လျှို့ဝှက်ပညာတစ်ခုအား ဖန်တီးခြင်း၊ ရွှီယန်၏နားလည်မှု
Vol. 1 Ch. 12
ဆရာဖြစ်သူ၏ လက်ဝှေ့ရမ်းမှုကို တွေ့ရပြီးနောက် ရွှီယန် ချက်ချင်းပင် အားအင်တို့ တက်ကြွလာပြီး စိတ်လှုပ်ရှားစွာဖြင့် သွား၏။
'ငါရွှေအရိုးအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့ပြီး အတားအဆီးနဲ့ ကြုံတွေ့ရတာကို ဆရာတွေ့သွားတာဖြစ်မယ်။ အဲ့ဒါကြောင့် ငါ့ကို ရွှေအရိုးအဆင့်ကို ချိုးဖျက်နိုင်ဖို့အတွက် လမ်းညွှန်ပေးချင်တာ..'
သူက လီရွှမ်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် သွားရောက်ပြီး လေးစားစွာ ဦးညွတ်သည်။
"ဆရာ.."
"အမ်း... ကြည့်ရတာ မင်းရဲ့စိတ်အားထက်သန်မှုကို ထိန်းသိမ်းပြီး ဝီရိယရှိရှိ ကျင့်ကြံခဲ့တာပဲ။ ဒါက တကယ့်ကို ကောင်းတယ်.."
ရွှီယန်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာကို တွေ့ရပြီးနောက် လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုကြောင်း ပြသသည်။
သို့ပေမယ့် လီရွှမ်၏ နှလုံးသားထဲတွင် သက်ပြင်းချ၏။ 'ဦးနှောက်မကောင်းတဲ့လူတွေက တကယ့်ကို ဇွဲရှိကြတယ်။ ကျင့်ကြံရာမှာ တိုးတက်မှုအများကြီးမရှိရင်တောင် အမြဲတမ်း ခေါင်းမာပြီး ကြိုးစားနေတုန်းပဲ။ ဒါက တကယ့်ကို ရှားပါးတယ်..'
'ပြောရရင် ဒီတပည့်က တကယ်ပဲ မဆိုးဘူး။ ဒါပေမယ့် ငါက တကယ့် ဆရာသခင်တစ်ယောက် မဟုတ်ဘူးဖြစ်နေတယ်..'
ရွှီယန်သည် ပါးနပ်မှုမရှိကာ အလွယ်တကူ အလိမ်ခံရပေမယ့် သူ၏ကျင့်ကြံမှုအပေါ် လက်မလျော့မှုနှင့် ဇွဲလုံ့လတို့ဟာ အမှန်တကယ်ကို ချီးကျူးဖို့ကောင်းလှသည်။
"အခု မင်းကျင့်ကြံလာတာ အချိန်တစ်ခုကြာခဲ့ပြီ။ မြင်းထိုင်ခြင်းကို လုပ်နေတာလည်း ရက်ပေါင်းမနည်းတော့ဘူး။ ဒီနေ့မှာ ဆရာက မင်းကို ပိုပြီးတော့ သန်မာမယ့် နည်းတစ်ခုကို သင်ပေးမယ်.."
လီရွှမ်က စည်းကမ်းကြီးသည့် ဆရာတစ်ယောက်သဖွယ်ပြော၏။
"ကျေးဇူးတင်ပါတယ်ဆရာ.."
ရွှီယန် အလွန်စိတ်လှုပ်ရှားသွားသည်။
လက်စသတ်တော့ ဆရာဖြစ်သူဟာ သူ၏ရွှေအရိုးအဆင့်အတွက် အတားအဆီး ကြုံတွေ့မှုအပေါ် မြင်တွေ့ရသောကြောင့် ပိုမိုသန်မာသည့် သန့်စင်မှုနည်းလမ်းကို လာရောက်သင်ကြားတာ ဖြစ်ပေလိမ့်မည်။
"သေသေချာချာကြည့်.."
လီရွှမ်က ပြုံးရင်းနှင့် သူ၏ ထိုစကားနှင့်အတူ ခန္ဓာကိုယ်ကို ဘေးသို့ ညွှတ်ကာဒူးများကို ကွေးလိုက်သည်။
ခြေနှစ်ချောင်းကိုထပ်ကာ အနည်းငယ် စောင့်ကြောင့်ထိုင်လိုက်၏။ သူ၏လက်များမှာလည်း တစ်ခုကအရှေ့ဘက် တစ်ခုက အနောက်ဘက်၌ ရှိနေ၏။
ဘယ်ဘက်လက်က အရှေ့ဘက်တွင်ရှိကာ ဝမ်းဗိုက်ဆီသို့ ကွေးသွားသည်။ လက်ဝါးကို မှောက်ထား၏။
သူ၏ ညာဘက်လက်မှာတော့ အနောက်ဘက်မှ အပေါ်သို့ကွေးကာ ဦးခေါင်းကိုပတ်ပြီး နဖူးရှေ့တွင် လက်ဝါးကျ၏။ လက်ဝါးက ပက်လက်အနေအထားတွင် ရှိသည်။
ပုံစံအား အထိုင်ကျပြီးနောက် သူကရွှီယန်ကို ကြည့်ကာ ပြော၏။
"ပြီးရင် ဒီမြင်းထိုင်ခြင်းပုံစံအတတ်ကိုပဲ မင်းလုပ်တော့။ နားလည်လား.."
ရွှီယန်က သူ၏ပုံစံကိုလိုက်ကာ မြင်းထိုင်ခြင်းအသစ်ကို ပြုလုပ်ပြီး ခေါင်းငြိမ့်သည်။
"ဆရာ ကျွန်တော်နားလည်ပါပြီ.."
လီရွှမ်က သူ၏မြင်းထိုင်မှုကို ဖျင်ကာ လက်တစ်ဖက်ကို နောက်သို့ပစ်ပြီး ပြော၏။
"ဒါက အခြေခံပုံစံတစ်ခုပဲ။ ဒီစကေးအတွက် စကားနှစ်ခွန်း ရှိတယ်။ မင်းအဲ့ဒါကို သေသေချာချာ နားလည်အောင်လုပ်။ ဘယ်လောက် နားလည်မယ်ဆိုတာတော့ မင်းရဲ့ အခွင့်အလမ်းတွေပေါ်မှာ မူတည်တယ်.."
မြင်းထိုင်ခြင်းအသစ်ကို ဒီအတိုင်း သင်ပေးလိုက်ခြင်းက နက်နဲမှု မရှိလှပေ။ ထို့ကြောင့် ဖော်မြူလာတစ်ခုကို ဖန်တီးရန် စဉ်းစား၏။
လီရွှမ်က တွေးတောကြည့်ပြီးနောက် ဖြေညှင်းစွာပြောသည်။
"မှတ်ထားပါ.. လျှို့ဝှက်ချက်က 'ကြည်လင်တဲ့စိတ်နဲ့ ငါ့ရဲ့အစစ်မှန်တဲ့ အဓိပ္ပါယ်ကို ရှာဖွေမယ်။ ရွှေခန္ဓာကိုယ် ဖွဲ့စည်းဖို့ ချီနဲ့သွေးကို နဂါးတစ်ကောင်လို ဖြစ်လာစေပါ' အဲ့ဒါကို မင်းသေသေချာချာ နားလည်သဘောပေါက်အောင်လုပ်.."
"ဒီလျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ပြီဆိုရင် အဲ့ဒါရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကို ဖမ်းဆုပ်လာနိုင်လိမ့်မယ်.."
ထိုစကားကို ပြောပြီးနောက် လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အသာလျှောက်ထွက်သွား၏။ ကျွမ်းကျင်သူ ဆရာသခင် တစ်ယောက်၏ အသွင်အပြင်ကို ပုံဖော်ထားသည်။
ထိုအချိန်၌ ရွှီယန်မှာ စိတ်လှုပ်ရှားသည်ထက်ပင် ကျော်လွန်နေပါပြီ။ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ရေရွတ်၏။
'ကြည်လင်တဲ့စိတ်နဲ့ ငါ့ရဲ့စစ်မှန်တဲ့ အဓိပ္ပာယ်ကို စူးစမ်းရမယ်။ ရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့အတွက် သွေးနဲ့ချီကို နဂါးတစ်ကောင်လို ဖြစ်စေမယ်...တကယ့်ကို နက်ရှိုင်းတာပဲ။ ငါဒီဟာကို သေသေချာချာ လေ့လာရမယ်..'
'ဒါကတကယ့်ကို ရွှေအရိုးကို သန့်စင်ဖို့အတွက် လျှို့ဝှက်ချက်ပဲ။ ကျောက်စိမ်းအရိုးတောင် ရလာနိုင်တယ်။ ငါ့သာဒီလျှို့ဝှက်ချက်ကို နားလည်နိုင်ရင် ရွှေအရိုးကို သေချာပေါက် သန့်စင်နိုင်မှာ..'
ထိုအချိန်၌ ရွှီယန်သည် စာသားအတွင်းတွင် လုံးဝနစ်မွမ်းနေပြီး အရာအားလုံးတို့ကို မေ့လျော့နေပါသည်။ သူ၏စိတ်တွင် လီရွှမ်ပြောခဲ့သည့် စကားနှင့် ပြည့်နက်နေ၏။
အကြိမ်ကြိမ် ပြန်လည်ရွတ်ဆိုကာ ထိုအထဲမှ ဉာဏ်အလင်းအချို့ကိုရရှိရန် ကြိုးစားသည်။ သို့ရာတွင် ညအချိန်သို့ ရောက်လာသည့်တိုင်အောင် သူဟာ မည်သည့် ဉာဏ်အလင်းကိုမှ တွေ့ကြုံခဲ့ခြင်း မရှိပေ။
'နက်နဲလွန်းတယ်။ ငါ့ကိုယ်ငါ အရိုးသန့်စင်ခြင်းမှာ အရမ်းကိုမြင့်မားတဲ့ နားလည်သဘောပေါက်မှုနဲ့ ဉာဏ်အလင်းတွေ ရနေပြီလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ဒီစာသားရဲ့ နက်နဲမှုကို လုံးဝနားမလည်နိုင်ဘူး ဖြစ်နေတယ်..'
'ဆရာပြောတာ တကယ့်ကိုမှန်တယ်။ စာသားကို နားလည်သဘောပေါက်ပြီးမှ အတွင်းထဲမှာပါတဲ့ နက်နဲမှုကို ဖမ်းဆုပ်နိုင်မှာ..'
'ရွှီယန်.. မင်းလုပ်နိုင်တယ်။ ဒီစာသားကို မင်းနားလည်သဘောပေါက်နိုင်တယ်။ ရွှေအရိုးကို သေချာပေါက် သန့်စင်နိုင်မှာ..'
ရွှီယန်က ကိုယ့်ကိုယ်ကို ဆက်တိုက်အားပေးသည်။ သူ၏အကြည့်က ခိုင်မာကာ မည်သည့်အရှုံးပေးမည့်လက္ခဏာကိုမှ ပြသခြင်းမရှိပေ။
ယခုအချိန်၌ တစ်ရက်ပင် မကြာသေးပါ။ ယခုကဲ့သို့ နက်နဲသည့် စကားကို နားလည်သဘောပေါက်ဖို့ ဆိုသည်မှာ ၃ရက်မှ၅ရက်အတွင်း ကြာသွားလည်း ပုံမှန်သာ ဖြစ်လောက်ပါသည်။
အိပ်ရာမဝင်ခင်တွင် လီရွှမ် ထွက်လာပြီး စစ်ဆေးကြည့်၏။ အရူးရွှီယန်ဟာ ရပ်နေဆဲရှိကာ သူကျပန်းဖန်တီးလိုက်သည့် စကားအား တတွတ်တွတ် ရေရွတ်နေကြောင်းကို သတိထားမိသွားသည်။
'ဒီငတုံးက သရဲစီးနေတာလား..'
'သူ့ရဲ့ဦးနှောက် မပျက်သွားစေဖို့ပဲ ငါမျှော်လင့်တယ်..'
ထို့နောက် သူကပြော၏။
"နောက်ကျနေပြီ။ အိပ်ဖို့အချိန်ကျပြီ.."
ရွှီယန်က ကပြာကယာနှင့် သတိပြန်လည်လာပြီးနောက် အမြန်ဦးညွှတ်ကာ ပြောသည်။
"ဟုတ်ကဲ့ပါဆရာ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ သူ၏ တပည့်ဖြစ်သူသည် အနည်းငယ် ရူးသွပ်ပေမယ့် ဆရာဖြစ်သူ၏ စကားကို နားထောင်ဆဲရှိ၏။
ထို့ကြောင့် ပြဿနာကြီး မဟုတ်ပေ။ အဆိုးရွားဆုံး အခြေအနေသို့ အမှန်တကယ် ရောက်ရှိမှသာ သူဟာအချိန်အနည်းငယ်ပေးပြီး တစ်ဖက်လူကို ဖြောင့်ဖျကာ ညွှန်ကြားပေးလို့ ရပါသည်။
ထိုစိတ်နှင့်အတူ လီရွှမ်သည် သူ၏အခန်းသို့ ပြန်ပြီးအိပ်စက်၏။
ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူပြီး စဉ်းစားသည်။
'ထိုးထွင်းသိမြင်မှုဆိုတာ ဉာဏ်ကွန့်မြူးမှုနဲ့ ချိန်ကိုက်မှုအပေါ်ကို မူတည်တယ်။ အတင်းလုပ်ဆောင်တာက ပိုပြီးတော့ ဝေးကွာသွားတာပဲ ရှိလိမ့်မယ်။ ငါဒီအထဲမှာ နစ်မွန်းပြီး စိတ်လွတ်မတတ် ဖြစ်သွားခဲ့တယ်..'
'ဆရာ့ရဲ့ နိုးထမှု ပြုပေးတဲ့အတွက် ကျေးဇူးတင်ရမယ်..'
'အနားယူပြီးတော့ စွမ်းအင်ကို ပြန်ဖြည့်ရမယ်။ စိတ်ကို ပြန်ကြည်လင်အောင်လုပ်ပြီး မနက်ဖြန်မှ ဆက်ပြီးတော့ လေ့ကျင့်ရမယ်..'
'ဒီနည်းပညာက အရမ်းကို နက်နဲလွန်းပြီး တစ်ညတည်းနဲ့ နားလည်နိုင်မှာမဟုတ်ဘူး။ ငါ၃ရက်ကနေ ၅ရက်လောက်အထိ လေ့လာဖို့ လိုအပ်လောက်တယ်။ ငါ့ရဲ့ပါရမီက အဲ့လောက်ကြ မဆိုးပါဘူး..'
နားလည်သဘောပေါက်လာပြီးနောက် ရွှီယန်က သွားရောက်အနားယူ၏။
မျက်စိတမှိတ်အတွင်းတွင် ၃ရက်ဟာ ကုန်ဆုံးသွားသည်။
ရွှီယန်သည် ဆက်လက်ကာ ကျင့်ကြံခြင်း၊ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ မြက်များနှုတ်ခြင်း၊ ကြက်များကို အစာကျွေးခြင်း၊ ယုန်များကို မွေးမြူခြင်း၊ ချက်ပြုတ်ခြင်း အစရှိသည်တို့ကို ပုံမှန်အတိုင်း လုပ်ဆောင်နေ၏။
သူ၏အချိန်ဇယားမှာ ပြောင်းလဲခြင်းမရှိပေ။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ မြင်းထိုင်ခြင်းပုံစံဟာ အသစ်ဖြစ်လာခြင်း ဖြစ်၏။
ပြီးနောက် သူသည် ကြေးအရိုးသန့်စင်ခြင်း၏ ပြီးပြည့်စုံခြင်းတွင် ရပ်တန့်နေပြီး ဆက်လက် တိုးတက်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။
သူသည် နေ့စဉ်နေ့တိုင်း ကျင့်ကြံစဉ်အတွင်းတွင် လီရွှမ်၏ စကားအပေါ် နားလည်သဘောပေါက်အောင် ကြိုးစားလေ့ရှိသည်။
သို့ပေမယ့် ၎င်း၏နောက်ရှိ ဆန်းကြယ်မှုကို နားမလည်နိုင်ဘဲ ရှိနေ၏။ ၃ရက်တာအား ကုန်ဆုံးသွားသည့်တိုင် မည်သည့်အောင်မြင်မှုမှ ရလာခြင်းမရှိပေ။
'ငါဒီကျင့်စဥ်ရဲ့ စာသားတွေကိုတောင် နားမလည်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး ရွှေအရိုးကိုသန့်စင်ပြီး အဆင့်ချိုးဖျက်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး အဆင့်မြင့်တက်နိုင်မှာလဲ..'
'ဒါကအခြေခံအဆင့် စကေးတွေပဲ ရှိသေးတယ်။ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် ပိုပြီးတော့ဆန်းကြယ်တဲ့ စကေးတွေပေါ်လာမှာ။ ငါဘယ်လိုဆက်ပြီးတော့ လေ့ကျင့်ရမလဲ..'
'စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး မလောနဲ့။ ဆရာအမြဲတမ်းပြောတာက စိတ်ကို တည်ငြိမ်အောင်ထားပြီး အမြင့်ကို အရမ်းမမှန်းနဲ့တဲ့။ ယုတ္တိရှိရှိပဲ တွေးတောရမယ်...'
'ငါတစ်ခုခုကို ကျန်နေခဲ့တာဖြစ်မယ်'
ရွှီယန်က ကိုယ့်ကိုယ်ကို တည်ငြိမ်စေပြီးနောက် သူ၏နှလုံးသားကို တိတ်ဆိတ်သွားအောင် ပြုလုပ်သည်။
'ဆရာပြောတာတော့ ကျင့်ကြံစဥ်အတွင်းမှာ စိတ်ထဲမှာ ဘယ်မိန်းမမှ မထားရဘူးတဲ့။ အဲ့လိုစိတ်အခြေအနေမျိုးက အကြီးမားဆုံးအနှောင့်အယှက်တွေကို ဖယ်ရှားနိုင်တယ်..'
'ငယ်ရွယ်အားကောင်းတဲ့ လူငယ်တွေက အမြဲတမ်း မိန်းမတွေရဲ့ဆွဲဆောင်မှုကို အလွယ်တကူ ခံရတတ်တယ်။ အဲ့ဒါက စိတ်ကို လွဲချော်သွားစေတယ်..'
'ဆရာက မိန်းမတွေကို ကျင့်ကြံစဥ်အတွင်းမှာ အကြီးမားဆုံး အနှောင့်အယှက်အဖြစ် တင်စားပြီး ပြောလိုက်တာဖြစ်မယ်..'
'အဲ့ထဲမှာ ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပါယ်တစ်ခု ပါရမယ်။ ဆိုလိုတာက ငါ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေထဲမှာ မနစ်မွန်းဘဲ နိုးထလာဖို့ ကြိုးစားသင့်တယ်လို့ပဲ..'
'ငါ့ရဲ့အနှောင့်အယှက် အတွေးတွေက ဘာတွေဖြစ်မလဲ..' ရွှီယန် စကားတစ်ခွန်းကို တွေ့မိသည်။
'နှလုံးသားထဲမှာ မိန်းမမရှိရင် ကျင့်ကြံမှုက နတ်ဘုရားတွေလိုပဲ မြန်ဆန်တယ်..'
ပြီးနောက်သူသည် နက်နဲသည့် အဓိပ္ပါယ်များကို တွေးတောဆင်ခြင်ကာ တဖြည်းဖြည်းနှင့် အတွေးနက်သွားခဲ့၏။
လီရွှမ်သာ ရွှီယန်၏ ကိစ္စများကိုစိတ်ကူးရာ၌ အလွန်ကောင်းမွန်ခြင်းကို သိရှိပါက သေချာပေါက် အသံပြုမိမှာပါ။
ဤသည်မှာ ဦးနှောက်မကောင်းခြင်း မဟုတ်ပေ။ စိတ်ကူးယဉ်ခြင်းသာ အလွန်ကြီးမားလှခြင်း ဖြစ်၏။
'ငါ့ရဲ့အနှောင့်အယှက် အတွေးတွေက... အဲ့ဒါက ကျင့်ကြံမှုပဲ။ ငါ့ရဲ့စိတ်က အမြဲတမ်း ကျင့်ကြံဖို့ပဲ စဉ်းစားနေတယ်။ ဒါပေမယ့် အဲ့ဒါကို အနှောင့်အယှက်လို့ သတ်မှတ်လို့ရလို့လား..'
'ငါနားလည်ပြီ'
ရွှီယန်၏စိတ်ထဲ၌ ရုတ်တရက် အလင်းတစ်ချက် လက်သွားပြီး နောက်ထပ် ဉာဏ်အလင်းပွင့်မှုကို ရလာခဲ့သည်။
'ကျင့်ကြံမှု..'
'ကျင့်ကြံမှုက စူးစမ်းရှာဖွေမှု တစ်မျိုးပဲ။ ယုံကြည်မှုတစ်မျိုး၊ စိတ်ဆန္ဒတစ်မျိုး ဖြစ်တယ်။ ငါကတော့ အဲ့ဒီ့အပေါ်မှာ လုံးဝစွဲလမ်းနေပြီး အနှောင့်အယှက်တစ်ခု ဖြစ်လာစေခဲ့တယ်..'
'ငါ့ရဲ့ကျင့်ကြံမှုအပေါ် စွဲလမ်းမှုကို စွန့်လွှတ်ပြီး လက်ရှိ အခြေအနေအပေါ် အာရုံစိုက်ရမယ်။ အပြင်ဘက်အရာတွေကို မေ့လျော့ပြီး မလိုအပ်တဲ့ တွေးတောမှုတွေကို ဖယ်ရှားရမယ်။ နည်းစနစ်အပေါ်မှာ အာရုံစိုက်ပြီး အဲ့ဒီ့အပေါ်မှာ သေသေချာချာ နားလည်အောင် လုပ်ရမယ်...'
ထိုအချိန်၌ သူ၏ စိတ်အတွေး၌ ကောင်းကင်အလင်းတစ်ခု ဖွင့်လှစ်သွားပုံပေါ်ပြီး ဉာဏ်အလင်းပွင့်မှုဟာ ပေါ်လာခဲ့သည်။ အဆုံးမသတ်နိုင်သည့် အသိအမြင်များ ထွက်ပေါ်လာခဲ့၏။
ဒီအချိန်၌ ပုဝါတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံရပုံပေါ်သည့် သိုင်းပညာစကားစု၏ စစ်မှန်သည့် အဓိပ္ပါယ်ကို ပုဝါအား ဖွင့်လှစ်လိုက်သည့်နှယ် တွေ့မြင်လာနိုင်ပြီး အတွင်းထဲရှိ နက်နဲမှုအား မြင်နိုင်လာခဲ့သည်။
'နှလုံးသားကို နားလည်အောင်လုပ်။ ကိုယ့်ကိုယ်ကို စူးစမ်းရှာဖွေပြီး စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်အောင်လုပ်ရမယ်..'
'နှလုံးသားကို နားလည်တာက ကိုယ့်ကိုယ်ကို သိမြင်ခြင်းပဲ။ ကိုယ့်ကိုယ်ကို စူးစမ်းရှာဖွေတာက ချီနဲ့သွေးကို လေ့လာခြင်း၊ ချီနဲ့သွေးရဲ့ ပြောင်းလဲမှုကို ရှာဖွေခြင်းနဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ကျင့်ကြံခြင်းပဲ..'
'အရိုးနဲ့ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ ချီနဲ့သွေးကို အားဖြည့်ဖို့အတွက်၊ ချီနဲ့သွေးကို ပြောင်းလဲဖို့အတွက်၊ ရိုးတွင်းခြင်ဆီကို သန့်စင်ဖို့အတွက်...'
'ငါရှင်းရှင်းလင်းလင်း နားလည်လာပြီ..'
ရွှီယန်၏ မျက်လုံးများက တောက်ပစွာ လင်းလက်လာပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ဝင်းပနေပါတော့သည်။