← Chapters

စကားစစ်ထိုးခြင်း

Vol. 17 Ch. 227

စကားစစ်ထိုးခြင်း

Vol. 17 Ch. 227

“မမလေးအန်းက ပန်းပင်တွေကို အရမ်းစိတ်ဝင်စားပုံရတယ်နော်။ ကမ္ဘာအနှံ့က ထူးခြားတဲ့ ပန်းအမျိုးမျိုးကို ကျွန်တော် ရှာဖွေပြီး မမလေးအိမ်တံခါးဝအထိ ကိုယ်တိုင် ပို့ပေးပါ့မယ်။ ဒီလိုဆို မမလေး သဘောကျမှာလား?” ချန်‌ရှောင်း နူးညံ့စွာ ပြောလိုက်သည်။

အန်းမြောင်ယိ ခေါင်းတောင် မလှည့်ဘဲ ဖြေလာသည်။ “အင်း”

ချန်‌ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒါ ဘာသဘောလဲ?

“မမလေးအန်း၊ ဘာများ စိတ်မကြည်လင်စရာရှိလို့လဲ? ကျွန်တော့်ကို ပြောပြလို့ရပါတယ်၊ မမလေးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်”

“အင်း”

“ဟားဟား၊ မမလေးအန်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။ ကျွန်တော်တို့ လမ်းလျှောက်ကြရအောင်လား? ဒီကို ကျွန်တော် အလျင်စလို ရောက်လာခဲ့လို့ လှပတဲ့ရှုခင်းတွေကို ချီးကျူးဖို့တောင် အခွင့်အရေး မရသေးဘူး”

“အင်း”

“…”

ချန်‌ရှောင်း ချက်ချင်း အရှုံးပေးလိုက်ရသည်။ အင်းပဲအင်းနေလိုက်တော့!

‘အင်း’ အပြင် ဘာစကားထပ်ပြောတတ်သေးလဲ?

ချန်‌ရှောင်း အရမ်း စိတ်ပျက်နေသည်။ သူဆိုတာ ဘယ်သွားသွား အာရုံစိုက်ခံရပြီး ချောပေ့လှပေ့ဆိုသည့် အမျိုးသမီးတိုင်းက သူ့ကို ဝိုင်းဝိုင်းလည်အောင် သဘောကျတတ်ကြသည်။ အခုကျမှ ဘာလို့ အဆင်မပြေရတာလဲ?

ဒီအမျိုးသမီးက ဒီနည်းလမ်းနဲ့ သူ့စိတ်ဝင်စားမှုကို ပိုပြီး ဆွပေးချင်တာများလား?

ချန်‌ရှောင်း စိတ်ထဲမှာ ပေါက်ကရတွေ စတင်တွေးတောလာသည်။

အန်းမြောင်ယိ ထိုအကောင်ကို လျစ်လျူရှုထားလိုက်သည်။ ထိုလူ၏ အမူအကျင့်များက ရိုးသားဖြောင့်မတ်ခြင်းမရှိဟု သူမ အမြဲခံစားရပြီး အနားတွင်ရှိနေရခြင်းကပင် လူကို အရမ်းစိတ်မသက်မသာ ဖြစ်စေသည်။ ထို့အပြင် ဖခင်ဖြစ်သူ၏ ဇွတ်အတင်းအရောက်ပို့မှုကြောင့် မျက်နှာထားက ပိုလို့မကြည်လင်လှတော့ပေ။

“ဟမ်?!”

အန်းမြောင်ယိ တစ်ခုခုကို ခံစားမိလိုက်ပြီး ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ကို ဖုံးအုပ်တော့မတတ် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဓားဆင့်ခေါ်ဂိုဏ်းဆီ ချဉ်းကပ်လာတာကို မြင်လိုက်ရ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက တစ်ကမ္ဘာလုံးကို သိမ်းကျုံးဖျက်ဆီးတော့မလို ရန်လိုစိတ်ပြင်းပြလှသည်။

“သူ ရောက်လာပြီလား?” အန်းမြောင်ယိ အရမ်းစိတ်လှုပ်ရှားမိသွားသည်။ ထိုစီးတော်ယာဥ်မှ သူမ၏အမြင်တွင် လွန်စွာရင်းနှီးကျွမ်းဝင်နေသည်မဟုတ်လော။

“ဒါ၊ ဒါကြီးက ဘာလဲ?!” သတ္တဝါထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိရာတွင် ချန်‌ရှောင်း၏ နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားရ၏။

ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် နတ်ဆိုးဧကရာဇ်တစ်ပါးက လာရောက်တိုက်ခိုက်တာလား? ဒါနောက်စရာမဟုတ်ဘူးနော်။

ရှေးဟောင်းဆန်ဆန် ခမ်းနားထည်ဝါသော ခန်းမအတွင်းတွင်။

ဖန်းသယ်ကျန့်က သူ့ကို ကျောခိုင်းထားသည့် သက်လက်ပိုင်းလူရွယ်ကိုကြည့်နေရင်း စကားပြောဖို့ အကြိမ်များစွာ ချီတုံချတုံ ဖြစ်နေရသည်။

“အကြီးအကဲဖန်း၊ ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျုပ်သိပါတယ်။ ကျုပ်လုပ်ရပ်တွေ လမ်းလွဲနေတယ်လို့ ခင်ဗျားထင်နေတာ မဟုတ်လား?” အန်းကျစ်ကျိုင်း တင်ပျဥ်ချိတ်ထိုင်ရင်း အရှေ့မှ ဘိုးဘွားရုပ်တုများကိုကြည့်ကာ ပေါ့ပေါ့ပါးပါး စကားစလိုက်သည်။

ဖန်းသယ်ကျန့် အားတင်းပြီး တုံ့ပြန်လိုက်၏။ “ဂိုဏ်းချုပ်၊ သမီးလေးရဲ့ စိတ်သဘောထားအရ ဒီလိုဖိအားပေးတဲ့လုပ်ရပ်က သူမအပေါ် အရမ်း ရက်စက်ရာရောက်နေတယ်လို့ပဲ ကျွန်တော် ခံစားရလို့ပါ”

“ရက်စက်ရာရောက်တယ်?”

အန်းကျစ်ကျိုင်း ခေါင်းခါလိုက်သည်။ “ဖခင်တစ်ယောက်အနေနဲ့ ကျုပ်သမီးလေး လူကောင်းတစ်ယောက်ကို တွေ့ရဖို့ပဲ မျှော်လင့်မိတာပါ၊ အထူးသဖြင့် လက်ရှိအခြေအနေကို ခင်ဗျား ကောင်းကောင်းသိပါတယ်။”

“ဒါ့အပြင် ချန်‌ရှောင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ထူးချွန်နေတာ၊ ဒီလိုစွမ်းအားရှင်မျိုးကို အရှေ့ပိုင်းစီရင်စု သမိုင်းတစ်လျှောက်မှာတောင် တွေ့ရရှားပါတယ်။ ကျွန်တော် မြောင်ယိ ကို သူ့လက်ထဲ အပ်လိုက်တာ ဘာမှ မှားယွင်းစရာမရှိပါဘူး”

“ဒါပေမဲ့…” ဖန်းသယ်ကျန့် တွန့်ဆုတ်နေပုံရသည်။

“ဒါပေမဲ့ ဆိုတာ မရှိဘူး! ကျုပ်ကအခု အဲဒီ ဂြိုလ်သားမျိုးနွယ်စုတွေဆီက ပစ်မှတ်ထားခံနေရပြီ၊ အချိန်မရှိတော့မှာကို စိုးရိမ်တယ်။ တစ်နေ့နေ့ ကျုပ်တစ်ကယ်သေသွားခဲ့ရင် မြောင်ယိက ဘယ်သူ့ကို အားကိုးရတော့မှာလဲ? သူ ဆက်ပြီး ခေါင်းမာနေလို့ မရဘူး။ ဒါက သူ့အတွက် ကောင်းကျိုးပေးမဲ့လုပ်ရပ်ပဲ” အန်းကျစ်ကျိုင်း သက်ပြင်းချရင်း သူ့ခန္ဓာကိုယ်ထဲမှ လှိုက်တက်လာသော အဆိပ်ဒဏ်ကို ခံစားမိလိုက်သည်။

“ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် သက်သာလာမှာပါ! ဂိုဏ်းက ဂိုဏ်းချုပ်မရှိလို့ မဖြစ်ပါဘူး!” ဖန်းသယ်ကျန့်သည် အန်းကျစ်ကျိုင်းနောက်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ လိုက်ပါခဲ့သည့် သွေးသောက်ရောင်းရင်းတစ်ဦးဖြစ်သောကြောင့် ဂိုဏ်းချုပ်၏စကားများက သူ့စိတ်နှလုံးကို လွန်စွာမသက်မသာဖြစ်စေသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ရိုက်ခတ်လာပြီး အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။

“ဂိုဏ်းချုပ်၊ နတ်ဆိုးဧကရာဇ် တစ်ပါး ကျွန်တော်တို့ဆီ ချဉ်းကပ်လာနေပါတယ်!” တစ်စုံတစ်ယောက်က စိုးရိမ်တကြီး သတင်းပို့လာသည်။

“နတ်ဆိုးဧကရာဇ်?!”

အန်းကျစ်ကျိုင်း၏ အမူအရာ ပြောင်းလဲသွားပြီး လေထဲကို ဝုန်းခနဲ ခုန်တက်သွားကာ အဝေးကို မျှော်ကြည့်လိုက်သည်။

“ဒါက ခွင်းဖန်းလား?” သတ္တဝါ၏ ပုံပန်းသဏ္ဌာန်ကို မြင်သော် အန်းကျစ်ကျိုင်း ရှေးဟောင်းကျမ်းစာတွေထဲမှ မှတ်တမ်းမှတ်ရာများအား ပြန်လည်သတိရသွားပြီး နှလုံးသားတစ်ခုလုံး တုန်ခါသွားရ၏။

“သူလား? သူကဘာလို့ ဒီကို ရောက်နေတာလဲ?!” အနောက်မှ အပြေးလိုက်လာသော ဖန်းသယ်ကျန့်မှာလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

“ခင်ဗျား ဒီနတ်ဆိုးကို သိတာလား?” အန်းကျစ်ကျိုင်း အနည်းငယ် အံ့ဩသွားသည်။

ဖန်းသယ်ကျန့် ခါးသက်စွာ ပြုံးလိုက်သည်။ “သူ့ကို သိတာထက် ပိုတာပေါ့၊ သူက ရွှယ်ထျန်းဂိုဏ်းရဲ့ မြူခိုးတောင်ထိပ်က တောင်ထိပ်သခင်ယဲ့ကျွင်းလင်ရဲ့ စီးတော်ယာက် ပါ!”

“စီးတော်ယာဥ်?!”

အန်းကျစ်ကျိုင်း၏ နှုတ်ခမ်းနှစ်လွှာ ကြောက်လန့်တကြားဖြင့် တဆတ်ဆတ်တုန်ယင်သွားသည်။ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါက တကယ်ပဲ စီးတော်ယာဥ်သက်သက်တဲ့လား?

ငါ့ကို လာနောက်နေတာလား?!

“ဒါဆိုရင် သူ့သခင်လည်း ဒီကိုရောက်လာတာပေ့ါလေ?” အန်းကျစ်ကျိုင်း မရေရာစွာ ရေရွတ်လိုက်မိသည်။

အဝေးမှ ကြည်လင်ပြတ်သားသော အသံတစ်သံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ နတ်ဘုရားတစ်ပါး အမိန့်ချနေသလိုမျိုး လူပေါင်းများစွာ၏ နှလုံးသားထဲအထိ ပဲ့တင်ထပ်သွားသော ထိုစကားသံသည်ကား...

“ကျွန်တော် ယဲ့ကျွင်းလင်ပါ၊ ခင်ဗျားတို့ဂိုဏ်းကို အလည်ရောက်လာတာပါခင်ဗျာ!”

ဓားဆင့်ခေါ်ဂိုဏ်းတစ်ခုလုံး ရုတ်တရက် ကျွက်ကျွက်ညံသွားရသည်။

ဒီ အရှေ့ပိုင်းစီရင်စုမှာ ယဲ့ကျွင်းလင်ရဲ့ သတင်းအစုံစုံကို မကြားဖူးသူ ဘယ်သူရှိလို့လဲ?

မကြာသေးမီကမှ အဲ့ဒီလူက လေပေါ်ဝိဇ္ဇာကျောင်းကို ဖျက်ဆီးခဲ့ကာ နှစ်ပေါင်းများစွာတည်မြဲလာသော ဝိဇ္ဇာကျင့်စဥ်လမ်းကြောင်းအား တစ်စမကျန် ချေမှုန်းပျောက်ပြယ်စေခဲ့သည်ပင်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ကျင့်ကြံသူတစ်ဦးဖြစ်၏။

ကျင့်ထူပြည်ထောင်၏ တော်ဝင်မိသားစုပင်လျှင် သူ့လက်ချက်ဖြင့် သွေးချောင်းစီးခဲ့သည်ဆို၏။ ယခုဆိုလျှင် အကာအကွယ်ကင်းမဲ့နေရှာသော ကျင့်ထူပြည်ထောင်မှာ ဂြိုဟ်သားတို့၏ ကြီးစိုးရာနယ်မြေအဖြစ် ပြောင်းလဲသွားရကာ မျှော်လင့်ချက်ရောင်ခြည် တစ်စမကျန်အောင် ကင်းမဲ့နေရှာလေပြီ။

ထိုနာမည်ကျော် လူသတ်သမားက ဓားဆင့်ခေါ်ဂိုဏ်းထံ အလည်အပတ် ကြွရောက်လာသည်တဲ့လေ။ ဘာရည်ရွယ်ချက်နဲ့များလဲ?

အကြီးအကဲများနှင့် တပည့်ဂိုဏ်းသားများအားလုံး ထိန်းမနိုင်သိမ်းမရ စိုးရိမ်ပူပန်လာကြပြီး ပေါက်ကရအတွေးတွေ စတင်တွေးတောလာကြသည်။

“မရိုင်းစိုင်းကြနဲ့၊ တောင်ကာကွယ်ရေးအစီအရင်ကို အမြန် ဖယ်ရှားပြီး တာအိုရောင်းရင်းယဲ့ ကို ဝင်လာခိုင်းလိုက်ပါ။ စကားအရင်ပြောကြတာပေါ့!” အန်းကျစ်ကျိုင်းက ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

လူတွေက ဒီကို ဒုတ်ဒုတ်ထိ ရောက်လာပြီဆိုမှတော့ ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲလေ?

ငြင်းပယ်ဆန့်ကျင့်မှုကြောင့် ရလာမည့်ဆိုးကျိုးများကလည်း စိတ်မကူးရဲလောက်အောင် ပြင်းထန်ပေမည်။

နတ်ဆိုးဧကရာဇ်အဆင့်စီးတော်ယာဥ် တစ်ခုစာဖြင့်ပင် သူတို့ဓားဆင့်ခေါ်ဂိုဏ်းတစ်ဂိုဏ်းလုံး ခေါင်းကိုက်စရာဖြစ်လို့နေလေပြီ။ သူ့သခင်သာ ဝင်လာပါလို့ကတော့ တွေးရဲစရာမရှိတော့ချေ။

ဝှစ်!

ဓားဆင့်ခေါ်ဂိုဏ်းက တောင်ကာကွယ်ရေးအစီအရင်ကို ဖယ်ရှားလိုက်သော် ဖြန့်ကျက်ထားသော အစီအရင်အရှိန်အဝါကြီးလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။

ဒုန်း~

ခွင်းဖန်း အတောင်ပံတွေကို အားပါပါခတ်ကာ ကျယ်ပြန့်သော လေစီးကြောင်းအား တွန်းကန်ဆန်တက်ပြီး ပြေးဝင်လာသည်။

ရေတွက်မရနိုင်သော အကြည့်တွေက ထိုဒဏ္ဍာရီလာ သတ္တဝါထံကို စုစည်း‌ရောက်ရှိလာပြီး အံ့အားသင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သံသယရှိခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် လေးစားအားကျခြင်း စသည်ဖြင့် ခံစားချက်ပေါင်းစုံ ရောထွေးလျက်သာပင်။

All Chapters