အခန်း (၂၃၀)
Vol. 17 Ch. 230
လီဝူကျယ်၏ အမြင်တွင် ဆရာသခင်ဖြစ်သူသည် အမြင့်တစ်နေရာတွင် ထွန်းလင်းတောက်ပနေသော မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပြီး အားနည်းချက်စိုးစဥ်းမျှမရှိ။ ရှိလျှင်တောင် အဲ့ဒီအားနည်းချက်တွေကို သူကိုယ်တိုင် အားသာချက်အဖြစ် ပြောင်းလဲပေးမည်။
ယဲ့ကျွင်းလင် တိတ်တိတ်လေး ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဒီတပည့်လေးက မွေးထားရတာတန်သားပဲ။
တချို့လူတွေနဲ့များ ကွာပါ့…
သူ့မျက်လုံးထောင့်မှ ဘေးကနေ အေးစက်စက်ပွဲကြည့်နေသော ဟုန်ချန်ယဲ့ကို လှမ်းကြည့်လိုက်သည်။
ဟုန်ချန်ယဲ့ စိတ်မသက်မသာ ဖြစ်သွားရပြီး တစ်ခုခုတော့ လုပ်ရတော့မည်ဆိုတာ သိလိုက်သည်။ ရုတ်တရက် သူ့ရင်ဘတ်ကို ကော့ပြီး ကျယ်လောင်အားပါးစွာ ထောက်ခံပေးလိုက်သည်။ “မှန်လိုက်တဲ့စကား!!!”
လူတိုင်း တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး သူတို့ပြောတာလည်း ကျိုးကြောင်းဆီလျော်သား ဟူသည့်အမူအရာများဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံရေးလောကမှာ အားကောင်းသူတွေ ကျင့်ကြံဆင့်ကို လျှို့ဝှက်မထားရ ဆိုတဲ့ စည်းမျဥ်းမျိုး ပြတ်ပြတ်သားသားချမှတ်ထားတာမှ မရှိတာ။ အမြင်မရှိတဲ့သူတွေ ကိုယ့်ဒုက္ခကိုယ်ရှာပြီး ပြန်အသတ်ခံရတဲ့ကိစ္စမှာ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ?
ယုတ္တိကျကျ ပြောရရင် ဒီအပြစ်ကို အကြီးအကဲယဲ့အပေါ် လုံလုံးပုံချလို့မရပေဘူး။
“မင်း၊ မင်း…” ချန်ရှောင်း ဒေါသတကြီးဖြစ်နေပြီး မိမိ၏ အဖြစ်ဆိုးသောဘဝပေးကံအား လက်ခံလိုက်ရုံသာတတ်နိုင်တော့သည်ဟု ခံစားမိလိုက်၏။
အကျပ်ရိုက်နေသော အဖြစ်ကိုမြင်သော် အန်းကျစ်ကျိုင်း ချက်ချင်း ထွက်လာပြီး အခြေအနေကို ပြေလည်အောင် ဖြေရှင်းပေးလာသည်။ “ခင်ဗျားတို့နှစ်ယောက်လုံးက လူသားမျိုးနွယ်ရဲ့ နာမည်ကျော် ကျွမ်းကျင်သူတွေ ဖြစ်ပြီး အရှေ့ပိုင်းစီရင်စုကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်အားစုတွေပါ။ ကျွန်တော့်အမြင်အရတော့ လက်ရှိ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာပဋိပက္ခတွေကို ခဏဖယ်ထားပြီး ဂြိုလ်သားမျိုးနွယ်ကို ပူးပေါင်းခုခံသင့်တယ်ထင်ပါတယ်။ ဒါကသာ အရေးအကြီးဆုံး ပါ!”
“ဂိုဏ်းချုပ်အန်း မှန်ပါတယ်” ဓားဆင့်ခေါ်ဂိုဏ်းက ကျင့်ကြံသူများအပြင် တန်ပြန်တိုက်ခိုက်ရေးနည်းဗျူဟာတွေ ဆွေးနွေးဖို့ ဖိတ်ကြားခံရထားသော ဂုဏ်ရှိန်ကြီးမားသည့် လူကြီးမင်းများကပါ ဂိုဏ်းချုပ်အန်း၏စကားအား တညီတညွှတ်တည်း ထောက်ခံလာကြသည်။
တစ်ယောက်က ဖြောင့်မတ်သော မဟာမိတ်အဖွဲ့၏ တပ်မှူး ဖြစ်ပြီး စစ်ရေးအောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားသည်။ တခြားတစ်ယောက်က နာမည်ဆိုးဖြင့် ကျော်ကြားသော လူသတ်နတ်ဘုရား ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်ခွန်အားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ဒီနှစ်ယောက်က ဒီအချိန်မှာခိုက်ရန်ဖြစ်ပွားလို့မရပေ။
“ပါးစပ်ပိတ်! မင်း ဒီနေရာမှာ ဝင်ပြောပိုင်ခွင့် မရှိဘူး!” ချန်ရှောင်း ဒေါသတကြီး ဆူပူလိုက်သည်။
“ဘာပြောလိုက်တာ… အဟွတ် အဟွတ်…” အန်းကျစ်ကျိုင်းမှာ စော်ကားမော်ကားပြောခံလိုက်ရသောကြောင့် တန်ပြန်ပြောဆိုဖို့ ပြင်လိုက်ချိန်တွင် ရုတ်တရက် ပါးစပ်ထောင့်စွန်းမှ အမဲရောင်သွေးစများ စိမ့်ထွက်လာပြီး သူ လက်ကိုင်ပဝါနှင့် ပါးစပ်ကို ဖုံးအုပ်ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။
“ဖေဖေ!”
အန်းမြောင်ယိ အလျင်အမြန် ရှေ့တိုးပြီး ဖခင်ဖြစ်သူကို ဖေးမပေးလိုက်၏။ ထို့နောက် ချန်ရှောင်း ကို ဒေါသတကြီး လှည့်အော်လိုက်သည်။ “အရိုင်းအစိုင်းကောင်! ငါ့အဖေကိုများ အဲ့ဒီလေသံနဲ့ပြောရဲလား!”
ပတ်ဝန်းကျင်က အကြီးအကဲတွေလည်း ဒေါသတကြီး ဝိုင်းကြည့်နေကြသည်။ ဤနေရာသည် ဓားဆင့်ခေါ်ဂိုဏ်း၏ နယ်မြေဖြစ်ပြီး ဓားဆင့်ခေါ်ဂိုဏ်းချုပ်ကို အပြင်လူတစ်ယောက်က စော်ကားမော်ကား ဆူပူကြိမ်းမောင်းနေခြင်းမှာ သူတို့အားလုံးမျက်နှာကို ဖြတ်ရိုက်ခြင်းသာ။
“ကျင့်ကြံသူချန်က ဒေါသကြောင့် စိတ်ရှုပ်ထွေးနေတာပါ။ တာအိုမိတ်ဆွေများ၊ သူ့ကို အပြစ်မတင်ကြပါနဲ့!”
အဖွဲ့ထဲက မီးခိုးရောင်ဝတ်ရုံဝတ်အဖိုးအိုတစ်ဦး မြင်ကွင်းထဲ ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း လက်သီးဆုပ်ကာ ဦးညွှတ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က ကျင့်ကြံဆင့်အရှိန်အဝါက သတိမထားမိဘဲမနေနိုင်လောက်အောင် အင်အားပြင်းလှ၏။
“ကျင့်ကြံသူချန်၊ သွားကြစို့” မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုက ချန်ရှောင်းနောက်ကနေ အသံတိုးတိုးဖြင့် ကပ်ပြောလိုက်သည်။
ချန်ရှောင်း တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီးကတည်းက ဂိုဏ်း၏အမြင့်ဆုံး အကြီးအကဲပင် ကြောက်ရွံ့လေးစားစွာဖြင့် ချန်ရှောင်းအပါး၌ ကာကွယ်သူအဖြစ် လိုက်ပါဖို့ ဆန္ဒရှိခဲ့ခြင်းက ထိုသူ၏ မြင့်မားသောအဆင့်အတန်းအား ဖော်ပြနေခဲ့သည်ပင်။
“အကြီးအကဲလျို၊ ကျွန်တော် မကျေနပ်ဘူး၊ ကျွန်တော် မကျေနပ်ဘူး၊ အား အား!” ချန်ရှောင်း အော်ဟစ်သောင်းကျန်းလိုက်ပြီး သူ့စိတ်ခံစားချက်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။
အကြီးအကဲလျိုက လေးနက်စွာ သတိပေးလာ၏။ “မင်းရဲ့ အရင်က တည်ငြိမ်တဲ့ပုံစံနဲ့ ယုံကြည်မှု တွေ ဘယ်ရောက်သွားပြီလဲ? အခု မင်း ဘယ်လိုပုံစံဖြစ်နေပြီလဲ? ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲမိစေနဲ့၊ ငါနဲ့ ပြန်လိုက်ခဲ့!”
ချန်ရှောင်း စိတ်ပျက်အားငယ်စွာ ရုန်းကန်နေသည်။ သို့ပေမဲ့ အကြီးအကဲလျို၏ ကျင့်ကြံဆင့်က သူ့ထက် နက်ရှိုင်းတာကြောင့် သူ့ကို ကြက်ကလေးတစ်ကောင်လို မလှုပ်မယှက် ဖမ်းကိုင်ထိန်းချုပ်လိုက်နိုင်၏။
“အင်း၊ မကျေနပ်တော့ ဘာလုပ်ချင်လို့လဲ?” ယဲ့ကျွင်းလင် အလေးအနက် မေးလိုက်သည်။
ဒီစကားတွေက ချန်ရှောင်း၏ဒေါသကို မီးထပ်ညှိပေးလိုက်သလိုဖြစ်ကာ တစ်ဖက်လူက စိတ်မထိန်းနိုင်စွာ အော်ဟစ်လာသည်။
“ယဲ့ကျွင်းလင်၊ မင်း အရှက်မဲ့တဲ့ လူယုတ်မာ! မင်းက ကျင့်ကြံဆင့်ကို လျှို့ဝှက်ထားပြီး အပြစ်မဲ့သူ တွေကို အများကြီး သတ်ဖြတ်ခဲ့တယ်။ မင်း သတ္တိရှိရင် ကျင့်ကြံဆင့်တူအောင်ညှိပြီး ငါတို့ ပြိုင်ချကြမလား!”
နေမင်းမီးလျှံကို သန့်စင်ပြီးနောက် သူ့၏ နေမင်းမသေမျိုးခန္ဓာက အပြစ်အနာအဆာကင်းမဲ့စွာ ရှင်းသန့်အားကောင်းလျက်ရှိကာ ပြီးပြည့်စုံသည်ဟု ဆိုရမည်အထိ သူအောင်မြင်ခဲ့သည်ပင်။ သူ နားလည်သင်ယူခဲ့သော နတ်ဘုရားစွမ်းအားများနှင့် ပူးပေါင်းလိုက်သော် စုပေါင်းအင်အားမှာ ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။
ဒါကြောင့် ချန်ရှောင်းက ယဲ့ကျွင်းလင်နှင့်သာ နှိုင်းယှဉ်ရလျှင် သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ ကျင့်ကြံဆင့်ကွာဟခြင်းသာဟု ထင်မြင်မိသည်။ သူနှင့် ကျင့်ကြံဆင့်တူအောင် တစ်ဖက်လူက ညှိယူပေးလျှင် သူ့ဘက်က မိနစ်ပိုင်းအတွင်း ပြိုင်ဘက်အား ချေမှုန်းလိုက်နိုင်မည် သေချာ၏။
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်– “မင်းက ငါနဲ့ ပြိုင်ဖို့ ထိုက်တန်လို့လား?”
ငါ့အဆင့်က ဘာ၊ မင်းအဆင့်က ဘာဆိုတာရော သိရဲ့လား? လာပြီးလေကျယ်နေရဲသေးတယ်။
“ဟားဟား၊ မင်း ကြောက်နေတယ် မဟုတ်လား?!” ချန်ရှောင်း ကြမ်းကြုတ်သောအပြုံးဖြင့် ထပ်မံစိန်ခေါ်လိုက်သည်။
“ကောင်လေး၊ ငါ့ဆရာက မင်းကို အပင်ပန်းခံပြီး ကိုင်တွယ်ဖို့တောင်မလိုဘူး? မင်း ငါ့ကို ဖေဖေကြီးလို့ မခေါ်မချင်း ဓားနဲ့ ခုတ်ထစ်သတ်ပစ်လိုက်လို့ရတယ်!” လီဝူကျယ် သူ့ဓားရိုးကို အသင့်ဆုပ်ကိုင်ထားပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေရင်း လှောင်ရယ်လာသည်။
“ယဲ့ကျွင်းလင်၊ မင်းတပည့်ကိုထိုးကျွေးဖို့ မစဥ်းစားနဲ့! မင်းသာ ယောက်ျားစစ်ရင် ငါ့ရဲ့ စိန်ခေါ်မှုကို တရားမျှတစွာ လက်ခံလိုက်!” ချန်ရှောင်း ဒေါသတကြီး ပြောလိုက်သည်။
ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ ဒီလို အရူးမျိုးနဲ့ တိုက်ခိုက်တာက သူ့ရဲ့ စံနှုန်းတွေကို နိမ့်ကျစေလိမ့်မယ်။ မဖြစ်သေးပါဘူး။
“မင်းရဲ့အဆင့်က အခု အားခွင်းနဲ့ တိုက်ဖို့ပဲ သင့်တော်တယ်”
“အားခွင်း?”
ချန်ရှောင်း ကြောင်တောင်တောင် ဖြစ်သွားပြီး မသေချာမရေရာစွာ မေးလာသည်။ “အားခွင်းက ဘယ်သူလဲ?”
ယဲ့ကျွင်းလင် လက်ညှိုးထိုးပြလိုက်သည်။ “သူ”
ကောင်းကင်ပေါ်က ခွင်းဖန်းက အသံပြန်ပေးလာသည်။ သူ့အသံက အရမ်းကျယ်လောင်ပြီး ရွှေရောင်မျက်လုံးများက နေမင်းကြီးတမျှ ကြီးမားကာ လောင်ကျွမ်းစေသောအလင်းဓာတ်ကို ထုတ်လွှတ်နေသည်။
“ဘာ? မင်းက ငါ့ကို မင်းရဲ့ စီးတော်ယာဥ်နဲ့ တိုက်ခိုင်းတာလား?!”
ချန်ရှောင်း ဒေါသထွက်သွားသည်။ သူ့ရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို အဲ့ဒီသားရဲနဲ့ ယှဥ်တိုက်စရာလို့ပဲ သတ်မှတ်ထားတာလား?