အခန်း (၂၂၈)
Vol. 17 Ch. 228
“ဒါက ဓားဆင့်ခေါ်ဂိုဏ်း ပဲ” လီဝူကျယ် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်သော် ခမ်းနားထည်ဝါလှသည့် တောင်ထိပ်များမှာ မျက်စိတစ်ဆုံးတည်ရှိနေပြီး ဖြူဖွေးမှိုင်းရီသည့် မြူခိုးများဖြင့် လွှမ်းခြုံကာ တိမ်တိုက်များက ကျက်သရေရှိစွာ လွင့်မျောနေပုံမှာ နတ်ဘုံနတ်နန်းတစ်ခုအလား။
“ကျွန်တော် အန်းကျစ်ကျိုင်းပါ၊ ဓားဆင့်ခေါ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်ပါတယ်၊ တာအိုရောင်းရင်းယဲ့ အလည်အပတ် ရောက်ရှိလာတာကို ဂုဏ်ယူပါတယ်” အန်းကျစ်ကျိုင်း လေထဲတွင် ရပ်နေရင်း လေးစားစွာ ဦးညွှတ်လိုက်သည်။ တစ်ဖက်လူကို သူ ပေါ့ပေါ့ဆဆ မဆက်ဆံရဲလှပေ။
ဤမျှနီးကပ်နေသော အကွာအဝေးတွင် ခွင်းဖန်းကျောပြင်ပေါ်မှမြင်ကွင်းကို သူရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ ထိုအရာမှာ လွင့်မျောနေသော အပန်းဖြေကျွန်းတစ်ခုနှင့် သဏ္ဍာန်တူပြီး အရွယ်အစားက ထိတ်လန့်စရာပင်ကောင်း၏။
ဒီရောင်းရင်းကတော့ စီးတော်ယာဥ်ကို အိမ်တစ်အိမ်လိုသဘောထားပြီး လျှောက်ပတ်သွားနေပုံပဲ။
ဝှစ် ဝှစ် ဝှစ်~
ပုံရိပ်အချို့က အဝေးမှ အနီးသို့ဦးတည်လကျ် လေထဲမှာ လျင်မြန်စွာ ရွေ့လျားလာသည်။
“ဂိုဏ်းချုပ်အန်းက ယဥ်ကျေးလွန်းနေပါပြီ” ယဲ့ကျွင်းလင် လက်များကိုနောက်ပစ်လျက် ပေါ့ပေါ့ပါးပါးပြောလာသည်။
အန်းကျစ်ကျိုင်း ငွေရောင်ဆံပင်ရှိသော လူငယ်ကို အနီးကပ် အကဲခတ်ကြည့်ရင်း နက်ရှိုင်းလှသော ကျင့်ကြံဆင့်အရှိန်အဝါကို ခံစားလိုက်မိပြီး သူ့နှလုံးသား တုန်ယင်သွားရသည်။
လေပေါ်ဝိဇ္ဇာကျောင်းကိုတောင် ဖျက်ဆီးနိုင်တာ မအံ့သြတော့ပါဘူး။ ဒီကောင်လေးက တကယ်ကြောက်စရာကောင်းတာပဲ။
အန်းကျစ်ကျိုင်း စကားပြောဖို့ ပြင်နေစဥ်တွင် တေးဆိုငှက်လို အသံချိုချိုလေးတစ်သံက သူ့စကားအားဖြတ်တောက်ထွက်ပေါ်လာသည်။
“သခင်လေးယဲ့!!”
ယဲ့ကျွင်းလင်ကို မြင်လိုက်ရစဥ်တွင် အန်းမြောင်ယိမှာ ငှက်ပေါက်လေးတစ်ကောင်လို လွန်စွာမြူးထူးပျော်ရွှင်သွားရကာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပျံတက်လာတော့၏။
အန်းကျစ်ကျိုင်း မျက်လုံးတွေ ပြုတ်ကျလုနီးပါး ပြူးထွက်သွားရသည်။ “မြောင်၊ မြောင်ယိ၊ မင်း…”
ဂိုဏ်းချုပ်၏သမီးတော်ကက ထိုဒဏ္ဍာရီလာ လူသတ်နတ်ဘုရားနှင့် လွန်စွာရင်းနှီးကျွမ်းဝင်နေဟန်အား မြင်သော် လူပေါင်းများစွာ ကြောင်တောင်တောင် ဖြစ်သွားကြပြီး ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ကြတော့ပေ။
ယဲ့ကျွင်းလင် ကြင်နာစွာ ပြုံးပြလိုက်သည်။ “မမလေးအန်း၊ ကျွန်တော်တို့ ပြန်ဆုံပြန်ပြီ။”
အဝါရောင်ဝတ်ရုံဝတ် ထိုအမျိုးသမီးအား သူ ထူးထူးခြားခြား မှတ်မိခဲ့သည်ပင်။ ကြည်လင်ပြတ်သားသော မျက်လုံးများထဲမှာ အနည်းငယ်တုံးအမိုက်မဲသော အငွေ့အသက်မှာ တစ်မူထူးခြား၏။
ခပ်တုံးတုံးမမလေးသည် ယခုအချိန်ထိ မပြောင်းမလဲသာ ရှိနေခဲ့ဟန်ပင်။
အန်းမြောင်ယိရင်ထဲမှာ စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက် နှစ်မျိုးလုံးကို ခံစားနေရသည်။ "သခင်လေးယဲ့၊ ဓားဆင့်ခေါ်ဂိုဏ်း ဒုက္ခရောက်နေတာကို ကြားလို့ ကျွန်မတို့ကို လာကူညီတာလား? ဒါမှမဟုတ် ကျွန်မကိုပဲ အထူးတလည်လာတွေ့တာလား?”
ယဲ့ကျွင်းလင် နှာခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်လိုက်သည်။ “အဟမ်း၊ နှစ်ခုလုံး မှန်ပါတယ်!”
တကယ်တမ်းတော့ တတိယအကြောင်းရင်းဖြစ်တဲ့ စနစ်ဆုလာဘ်သိမ်းဖို့ပါဟု ထုတ်ပြောလိုက်ချင်၏။
နေစမ်းပါဦး။
ငါ ဓားဆင့်ခေါ်ဂိုဏ်းကို ရောက်နေပြီလေ၊ ဘာလို့ စနစ်က တုံ့ပြန်မှုမရှိသေးတာလဲ?
ဒင်းကတော့ တကယ်ကိုပဲ စိတ်ချထားလို့မရဘူး!
ယဲ့ကျွင်းလင် စိတ်ထဲမှ ပြစ်တင်ဆူပူနေလိုက်သည်။
ယဲ့ကျွင်းလင်၏ တုံ့ပြန်စကားကိုကြားသော်။
အန်းမြောင်ယိ၏ ပါးပြင်ထက်မှာ သွေးရောင်ဖျော့ဖျော့လေးလွှမ်းလာပြီး ရှက်ရွံ့စွာ ပြန်ပြောလာသည်။ “ကျေးဇူး၊ ကျေးဇူးတင်ပါတယ်၊ သခင်လေးယဲ့”
အန်းမြောင်ယိ၏ အမြင်တွင် ယဲ့ကျွင်းလင်၏အဖြေစကားမှာ လုံးလုံးလျားလျားကို ရှင်းလင်းနေပြီးသားဖြစ်၏။ တစ်ဖက်လူ၏ရင်ထဲတွင် သူမက ထိုမျှအရေးပါခဲ့သည်ပင်။
အဝါရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ အနည်းငယ် နီမြန်းနေသော မျက်နှာကိုမြင်သော် ယဲ့ကျွင်းလင်၏ခေါင်းထက် မေးခွန်းအမှတ်အသားများစွာပေါ်ထွက်လာသည်။
ဘာတွေဖြစ်နေတာလဲ?
ဘာလို့ ရေနွေးအိုးလို နီရဲလာရတာလဲ?
“အကြီးအကဲဖန်း၊ ဒါ ကျွန်တော့်သမီး အစစ်မှ ဟုတ်ရဲ့လား?” အန်းကျစ်ကျိုင်း ကြောင်တောင်တောင် ဖြစ်နေသည်။
သူ့မျက်လုံးထဲတွင် ဤအဖိုးတန်သမီးမှာ တစ်ချိန်လုံး စိတ်ဓာတ်ခိုင်မာပြတ်သားသည်၊ ဖျောင်းဖျရအလွန်ခက်ခဲသည်၊ စိတ်ဆိုးစိတ်ကောက်လွယ်သလို ခေါင်းလည်းမာသည်၊ မိန်းကလေးမဆန်စွာ ကြမ်းကြမ်းတမ်းတမ်းလည်း နေထိုင်တတ်သေး၏။ ပုံမှန်ဆိုလျှင် တစ်ချိန်ကုန်ဆူညံပွက်နေသော သမီးဖြစ်သူမှာ ယဲ့ကျွင်းလင်အရှေ့တွင် အပျိုဖြန်းလေးကဲ့သို့ နူးညံ့သိမ်မွေ့စွာ ရှက်ရွံ့နေခဲ့လေသည်။
ဖခင်တစ်ဦးအနေဖြင့် သူပင်မနာလိုလာရသည်အထိ။
ဖန်းသယ်ကျန့် ပြုံးရွှင်စွာ ပြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ မမြင်ဘူးလား? သမီးလေး သူချစ်ရတဲ့သူနဲ့ တွေ့နေတာလေ”
“ဒါပေမဲ့၊ ဘာလို့ သူဖြစ်နေရတာလဲ?” ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်ရင်း သူ အရင်က ပြုလုပ်ခဲ့သော လူသတ်ပွဲများကို ပြန်တွေးမိသော် အန်းကျစ်ကျိုင်း၏မျက်ခွံများ တလှုပ်လှုပ်ဖြစ်သွားရပြီး နှလုံးသားတစ်ခုလုံး အေးခဲသွားသကဲ့သို့။
“တကယ်တော့ အားလုံးက အထင်မှားနေခဲ့ကြတာပါပဲ။ အကြီးအကဲယဲ့က တကယ်တော့ ကြားထားသလိုမဟုတ်ဘဲ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ” အရင်က တွေ့ဆုံကြုံကြိုက်ခဲ့သမျှကို ပြန်သတိရရင်း ဖန်းသယ်ကျန့် သက်ပြင်းချမိသည်။
အနှီသူတွင် ဤကမ္ဘာနှင့်မလိုက်ဖက်သော လွတ်လပ်ပေါ့ပါးသည့် စိတ်နေစိတ်ထားတစ်ခု ရှိနေခဲ့လို့သာပင်။
“ယဲ့ကျွင်းလင်!!”
ရုတ်တရက် ဒေါသကို မထိန်းနိုင်တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီးနောက် သူတို့အားလုံး အလန့်တကြားဖြစ်သွားရ၏။
ချန်ရှောင်း လေထဲသို့ ဝုန်းခနဲ ခုန်တက်သွားပြီး ငွေရောင်ဆံပင်နှင့်လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။ ဒေါသတွေက သူ့ရင်ဘတ်ထဲမှာ ပြင်းပြင်းထန်ထန် တောက်လောင်နေပြီး မုန်းတီးမှုတွေက သူ့ကို မျက်ကန်းဖြစ်အောင် ဖုံးကွယ်ပြုစားနေခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်မှာ အသံတဖျစ်ဖျစ်မြည်သည့်အထိ။
ဒီလူ ဒီနေ့ဒီအချိန်တွင် ဒီနေရာကို လာရောက်လည်ပတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ကို စိတ်ပျက်စရာကောင်းစွာ တစ်ချိန်လုံးလျစ်လျူရှုနေခဲ့သော အန်းမြောင်ယိမှာလည်း ဒီလူကိုတွေ့သည်နှင့် ပျော်ရွှင်တက်ကြွစွာ ကိုယ်တိုင်ပင် အရင်စချဥ်းကပ်သွားလိုက်သေး၏။
ဘာလို့လဲ?!
ငါ ချန်ရှောင်းက ဒီကောင့်ထက် နိမ့်ကျနေလို့လား?
ချန်ရှောင်း ဒေါသလည်း ထွက်၊ စိတ်လည်းပျက်နေပြီး သူ့၏ကြီးစွာသောမာန အချိုးဖဲ့ခံလိုက်ရသလို ခံစားနေရ၏။
သို့သော် အချိန်တစ်ခဏအတွင်း သူအကောင်းဆုံး ကြိုးစားပြီး စိတ်အခြေအနေကို ပြင်ဆင်ကာ လှောင်ပြုံးပြုံးလိုက်သည်။ “ယဲ့ကျွင်းလင်၊ မင်း ငါ ဒီမှာရှိတယ်ဆိုတာ သိလို့ တမင်လုပ်တာ မဟုတ်လား? မင်းရဲ့လှည့်ကွက်က အရမ်းအဆင့်နိမ့်တယ်လို့ပဲ ငါ ပြောနိုင်တော့တယ်။ လက်ရှိငါက အရင်က ငါမဟုတ်တော့ဘူး။ အခုတော့ တကယ့်ရန်သူကြီးက ငါတို့ဆီဒုတ်ဒုတ်ထိ ရောက်လာနေခဲ့ပြီ။ မင်းဘဝနဲ့မင်း ကောင်းကောင်းမွန်မွန် နေထိုင်ပြီး လူသားမျိုးနွယ်အတွက် ပံ့ပိုးကူညီပေးဖို့ပဲ ငါမျှော်လင့်တယ်!”
“ဟင်!” လူတိုင်း သက်ပြင်းအရှည်ကြီးချလိုက်မိကြ၏။
ဒီလူက လူသတ်နတ်ဘုရား ယဲ့ကျွင်းလင်ကို အတည်ပေါက်ကြီး သွားဆုံးမနေတာလား?
“သခင်လေးယဲ့…” အန်းမြောင်ယိ စိုးရိမ်တကြီး ကြည့်နေသည်၊ ယဲ့ကျွင်းလင် ရှက်ရွံ့ကာ စိတ်မကြည်မလင်ဖြစ်သွားမည်ကို သူမစိုးရိမ်မိသည်။
ချန်ရှောင်းက ဖြောင့်မတ်သောသူတော်ကောင်းတစ်ဦးကဲ့သို့ ပြုမူရင်း သူ့မျက်လုံးများတွင် အောင်နိုင်သူတစ်ဦး၏ အရိပ်အယောင် ထင်ပေါ်လာသည်။
ဖြောင့်မတ်မှန်ကန်သော ကိုယ်ကျင့်တရားကို အသုံးချကာ ထိုသေသင့်သည့်မကောင်းဆိုးဝါးအား ရှက်ရွံ့စေရမည်။
လေထုက လွန်စွာလေးနက်တင်းမာနေပြီး လူတိုင်းက လူသတ်နတ်ဘုရား၏ တန်ပြန်ချေပစကားကို မျှော်လင့်စောင့်စားနေကြသည်။
နှုတ်ဖြင့်တိုက်ခိုက်ခြင်းမှာလည်း အရေးမပါသည်မဟုတ်။ ကျင့်ကြံသူ၏ ဉာဏ်ရည်ပါးနပ်မှုသည်လည်း အောင်နိုင်ခြင်းတစ်မျိုးပင်ဖြစ်၏။
လူတိုင်း၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် သူရဲကောင်းဆန်ဆန် လေလုံးထွားလာသော လူငယ်ကို ပြန်ကြည့်လိုက်ပြီး သူ့မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ချိုးနေသည်။ သူ့မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားခန်းဝင်နေဟန်ပြုကာ အချိန်အကြာကြီးနေမှ သူရဲကောင်းလေး၏နှလုံးသားကို တည့်တည့်ကြီးထိခိုက်ရှနာစေမည့် မေးခွန်းတစ်ခုထုတ်လာသည်။
“မင်းက ဘယ်သူလဲ?”