ကျင့်စဉ်တစ်ခုအား နေရာတွင် ကျပန်းဖန်တီးခြင်း
Vol. 1 Ch. 2
"တပည့် ရွှီယန်က ဆရာ့ကို ဂါဝရပြုပါတယ်.."
ရွှီယန်က အလွန်စိတ်လှုပ်ရှားနေပြီး ဒူးထောက်ချကာ လေးစားစွာ အရိုအသေပေးသည်။
"ကောင်းပြီ ထတော့.."
လီရွှမ်က တိတ်ဆိတ်စွာဖြင့် လက်ကိုဆန့်ကာ တပည့်လက်ခံခြင်း လက်ဆောင်များပါဝင်သည့် သေတ္တာဘူးများကို ပိတ်လိုက်သည်။
သူက လေးနက်စွာ ရှိနေပြီး စည်းကမ်းကြီးသည့် ဆရာတစ်ယောက်သဖွယ် ပြုမူ၏။
လီရွှမ်အနေနှင့် လိမ်လည်လိုခြင်း မရှိပါ။ သို့ပေမယ့် ရွှီယန်က ပေးလာခဲ့သည်မှာ အလွန်များပြားလှ၏။ တပည့်အဖြစ် လက်ခံလိုက်ရသည်။
သို့ပေမယ့် သိုင်းပညာ ကျင့်ကြံမှုကတော့...
"မဟုတ်ဘူး.."
"ဘာပဲဖြစ်ဖြစ် ငါ့ဘာသာငါ တစ်ခုလောက် ဖန်တီးလိုက်တာပေါ့.."
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ အရင်ဘဝတွင် သူဟာလည်းပဲ အောင်မြင်မှုမရှိသည့် အွန်လိုင်းစာရေးဆရာတစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် သိုင်းပညာ ကျင့်စဉ်တစ်ခုကို ကျပန်းဖန်တီးလိုက်ရန်မှာ ပြဿနာကြီးမဟုတ်ပါ။
ရွှီယန်၏ ဦးနှောက်မှာလည်း ကောင်းကောင်း အလုပ်လုပ်သည့်ပုံ မပေါ်ရာ သူ၏သိုင်းပညာကို အစစ်အမှန်လား သို့မဟုတ် အတုအယောင်လား ပြောနိုင်မည်မဟုတ်ပေ။
ကျင့်စဉ်၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ရန် ကျရှုံးခြင်းမှာတော့... ဤသည်မှာ ကျင့်စဉ်၏ အမှားမဟုတ်တာ သေချာပါသည်။ တစ်ဖက်လူ၏ ပါရမီနိမ့်ပါးနေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်ကာ လီရွှမ်ကို စိတ်အားထက်သန်စွာ ကြည့်သည်။
"ဆရာ... ကျွန်တော့်ကို သိုင်းပညာ ကျင့်ကြံဖို့အတွက်ဘယ်တော့လောက် သင်ပေးမှာလဲ မသိဘူး.."
ရွှီယန်၏ မျှော်လင့်နေသည့် မျက်လုံးများကို ကြည့်ကာ လီရွှမ်က လက်တစ်ဖက်ကို နောက်သို့ပစ်လိုက်သည်။
လျှို့ဝှက်နက်နဲယောင်ဆောင်ကာ ဖြေညှင်းစွာပြော၏။ "အခုတော့ ငါမင်းကို တပည့်အဖြစ် လက်ခံလိုက်တယ်.."
"ဒါပေမယ့် တစ်နှစ်အတွင်းမှာ ကျင့်စဉ်ရဲ့ စတင်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်မှု မရှိရင်.. ဆိုလိုတာက မင်းနဲ့ငါနဲ့ ဆရာတပည့်ကံကြမ္မာက ရေစက်မပါလာဘူးလို့ပဲ။ အဲ့လိုဆိုရင် မင်းငါ့ကို ထပ်ပြီးမနှောင့်ယှက်နဲ့တော့။ နားလည်လား.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်တစ်ယောက် နှလုံးသားထဲတွင် တုန်ခါသွားခဲ့သည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး လေးနက်စွာ ပြော၏။
"ကျွန်တော် နားလည်ပါပြီ.."
"ဆရာစိတ်မပူပါနဲ့.. တစ်နှစ်အတွင်းမှာမှ မကျင့်ကြံနိုင်ဘူးဆိုရင် ဒါက ကျွန်တော်ရဲ့ ပါရမီ နဲပါးမှုကြောင့်ပဲ.."
"ဆရာ့ကို အပြစ်မတင်ဘူး။ ဆရာတပည့်အဖြစ်က ရပ်စဲပြီး ထပ်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး.."
လီရွှမ်၏ မျက်နှာက စိတ်သက်သာရာ ရသွား၏။ သူ၏တပည့်တွင် ယခုကဲ့သို့ နားလည်မှုရှိတာ အလွန်ကောင်းပါသည်။
တစ်နှစ်အတွင်းတွင် ကျင့်စဉ်၏ စတင်ခြင်းအဆင့်ကို အောင်မြင်ဖို့လား။ ၁၀နှစ် သို့မဟုတ် နှစ်၁၀၀ကြာတာတောင် မဖြစ်နိုင်ဖို့ များပါသည်။
လီရွှမ်ဟာ ရွှီယန်ကို လှည့်ဖျားရန်အတွက် ကျင့်စဉ်တစ်ခုကို ကျပန်း မဖန်တီးခင်တွင် သူဟာ ဒီလောက၏ သိုင်းပညာ အခြေအနေအား နားလည်သဘောပေါက်ဖို့ လိုအပ်ပါသည်။
ရွှီယန်က သူ့ကို လောကရေးရာများကို စိတ်ဝင်စားခြင်းမရှိသည့် တစ်သီးတစ်သန့် နေထိုင်လိုသည့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှားယွင်းစွာ ယုံကြည်ထားရာ အပြင်ဘက်ရှိ အခြေအနေများကို မသိရှိပါကလည်း နားလည်ပေးလို့ ရပါသည်။ ထို့ကြောင့် တစ်ခါတည်း မေး၏။
လီရွှမ်က အပြင်လောကအကြောင်းကို ပိုမို မသိရှိနေလေလေ ရွှီယန်အနေနှင့် သူ့ကို တံခါးပိတ်ကျင့်ကြံနေသည့် ဘယ်တော့မှ မအိုမင်းသည့် အနှိုင်းမဲ့သိုင်းပညာနှင့် ရှေးဟောင်းပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်မည်ဟု ပိုမိုယုံကြည်လေလေ ဖြစ်သည်။ ထို့ကြောင့် သိရှိသမျှ အားလုံးတို့ကို ပြောပြ၏။
နားလည်မှုအချို့ ရလာပြီးနောက် လီရွှမ်သည် အပြင်ဘက်လောက၏ ယေဘုကျ ဗဟုသုတများကို သိရှိလာခဲ့၏။
ဒီတောင်ရွာလေးမှာ ချီနိုင်ငံ၏ သုံဟယ်ဒေသတွင် ရှိပါသည်။ ချီနိုင်ငံမှာ လွန်ခဲ့သည့် နှစ်ပေါင်း၁၀၀ကျော်က တည်ထောင်ခဲ့သည့် အင်အားတောင့်တင်းသော နိုင်ငံတစ်ခုဖြစ်သည်။
ယနေ့လောကတွင် နိုင်ငံ၃ခု ရှိပါသည်။ ၎င်းတို့မှာ ချီ၊ ဝူနှင့် မြောက်ပိုင်းလူရိုင်းနိုင်ငံတို့ ဖြစ်၏။ ရွှီယန်၏ စကားအရ ဒီလောက၏ သိုင်းပညာအဆင့်ဟာ အရမ်းကြီး မြင့်မားခြင်း မရှိကြောင်းကို သိလာခဲ့သည်။
တောင်နှင့်မြစ်များကို ရွှေ့ပြောင်းနိုင်မည့် စွမ်းရည်တို့ မရှိသလို လေကိုထိန်းချုပ်ကာ ကောင်းကင်တွင် ပျံသန်းနိုင်သည့် စွမ်းအားမျိုးလည်း မရှိပါ။
သန်မာသည့် တိုက်ခိုက်သူများဟာ နံရံများပေါ်သို့ပြေးတက်ခြင်း၊ အမြင့်မီတာအချို့သို့ ခုန်နိုင်ခြင်းနှင့် လေးလံသည့် ပစ္စည်းများကို မနိုင်ခြင်းသာ ရှိပါသည်။
ရွှီယန်မှာတော့ ငယ်စဉ်ကတည်းက ဒဏ္ဍာပုံပြင်များကို ရူးသွပ်ကာ အမြဲတမ်း စစ်မှန်သည့် ဆရာတစ်ယောက်ကို ရှာဖွေပြီး အနှိုင်းမဲ့သည့် သိုင်းပညာတစ်ခုကို ကျင့်ကြံရန် အိပ်မက်မက်ခဲ့သူ ဖြစ်သည်။
သူ၏စွဲလမ်းမှုဟာ သူ့ကိုသုံဟယ်ဒေသတွင် ကျော်ကြားမှုအချို့ ရလာစေ၏။ သို့ပေမယ့် ကောင်းသောနည်းလမ်းဖြင့် မဟုတ်ပေ။
အချို့လူများက ချီမိသားစု၏ သခင်လေးကို စိတ်ကူးယဉ်လွန်ခြင်း၊ ပုံပြင်များအား ယုံခြင်းနှင့် သိုင်းပညာကို သင်ကြားရန် မရှိသည့်ဆရာများအား လိုက်ရှာခြင်းကြောင့် လှောင်ပြောင်ကြ၏။
အပြင်ဘက်လောက အကြောင်းကို သိရှိပြီးနောက် လီရွှမ်သည် အနည်းငယ် စိတ်ပျက်မှုကို ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် သူဟာ သူ့ကိုယ်သူ အဆင့်မြင့် သိုင်းပညာများ၏ လောကတစ်ခုသို့ ရောက်ရှိနေသည်ဟု ထင်ထားသောကြောင့် ဖြစ်သည်။
သို့ပေမယ့် ရွှီယန်အနေနှင့် ထိုအရာများနှင့် ထိတွေ့နိုင်ခြင်း မရှိသေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအရာများမှာ လက်ရှိ လီရွှမ်အနေနှင့် လက်လှမ်းမှီနိုင်သည့် အရာများမဟုတ်ပေ။
သို့ရာတွင် ယခုအချိန်၌ သူ့တွင် ရွှီယန်ကို လှည့်ဖြားရန်အတွက် သိုင်းကျင့်စဉ်တစ်ခုအား ဖန်တီးရန် စိတ်ကူးတစ်ခု ရှိနေပြီးဖြစ်သည်။
ကျင့်ကြံရန် အောင်မြင်မှုကတော့ မဖြစ်နိုင်ပေ။ ထို့အပြင် ရွှီယန်၏ ကျရှုံးမှုဟာ သူ၏ နိမ့်ပါးသည့်ပါရမီကိုသာ ပြသ ပေလိမ့်မည်။ လီရွှမ်၏ တစ်ခါမှမရှိဖူးသည့် ကျင့်စဉ်များ၏ ပြဿနာမဟုတ်ပါ။
ထိုအချိန်၌ လီရွှမ်က စတင်ပြော၏။
"ငါသင်ပေးမယ့် ကျင့်စဉ်က ဉာဏ်အလင်းပွင့်ခြင်းဆိုတဲ့ စကားလုံးအပေါ်မှာ အဓိကထားတယ်။ အောင်မြင်မှုရမလားဆိုတာကတော့ မင်းရဲ့အခြေခံနဲ့ ပါရမီပေါ်မှာ မူတည်လိမ့်မယ်.."
"ငါမင်းကို တစ်နှစ် အချိန်ပေးမယ်။ တစ်နှစ်အတွင်းမှာ စတင်ခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုရင် ဆိုလိုတာက ငါ့သိုင်းပညာက မင်းအတွက် မဟုတ်ဘူးလို့ပဲ.."
ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုနှင့် အခုန်မြန်သွား၏။ သူဟာ အနည်းငယ်လည်း စိုးရိမ်စွာခံစားရပါသည်။
အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း မရှိမည်ကို ကြောက်ရွံ့မိ၏။ အသက်ကို နက်ရှိုင်းစွာရှူပြီး လေးစားစွာ ပြောသည်။
"ဆရာ...ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ။ တကယ်လို့ စတင်နိုင်ခြင်းမရှိရင် ဒါက ကျွန်တော် ရွှီယန်ရဲ့ ကံမကောင်းမှုကြောင့်ပါပဲ.."
လီရွှမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကိုအနည်းငယ်မော့ပြီး ကောင်းကင်ကို ကြည့်သည်။ ဖြေးညှင်းသော အသံဖြင့် ပြော၏။
"သိုင်းပညာ လမ်းကြောင်းက အဆုံးမဲ့တယ်။ ဒါပေမယ့် စတင်မှုကတော့ အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်တာထက် မပိုဘူး..."
ရွှီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားနေပြီး တိတ်ဆိတ်စွာ နားထောင်၏။ စကားတစ်လုံးအား လွတ်သွားမည်ကိုပင် ကြောက်ရွံ့နေပါသည်။
လီရွှမ်တစ်ယောက် ပြီးခဲ့သည့်ဘဝက အွန်လိုင်းစာများကို ရေးခဲ့သည့် အချိန်များကို ပြန်လည်အမှတ်ရမိသည်။ သူက ၎င်းတို့ကို ခွဲခြမ်းကာ အနည်းငယ် ပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခု၏ အကျဉ်းကို စီမံ၏။
"သိုင်းပညာရဲ့ စတင်မှုက သွေးနဲ့ချီကို အာရုံခံဖို့ပဲ။ သွေးနဲ့ချီကို အာရုံခံနိုင်မှပဲ လူတစ်ယောက်က အရေအပြားသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ်.."
"သွေးနဲ့ချီကိုတောင် မခံစားနိုင်ဘူးဆိုရင်တော့ ကျန်တာတွေက ဘာပြောပြော စကားလုံးတွေ သက်သက်ပဲ.."
"အရေအပြားသန့်စင်ခြင်းဆိုတာ နာမည်အတိုင်းပဲ.. မင်းရဲ့အရေအပြားကို သန့်စင်တာပဲ။ အရေအပြားသန့်စင်မှုပြီးမြောက်ပြီဆိုရင် မင်းရဲ့အရေအပြားက အရမ်းကိုမာကျောပြီး သာမန်ဓားတွေက မင်းကိုထိခိုက်အောင် မလုပ်နိုင်တော့ဘူး။ ထိခိုက်သွားရင်တောင် ဖျော့တော့တဲ့ အမှတ်တစ်ခုလောက်ပဲ ကျန်နေခဲ့မှာ..."
သူက သိုင်းပညာကို ကျပန်း လျှောက်ဖန်တီးမည်ဖြစ်ရာ သိုင်းပညာ၏ စွမ်းအားကို အလွန်အကျူး မြှောက်စားထားရန် လိုအပ်၏။
အရေအပြား သန့်စင်ခြင်းအဆင့်ကို ပြီးမြောက်ပြီးနောက် သာမန်တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်မည် ဖြစ်သည်။
ဤသည်က အံ့သြဖို့ မကောင်းလှပေဘူးလား။
ရွှီယန်၏ စိတ်လှုပ်ရှားနေသည့်ပုံကို ကြည့်ကာ အရူးလုပ်ခြင်း အောင်မြင်ပြီဖြစ်ကြောင်းကို သူပြောနိုင်ပါသည်။
"ဒါကစစ်မှန်တဲ့ သိုင်းပညာတစ်ခုပဲ။ အရေအပြားကိုသန့်စင်ပြီးတာနဲ့ သာမန်လူတွေရဲ့ ဓားတွေ၊ ဆေဘာတွေ ခုတ်ချက်ကို ခံနိုင်နေပြီ။ အရိုးတို့၊ ကိုယ်တွင်းအင်္ဂါတို့သာ သန့်စင်ပြီးရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ.."
"ရွှီယန်.. နောက်ဆုံးတော့ မင်း.. လျှို့ဝှက်ဆရာတစ်ယောက်ကို ရှာတွေ့ပြီး သူ့ဆီကနေ စစ်မှန်တဲ့ သိုင်းပညာကို သင်ယူနိုင်ခဲ့ပြီ။ ငါသာ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီး သိုင်းပညာတစ်ခုကို သင်ပြီးပြီဆိုရင် ငါ့ကိုဘယ်သူ ရယ်မလဲဆိုတာကို ကြည့်ရသေးတာပေါ့.."
ရွှီယန်၏ မျက်လုံးများဟာ ရူးသွပ်မှုတို့ဖြင့် ပြည့်နက်နေပြီး သူ၏နှလုံးသား၌ စိတ်လှုပ်ရှားမှုတို့ မြင့်တက်လာခဲ့သည်။
"ဆရာ... အရေအပြားသန့်စင်ခြင်းအဆင့်ကို အောင်မြင်သွားတာနဲ့ စတင်ခြင်းအဆင့်ကို ရောက်ရှိပြီလို့ ပြောလို့ရတယ်မဟုတ်လား.."
ရွှီယန်က စိတ်အားထက်သန်စွာ မေး၏။
"ဟုတ်.. အင်း..."
လီရွှမ်က စဉ်းစားခြင်းမပြုဘဲ ခေါင်းကိုငြိမ့်သည်။
ရွှီယန်အား အရေအပြားသန့်စင်မှု အောင်မြင်ခြင်းဟာ ကျင့်စဉ်၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်းအား ပြောပြဖို့လုပ်၏။
သို့ပေမယ့် ဤသည်မှာ အလွန်ရိုးရှင်းပုံ ပေါ်ကြောင်းကို တွေးမိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက အရူးလုပ်ခဲ့ခြင်းဖြစ်ရာ အဘယ်ကြောင့်ပိုမိုကာ လွန်ကျူးအောင် မပြောရမည်နည်း။
ထို့ကြောင့် လေးနက်စွာ ပြောသည်။
"ဘယ်ဟုတ်မလဲ... အရေအပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းက သိုင်းပညာရဲ့အခြေခံတွေပဲ ဖြစ်တယ်။ အဲ့တာနဲ့ စတင်ခြင်းအဆင့်ကို ရောက်တယ်လို့တောင် ယူဆလို့မရဘူး.."
ရွှီယန်က မှင်သက်သွား၏။
"အရေအပြားသန့်စင်ခြင်းအဆင့်က သာမန်လူတွေရဲ့ ဓားနဲ့ဆေဘာတွေ ခုတ်ချက်ကို ခံနိုင်ရည်ရှိပြီးနေပြီလေ.."
"အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းက ပိုပြီးတော့ စွမ်းအားကြီးမှာပေါ့။ ဒါတောင်မှ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို မရောက်သေးဘူးလား။ စတင်ခြင်းအဆင့်ကို ဝင်ရောက်ထားတဲ့သူဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ.."
ထိုအချိန်၌ ရွှီယန်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပြီး သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် စိတ်ကူးနေမိ၏။
"ဆရာ... ဘယ်အချိန်ကျရင် သိုင်းပညာရဲ့စတင်ခြင်းအဆင့်ကို ဝင်ရောက်တယ်လို့ ယူဆလို့ရလဲ.."
"သိုင်းပညာရဲ့ စတင်ခြင်းအဆင့်...မင်းရဲ့ကိုယ်တွင်းအင်္ဂါ သန့်စင်မှု ပြီးမြောက်သွားချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ သွေးနဲ့ချီ လှည့်ပတ်လာလိမ့်မယ်.."
"အဲ့ဒီ့အခါ ခန္ဓာကိုယ်က အသေးစား ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ ကြွက်သားနဲ့ အရိုးတွေက မိုးကြိုးလို မြည်တမ်းပြီး သွေးနဲ့ချီက ကောင်းကင်လို မြင့်တက်လာလိမ့်မယ်။ အဲ့ဒါဆိုရင် သိုင်းပညာရဲ့စတင်ခြင်းအဆင့်ကို ရောက်ပြီပဲ.."
"ဆရာ...သိုင်းပညာရဲ့စတင်ခြင်းအဆင့်ပြီးရင် ဘာဖြစ်မှာလဲ.. အသေးစားအောင်မြင်မှုအဆင့်နဲ့ အကြီးစားအောင်မြင်မှုအဆင့်တွေလား... အဲ့ဒါတွေကရော ဘယ်လောက်တောင် သန်မာကြမှာလဲ.."
"သိုင်းပညာမှာ ခြားနားတဲ့ အဆင့်တွေ ခွဲခြားထားတယ်။ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် မင်းရဲ့ချီနဲ့သွေးက ကောင်းကင်ထိတောင် မြင့်တက်သွားလိမ့်မယ်.."
"မီးတောက်တစ်ခုလို လောင်ကျွမ်းလိမ့်မယ်။ ပြီးတော့ နတ်ဆိုးတွေ မကောင်းဆိုးဝါး စိတ်ဝိဉာဉ်တွေက ထွက်ပြေးသွားလိမ့်မယ်။ မြစ်နဲ့ပင်လယ်တွေ လောင်ကျွမ်းကုန်လိမ့်မယ်။ အဲ့ဒါက အကြီးစားကျွမ်းကျင်မှုပဲ..."
လီရွှမ်က နေရာမှာတင် ပုံပြင်များကို ဆက်လက်ဖန်တီး၏။ ရွှီယန်မှာ နားထောင်လေလေ ပိုမိုစိတ်လှုပ်ရှားလေလေ ဖြစ်လာခဲ့သည်။
သူကမေးခွန်းများကို ဆက်လက်မေးမြန်းတော့မည့်အချိန်၌ လီရွှမ်က လက်ကိုဝှေ့ရမ်းကာ တားမြစ်ပြီး ပြော၏။
"ကောင်းပြီ... အခုမင်းက စတင်ခြင်းအဆင့်ကိုတောင် မဝင်ရသေးဘူး။ မေးခွန်းတွေ အများကြီးမမေးနဲ့.."
"ပြီးတော့ အရမ်းကြီးလည်း မလောနဲ့။ ကျင့်ကြံခြင်းဆိုတာ စိတ်ရှည်ဖို့ လိုအပ်တယ်။ စိတ်မရှည်တာတွေ ပြာယာတာတွေက ကျင့်ကြံမှုအတွက် အကျိုးမရှိဘူး.."
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်၏နှလုံးသားက တုန်ခါသွား၏။ သူက အလျှင်အမြန် လေးစားစွာ ဖြေကြားသည်။
"အင်း.."
လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်၏။ ဤသည်မှာ သူ့အနေနှင့် ဆက်လက်မပြောချင်တော့၍ မဟုတ်ပေ။ ကျင့်စဉ်၏ နောက်ပိုင်းအဆင့်များကို မစဉ်းစားရသေးသောကြောင့်သာ ဖြစ်သည်။
အရေအပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အစရှိသည့် သူလျှောက်ပြောခဲ့သည့် အဆင့်၃ဆင့်ဟာ ရွှီယန်ကို လှည့်ဖြားရန်အတွက် လုံလောက်နေပါပြီ။
တစ်နှစ်ကိုမဆိုထားနှင့် ၈နှစ်သို့မဟုတ် ၁၀နှစ်လောက် ကြာရင်တောင် အရေအပြားသန့်စင်ခြင်းအဆင့်ကို အမှန်တကယ် ရောက်ရှိဖို့ မဖြစ်နိုင်ပေ။ စတင်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ ပို၍ပင်ဝေးသေး၏။