ပြဿနာကတော့စပြီ
Vol. 17 Ch. 238
"အားလုံးပဲ၊ ကြည့်ကြစမ်း! အကြီးအကဲဖန်းက အဝတ်မပါဘဲ ထကနေတယ်!" အပြင်ဘက်က တစ်ယောက်မှ အဖြစ်အပျက်ကို သတိထားမိပြီး အော်ဟစ်လိုက်သည်။
ထိုစကားတစ်ခွန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပင်လယ်ပြင်ထက် ထောင်ပေါင်းများစွာသော လှိုင်းလုံးများ ထကြွသွားသကဲ့သို့ပင်။
တပည့်များနှင့် အကြီးအကဲများအားလုံး အပြေးရောက်လာကြပြီး မကြုံစဖူး ထူးဆန်းလှသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် ကြည့်ရှုဖို့အတွက် စိတ်အားထက်သန်နေကြတော့၏။
မရေမတွက်နိုင်သော အံ့သြတုန်လှုပ်နေဟန် အကြည့်တို့က ဖန်းသယ်ကျန့်အပေါ်မှာ စုစည်းကျရောက်နေပြီး အာမေဋိတ်သံများ တဖွဲဖွဲထွက်ပေါ်နေသည်။
သူတို့မျက်လုံးထဲတွင် အဝတ်ဗလာနှင့် ရူးသွပ်စွာ လိမ်ကွေးကခုန်နေသော အကြီးအကဲဖန်း၏ပုံရိပ်မှလွဲ၍ ဘာကိုမှမမြင်နိုင်တော့သကဲ့သို့။
"တောက်၊ အကြီးအကဲဖန်းမှာ ဒီလိုထူးခြားတဲ့ စွဲလမ်းမှုမျိုး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး!" တော်တော်များများမှာ အော့နှလုံးနာစွာ ညည်းညူနေကြသော်ငြား ထိုမြင်ကွင်းကိုတော့ မျက်စိအနောက်ခံကာ ဆက်ကြည့်နေကြဆဲပင်။
ဒီလူ ရူးများနေတာလား?!
ယဲ့ကျွင်းလင်လည်း အံ့အားသင့်သွားသည်။ ငါနဲ့မင်းကြား ရန်ငြိုးရန်စလည်း မရှိတာကို၊ ဘာလို့ ငါ့မျက်စိကိုမှ ဒုက္ခပေးချင်နေရတာလဲ?
ဧည့်ခံပွဲမှာ ဒီလိုကပွဲမျိုးတော့ မလိုအပ်ဘူးလေနော်။
လီဝူကျယ်ကတော့ အရက်ဝင်ထားသောကြောင့် မျက်နှာနည်းနည်းနီမြန်းကာ ရီဝေဝေဖြစ်လျက် လက်ခုပ်တီးအားပေးလိုက်သည်။ ထို့နောက် အသံအောင်အောင်ဖြင့် အော်ဟစ်ချီးကျူးလာ၏။ "ကောင်းတယ်! အကတော်သားပဲ အေ့!"
"အော့၊ ရွံစရာကြီး။" ဟုန်ချန်ယဲ့ ရွံရှာစွာ တစ်ချက်လှမ်းကြည့်ရင်း တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများပင် ဖြန်းဖြန်းထလာရတော့၏။
"ဝိုး၊ ဒီလူက အရမ်းရဲရင့်တာပဲ။" လူကြားထဲဆို အလွန်ရှက်တတ်ကြောက်တတ်သောမှိုဘုရင်မှာ သက်ပြင်းချရင်း ဖန်းသယ်ကျန့်အား လေးစားအားကျစွာကြည့်နေသည်။
"ဦးလေးဖန်း၊ ဦးလေး..." အန်းမြောင်ယိ၏ မျက်လုံးလှလှလေးများတွင် မယုံကြည်နိုင်မှုများ အပြည့်။ ဒါက သူမ ကလေးဘဝကတည်းက သိခဲ့တဲ့ ဦးလေးဖန်းရော ဟုတ်ပါရဲ့လား?
ဂိုဏ်းချုပ်အန်းကျစ်ကျိုင်းလည်း အံ့အားသင့်နေရပြီး သူ့ဦးနှောက်က ဆယ်စက္ကန့်ကျော်လောက် အလုပ်မလုပ်ဘဲ ရပ်တန့်သွားသလိုပင်။ သူ အသိစိတ်ပြန်ကပ်လျှင်ကပ်ချင်း စိုးရိမ်တကြီး မေးလိုက်သည်။
"ဖန်းသယ်ကျန့်၊ မင်း ဘာဖြစ်နေတာလဲ! ဘယ်လိုကျေးဇူးတင်ရမှန်း မသိဘူးဆိုရင်တောင် ဒီလိုမျိုး အရှက်မရှိ ထကပြဖို့မလိုပါဘူး၊ ဟုတ်တယ်မလား?"
"ရပ်! ရပ်လိုက်တော့!"
ဤဧည့်ခံပွဲမှာ လူအများ၏မျက်လုံးအောက်က ဓားဆင့်ခေါ်ဂိုဏ်း၏ လူသိရှင်ကြားဂုဏ်ပြုပွဲတစ်ခုပင်။ ထို့အပြင် အမျိုးမျိုးသော အင်အားစုများမှ ကိုယ်စားလှယ်များလည်း တက်ရောက်လာကြသေး၏။ ဒီသတင်းသာ အပြင်လောကကို ပျံ့နှံ့သွားရင် ဓားဆင့်ခေါ်ဂိုဏ်းရဲ့ မျက်နှာကို ဘယ်သွားထားရတော့မလဲ?
ဖန်းသယ်ကျန့် နဖူးထက်တွင် ချွေးအေးများစိုရွှဲလျက်ရှိ၏။ အများသူငှာရှေ့ အရှက်ဗြန်းဗြန်းကွဲရတာထက် အခုအချိန် သူအကြောက်ဆုံးမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လုံးဝရှိမနေခြင်းပေ!
"ဂိုဏ်းချုပ်၊ ကျွန်တော် ရပ်လို့မရဘူး၊ အင်အားတစ်ခုက ကျွန်တော့်ကို ထိန်းချုပ်နေသလို ခံစားရတယ်..."
ထိုသို့ပြောလိုက်သည့်အချိန်မှာပင် သူ့အရိပ်ထဲမှ တစ်စုံတစ်ရာက တလှုပ်လှုပ်ဖြစ်လာကာ ထူးဆန်းသော တခစ်ခစ်ရယ်မောသံ ပေါ်ထွက်လာလေသည်။
"ဘယ်သူ ပြဿနာရှာနေတာလဲ? ထွက်လာခဲ့စမ်း!" အန်းကျစ်ကျိုင်း ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခါမှ သူ သဘောပေါက်သွားရ၏။ ဖန်းသယ်ကျန့်မှာ လျှို့ဝှက်စွာထိန်းချုပ်ခံနေရသည်ပင်။ နှစ်ပေါင်းများစွာခင်မင်လာသော မိတ်ဆွေသူငယ်ချင်းများဖြစ်သည့်အလျောက် ဒီလူက အကြောင်းရင်းမရှိဘဲ ဒီလိုလုပ်ရပ်မျိုး ထလုပ်လိမ့်မည်မဟုတ်ကြောင်း သေချာသိသည်။ တရားခံက အရိပ်ထဲမှလှုပ်ရှားနေခြင်းပင်။
အရေးအကြီးဆုံးတစ်ချက်ကတော့ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုတောင် ဤမျှလွယ်လွယ်လေး ထိန်းချုပ်နိုင်သော တစ်ဖက်ရန်သူမှာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူဖြစ်နိုင်ချေ အလွန်များနေသည်ပင်။
ဖန်းသယ်ကျန့်၏ အရိပ်က ရုတ်ချည်း ဆူပွက်လာသည်။
သွေးနီရောင် မျက်လုံးတစ်စုံ ထွက်ပေါ်လာပြီး ရူးသွပ်သောရက်စက်မှုများအပြည့်ဖြင့် သူတို့ကို စိုက်ကြည့်လာ၏။
"စိတ်မပူပါနဲ့၊ ပွဲက အခုမှ စတာ!"
ထိုအသံထွက်လာသည်နှင့် တစ်ပြိုင်နက် တပည့်များနှင့် အကြီးအကဲအများအပြား၏ အရိပ်များဟာ ပုံမှန်မဟုတ်စွာ တွန့်လိမ်ကောက်ကွေးလာကြတော့၏။
ထို့နောက် လူအုပ်ကြီးမှာ အချင်းချင်းရန်စဖြစ်ကြတော့သည်။
ဧည့်ခံပွဲတစ်ခုလုံး ချက်ချင်း ရှုပ်ထွေးသွားပြီး ကြောက်လန့်တကြား အော်သံများ ပွက်လောရိုက်ထွက်ပေါ်လာတော့၏။
"ဘာတွေဖြစ်နေတာလဲ? ဆရာတူအစ်ကိုကြီး၊ ဘာလို့ ငါ့ကို ထိုးနေတာလဲ!"
"ဆရာတူအစ်မ၊ ဒီလိုမလုပ်ပါနဲ့၊ ဘယ်နေရာတွေလာဆွဲနေတာလဲ?"
"ကယ်ကြပါဦး၊ တစ်ယောက်ယောက် ကယ်ကြပါဦး!"
...
"မဟုတ်မှ မင်းတို့က အရိပ်မျိုးနွယ် လား၊ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကုန်းကျိုးပြည်နယ်ကို ကျူးကျော်ခဲ့တဲ့ မရဏချောက်နက်ရဲ့ မျိုးနွယ်သုံးစုထဲက တစ်ခုဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ရာမှာ ကျွမ်းကျင်တဲ့ အရိပ်မျိုးနွယ် ဟုတ်တယ်မလား?!" အန်းကျစ်ကျိုင်း လန့်ဖျပ်ဒေါသထွက်စွာဖြင့် အော်မေးလိုက်သည်။
အရိပ်မျိုးနွယ်ဆိုသည်ကား နာမည်အတိုင်း အရိပ်နှင့်ဆက်စပ်သော စွမ်းရည်များအား ပိုင်ဆိုင်ထားသည်။ ဒီနေ့တော့ သူ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေပြီ!
"ဂိုဏ်းချုပ်အန်း၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ဝမ်းသာပါတယ်။" ဖန်းသယ်ကျန့်၏ အရိပ်ထဲမှ မည်းနက်နက်ဖြင့် ပုပုဝဝ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ဆံပင်တို့က ဖရိုဖရဲနိုင်လှကာ သွေးနီရောင် မျက်လုံးများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
အရှိန်အဝါက ဘေးဒုက္ခကျော်လွှားခြင်း အထွဋ်အထိပ်အဆင့်တွင် ရှိနေခြင်းပင်။
"မင်းကို အရင်က ချုံခိုတိုက်ခိုက်ခဲ့တဲ့သူက အမှောင်မျိုးနွယ်ဘုရင်ပဲ။ အစကတည်းက မအောင်မြင်ခဲ့တာ ကံဆိုးတာပေါ့၊ ဒါပေမဲ့ အခုတော့ ငါတို့ မင်းအသက်ကိုနှုတ်ယူဖို့ လာခဲ့တာပဲ၊ ပြီးတော့ ဓားဆင့်ခေါ်ဂိုဏ်း တစ်ခုလုံးက ဒီနေ့ရဲ့သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ်!"
ပုပုဝဝ အရိပ်မျိုးနွယ်ဘုရင်က ခပ်လှောင်လှောင်အပြုံးဖြင့် ခြိမ်းခြောက်လာ၏။
"နေဦး၊ ငါတစ်ခုမေးစရာရှိတယ်။ မင်းတို့ ငါ့အရိပ်ကို ကျူးကျော်ပြီး လူကိုထိန်းချုပ်တာအထိ လက်ခံနိုင်တယ်၊ ဒါပေမဲ့ ဘာလို့ ဒီလိုပုံစံနဲ့ အရှက်ခွဲရတာလဲ? တစ်ဖက်လူရဲ့ခံစားချက်ကို ထည့်စဉ်းစားခမိရဲ့လား?!"
ဖန်းသယ်ကျန့် ဝမ်းနည်းဒေါသထွက်စွာ အော်ပြောလိုက်သည်။
အများပြည်သူရှေ့မှာ ဒီလိုအရှက်ခွဲဖို့အကြောင်းသက်သက်နဲ့ သူ့ကိုမှ သားကောင်အဖြစ် ရွေးချယ်ခဲ့ရလေသလား!
"မင်းတို့ လူသားတွေမှာ 'ပညာရှိကို သတ်နိုင်ပေမယ့် အရှက်မခွဲရ' ဆိုတဲ့ စကားရှိတယ်မဟုတ်လား၊ ဒါကြောင့် ငါ မင်းကို အရှက်ခွဲချင်တာလေ၊ အသက်ရှင်နေတာထက် သေရတာက ပိုကောင်းတယ်လို့ ခံစားရစေချင်တာ။ ဘယ်လိုလဲ? တော်တော်မှခံစားလို့ကောင်းရဲ့လား?"
တစ်ဖက်လူ၏ ကိုယ်ချင်းစာစိတ်ကင်းမဲ့လှသော အဖြေစကားကိုကြားသော် ဖန်းသယ်ကျန့်မှာ ရှက်ရွံ့ခြင်းကြောင့် မျက်ရည်နှစ်စက် ကျလာပြီး ခန္ဓာကိုယ်လား ရူးသွပ်စွာ လိမ်ကွေးကုန်ခုန်နေရင်းမှ ထိန်းမနိုင်သိမ်းမရ ဆဲဆိုလိုက်သည်။ "မင်းတို့မိသားစု တစ်ခုလုံးကို လော်ကီးပဲကွ!"
အန်းကျစ်ကျိုင်းက ဖန်းသယ်ကျန့်၏ တွန့်လိမ်ကခုန်မှုကို မကြည့်မိအောင် သတိထားရင် ပုပုဝဝ အရိပ်မျိုးနွယ်ဘုရင်ကို ဒေါသတကြီး ပြစ်တင်ပြောဆိုလိုက်သည်။ "မင်းတို့ အရိပ်မျိုးနွယ်က ငါတို့ဓားဆင့်ခေါ်ဂိုဏ်းကို ဒီလောက်နဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား? မင်းတို့ ငါတို့ကို အရမ်း အထင်သေးထားတာပဲ!"
ပုပုဝဝ အရိပ်မျိုးနွယ်ဘုရင်က ပြန်လည်ချေပလာသည်။ "စိတ်မပူပါနဲ့၊ ငါတို့မှာ အကူအညီတွေ ရှိသေးတယ်"
"အားလုံး၊ ထွက်လာခဲ့တော့"
ထိုစဥ် ဓားဆင့်ခေါ်ဂိုဏ်း၏ မူလက ကြည်လင်တောက်ပနေသော ကောင်းကင်ပြာသည် ချက်ချင်းဆိုသလို မှောင်မိုက်သော ညဥ့်နက်အချိန်အဖြစ် ပြောင်းလဲသွားတော့၏။
နက်ရှိုင်းသော ညအမှောင်အတွင်းမှ ထူးဆန်းသည့် သံချပ်ကာဝတ် ပုံရိပ်များ အုပ်စုလိုက် ပေါ်ထွက်လာကြသည်။ သူတို့သည် အေးစက်ပြီး ထက်ရှသော စစ်ပွဲလှံတံများကို ကိုင်ဆောင်ထားကြပြီး အေးစက်သော အရှိန်အဝါတစ်ခုက ကောင်းကင်ယံကို လွှမ်းခြုံထားသည်။
"ဟဲဟဲ၊ ကုန်းကျိုးပြည်နယ် တစ်ခုလုံးမှာ မင်းတို့ ဓားဆင့်ခေါ်ဂိုဏ်းက စိတ်အနှောင့်အယှက်အပေးနိုင်ဆုံးပဲ။ ဒီနေ့တော့ အားလုံး ထာဝရ ပျောက်ကွယ်သွားရတော့မှာပေါ့!"
ညနက်မျိုးနွယ် ဘုရင်အချို့ ဆင်းသက်လာကြသည်။ သူတို့ဆံပင်များက လေနှင့်အတူ တဖြူးဖြူးလွင့်နေပြီး တစ်ဦးချင်းစီမှာ မှောင်မိုက်သောအငွေ့အသက်ဖြင့် နတ်ဘုရားဆန်ဆန် အဝန်းအဝိုင်းတစ်ခုစီ ခေါင်းအနောက်တွင် ရောင်ခြည်တော်စက်ဝန်းလို ကပ်လျက်ပါလာသောကြောင့် ည၏အရှင်သခင်များကဲ့သို့ ထင်မှတ်စေရ၏။
ထိုမျှနှင့် မပြီးသေးချေ။ ကောင်းကင်ယံတွင် မှောင်မိုက်သော အက်ကွဲကြောင်းများ ပွင့်ဟသွားပြီး သရဲတစ္ဆေကဲ့သို့သော ပုံရိပ်များ သိပ်သည်းစွာ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာကြသည်။ ကောင်းကင်တမျှ မြင့်တက်ကျယ်ပြန့်လှသော သတ်ဖြတ်လိုစိတ်မှာ လူအပေါင်းကို တုန်လှုပ်ခြောက်ခြားစေလျက်။
အမှောင်မျိုးနွယ် ခေါင်းဆောင်သည် မရဏသားရဲတစ်ကောင်ကို စီးနင်းကာ ထွက်ပေါ်လာ၏။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ကြေးနီမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ပေါ်လွင်နေသော မျက်လုံးများက ပတ်ဝန်းကျင်ကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခုဖြင့် ပြော၏။ "ငါ ဒီကို ထပ်ရောက်လာပြန်ပြီ"
"မင်းပဲ!"
အန်းကျစ်ကျိုင်း မျက်လုံးတွေ ပြူးထွက်တော့မတတ် ဖြစ်သွားရသည်။ အရင်က သူ့ကို လျှို့ဝှက်တိုက်ခိုက်ခဲ့သော သတ္တဝါကောင်ကို သူပြန်လည်မြင်တွေ့လိုက်ရလေပြီ။ သူတို့အားလုံး၏နည်းလမ်းများက လိုက်မမီလောက်အောင် ထူးဆန်းသည်ပင်။
"တောက်ခ်၊ မင်းတို့ အားလုံးက ဘယ်ကတည်းက အတူပူးပေါင်းကြံစည်နေခဲ့ကြတာလဲ?"
အန်းကျစ်ကျိုင်း ကြောက်လန့်တကြား တွေးလိုက်မိသည်။ ဂိုဏ်းက တောင်ကာကွယ်ရေးအစီအရင်ကိုဖွင့်ချိန်၌ အခွင့်ကောင်းယူပြီး ဤသို့ အစုလိုက်အပြုံလိုက် ဝင်လာနိုင်ခဲ့ကြခြင်းပင်။
ပုပုဝတ အရိပ်မျိုးနွယ်ဘုရင်က အဓိပ္ပာယ်အပြည့်ဖြင့် ပြောလိုက်သည်။ "ဟုတ်ပါ့၊ ငါတို့နဲ့ပူးပေါင်းနေတဲ့ နောက်ထပ်တစ်ယောက်လည်းရှိသေးတယ်၊ သူလည်းအခုပဲ ထွက်လာတော့မယ်ထင်ပါတယ်။"
အရိပ်မျိုးနွယ်၊ အမှောင်မျိုးနွယ်နှင့် ညနက်မျိုးနွယ် တွေ ပူးပေါင်းပြီး ဓားဆင့်ခေါ်ဂိုဏ်း ကို ကျူးကျော်ခြင်းမှာ ဓားဆင့်ခေါ်ဂိုဏ်းအတွက်တော့ မကြုံစဖူးသော အန္တရာယ်တွင်းကြီးသာ ဖြစ်ချေတော့၏။
အပြင်ဘက်တွင် စောင့်ကြည့်နေသော အကြီးအကဲလျို မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ပါသောအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ "နောက်ဆုံးတော့ ပွဲစပြီပဲ"
မူလအစီအစဉ်ကတော့ ဓားဆင့်ခေါ်ဂိုဏ်းကို ဂိုဏ်းတွင်းပဋိပက္ခများ ဖြစ်ပွားစေပြီးမှ အခွင့်ကောင်းယူကာ ဝင်ရောက်ဖျက်ဆီးဖို့ပင်။
သို့သော် ဘာမှအကောင်အထည်မဖော်ရသေးမီ မမျှော်လင့်သောအဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့တာကြောင့် သူတို့အဖွဲ့၏ အစီအစဥ်များကို ခေတ္တရွှေ့ဆိုင်းခဲ့ရ၏။
သို့ပေမဲ့ ကံကောင်းစွာဖြင့် အခြေအနေမှာ ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်ဆဲပင်။ လက်ရှိအခွင့်အရေးကို အသုံးချပြီး ဂြိုလ်သားမျိုးနွယ်တို့နှင့် ပူးပေါင်းကာ ဓားဆင့်ခေါ်ဂိုဏ်းကို ပူးပေါင်းတိုက်ခိုက်လျက် လူသတ်ပွဲကြီး စတင်နိုင်လေပြီ!
ချန်ရှောင်းလည်း ဖြစ်ပျက်နေသမျှအား အရိပ်အမြွက် သတိထားလိုက်မိသည်။ အဝေးမှ ဓားဆင့်ခေါ်ဂိုဏ်းကို မည်းမှောင်သောလေထုများဖြင့် ဝိုင်းရံထားသည်အားကြည့်ရင်း သူ့နှလုံးသားထဲမှ မရှင်းမလင်းခံစားချက်များ သက်တောင့်သက်သာမရှိစွာ ထွက်ပေါ်လာတော့၏။
"အကြီးအကဲလျို၊ ဘာတွေဖြစ်နေတာလဲ? ဘာလို့ မရဏချောက်နက် သတ္တဝါတွေ ကျူးကျော်လာတာလဲ?"
အကြီးအကဲလျို ပြုံးလိုက်သည်။ သူ့အပြုံးသည် လူယုတ်မာတစ်ယောက်ကဲ့သို့ အကြင်နာတရားကင်းမဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည်။ "ကျင့်ကြံသူချန်၊ မင်း ကိုယ့်အတွက်ကိုယ် လက်စားချေဖို့ အခွင့်အရေးယူချင်သလား? ဒါမှမဟုတ် ဓားဆင့်ခေါ်ဂိုဏ်း တစ်ဂိုဏ်းလုံးနဲ့အတူ မင်းကိုပါ မြေမြှုပ်ပေးလိုက်စေချင်လား?"
ထိုစကားများအဆုံးတွင် ချန်ရှောင်းတစ်ယောက် မွေးညင်းများထောင်ထသွားသလိုပင် ခံစားလိုက်ရကာ အရာအားလုံးကို လိုက်မမီတော့သလို အသိစိတ်များလည်း ရှုပ်ထွေးသွားရတော့၏။
"အကြီးအကဲလျို၊ ခင်ဗျား တကယ်ပဲ မရဏချောက်နက်သတ္တဝါတွေနဲ့ လျှို့ဝှက်ပူးပေါင်းခဲ့တာလား? ဒါက သစ္စာဖောက် လုပ်ရပ်ပဲ! ခင်ဗျားကို လူသားမျိုးနွယ်တွေက ရှုံ့ချလိမ့်မယ်။ ဂိုဏ်းက သိရင်ရော ဘယ်လိုပြန်ရှင်းပြမလဲ!"
ချန်ရှောင်းက အလောတကြီး ပြန်လည်စည်းရုံးလိုက်သည်။
ရုတ်တရက် အကြီးအကဲလျို၏ ပိုင်ပိုင်နိုင်နိုင်ပြုံးနေသော အမူအရာကို စိုက်ကြည့်ရင်း အတွေးတစ်ခုက အသိစိတ်ထဲသို့ လျှပ်တပြက်ဝင်ရောက်လာကာ ကျောရိုးမှ ဦးခေါင်းထိပ်ထိ ကျဥ်တက်သွားပြီး ဦးခေါင်းခွံပင်ကျွတ်ထွက်သွားတော့မည်လားဟု အတွေးဝင်သွားရ၏။
"ဒါဆို ဂိုဏ်းကရော အရင်ကတည်းက..." ချန်ရှောင်း ထပ်မပြောဝံ့တော့ဘဲ မျက်ဆံများတုန်ယင်နေလျက် အဓိပ္ပာယ်မရှိလိုက်တာဟု တွေးနေမိသည်။
အရှေ့ပိုင်းစီရင်စုရဲ့ နံပါတ်တစ် သန့်ရှင်းစင်ကြယ်သော ကျင့်ကြံခြင်းနယ်မြေ ယွီဟွားဂိုဏ်းက မရဏချောက်နက် သတ္တဝါတွေနဲ့ လျှို့ဝှက်စွာ ပူးပေါင်းခဲ့တာလား?!
သူ့အတွက် အအံ့သြရဆုံး တစ်ချက်မှာတော့ ထိုသစ္စာဖောက်ဂိုဏ်းက ဖြောင့်မတ်သောလမ်းကြောင်းမဟာမိတ်အဖွဲ့၏ ဦးဆောင်တည်ထောင်သူ ဖြစ်နေခဲ့ခြင်းပင်။
ဒါဆို အစကနေ အဆုံးအထိ၊ ဇာတ်လမ်းတစ်ခုလုံးကို သူတို့ဘာသာ ဖန်တီးခဲ့ပြီး တစ်ချိန်လုံး သရုပ်ဆောင်နေခဲ့ကြတာလား?
ချန်ရှောင်း နားမလည်နိုင်ပေ၊ မရဏချောက်နက် သတ္တဝါတွေကို အင်အားပိုကြီးမားစေလိုက်တော့ ယွီဟွားဂိုဏ်းဆီ ဘယ်လိုအကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်မှာမလို့လဲ?
ဒီလိုလုပ်ရပ်မျိုးက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ မဟုတ်ဘူးလား?
အကြီးအကဲလျိုက နှစ်သိမ့်လာသည်။ " ကျင့်ကြံသူချန်၊ ဂိုဏ်းရဲ့ရည်ရွယ်ချက်ကို နောက်တော့ မင်းနားလည်ပါလိမ့်မယ်။ ဒီကိစ္စကြီးတစ်ခုလုံးက ပေါ့သေးသေးမဟုတ်ဘူး၊ လောလောဆယ်တော့ ငါတို့မှန်ရာကိုလုပ်နေတယ်ဆိုတာ ယုံထားလိုက်ပါ။"
"ဒါပေမဲ့၊ ဒါပေမဲ့၊ ကျွန်တော်က ဖြောင့်မတ်သောလမ်းကြောင်းမဟာမိတ်အဖွဲ့ရဲ့ တပ်မှူးပါ။ အရင်က ကျွန်တော်ပဲ မရဏချောက်နက် သတ္တဝါတွေကို ခုခံပြီး လူသားမျိုးနွယ်အတွက် နေရာဒေသတွေအများကြီး ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပေးခဲ့တာလေ။ အခု ခင်ဗျားက ကျွန်တော့်ကို လူသားမျိုးနွယ်ကို သစ္စာဖောက်ခိုင်းနေပြီ..." ချန်ရှောင်း အံတင်းတင်းကြိတ်ပြီး လက်သီးဆုပ်များလည်း တုန်ယင်နေသည်။ လက်ရှိကြုံတွေ့လိုက်ရသော စိတ်ထိခိုက်မှုကို ကျော်ဖြတ်ဖို့ အတော်လေးခက်ခဲလှသည်ပင်။
အကြီးအကဲလျို ခေါင်းခါလိုက်သည်။ "ဒါတွေအကုန်လုံးကိုလည်း ငါတို့အစအဆုံး စီစဥ်ပေးခဲ့တာပဲလေ။ မင်းရဲ့ တိုက်ပွဲတိုင်းက အရမ်းချောမွေ့နေတယ်ဆိုတာ မင်း သတိမထားမိဘူးလား? ဂြိုလ်သားစစ်တပ်က ထိတာနဲ့ ပြိုလဲပြီး အကုန် တရုန်းရုန်း ထွက်ပြေးကုန်ကြတာလေ။ အများဆုံး အောက်ခြေတပ်သားတွေလောက်ပဲ စတေးရမှာပေါ့။ မင်း တကယ်တမ်း ဂြိုဟ်သားမျိုးနွယ်ထဲက စစ်သူကြီး ဘယ်နှစ်ယောက်ကို သတ်နိုင်ခဲ့ဖူးလဲ?"
ထိုစကားများကို နားထောင်ရင်း။
ချန်ရှောင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရ၏။
အရင်က စစ်ပွဲအတွေ့အကြုံအားလုံးကို ပြန်လှန်တွေးကြည့်မိတော့ သူ့နှလုံးသားက အေးစက်သွားရသည်။
ယဲ့ကျွင်းလင်က သူ့ကို လှည့်စားခဲ့တယ်ဆိုရင်တောင် ခံသာပါသေးတယ်။ အခုက သူ့လူတွေကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး လှည့်စားဆက်ဆံလာခဲ့ကြတာပါလား?
ငါ ချန်ရှောင်း ဘာများမှားခဲ့လို့လဲ၊ ဘုရားသခင်က ငါ့ကို ဘာလို့ ဒီလောက်ထိကံဆိုးစေရတာလဲ!
စာစဉ်ပြီး၏