← Chapters

ကိုယ့်အဆင့်ကိုယ်သိ

Vol. 17 Ch. 229

ကိုယ့်အဆင့်ကိုယ်သိ

Vol. 17 Ch. 229

ထိုစကားကို ကြားလိုက်ချိန်တွင် တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားရ၏။

ဟုန်ချန်ယဲ့တစ်ယောက်လည်း ဆွံ့အသွားရ၏။ ဒါဆို ဒီတစ်ချိန်လုံး မင်း ဒီလူ ဘယ်သူလဲဆိုတာတောင် မသိဘူးပေါ့လေ?

လီဝူကျယ် စိတ်ထဲကနေ “မြတ်စွာဘုရား!” ဟု တလိုက်မိသည်။ ဒီစကားက သေစေနိုင်တာ မဟုတ်ပေမဲ့ သေလောက်အောင် စော်ကားလိုက်တာပဲလေ!

ချန်‌ရှောင်း ချက်ချင်း ကျောက်ရုပ်လိုတောင့်ခနဲဖြစ်သွားပြီး သူ့အမူအရာက ရေခဲခန်းထဲထည့်လိုက်သလို မျက်နှာသေဖြင့် နားကြားမှားတာများလားဟု သေသေချာချာ ပြန်လည်တွေးတောလိုက်ရသည်။

ဒါ ဘာအဓိပ္ပာယ်လဲ?

ဒီကောင်က သူ့ကို မှတ်တောင်မမှတ်မိတာလား?

ချန်‌ရှောင်း သူ့ရင်ထဲက ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မျက်နှာအမူအရာတောင် ဆက်မထိန်းနိုင်တော့ဘဲ အံကြိတ်သံဖြင့် စကားတစ်လုံးချင်းစီကို ဖိပြောလိုက်သည်။ “ဟန်ဆောင်၊ ဆက်ဟန်ဆောင်နေလိုက်။ မင်း ငါ ဘယ်သူလဲဆိုတာ မမှတ်မိဘူးပေါ့လေ?”

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ “ဒီကောင်လေးက ဘယ်ကဘယ်လိုဒီရောက်လာတာလဲ? ဘာလို့ ငါက မင်းကို မှတ်မိရမှာလဲ?”

ဦးနှောက်မရှိတဲ့ အရူးတစ်ကောင်က ရုတ်တရက် ဘယ်ကမှန်းမသိ ခုန်ထွက်လာပြီး သူ့ကို ဘလိုင်းကြီးလာလှောင်တယ်။ အခုကျတော့လည်း သူတို့ အရမ်းရင်းနှီးသလိုမျိုး ပြုမူနေပြန်တယ်။ တော်တော်လေးတော့ စိတ်ရှုပ်လာပြီ။

ချန်‌ရှောင်း ယဲ့ကျွင်းလင်၏ အမူအရာကို စူးစိုက်အကဲခတ်နေရင်း တစ်ဖက်လူက သူ့ကိုတကယ်မမှတ်မိမှန်း သေချာသွားသော် ထိန်းချုပ်ထားသောဒေါသများလည်း ပေါက်ကွဲထွက်ပြီး စိတ်တည်ငြိမ်မှုကိုဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။ ဝါဂွမ်းကိုထိုးလိုက်မိသကဲ့သို့ တန်ပြန်မလာသောတုံ့ပြန်မှုက သူ့ကိုအရူးတစ်ယောက်လို ခံစားရစေသည်။

သူ နာကျင်နေတဲ့ ရင်ဘတ်ကို ဖိကိုင်ထားပြီး အသက်ရှူလို့မဝသလို ခံစားလာရ၏။

ဒါဆို အစကနေ အဆုံးအထိ ဒီကောင်က သူ့ကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ဘူးလား?

ဒါဆို သူ့ရဲ့ လက်စားချေဖို့ပြင်ဆင်တဲ့ လုပ်ရပ်တွေကရော ဒင်းအတွက် ရယ်စရာဟာသသက်သက် ဖြစ်နေခဲ့တာလား?

“ဟားဟားဟား!”

အန်းမြောင်ယိ ရယ်မောလိုက်ပြီး ခါးကိုကုန်းကာ ဗိုက်ကိုပင် ဖိကိုင်ထားရသည်။ ငွေခေါင်းလောင်းလေးတီးလိုက်သလို ကြည်လင်သာယာသောရယ်သံက အစစ်အမှန်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေမှန်း သိသာလှ၏။

အန်းကျစ်ကျိုင်းမှာတော့ သူ့သမီးကို တိတ်တိတ်လေးလှမ်းကြည့်နေပြီး အလွန်အမင်းစိတ်ဓာတ်ကျသွားရသည်။ တကယ့်အခြေအနေကြီးမှာ အချိန်အခါမသိ ဒီလိုကြီးထရယ်လို့ ဖြစ်ပါ့မလားနော်?

တခြားသူတွေမှာလည်း ရယ်ချင်စိတ်ကို အတင်းအကျပ်ဖိနှိပ်ထားရသော ပြုံးစိစိမျက်နှာများဖြင့် ချန်ရှောင်းအား သနားစာနာစွာ လှမ်းကြည့်လာကြသည်။

ကြည့်နေရင်းတောင် သူ့အစားရှက်လာပြီ။

“ဂိုဏ်းချုပ်အန်း၊ သူက ခင်ဗျားဂိုဏ်းသားလား? သူ့ကို နည်းနည်းပါးပါး ဝင်မဆုံးမတော့ဘူးလား" ယဲ့ကျွင်းလင်က မကျေမနပ်တိုင်တန်းလာသည်။

အန်းကျစ်ကျိုင်း စကားမပြောနိုင် ဖြစ်သွားပြီး စိတ်ထဲကနေ မြည်တမ်းလိုက်သည်။ “မနောက်ပါနဲ့ဗျာ၊ ကျုပ်ကသူ့ကို ဘယ်လိုလုပ်ဆုံးမနိုင်မှာတဲ့လဲ?"

ဗုံး!

ချန်‌ရှောင်းရင်ဘတ်ထဲက ဒေါသတွေကို မထိန်းနိုင်တော့ဘဲ မီးတောင်လို ပေါက်ကွဲ ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးအုပ်သွားကာ သူ့ခေါင်းကနေ အစိမ်းရောင်မီးခိုးများပါ အူထွက်လာသည်အထိ။

သူ့မျက်နှာတစ်ခုလုံးက သွေးကြောများ ထောင်တက်ဖောင်းကားလာကာ ကြောက်မက်ဖွယ်အသွင်အပြင်ဖြင့် သူအားကုန်အော်ဟစ်လိုက်သည်။

“မင်း လွန်လွန်းနေပြီ!”

“ငါ့အဖေက ချန်ယွင်ဟိုင်၊ မင်းလက်ချက်ကြောင့် သေဆုံးသွားရတဲ့ ဖုန့်လဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ! ငါ့ဆရာ ကျွီယန်းလည်း မင်းကြောင့် သေဆုံးခဲ့ရတာ။ ဒါတွေအားလုံးကို မင်း မေ့သွားပြီလား?!”

အော်ဟစ်သံက ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်ပြီး တောင်ထိပ်များကို တုန်ခါစေခဲ့သည်။

“အိုဟိုး~~”

ယဲ့ကျွင်းလင် အသံရှည်ဆွဲကာ ပြောလိုက်ပြီး လျှာကို ကလစ်ခနဲမြည်အောင် ကစားလိုက်ပြီး ပြန်ပြောလာသည်။ “အခု မင်းပြောမှပဲ ငါ နည်းနည်း မှတ်မိသလိုလို ရှိလာတယ်”

သူတို့ နောက်ဆုံးတွေ့ခဲ့တာက နှစ်နှစ်ကျော်ပဲ ရှိသေးပေမဲ့ ယဲ့ကျွင်းလင်က နေ့ရက်တိုင်းကို စားသောက်ပျော်ပါးပြီး ဖြတ်သန်းခဲ့တာကြောင့် ဖြစ်ခဲ့သမျှကို မေ့ချင်ချင်ဖြစ်နေလေပြီ။

သူက နဂိုတည်းက မှတ်ဉာဏ်သိပ်မကောင်းတဲ့သူဆိုတော့လေ။

ဒါ့အပြင် ချန်‌ရှောင်း၏ ပုံပန်းသဏ္ဌာန်နှင့် စိတ်နေစိတ်ထားကအစ သူတို့ နောက်ဆုံးတွေ့ခဲ့တုန်းကနှင့် အရမ်းကို ကွာခြားနေပြီဖြစ်သောကြောင့် သူမမှတ်မိတာ မထူးဆန်းပါပေ။

ဒါပေမဲ့ အခုတော့ ယဲ့ကျွင်းလင် ဒီလူကိုမှတ်မိသွားခဲ့ပါပြီ။

သူက ချန်‌ရှောင်း၊ မကြာသေးခင်က နာမည်ကြီးလာတဲ့တစ်ယောက်လေ။ ကျင့်ကြံရေးလောကနေ့စဉ်သတင်းမှာ မကြာမကြာ ပေါ်လာတတ်တဲ့ ဖြောင့်မတ်သော မဟာမိတ်အဖွဲ့ရဲ့ နာမည်အကြီးဆုံး တပ်မှူးချန်ပဲ!

“ပြဿနာပဲ။ အရှေ့ပိုင်းစီရင်စုရဲ့ နာမည်အကြီးဆုံးလူနှစ်ယောက်က ရန်ငြှိုးကြီးကြီး ရှိနေကြတယ်”

“သူတို့ရန်ဖြစ်မှာမဟုတ်လောက်ပါဘူး။ လက်ရှိ တကယ့်ရန်သူက ရှေ့မှောက်မှာရှိနေတာ၊ လူသားမျိုးနွယ်အချင်းချင်း စည်းလုံးရမယ်လေ”

“ဒါပေမယ့် အဖေကိုတောင်သတ်ထားတဲ့ရန်ငြှိုးက လွယ်လွယ်နဲ့ချေဖျက်ဖို့တော့ ခက်ခဲလိမ့်မယ်နော်?”

……

ပတ်ဝန်းကျင်က လူအများ တီးတိုးပြောဆိုကြပြီး စိတ်မပူဘဲမနေနိုင်ကြ။

ချန်‌ရှောင်း မကျေမနပ် ပြောလိုက်သည်။ “ယဲ့ကျွင်းလင်၊ မင်း ရှက်သင့်တာ မဟုတ်ဘူးလား? မင်းမှာ ဒီလို အားကောင်းတဲ့ စွမ်းအား ရှိနေတာတောင် ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ကို သတ်ခဲ့သေးတယ်။ အားနည်းသူကို အနိုင်ကျင့်တာ ဘယ်လောက်တောင်ဆိုးရွားတဲ့ အမူအကျင့်လဲ?”

ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်လျှို့ဝှက်ထားမှုကြောင့် သူအဖေက ရန်သွားစရဲခြင်းပေဟု ချန်ရှောင်းယုံကြည်ထားသည်သာ။ သူသာ သူ့ရဲ့ ခွန်အားကို အစကတည်းက ရိုးရိုးသားသား ထုတ်ဖော်ထားခဲ့ရင် ဘယ်သူက သူ့ကို လာပြီးစိန်ခေါ်ရဲမှာလဲ?

ဒီအပြုအမူက စွမ်းအားရှင်တစ်ယောက် မပီသတဲ့ လှည့်ကွက်ဆင်ခြင်းသက်သက်ပဲ!

အရှက်ကင်းမဲ့လွန်းတယ်!

ချန်ရှောင်း၏စကားတွင် လူတိုင်း နက်နက်ရှိုင်းရှိုင်း သဘောတူလာကြပြီး လှည့်ဖြားခံခဲ့ရသော ဖုန့်လဲ့ဂိုဏ်းကို စာနာသနားမိသွားကြသည်။

ဟုန်ချန်ယဲ့လည်း ခေါင်းတညိတ်ညိတ်ဖြင့် လိုက်လံသဘောတူလိုက်သည်။ လှည့်ဖျားခံခဲ့ရသူထဲမှ တစ်ဦးအဖြစ် သူ‌ကောင်းကောင်းကြီး စာနာမိပါ၏။

လီဝူကျယ်က အသံကျယ်ကျယ်ဖြင့် ပြန်လည်ချေပသည်။ “မင်းရဲ့ သက်ဆိုးမရှည်တဲ့အဖေက လောဘကြောင့် မျက်စိမှောက်ပြီး ရွှယ်ထျန်းဂိုဏ်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာလေ၊ ငါတို့ဆရာသခင်က ကိုယ့်ကိုယ်ကို ကာကွယ်ရုံသက်သက်ပဲ တုံ့ပြန်ခဲ့တာ!”

သူ ရွှယ်ထျန်းဂိုဏ်းမှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာအားလုံးကို ကြားသိပြီးနောက် ဖုန့်လဲ့ဂိုဏ်းချုပ်မှာ အမှန်ကိုသေသင့်ကြောင်း ထောက်ခံထားလိုက်သည်။

ဝဋ်ဆိုတာ ဒီလိုအလုပ်လုပ်တာပဲ။ လောဘကြီးရဲရင် တစ်ချိန်ချိန်ပြန်ခံရဖို့လည်း ပြင်ဆင်ထားရဲရမယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်? ဘာချီးစကားလဲ?!

ချန်‌ရှောင်းမျက်နှာမှာ မစင်စားထားရသကဲ့သို့ ရှုံ့မဲ့နေသည်။

အနည်းဆုံး ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ရှိတဲ့ ထိပ်တန်းစွမ်းအားရှင်တစ်ပါးက ရွှေအမြုတေအဆင့်ရှိ ဂိုဏ်းချုပ်ငယ်လေးတစ်ယောက် ရန်စလာတာကို တမင်တကာစောင့်နေပြီးမှ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ပြန်သတ်လိုက်ရတာတဲ့လာ?

ဒီလိုအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ကို တမင်တကာလုပ်တဲ့သူက ဘယ်လောက်တောင်စိတ်ထားကောက်ကျစ်ယုတ်မာလိုက်မလဲ?

ချန်‌ရှောင်း တစ်ခါတစ်လေ တွေးမိ၏။ သူ့အဖေသာ နောက်ဘဝမှာ သူ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် ကျွမ်းကျင်သူတစ်ယောက်ကြောင့် သေဆုံးခဲ့ရတာကိုများ သိသွားခဲ့ရင် ဘာတွေးမိလောက်မလဲ?

“ဒါဆို ငါ့ဆရာ ကျွီယန်းကိုရော? သူ့ကို မင်း သတ်ခဲ့တဲ့ကိစ္စကို ဘယ်လိုရှင်းပြမလဲ?” ချန်‌ရှောင်းမှာ ကိုယ်ကျင့်တရားမြင့်မြတ်ပါလျက်နှင့် တစ်ပါးသူ၏ ယုတ်မာကောက်ကျစ်ခြင်းကို မတရားခံခဲ့ရသော နစ်နာသူကိုနေရာကိုသိမ်းပိုက်ဖို့ အသည်းအသန်ကြိုးစားနေရသည်။

ယဲ့ကျွင်းလင် ပြောလိုက်သည်။ “ရွှယ်မိသားစု ပွဲတော်မှာ ပြဿနာလာရှာတဲ့လူကို ပြောနေတာလား? သူ ငါ့ကို မသတ်နိုင်ခဲ့လို့ သေသွားရတာလေ။ ဒဲ့ပြောရရင် တစ်ယောက်ယောက်က မင်းကို လာသတ်တာကို မင်းက လိမ်လိမ်မာမာလေးထိုင်စောင့်ပြီး အသတ်ခံနိုင်လို့လား? အဲ့လိုသာဆို မင်းအခုချိန် သေနေလောက်ရောပေါ့”

“တာအို‌ရောင်းရင်းများခင်ဗျာ၊ တရားမျှတစွာ ဆုံးဖြတ်ပေးပါ၊ ကျွန်တော့်ဆရာသခင်က တကယ် မှားယွင်းတဲ့လုပ်ရပ်ကို လုပ်ခဲ့လို့လား? သူက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသက်သက်ပဲ တိုက်ခိုက်ခဲ့ရုံပါ!!!” လီဝူကျယ် နစ်နာသူလိုမျိုး ဒရာမာချိုးကာ အော်ဟစ်လိုက်သည်။

All Chapters