစ်ခုခုမှားနေပြီ... သွေးနဲ့ချီလှည့်ပတ်မှုက နှေးကွေးလွန်းတယ်။ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက မလုံလောက်ဘူး။ သန့်စင်တာက မလုံလောက်ဘူး... ငါဒါကို ပြင်ဆင်ရမယ်..'
'အမှန်ပဲ... ငါ့ရဲ့ အရိုးသန့်စင်မှု အမြန်နှုန်းက မြင့်တက်လာပြီ...ဆရာကငါ့ကို အရိုးသန့်စင်ခြင်းရဲ့အနှစ်သာရကို မဖမ်းဆုပ်နိုင်သေးဘူးလို့ သတိပေးခဲ့တာ အသေအချာပဲ..'
'အခု ငါနားလည်လာပြီ။ ဒါကမှ အရိုးသန့်စင်ခြင်းရဲ့ တကယ့်နည်းလမ်းပဲ..'
တစ်နေရာ အရောက်တွင် ရွှီယန်သည် သွေးနှင့်ချီတို့ လှည့်ပတ်မှု ပိုမိုချောမွေ့လာသည်ဟု ခံစားရ၏။
အရိုးသန့်စင်မှု အမြန်နှုန်းက ကြီးစွာမြင့်တက်လာပြီး အရိုးသန့်စင်မှုနှင့်အတူ သူ၏ သွေးနှင့်ချီဟာလည်း သန်မာအားကောင်းလာခဲ့သည်။
'စိတ်ထဲမှာ မိန်းမမရှိရင် နတ်ဘုရားတစ်ပါးလို ကျင့်ကြံနိုင်တယ်။ ဆရာက ငါ့ကို လိမ်နေတာ မဟုတ်ဘူးပဲ..'
ရွှီယန် အလွန်စိတ်လှုပ်ရှားသွား၏။
'ဒီနှုန်းနဲ့သာဆိုရင် ၅ရက်၆ရက်လောက်ဆိုရင် သံအရိုးကိုသန့်စင်နိုင်ပြီ..'
'ရွှေအရိုးကို ရလာဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်လောက်ဘူး။ ငါရှေးအခါက ဒဏ္ဍာရီပါရမီရှင်တွေကို သေချာပေါက် နှိုင်းယှဉ်နိုင်မှာ..'
ရွှီယန်သည် ကျင့်ကြံမှုအတွင်းတွင် နစ်မြုပ်သွားပြီး သူ့ကိုယ်သူနှင့် လောကကြီးအကြောင်းကို မေ့သွားခဲ့သည်။
အချိန်စီးဆင်းမှုကို မေ့လျော့သွားခဲ့၏။
ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ ရွာမှာ စတင်မဲမှောင်လာခဲ့၏။ လီရွှမ်က ကျင့်ကြံနေဆဲရှိသည့် ရွှီယန်ကိုကြည့်သည်။ သူ၏မျက်လုံးများ၌ သံသယတို့ ဖြတ်သန်းသွား၏။
'ဒီကောင်လေးက ဘယ်လိုလုပ်ပြီး အချိန်ကို မေ့သွားရတာလဲ..'
ထို့အပြင် ယခုအချိန်အထိ မြင်းထိုင်ထိုင်ခြင်းကို ထိန်းသိမ်းထားလေသည်။ ကြားတွင် လုံးဝအနားယူမှု မရှိပေ။
'မဖြစ်နိုင်ဘူး... နေ့စဉ်နေ့တိုင်း မြင်းထိုင်ထိုင်ရတာကို အသားကျသွားရင်တောင် ပင်ပန်းတာကို မခံစားရဘဲ ဒီလောက်အကြာကြီး ထိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..'
'ငါအာရုံမစိုက်တဲ့အချိန်မှာ သူအနားယူခဲ့တာ ဖြစ်လိမ့်မယ် ထင်တယ်..'
လီရွှမ်က ရွှီယန်ကို ရပ်တန့်ခိုင်းကာ ညစာအတွက် ပြင်ဆင်ခိုင်းတော့မှာပါ။
သို့ရာတွင် သူ၏စိတ်ကို ပြောင်းလိုက်၏။
'ငါ့ရဲ့တပည့်က သစ်စိမ်းချိုး အချိုးခံထားရတာ။ သူ့ရဲ့မကျေနပ်မှုတွေကို လေ့ကျင့်တဲ့အပေါ်မှာ ပုံချနေတာဖြစ်မယ်။ ငါသူ့ကို မနှောင့်ယှက်တော့ဘူး။ ဒီညတော့ ညစာကို ကိုယ့်ဘာသာပဲ ချက်လိုက်တော့မယ်..'
သက်ပြင်းချမှု တစ်ခုနှင့်အတူ လီရွှမ်သည် သူ၏ ကိုယ်ပိုင်ညစာကို ချက်ပြုတ်ရန်အတွက် ကိုယ်တိုင်ပြင်ဆင်သည်။
လဝက်ကြာပြီးနောက်...
ရွှီယန်ပြန်လာပြီးကတည်းက ပြီးခဲ့သည့်လဝတ်ဟာ လီရွှမ်အတွက် သက်တောင့်သက်သာ ရှိလှ၏။
ရွှီယန်သည် အိမ်မှုကိစ္စအားလုံးတို့ကို ဂရုစိုက်ပြီး လီရွှမ်အနေနှင့် မည်သည့်ကိစ္စကိုမှ စိုးရိမ်စရာမလိုပေ။ သူမွေးထားသည့် ကြက်များဟာ ပိုမိုဝတုတ်လာပြီး ကြက်ပေါက်များက ကြီးထွားလာကြသည်။
သူတို့တွင် တောယုန်အချို့ကိုပင် စတင်မွေးထားခဲ့၏။ လီရွှမ်က စိတ်ထဲတွင် သက်ပြင်းချသည်။ ကျင့်ကြံခြင်းဟာ အတုအယောင် ဖြစ်ပေမယ့် ရွှီယန်သည် အမှန်တကယ်ကို ဘဝနေထိုင်ခြင်းစကေးများစွာတို့အား သင်ယူခဲ့ပါသည်။
ဒီလဝက်အတွင်းတွင် ရွှီယန်သည် လေ့ကျင့်မှုကို ပိုမိုကာပင် ကြိုးစားအားထုတ်လာခဲ့၏။ ယခုကဲ့သို့သော ဇွဲလုံ့လနှင့်လူအား လီရွှမ် မနေနိုင်ဘဲ လေးစားမိသည်။
လီရွှမ်၏ အခြေအနေဟာ ရွှီယန်ကို စိတ်ပျက်သွားအောင် မလုပ်နိုင်အောင် ရှိနေ၏။ ထို့ကြောင့် သူရံဖန်ရံခါတွင် အားပေးခြင်း စကားလုံးအချို့ကို ပြောပေးလေ့ရှိသည်။
သူမသိသည်မှာ ရွှီယန်က ကြေးအရိုးသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်၏။ ရွှီယန်အတွက် လွန်ခဲ့သည့်တစ်လ၏ ကျင့်ကြံမှုများဟာ အမှန်တကယ်ကို နတ်ဘုရားများ၏ ကူညီမှုခံရသကဲ့သို့ ရှိ၏။
အရိုးသန့်စင်ခြင်း၏ နည်းလမ်းများကို တစ်ကြိမ်ပြီးတစ်ကြိမ် နားလည်လာသည့် အကြိမ်တိုင်းတွင် သူ၏သန့်စင်မှု အမြန်နှုန်းဟာ ပိုမိုကာ တိုးတက်လာလေ့ ရှိသည်။
လီရွှမ်၏ အားပေးစကား တစ်ခုချင်းစီတိုင်းကို ကြားရတိုင်းလည်း အကြိမ်ကြိမ် ပြန်လည် စဉ်းစားချင့်ချိန်၏။
သင်ကြားမှုနှင့် ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်မှုများ အပြီးတွင် သူဟာ ဉာဏ်အလင်းပွင့်လာခဲ့သည်။ ချီနှင့်သွေးကို လှည့်လည်သန့်စင်သည့် နည်းလမ်းဟာ အနည်းငယ် မွန်းမံခြင်းခံရပြန်ပြီး အရိုးများ၏ သန့်စင်မှုအမြန်နှုန်းဟာ မြင့်တက်လာခဲ့ပြန်သည်။
ထိုကဲ့သို့ ဖြစ်ပေါ်သည့် အချိန်တိုင်းတွင် သူဟာ အလွန်စိတ်လှုပ်ရှားနေတတ်သည်။ သူ၏နှလုံးသားထဲရှိ ဆရာ၏ပုံရိပ်ဟာ ပုံမှန် တစ်သီးတစ်သန့်နေထိုင်သည့် ကျွမ်းကျင်သူတစ်ဦးသာ မဟုတ်တော့ပေ။
'ဆရာက တကယ့်ကို အနှိုင်းမဲ့တယ်..'
'ဆရာ့ရဲ့အဆင့်မှာ သမရိုးကျ သင်ကြားမှုနည်းလမ်းတွေနဲ့ လက်ဆင့်ကမ်း ကျင့်စဉ်တွေကို ဖယ်ထုတ်ခဲ့ပြီးပြီ။ အဲ့ဒီ့အစား သူက အချိန်တိုင်းမှာ ငါ့ရဲ့နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနေတယ်..'
'ငါ့ကို ကျင့်ကြံမှုရဲ့ အနှစ်သာရကို ဆက်တိုက်နားလည်လာစေပြီး အတွင်းက အဓိပ္ပါယ်ကို သဘောပေါက်မှုရလာစေတယ်..'
'အပင်စိုက်တာ၊ ချက်ပြုတ်တာ၊ ကြက်မွေးတာ၊ ယုန်မွေးတာ... ဒီလို သာမန်အိမ်အလုပ်တွေလို့ ထင်ရတာတွေက ကျင့်ကြံပြီးရင် ငါ့ရဲ့စိတ်အခြေအနေကို လန်းဆန်းလာစေတယ်..'
'သာမန်လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို ပြန်ရောက်စေတယ်။ သိုင်းပညာကျင့်ကြံနေသူ တစ်ယောက်ဆိုပြီး တင်းကြပ်နေတာမျိုး မရှိဘူး..'
'ဆရာကိုကြည့်ရတာ သာမန်လူတစ်ယောက်နဲ့ တူတာ အံ့သြစရာ မရှိဘူး။ ဒါကဆရာပြောခဲ့တဲ့ မူလသဘာဝကိုပြန်ခြင်းနဲ့ သဘာဝရဲ့နည်းလမ်းနောက်ကို လိုက်ခြင်းပဲ...'
'ဆရာ့ရဲ့အဆင့်က အရမ်းကို မြင့်မားလွန်းတယ်..'
ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချ၏။ သူ့ကိုယ်သူ မည်သည့်အချိန်မှ ထိုအဆင့်သို့ ရောက်ရှိနိုင်မည်နည်းဟု စဉ်းစားမိသည်။
'ငါ့ရဲ့အရိုးကို ကြေးအဆင့်အထိ သန့်စင်ပြီးနေပြီ။ ရွှေအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်း နီးကပ်သွားပြန်ပြီ။ နောက်ထပ် လဝက်လောက်ဆိုရင် ရွှေရိုးအဆင့်နဲ့ထိတွေ့နိုင်မလားပဲ..'
'ဆရာ့ ပြောကြားချက်အရဆိုရင် ကြေးအရိုးကနေ ရွှေအရိုးကို ပြောင်းလဲတာက ကြီးမားတဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုတွေ လိုအပ်တယ်။ သန့်စင်ဖို့ လွယ်မှာမဟုတ်ဘူး..'
'ကြေးအရိုးကို သန့်စင်တာ ပြီးသွားတဲ့အခါကျရင် ငါအိမ်ကို ထပ်ပြီးတော့ တစ်ကြိမ်လောက် ပြန်ဦးမယ်။ အရွက်၉ခုဆေးပင်လိုမျိုး အဖိုးတန်ဆေးပင်တွေ ဝယ်နိုင်ဦးမလားဆိုတာကို ကြည့်ရမယ်..'
ရွှီယန် သူ၏အရိုးကို ကြေးအဆင့်သို့ သန့်စင်ပြီးပါက အိမ်သို့ခရီးတစ်ထောက်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ရွှေအရိုးအား သန့်စင်နိုင်မည့် အခွင့်အရေးကို မြှင့်တင်ရန်အတွက် အရွက်၉ခုဆေးပင်ကဲ့သို့ အဖိုးတန်ဆေးများကို ရှာဖွေလိုပါသည်။
၁၀ရက်ကြာအပြီးတွင် ရွှီယန်၏ ကြေးအရိုးသန့်စင်မှုက ပြီးမြောက်သွားသည်။ ဒီအချိန်၌ ကျင့်ကြံကြည့်ပါက သူသည် အရိုးသန့်စင်ခြင်း၏ အကန့်အသတ်တစ်ခုကို ရောက်ရှိသကဲ့သို့ အတားအဆီးတစ်ခုကို ကြုံတွေ့ရ၏။
ရွှေအရိုး၏ အတာအဆီးအား ကြုံတွေ့ရခြင်း ဖြစ်ကြောင်းကို သူသိပါသည်။ ဒီအဆင့်တွင် ပါရမီ၊ဇွဲလုံ့လနှင့် စိတ်ဓာတ်ကြံ့ခိုင်မူတို့ကိုသာ မှီခိုနိုင်ပါသည်။ အရေးအကြီးဆုံးမှာ နားလည်သဘောပေါက်မှု ဖြစ်၏။
'အဖိုးတန်ဆေးတွေရဲ့ အကူအညီတွေနဲ့ဆို အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးက ပိုပြီးတော့မြင့်မားလာမှာ..'
ရွှီယန်သည် သူ၏ကျင့်ကြံမှုတွင် အထောက်အပံ့ဖြစ်ရန်အတွက် ဆေးပင်များကိုရှာဖို့ အိမ်သို့ နောက်ထပ်တစ်ကြိမ် ပြန်ရန် စီစဉ်၏။
လီရွှမ်က တံခါးဝတွင် ရပ်နေပါသည်။ အဝေးတွင် လေ့ကျင့်နေသည့် ရွှီယန်ကိုကြည့်ကာ အတွေးနက်သွား၏။
အကြောင်းပြချက် အချို့ကြောင့် ရွှီယန်ကို အနည်းငယ်ခြားနားနေသည်ဟု ခံစားရသည်။ ကြည့်ရတာ ပိုမိုယောက်ျားပီသလာသည့်ပုံပါ။
'ငါ့ရဲ့ငတုံးတပည့်...တစ်ခုခုကို တကယ်ပဲတတ်မြောက်သွားတာလား..'
'မဟုတ်ဘူး...ဒါကလုံးဝ မဖြစ်နိုင်ဘူး။ ဒါတွေက ငါလျှောက်ပြီးတော့ ဖန်တီးလိုက်တာပဲ ဒီလောကမှာ ချီနဲ့သွေး သိုင်းပညာရှင်တွေ အမှန်တကယ်ရှိရင်တောင် ဒီဟာကတော့ ငါလျှောက်ပြီးပြောလိုက်တဲ့ ကျင့်စဉ်တစ်ခုသက်သက်ပဲ။ ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ဖို့ ဖြစ်နိုင်မှာလဲ..'
'ကြည့်ရတာ မြင်းထိုင်ခြင်းကို အချိန်ကြာအောင် လုပ်ခဲ့လို့ ပိုပြီးတော့ တည်ငြိမ်ပြီး စွမ်းအားကြီးလာတာဖြစ်မယ်..'
ရွှီယန် မြင်းထိုင်ထိုင်ကာ ကျင့်ကြံနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ ယခုအချိန်၌ သူ၏ပုံသဏ္ဍာန်ကို ပြောင်းလဲရန် အချိန်ကျပြီဖြစ်၏။
မြင်းထိုင်ခြင်းပုံစံ တစ်ခုတည်းကို လုပ်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းလှပါသည်။ ရွှီယန်ကို မည်ကဲ့သို့သောပုံစံအသစ်အား သင်ကြားရန် စဉ်းစားရင်းက သူ၏ ပြီးခဲ့သည့် ဘဝတုန်းက သိုင်းပညာဇာတ်ကားများအတွင်းရှိ ဗီဒီယိုနှင့်ပုံရိပ်များဟာ စိတ်ထဲတွင်ပေါ်လာခဲ့သည်။
'အတိအကျ တူနေဖို့မလိုဘူး။ ပုံစံကို နည်းနည်းလောက် ထိန်းညှိပြီး ငါ့ရဲ့ငတုံးတပည့်ကို သင်ပေးတာပေါ့..'
'ဘာပဲဖြစ်ဖြစ် အားလုံးက လျှောက်ပြီးတော့ပြောထားတာပဲ.. တကယ်ကျင့်ကြံနိုင်တာ ဘာမှမရှိဘူး။ ငါသူ့ကိုမဆုတ်မနစ်ကြိုးစားဖို့ ယုံကြည်ချက်ကို ဆက်ပြီးတော့ ပေးဖို့ပဲ လိုအပ်တယ်။ နှစ်ကုန်ဖို့အတွက် အချိန်တွေအများကြီး ကျန်သေးတယ်..'
'ငါတို့ ဆရာတပည့်နှစ်ယောက်အကြားမှာ ရေစက်မပါလာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းလမ်းခွဲကြတာက အကောင်းဆုံးရလဒ်ပဲ..'
လီရွှမ်၏စိတ်ထဲတွင် ထိုအတွေးဟာ ပြည့်နက်လာ၏။ သူက လက်ကိုဝှေ့ရမ်းကာ ရွှီယန်ကိုခေါ်လိုက်သည်။