မိန်းမမာယာ
Vol. 17 Ch. 225
အန်းကျစ်ကျိုင်း ဝတ်ရုံလက်စကို ဖျတ်ခနဲခါပြီး ဆူပူကြိမ်းမောင်းလိုက်သည်။ “မင်းကိုယ်မင်းကြည့်စမ်း အခု၊ သားသမီးဝတ္တရား ဆိုတာ ဘယ်မှာလဲ? မင်းအဖေကိုတောင် ပြန်နောက်ပြောင်ရဲနေတာလား?”
“အဓိပ္ပာယ်မရှိတာ၊ သမီးက အလေးအနက် ပြောနေတာလေ!” အန်းမြောင်ယိ နှုတ်ခမ်းကို ဆူပုတ်ကာ စိတ်ဆိုးပြနေသည်။ “ဘာပဲဖြစ်ဖြစ်၊ ဖေဖေက အဲဒီ ချန် ဆိုတဲ့လူကို ဒီလောက်တောင် အထင်ကြီးနေ၊ ဘာလို့ ဖေဖေ သူ့နဲ့ မပေါင်းဖက်လိုက်တာလဲ? နောက်ကျမှ သမီး အမေ့အတွက် ပိုက်ဆံစက္ကူတွေ မီးရှို့ပြီး ဖေဖေ တာအိုလက်တွဲဖော်အသစ် ရှာတွေ့ပြီလို့ ပြောပြလိုက်မယ်”
သူ့သမီး၏ စကားလုံးများက တစ်စတစ်စ လွန်ကျူးလာသောကြောင့် အန်းကျစ်ကျိုင်း ဒေါသဖြင့် တစ်ကိုယ်လုံးတုန်တက်ပြီး တဆတ်ဆတ်တုန်နေသောလက်ညှိုးဖြင့်ထိုးရင်း...“မင်း၊ မင်း…”
“အဟွတ် အဟွတ်!”
ရုတ်တရက် အန်းကျစ်ကျိုင်း ပြင်းပြင်းထန်ထန် ချောင်းဆိုးလာပြီး သူ့မျက်နှာက ပိုမိုဖြူဖျော့လာကာ ပါးစပ်ထောင့်စွန်းက သွေးစများ စိမ့်ထွက်လာလျက် ထိုသွေးတို့က ထူးဆန်းစာ မဲညစ်နေသည်။
“ဖေဖေ၊ ဖေဖေ ဘာဖြစ်တာလဲ?!” အန်းမြောင်ယိ ထိတ်လန့်သွားပြီး သူ့ကို အမြန်ပြေးထူမကာ စိုးရိမ်ပူပန်သော အမူအရာဖြင့် စစ်ဆေးကြည့်လိုက်သည်။
“စိတ်မပူပါနဲ့၊ ဘာမှ မဟုတ်ပါဘူး”
အန်းကျစ်ကျိုင်းသည် ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်စီးကြောင်းများအား စနစ်တကျလည်ပတ်ရန် ကြိုးစားအာရုံစိုက်လိုက်ပြီး မတည်ငြိမ်သော အဆိပ်များကို ဖိနှိပ်နေပါသော်ငြား ပြန်လည်ဖြေဆိုလာသောလေသံမှာ မောပန်းနွမ်းနယ်မှုဖြင့် ခါးသက်လျက်။
လွန်ခဲ့သော လအနည်းငယ်က ကုန်းကျိုးပြည်နယ်သည် ညမိုက်မျိုးနွယ်၊ အမှောင်မျိုးနွယ် နှင့် အရိပ်မျိုးနွယ် တို့မှ ထိပ်တန်းဘုရင်သုံးပါး၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်မှုပညာတွင် လွန်စွာကျွမ်းကျင်သူများဖြစ်ကြသည့်အလျောက် ၎င်းတို့သည် ဖမ်းဆီးရခက်ပြီး လူသားမျိုးနွယ်၏ အင်အားကြီးမားသော ပုဂ္ဂိုလ်များကိုသာ ပစ်မှတ်ထားတတ်ကြလေသည်။ ထိုအချိန်က ဘေးဒုက္ခကျော်လွှားခြင်းဆင့်မှ ကျွမ်းကျင်သူများစွာ အဆိပ်မိကာ အသတ်ခံရပြီး အထွဋ်အထိပ်သို့ တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူများ မရေမတွက်နိုင်လောက်အောင် ကျဆုံးခဲ့လေရာ ဒေသခံဂိုဏ်းများနှင့် မင်းဆက်များအကြား ကြီးစွာသော ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ကုန်းကျိုးပြည်နယ်၏ နံပါတ်တစ် အင်အားစုအဖြစ် ဓားဆင့်ခေါ်ဂိုဏ်းသည် သဘာဝအတိုင်း ၎င်းတို့၏ အဓိပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ ဂိုဏ်းချုပ်တစ်ဦး တစ်နည်းအားဖြင့် ဂိုဏ်း၏ပင်မထောက်တိုင်တစ်ဦးဖြစ်သော သူသည်လည်း ဂရုတစိုက်စီစဉ်ချမှတ်ထားသော လုပ်ကြံသတ်ဖြတ်မှုတွင် သေလုနီးပါးဖြစ်ခဲ့ရ၏။ အသက်မဆုံးရှုံးအောင် အနိုင်နိုင် ကယ်တင်နိုင်ခဲ့သော်ငြား ထူးဆန်းသော အဆိပ်တစ်မျိုးက သူ့ခန္ဓာကိုယ်တွင်း ကျန်ရစ်ခဲ့လေသည်။ ထိုအဆိပ်သည် ထပ်ခါတလဲလဲ ပြန်လည်ထကြွတတ်ပြီး ဖယ်ရှားရန် ခက်ခဲကာ ဂိုဏ်းအတွင်းရှိ ဘေးဒုက္ခကျော်လွှားခြင်းဆင့် ကျွမ်းကျင်သူများပင် ၎င်းကို မဖြေရှင်းနိုင်ခဲ့ကြပေ။
အန်းကျင်းကျိုင်းသည် ဤအခက်အခဲအတွက် ဒေါသနှင့် ကူကယ်ရာမဲ့မှု နှစ်မျိုးလုံးကို ခံစားနေရ၏။
ကမ္ဘာကြီးတစ်ခုလုံး၏ အခြေအနေ ပြောင်းလဲချိန်တွင် သူ စိတ်မချနိုင်သောအရာတစ်ခုတည်းမှာ သူ၏ အဖိုးတန်သမီးလေး ဖြစ်ပြီး၊ ဤရှုပ်ထွေးသောကမ္ဘာလောကကြီးတယ် သူမကို ကောင်းကောင်းကာကွယ်ပေးနိုင်မည့် နောက်ခံတောင့်တောင့် ပံ့ပိုးမှုတစ်ခုကို ရှာဖွေနိုင်ရန် မျှော်လင့်နေမိသည်။
သို့ပေမဲ့ သမီးဖြစ်သူက ပြောမရဆိုမရ အလွန်ခေါင်းမာလှ၏။ ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိထားသော တပ်မှူးချန်လို ရွှေသမက်လောင်းလေးနှင့် နီးနီးကပ်ကပ်ဆက်ဆံရန် မလိုလားလှသောကြောင့် ဖခင်တစ်ဦးအနေဖြင့် သူရင်ပူလို့မဆုံးနိုင်တော့ပေ။
“မြောင်ယိ၊ ဖေဖေ့စကားကို သေချာနားထောင်ပါ၊ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတော့တယ်။ သမီးလည်း အနာဂတ်အတွက် စဉ်းစား သင့်ပြီလေ။ အဲ့လူက အရှေ့ပိုင်းစီရစ်စု ဖြောင့်မတ်သောလမ်းစဉ် မဟာမိတ်အဖွဲ့က တပ်မှူးပဲ။ တပ်မှူးချန်က ငယ်ရွယ်ပြီး ထူးချွန်ထက်မြက်တယ်၊ သူက ယွီဟွားဂိုဏ်းရဲ့ ဦးစားပေးခံသားတော်ဆိုလည်းဟုတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့တင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျွမ်းကျင်သူ ဖြစ်နေပြီ။ အနာဂတ်မှာ ယွီဟွားဂိုဏ်း ရဲ့ ဂိုဏ်းချူပ်ရာထူးကလည်း သူ့အတွက်ပဲ ဖြစ်လိမ့်မယ်။”
“တာအိုလမ်းကိုအောင်နိုင်ပြီး မသေမျိုးဖြစ်လာဖို့လည်း အချိန်တစ်ခုပဲ လိုတော့မယ်၊ ဘာလို့လဲဆိုတော့ ဒီလူက မသေမျိုးအရှင်တစ်ပါးရဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတာ မြင်သာတယ်၊ ကျင့်ကြံရေးလမ်းကြောင်းမှာ ဘယ်လို အတားအဆီးအဆို ကျော်လွှားပြီး ထူးခြားတဲ့အောင်မြင်မှုတွေကို ဆွတ်ခူးဖို့ဆိုတာ သူ့ရဲ့ကံကြမ္မာအလိုပဲ"
အန်းကျစ်ကျိုင်းက လေသံကိုလျှော့ကာ တောင်းတောင်းပန်ပန်ဆိုလာသည်။ “မြောင်ယိ၊ ဖေဖေ မင်းအမေကို ဒီဘဝမှာ မင်းကို မရရအောာင်ကာကွယ်ပါ့မယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ဖေဖေ ဒဏ်ရာရနေပြီး အဲဒီ ဂြိုလ်သားမျိုးနွယ်စုတွေရဲ့ ပစ်မှတ်အလယ်မှာ ရှိနေရတာ။ အနာဂတ်မှာ မမျှော်လင့်ဘဲ တစ်ခုခုဖြစ်လာရင် ဘယ်သူက မင်းကို ကာကွယ်ပေးမှာလဲ? ဖေဖေ့စကားကို နားထောင်ပေးပါ”
“ဖေဖေ…”
အန်းမြောင်ယိ မျက်လုံးတွေ နီရဲလာပြီး ရှိုက်ကြီးတငင်ငိုချတော့၏။
ခိုင်မာပြတ်သေားသော စိတ်နေစိတ်ထားနှင့် မိန်းကလေးသည်ပင် ဖခင်ကိုလက်လွှတ်ဆုံးရှုံးနိုင်ချေရှိသည့် အနာဂတ်တစ်ချိန်အား ခက်ခဲနေရသည်။ လူတို့၏ နှလုံးသားက အသွေးနှင့်အသားနှင့် ပြုလုပ်ဖန်ဆင်းထားခြင်းပင် မဟုတ်လော။ အမေဖြစ်သူကိုဆုံးရှုံးပြီးနောက် သူမဘဝ၏အခင်တွယ်ရဆုံး မိသားစုဝင်မှာ အဖေတစ်ယောက်သာကျန်ရှိခဲ့သည်ပင်။ အဖေဖြစ်သူ၏စေတနာကိုလည်း သူမနားလည်ပါ၏။
သို့ပေသည့် ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ မကြိုက်နှစ်သက်သူတစ်ဦးအား လုံခြုံမှုအတွက်ဖြင့် မပေါင်းဖက်ချင်လှပေ။
အန်းမြောင်ယိ လွန်စွာ ဝမ်းနည်းနာကျင်မိသည်။ ဤအဖြစ်အပျက်များ မတိုင်ခင်က သူမအတွင် ကောင်းကင်နှင့်မြေကြီးဟာ အဆုံးမရှိကျယ်ပြန့်နေခဲ့သလို ကမ္ဘာကြီးတစ်ခုလုံးမှာလည်း အရောင်အသွေးစုံလင်စွာ တောက်ပနေခဲ့သည်ပင်။
ယခုတော့ သူ၏အမြင်တွင် တစ်ချိန်လုံး အားအပြည့်ဖြင့် မြင့်သွန်းခိုင်မာခဲ့သော ဖခင်ဖြစ်သူသည်ပင် ရှုပ်ထွေးသောအခြေအနေကြား အားနည်းယိုင်နဲ့နေရလေပြီ။ ကလေးဘဝကတည်းက ဖခင်၏ရင်ငွေ့ဖြင့် အကာအကွယ်ပေးခံခဲ့ရတဲ့ သူမကိုယ်တိုင်လည်း ပြောမပြတတ်အောင် အားငယ်မိလှ၏။
“ဖေဖေ၊ သမီးတကယ် မလုပ်နိုင်ဘူး။ ဒါက သမီးရဲ့အလိုဆန္ဒမှမဟုတ်တာ။ သမီး အသက်ငယ်ငယ်လေးပဲရှိသေးတယ်၊ တိုးတက်ဖို့ နေရာတွေလည်း အများကြီး ရှိသေးတယ်။ ဖေဖေ သမီးကို အချိန်ပိုနည်းနည်း ပေးပါဦး!” အန်းမြောင်ယိ လက်သီးဆုပ်အရိုအသေပြုကာ အံတင်းတင်းကြိတ်လျက် ဆက်လက်ငြင်းဆန်သည်။
ခေါင်းမာတဲ့သမီး ကို ကြည့်ရင်း အန်းကျစ်ကျိုင်းအနည်းငယ် စိတ်ပျံ့လွင့်နေသည်။ သူမလေး၏အမူအကျင့်တွင် ဇနီးဖြစ်သူအား ဝိုးတဝါးမြင်ယောင်နေမိလျက်။ သူမလည်း ထိုစဉ်က ထိုသို့ ခိုင်မာပြတ်သားသော စိတ်နေစိတ်ထားတစ်ခု ရှိခဲ့သည်။ အန်းကျစ်ကျိုင်း နှာခေါင်းထဲစူးနင့်လာပြီး ခေါင်းခါကာ ဆက်ပြောသည်။ “နောက်ကျသွားပြီ။ ဒီတစ်ခေါက်က နှစ်ထောင်ပေါင်းများစွာအတွင်း မဖြစ်ဖူးခဲ့တဲ့ ခေတ်အပြောင်းအလဲကြီးပဲ။ အရှေ့ပိုင်းစီရင်စု တစ်ခုလုံးရဲ့ ကံကြမ္မာတောင် မရေရာလှဘူး။ အခြေအနေက ထင်ထားတာထက် မြန်မြန်ခရီးရောက်နေတာ၊ မင်း အရွယ်မရောက်ခင်မှာပဲ… အင်း!”
ထိုအချိန်တွင် သြဇာအပြည့်ဖြင့် ချိုသာယဥ်ကျေးသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဂိုဏ်းချုပ်၊ တပ်မှူးချန်က တွေ့ခွင့်တောင်းနေပါတယ်”
ဖန်းသယ်ကျန့် ရှေ့တိုးလာပြီး အရိုအသေပြုကာ တင်လျှောက်သည်။
မျက်လုံးများနီရဲနေသော အန်းမြောင်ယိကို ကြည့်ပြီး သူ တိတ်တိတ်လေး သက်ပြင်းချမိသည်။ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို တွေးစရာမလိုဘဲ သိနိုင်သည်ပင်။
“တပ်မှူးချန်ကို အမြန် ဝင်ခိုင်းလိုက်ပါ”
“ဖေဖေ၊ ဒါဆို သမီးအရင်သွားတော့မယ်”
“ရပ်!”
အန်းကျစ်ကျိုင်းက မျက်နှာထားတင်းတင်းဖြင့် အမိန့်ချသည်။ “ဘယ်မှ မသွားရဘူး၊ ဒီမှာပဲ ရပ်နေ!”
“ဖေဖေ!” အန်းမြောင်ယိ ဒေါသတကြီး ခြေထောက်ကို ဆောင့်ချလိုက်သည်။