#နတ်ဆိုးလီရောက်လာပြီ၊ အကဲဖြတ်မှုစတင်ခြင်း#
Vol. 72 Ch. 1012
ကောင်းကင်၊ မြေ၊ အနက်နှင့် အဝါရောင်အဆင့်များက အဆောင်သခင်မဟာမိတ်၏ အဆင့်များကို ဖော်ပြရန်ပင်။
အဆင့်များက စွမ်းအားကို ဖော်ပြသည်သာမက အဆောင်သခင်မဟာမိတ်ထဲတွင် ပိုကြီးမားသည့် အာဏာကိုပါ ဖွင့်လှစ်ပေးသည်။
လူတစ်ယောက်၏အဆင့်က ပိုမြင့်လေလေ၊ ပိုမြင့်သည့်အထပ်များကို၀င်နိုင်ပြီး ပိုကောင်းမွန်သော အရင်းအမြစ်များကို ဖလှယ်နိုင်လေလေဖြစ်သည်။
ဥပမာအားဖြင့် ကောင်းကင်အဆင့်က အဆောင်သခင်မဟာမိတ်ရှိ အကြီးအကဲများနှင့် တန်းတူညီမျှမှုရနိုင်သည်။
တစ်ချိန်တည်းမှာပင် သူ့တွင် တောင်နတ်အဆောင်ကို လေ့လာရန်အတွက် သုံးကြိမ်တိုင်တိုင် အခွင့်အရေးရပေလိမ့်မည်။
တောင်နတ်အဆောင်ကို ဘယ်လိုရေးထွင်းထားသလဲဆိုတာကို လုံး၀နားလည်နိုင်သည့် ဖြစ်နိုင်ချေက အရမ်းနည်းပါးသော်လည်း နတ်သခင်တစ်၀က်အဆင့် အဆောင်တစ်ခုကို နားလည်သဘောပေါက်နိုင်ခြင်းကပင် အဆောင်သခင်တစ်ဦးအတွက် အတော်လေးကို အထောက်အကူဖြစ်စေသည်။
ယင်ရှီလျန်ပြုံးရင်းပြောသည်။
"ညီအစ်ကိုမု၊ မင်းငါ့ကို ဆရာနဲ့ပြောခွင့်မပေးဘူးဆိုရင်တော့ မင်းအနိမ့်ဆုံး အဝါရောင်အဆင့် အကဲဖြတ်ချက်ကနေပဲ စတင်လို့ရမယ်၊ အဝါရောင်အဆင့်ကို ကျော်လွှားနိုင်မှာ မင်းအနက်ရောင်အဆင့် အကဲဖြတ်မှုကို ဆက်သွားနိုင်မယ်၊ ကျန်တာတွေလည်း ဒီလိုပဲ"
မုဖူရှန်းခေါင်းညိတ်သည်။
ဒါကအရေးမကြီးပေ။ သူအဝါရောင်အဆင့်ကို တက်လှမ်းရန်သာ စီစဉ်ထားသည်။
သူ့တွင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အကြောင်း သဲလွန်စများ ရရှိနေသရွေ့ သို့မဟုတ် ဒါနှင့်ဆက်စပ်သည့် တာ၀န်များကို လက်ခံရရှိနေသရွေ့ လုံလောက်ပါပြီ။
ယင်ရှီလျန် မုဖူရှန်းကို စာရင်းသွင်းရန်အတွက် ခေါ်ဆောင်သွားသည်။
နောက်ထပ်အဝါရောင်အဆင့် အကဲဖြတ်မှုက နှစ်ရက်အတွင်းစတင်မည်ဖြစ်သည်။
ဒီကာလအတောအတွင်း မုဖူရှန်းနှင့် ကျန်သုံးယောက်က အဆောင်သခင်မဟာမိတ်နှင့် အရမ်းကြီးမဝေးသည့် တည်းခိုခန်းတွင် တည်းခိုနေထိုင်ကြသည်။
တကယ်တမ်းတွင် ယင်ရှီလျန် သူတို့လေးယောက်အတွက် နေရာတစ်ခုစီစဉ်ပေးခဲ့သည်။
သို့စေကာမူ ယင်ရှီလျန်ထွက်သွားပြီးနောက် မုဖူရှန်း ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်အား မထင်ရှားသည့်နေရာတစ်ခုသို့ ခေါ်ဆောင်သွား၏။
ယခု ယင်ရှီလျန်နှင့်ပတ်သက်ပြီး ဘာမှ မှားယွင်းမနေသော်လည်း အနာဂတ်တွင် တစ်ခုခုမှားယွင်းနေပါကရော!
ယင်ရှီလျန် သူတို့အချက်အလက်များကို တခြားတစ်ယောက်ဆီ ထုတ်ဖော်လိုက်ပါကရော!
အဆောင်သခင်မဟာမိတ်တွင် သွေးဝံပုလွေဂိုဏ်းမှ သူလျှိုများရှိသည်ဟု သူတို့ပြောခဲ့ကြသည်မဟုတ်ပေလော။
ယခုမိမိတို့က သွေးဝံပုလွေဂိုဏ်းနှင့် ရန်သူဖြစ်လာပြီဖြစ်လေရာ မုဖူရှန်းသတိထားရန် လိုအပ်သည်။
.....
တိမ်အိပ်မက်ကြယ်ဒေသ၊ သွေးဝံပုလွေ အခြေစိုက်စခန်း၌ ပခုံး၌ တက်တူးများရှိသည့် သွေးရောင်ဝံပုလွေခေါင်းနှင့် လူတစ်ယောက် ကျားသားရေသစ်သားခုံတွင် ထိုင်နေသည်။ သူ့ဘေးတွင် ရွှေရောင်ဆေဘာဓားတစ်ချောင်းကို ချိတ်ထားသည်။ ဘေးနှစ်ဘက်၌ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးနှစ်ဦးက သူမတို့၏ လှပကာ ပူလောင်လွန်းသည့်ခန္ဓာများကို မဖုံးထားနိုင်သော ဖွင့်လှစ်ပြထားသည့် ၀တ်စုံများကို ၀တ်ဆင်ထားကြ၏။ သူတို့က ထိုလူ၏ လက်မောင်းများကို ညှစ်ထားကြသည်။
"ဘောစ့်၊ ကျွန်တော်တို့ ကျန်းထောင်တို့နဲ့ အဆက်ပြတ်သွားပါပြီ"
သွေးဝံပုလွေဂိုဏ်းချုပ်တဖြစ်လဲ ကျားသားရေသစ်သားခုံပေါ်က လူကို ဝံပုလွေဘုရင်ဟု လူသိများသည်။
ဝံပုလွေဘုရင် အနည်းငယ်မျက်လုံးဖွင့်ကာ ထူးမခြားနားစွာ ပြောသည်။
"သေပြီလား"
"ကျွန်တော်တို့ သူတို့အလောင်းတွေကို မတွေ့ပါဘူး၊ သူတို့ခြေရာလေးတောင် မရှိပါဘူး" အောက်ကလူက မျက်မှောင်ကြုတ်ရင်း တင်ပြသည်။
"ဒါ့အပြင် သွေးဝံပုလွေအဆောင်ကနေ သူတို့တည်နေရာကိုလည်း မပိတ်ဆို့ထားနိုင်ဘူး"
သွေးဝံပုလွေအဆောင်က ကျန်းထောင် လေပေါ်သို့ ပစ်လွှတ်ခဲ့သည့် သွေးရောင်အဆောင်ဖြစ်သည်။
ဝံပုလွေဘုရင်နှာခေါင်းရှုံ့သည်။
"ဒါဆိုသူတို့သေပြီပေါ့၊ တစ်ယောက်ယောက်က သူတို့ခြေရာတွေကို ဖျက်ပစ်ခဲ့တာပဲ"
"ဘောစ့်၊ ကျွန်တော်တို့ဘာလုပ်သင့်လဲ"
ဒါကိုကြားသော် ဝံပုလွေဘုရင် လေးနက်သည့်အသံဖြင့်ပြောသည်။
"ငါတို့သွေးဝံပုလွေဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မင်းမသိဘူးလား၊ ငါတို့သေသေချာချာ စစ်ဆေးရမယ်၊ ရှာတွေ့တယ်ဆိုရင် ဘယ်နည်းကိုပဲသုံးရသုံးရ အဲလူကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရမယ်"
"မဟုတ်ဘူးဆိုရင် ဒီဒေသမှာ ငါတို့ဘယ်လို ရှင်သန်နိုင်မလဲ၊ တခြားသူတွေ ငါတို့သွေးဝံပုလွေဂိုဏ်းကို ရယ်ကြလိမ့်မယ်"
ဒီဥပဒေမဲ့မြေ၌ လူများတွင် တစ်ဦးအပေါ်တစ်ဦး နက်ရှိုင်းသည့်ခံစားချက်မရှိပါ။
သူတို့က တစ်ဘက်လူက သူတို့ထံ အကျိုးအမြတ် ဘယ်လောက်များများ ယူလာနိုင်မလဲဆိုတာကိုသာ ကြည့်သည်။
မဟုတ်ပါက သူတို့တစ်ဘက်လူ၏ အသက်ကိုပင် လုံး၀ဂရုစိုက်ကြမည်မဟုတ်။
အောက်ကလူခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ၊ ရှာဖွေဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး သွားလိုက်ပါမယ်"
ဝံပုလွေဘုရင်ခေါင်းညိတ်သည်။
"သူ့ကိုသွားမေးလိုက်၊ သူက အခုတိမ်အိပ်မက်မြို့မှာဆိုတော့ သဲလွန်စတစ်ချို့ ရှာဖွေနိုင်လောက်တယ်"
"သူလည်း ဘာသဲလွန်စမှရှာမတွေ့ဘူးဆိုရင် ဒါက အဲဒီအင်အားစုတွေ လုပ်ခဲ့တယ်လို့ ဆိုလိုနေတာပဲ...."
အောက်ကလူခေါင်းညိတ်ကာ ထွက်သွားသည်။
ဒီအခိုက်အတန့်၌ ဝံပုလွေဘုရင် ရုတ်တရက် မော့ကြည့်ပြီးနောက် လက်ဝှေ့ယမ်းသည်။
"မင်းတို့နှစ်ယောက် အရင်ထွက်သွားလို့ရပြီ"
စွဲမက်ဖွယ်ရာအမျိုးသမီးနှစ်ဦးမှာ ချက်ချင်းဆိုသလို အ၀တ်အစားများကို ဆွဲယူကာ တုံ့ဆိုင်းမနေဘဲ ထွက်သွားကြသည်။
အမျိုးသမီးနှစ်ယောက် ထွက်သွားပြီးနောက် အနက်၀တ်လူတစ်ယောက် ဝံပုလွေဘုရင်ရှေ့တွင် ပေါ်လာပြီး ပြုံးပြသည်။
"ဝံပုလွေဘုရင်၊ မတွေ့တာကြာပြီနော်"
ဝံပုလွေဘုရင် အနက်၀တ်လူကို မြင်သောအခါ ယခင်အေးစက်နေသည့် အမူအရာက ပျောက်ကွယ်သွားပြီး သူ့မျက်နှာ၌ မျက်နှာချိုသွေးသည့် အပြုံးတစ်ပွင့် ပေါ်လာသည်။
"အစ်ကိုမိုလီ၊ ဘာလို့ဒီမှာရှိနေရတာလဲ"
မိုလီထူးမခြားနားစွာပြောသည်။
"သေချာပေါက်တစ်ခုခုရှိလို့ပေါ့"
ထို့နောက် သူပုံတူတစ်ခု ဝံပုလွေဘုရင်ထံ ပစ်ပေးလိုက်၏။
ဝံပုလွေဘုရင် တစ်ချက်ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးစွာမေးသည်။
"ဒီလူကဘယ်သူလဲ"
မိုလီဖြေသည်။ "နတ်ဆိုးသခင်ဟောင်း"
ဝံပုလွေဘုရင်မှာ ကြောက်လွန်းသဖြင့် သူ့လက်ပင်လျှင် တုန်ယင်သွားပြီး ပုံတူက သတိမထားမိဘဲ ကြမ်းပြင်ပေါ် လွင့်မြောသွား၏။
မိုလီဆက်ပြောသည်။
"သူတိမ်အိပ်မက်ကြယ်ဒေသကို ရောက်နေပြီ၊ မင်းရဲ့သွေးဝံပုလွေဂိုဏ်းမှာ ဒီကြယ်နယ်မြေမှာ လူအများကြီးတော့ သူ့ကို ရှာဖို့အတွက် ငါ့ကိုကူညီစေချင်တယ်"
ဝံပုလွေဘုရင် နှလုံးသားထဲကနေ ခါးသီးစွာပြုံးသည်။
ကြည့်ရသည်မှာ နက်ရှိုင်းပြီး မမြင်ရသည့် ဝဲဂယက်တစ်ခုထဲတွင် သူပါ၀င်နေရသည့်အသွင်။
သူ့အတွက် မိုလီ၏ တောင်းဆိုချက်ကို သဘောမတူရန်ဟူသည် မဖြစ်နိုင်ပေ။
သူသာ သဘောမတူပါက သေရလိမ့်မည်။
သဘောတူပါကလည်း တစ်ခုခုမှားသွားပါက ဒါက သူ့တစ်ကိုယ်လုံးကို စနက်ပျိုးစေပြီး သွေးဝံပုလွေဂိုဏ်းကလည်း ဆက်လက်တည်ရှိတော့မည်မဟုတ်။
သူအကျပ်ရိုက်နေသည်။
ဝံပုလွေဘုရင်၏ ဝိရောဓိဖြစ်နေသည့် အမူအရာကို ကြည့်ရင်း မိုလီအနည်းငယ် မျက်မှောင်ကြုတ်ကာ အနက်ရောင်အော်ရာလှိုင်းများက စီးဆင်းလာပြီး ဝံပုလွေဘုရင်အား ဖိနှိပ်ပစ်သည်။
ဝံပုလွေဘုရင်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေသော်လည်း မိုလီရှေ့တွင် သူ၏ မိုလီ၏ ပြိုင်ဘက်မဟုတ်သေးပါ။
ဒါ့အပြင် မိုလီ၏နောက်တွင် နတ်ဆိုးဘုရင်ပိုင်နက်ရှိနေသည်။
ဝံပုလွေဘုရင် ချက်ချင်းလက်ဝှေ့ယမ်းကာ ရိုကျိုးသည့်အပြုံးဖြင့်ပြုံးသည်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ကျုပ်အစ်ကိုကြီးမိုလီ တောင်းဆိုတာမှန်သမျှကို လုပ်ရမှာပေါ့"
"ဒီလူရဲ့သဲလွန်စကို ရှာဖို့အတွက် ကျုပ်လူတွေကို စေလွှတ်ပြီး အစွမ်းကုတ်ကြိုးစားမယ်၊ သတင်းတစ်ခုခုရတာနဲ့ ကျုပ်အစ်ကိုကြီးမိုလီကို ချက်ချင်းအကြောင်းကြားပါမယ်"
မိုလီခေါင်းညိတ်သည်။
"မင်းဒါကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် သေချာပေါက်အကျိုးရှိလာလိမ့်မယ်၊ အနည်းဆုံးတော့ ဒါက မင်းကို တခြားဂိုဏ်းတွေကို ဖိနှိပ်ပြီး ဒီဒေသရဲ့ ဝံပုလွေခေါင်း ဖြစ်လာဖို့အတွက် ကူညီနိုင်တယ်"
ဒါကိုကြားရသောအခါ ဝံပုလွေဘုရင်၏ မျက်လုံးများ လင်း၀င်းသွားခဲ့သည်။
မိုလီ၏ကတိက ဝံပုလွေဘုရင်ကို ဒီစွန့်စားမှုက ထိုက်တန်သည်ဟု ခံစားရစေသည်။
"ကျုပ်လုပ်လိုက်ပါမယ်"
......
နှစ်ရက်က ချက်ချင်းဆိုသလို ကုန်ဆုံးသွားခဲ့ပြီး ဒီနေ့မှာပင် အဆောင်သခင်မဟာမိတ်၏ အကဲဖြတ်မှုက စတင်ခဲ့သည်။
အဆောင်သခင်မဟာမိတ်ကို ၀င်လိုသောသူများအားလုံးက ဒီနေ့တွင် တိမ်အိပ်မက်မြို့၌ စုစည်းနေကြ၏။
တကယ်တမ်းတွင် အဆောင်သခင်ဖြစ်လာနိုင်သည့် လူဦးရေက အရမ်းနည်းပါးသည်။
ထို့ကြောင့် ကျောက်မျှော်စင်၏ ပထမထပ်က ခန်းမထဲတွင် အကဲဖြတ်မှုကို လာကြသည့် လူဦးရေက သိပ်မရှိပေ။
လူတစ်ဒါဇင်ကျော်မျှသာရှိပြီး မုဖူရှန်းပါ၀င်သလို ချင်းယောင်လည်းပါ၀င်သည်။
ဘေးကလူများ တက်ကြွစွာ ဆွေးနွေးနေကြ၏။
"ချင်းယောင်လား၊ သူကမြို့တော်၀န်ရဲ့ သမီးမလား၊ ဘာလို့ဒီမှာရှိနေရတာလဲ"
"သူ့ရဲ့ပါရမီက အရမ်းမြင့်တယ်၊ သူ့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံချင်ကြတဲ့ အကြီးအကဲတွေအများကြီးပဲ၊ အဲဒီအချိန်က ချင်းယောင် သဘောမတူခဲ့ဘူး၊ ဘာလို့ ဒီတစ်ကြိမ်အကဲဖြတ်မှုမှာ သူပါ၀င်ဖို့အတွက် ကနဦးခြေလှမ်းလှမ်းခဲ့တာလဲ"
လူတိုင်း၏ ဆွေးနွေးမှုကို ကြားသော် ဖန်ချန်းပြုံးရင်း ယဲ့ချိုးပိုင်ဘေးတွင် ထိုင်လိုက်၏။
"သူ စီနီယာအစ်ကိုမုအတွက် ဒီမှာရှိနေတာလား"
ယဲ့ချိုးပိုင်းခေါင်းညိတ်သည်။
"ဖြစ်နိုင်ချေများတယ်"
ရှောင်ဟိုင်ပြုံးသည်။
"သူတော့မကြာခင် ခေါင်းကိုက်ရတော့မယ်"
မုဖူရှန်းအရာတိုင်းကိုကြားပါသည်။
ဒီတဒင်္ဂမှာပင် ဘယ်ဘက်ကနေ ရောက်လာသည့် ခပ်ရေးရေးအကြည့်ကို သူအာရုံခံမိသည်။ ထိုလူကဘယ်သူလဲဆိုတာကို ကြည့်ရန်အတွက် မုဖူရှန်း လှည့်ကြည့်နေစရာပင်မလို။
ဟူး.....!
ငါအမြဲသတိထားခဲ့တယ်!
ဘာလို့ဒီတစ်ကြိမ် ငါအမှားလုပ်မိသွားတာလဲ!
ဘယ်လိုအပြစ်မျိုးလဲ!
အပိုင်း(1013) coming။