← Chapters

အခန်း (၂၃၁)

Vol. 17 Ch. 231

အခန်း (၂၃၁)

Vol. 17 Ch. 231

“ဘာကြည့်တာလဲ? ငါ့အားခွင်းကို မင်းကအထင်သေးနေတာလား?” ယဲ့ကျွင်းလင် မကျေမနပ်ဖြင့် ရန်တွေ့လာသည်။

ခွင်းဖန်းလည်း ဒေါသထွက်သွားပြီး ရင်ဘတ်ကို ကော့ကာ ရွှေရောင်သံချပ်ကာဝတ်ထားသော မာန်တက်နေဟန်ပေါက်သည့်လူငယ်ကို ပြန်လည်စူးစိုက်ကြည့်နေလိုက်၏။

ချန်ရှောင်း လှောင်ပြုံးပြုံးလိုက်သည်။ “မင်းရဲ့ စီးတော်ယာဥ်လောက်နဲ့ ငါ့ကို အရှက်ခွဲဖို့မကြိုးစားနဲ့လေ။ ငါ ချန်ရှောင်းက ဘယ်လောက်တောင် ထူးခြားလိုက်တဲ့လူ လဲ? မင်းလို အရှက်မဲ့တဲ့ကောင်ရဲ့ စီးတော်ယာဥ် ငါက ဘာကြောင့်ယှဥ်ပြိုင်ပေးရမှာလဲ? ဒီအကြောင်း အပြင်လူတွေကြားကုန်ရင် ငါ့ဂုဏ်သတင်းကို ထိခိုက်လိမ့်မယ်!”

ယဲ့ကျွင်းလင် ပြန်လည်လှောင်ပြောင်လိုက်သည်။ “မင်းကြောက်ရင် ကြောက်တယ်လို့ပဲ ပြောလိုက်ပါလား။ ဆင်ခြေတွေပေးစရာ မလိုပါဘူး။ အရင်တစ်ခေါက်ကလည်း ငါ့တပည့်ကိုတောင် နိုင်အောင်မချနိုင်ခဲ့တာ မမှတ်မိတော့ဘူးလား? အခုမင်းငါ့ကိုစိန်ခေါ်ချင်ရင် ငါ့စီးတော်ယာဥ်ကို အရင်နိုင်အောင်ချလိုက်ဦးလေ”

“မင်း!”

ချန်ရှောင်း ‌ဒေါသတကြီးဖြင့် ဟန်အမူအရာလည်း ဆက်မထိန်းနိုင်တော့။ အရင်တစ်ခေါက်က သူဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့သည့် ပုံရိပ်တွေက သူ့ခေါင်းထဲတွင် ယခုထက်ထိ ထင်ထင်ရှားရှားရှိနေဆဲပင်။ အနာဟောင်းကို ပြန်ဆွခံလိုက်ရချိန်တွင် မှောင်မိုက်ခဲ့သော သမိုင်းကြောင်းတစ်ခုလုံးကို လူအများရှေ့ ပြန်လည်ဖော်ထုတ်ခံလိုက်ရသောကြောင့် မိအေးနှစ်ခါနာဖြစ်ရလေတော့၏။

“ဟဲဟဲ” ဟုန်ချန်ယဲ့က လက်ကိုဟန်ပါပါပိုက်လျက် လှောင်ပြုံးတစ်ခုပြုံးပြလိုက်သည်။။ သဘာဝအတိုင်း လှပသောမျက်နှာလေးဖြင့် ဤသို့လှောင်ပြောင်နေဟန်က ပုရိသယောက်ျားသားတို့အတွက် အတော်လေးမခံချင်စရာကောင်းလှသည်ပင်။

ဒီလိုမိန်းမလှလေးတစ်ယောက်ဆီမှာတောင် ခွက်ခွက်လန်ရှုံးနိမ့်ခဲ့ရတာက အသုံးမကျလို့သက်သက်ပဲပေါ့။

ရေတွက်မရနိုင်သော ကိုယ်ချင်းစာသနားကြည့်များကို ခံစားမိတော့ ချန်ရှောင်း ချက်ချင်း ဒေါသထွက် လာသည်၊ သူ့မျက်လုံးများ ပြူးကျယ်လာပြီး အားကုန်အော်ဟစ်လိုက်၏။

“အားခွင်း၊ ဟုတ်လား? လာစမ်း လာတိုက်စမ်း!!!”

ဒုန်း…

ရွှေရောင်မီးတောက်များလောင်ကျွမ်းနေသော နေလုံးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ တောက်ပဖြာဝေသည့် ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ရာ စူးရှသောရောင်ခြည်က အရပ်မျက်နှာအားလုံးကို ဖြာကျသွားသည်။

ထို မျက်စိစူးလောက်သည့် အလင်းလုံးကြီးထဲတွင် ချန်ရှောင်းက ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားလျက် ဆံပင်ရှည်တွေက ဖရိုဖရဲလွင့်ပျံနေကာ မြင့်မြတ်ပြီး ပြစ်မှားဖို့မရဲလောက်လောက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။။ သူ၏လက်ရှိ ကိုယ်ဟန်အနေအထားနှင့် စွမ်းအားလွှမ်းမိုးမှုက လူအများ၏ နှလုံးသားမှ ဝိညာဥ်သို့တိုင် တုန်လှုပ်စေသည်။

သူကိုယ်တိုင် တစ်လောကလုံးကို တောက်ပထွန်းလေးစေမည့် နေမင်းသူရိန်အဖြစ် ကူးပြောင်းသွားသကဲ့သို့။

“အားခွင်း၊ မင်း ငါ့နောက်ကလိုက်လာတာ နှစ်နှစ်ခွဲကြာပြီ။ အခုတော့ မင်းရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ အလှည့်ရောက်ပြီ!” ယဲ့ကျွင်းလင် အလေးအနက် မှာကြားလိုက်သည်။

ခွင်းဖန်း စိတ်လှုပ်ရှားစွာ အော်ဟစ်မြည်ကြွေးလိုက်၏။ အသံက နားကွဲမတတ် ကျယ်လောင်လှသောကြောင့် ဓားဆင့်ခေါ်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများနှင့် အကြီးအကဲအပေါင်းမှာ ခေါင်းများပင်တုန်ယင်သွားရသကဲ့သို့။

ဝှစ်!

အတောင်ပံတွေကို လှုပ်ခတ်လိုက်ကာ လေစီးကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး မသုံးစဖူး ခွန်အားကုန်ကို ထုတ်သုံးရာတွင် သိန်းနှင့်ချီသော တောင်တန်းမြစ်မင်းများကို ဖယ်ရှားလွင့်စင်စေမည့် အရှိန်အဝါမျိုးအား ခံစားရနိုင်ပေသည်။

“ကျင့်ကြံသူချန်၊ သတိထား! အဲဒီသားရဲက ရှေးဟောင်းနတ်သားသတ္တဝါ ခွင်းဖန်းရဲ့ မျိုးဆက်ပါ!” အကြီးအကဲလျိုက တည်ကြည်လေးနက်စွာဖြင့် အသေအချာသတိပေးလာသည်။

မည်သို့ပင် စီးတော်ယာဥ်ဆိုပါစေ တစ်ဖက်ရန်သူသည် ဒဏ္ဍာရီလာသတ္တဝါခွင်းဖန်းသာဖြစ်၏။ ငယ်ရွယ်စဥ်အရွယ်အစားနှင့် စွမ်းအားပမာဏသည်ပင် ပုံမှန်လူသားကျင့်ကြံသူတို့ စိတ်ကူးမယဥ်နိုင်လောက်သည်အထိ ခွန်အားကြီးလှသည်ပင်။ ကျင့်ကြံဆင့်ဖြတ်ကျော်တိုက်ပွဲတွေက ခွင်းဖန်းအတွက်တော့ အစာစားသလောက် လွယ်ကူတတ်သည်မဟုတ်လော။

ထို့ကြောင့် ပြိုင်ပွဲ၏ရလဒ်ကိုတော့ အကြီးအကဲလျိုလည်း မခန့်မှန်းနိုင်။ သို့သော် အခြေအနေက ဒီအထိရောက်လာပြီးမှတော့ စောင့်ကြည့်ရန်သာရှိတော့သည်ပင်။

“နေမဟာလက်သီး!”

ချန်ရှောင်း၏လက်သီးမှ ပေတစ်သောင်းခန့်ရှည်လျားသော အလင်းတန်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းစွမ်းအားများကို ထည့်သွင်းဖန်တီးထားသည်။ လက်သီးကို ဝှေ့ယမ်းလိုက်သော် ကောင်းကင်ထက်မှနေမင်းကြီး ရုတ်ချည်းပြိုကျလာသကဲ့သို့ အရာအားလုံးကို လောင်ကျွမ်းစေမယ့် ကြောက်မက်ဖွယ်အပူရှိန် ကို ထုတ်လွှတ်နေ၏။

ထိပ်သီးအဆင့် လက်သီးကျင့်စဥ်တစ်ခုဖြစ်၏။ ချန်ရှောင်း၏ ဟန်အနေအထားကို ကြည့်ရသလောက် ထိုလက်သီးကျင့်စဥ်အား ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံကျွမ်းကျင်ပြီးသားဖြစ်ရပေမည်။ နေအဆက်အနွယ်စွမ်းအားကို နေမသေမျိုးခန္ဓာနှင့် ပေါင်းစပ်လိုက်သော် စွမ်းအားက ပြိုင်ဘက်ကင်းပင်။

ဒုန်း! ! !

နှစ်ဖက်စလုံးမှ ထွက်ပေါ်လာသော ပေါက်ကွဲအားက လုံးဝကို သာမန်အဆင့်မဟုတ်။ ထူးခြားပြီး ခမ်းနားထည်ဝါသော စွမ်းအင်စီးကြောင်းတွေက မပြီးပြတ်နိုင်စွာ သည်းကြီးမည်းကြီး တိုက်ခိုက်နေဆဲဖြစ်ပြီး ဖျက်ဆီးချေမှုန်းခြင်းအရှိန်အဝါအပြည့်ဖြင့် အားမာန်တက်ကြွလျက်ရှိ၏။

လူအများမှာ လွန်ကဲသောစွမ်းအားထုကြီး၏ ရိုက်ခတ်မှုကြောင့် ကြောက်လန့်တကြား တုန်ယင် နေကြသည်။

ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်က ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ပွဲကို ဤမျှ နီးနီးကပ်ကပ် မျက်မြင်ကြည့်ရှုနေရသည့်အဖြစ်မှာ လွန်စွာကြောက်ရွံ့အံ့သြဖွယ်ကောင်းလှ၏။

“မင်း သားရဲကောင်၊ ငါချန်ရှောင်းက မင်းကို ဘယ်လို ဖမ်းပြမလဲ စောင့်ကြည့်နေလိုက်!” ချန်ရှောင်းမှာ တစ်ဖက်ရန်သူ၏ အားပြင်းသောခုခံမှုကို ခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သော် ရေတွက်လို့မရနိုင်အောင်များပြားသော ရွှေရောင်မှန်တွေက နေရာတိုင်းမှာ ဖြစ်ပေါ်လာသည်။ မှန်တစ်ခုစီတိုင်းတွင် ရွှေရောင်အလင်းတန်းများ စုစည်းနေပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်က ခွင်းဖန်းကို အလုံးစုံ ဖုံးအုပ်လာ၏။

“မှန်ကွက်ရောင်ပြန် သတ်ဖြတ်ခြင်း!”

အေးစက်သောအသံက ပဲ့တင်ထပ်လာသည်။

ချက်ချင်းဆိုသလိုပင်။

မှန်တစ်ခုချင်းစီးက ရွှေရောင်အလင်းတန်းများမှာ ထူထဲစွာရောင်ပြန်ဟပ်လာပြီး လေဟာနယ်ကိုဆုတ်ဖြဲတော့မလို အားကောင်းသောစွမ်းအားက သတ္တဝါကြီးအား စုပြုံဦးတည်ကာ တည့်တည့်ပစ်ခတ်လိုက်သည်။

ပေါက်ကွဲနေသော အလင်းလုံးများစွာက မီးရှူးမီးပန်းလို ပွင့်လန်းနေပြီး မျက်လုံးများကိုပင် ကျိန်းစပ်စေမတတ်။

“ဟားဟားဟား၊ ဘယ်လိုလဲ? အရသာသိလိုက်ရဲ့လား?” ချန်ရှောင်း တဟားဟား ရယ်မောလိုက်သည်။

ခွင်းဖန်း၏ အရွယ်အစားကြီးမားခြင်းကို အခွင့်ကောင်းယူကာ အကြားအလပ် လစ်ဟာမှုမရှိသော မျက်နှာပြင်အပြည့်ထုတ်လွှတ်နိုင်သည့် စွမ်းအားကျင့်စဥ်မျိုးကို တမင်ရွေးချယ်အသုံးပြုလိုက်ခြင်းပင်။

ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ခိုင်မာလှတယ်ရင်တောင် ဒီလို ပိုက်စိပ်တိုက်ဗုံးကြဲလိုက်သလို ဒဏ်ကို ခံနိုင်စွမ်းရှိပါဦးမလား။

ခွင်းဖန်းကြီး အလင်းလုံးတွေကြားထဲ ပြုတ်ကျသွားသည်ကို မြင်သော် ချန်ရှောင်း သူ အသာစီးရပြီဆိုတာကို သိလိုက်ပြီး မှန်ကွက်ရောင်ပြန်ကျင့်စဥ်အား အခါခါထပ်သုံးကာ ပြန်ထလာချိန်မရှိအောင် ဆက်တိုက် တိုက်ခိုက်၏။

ဝှစ် ဝှစ် ဝှစ်၊

ရှေးဟောင်းမှန်များက လျော့နည်းသွားခြင်းမရှိ တိုး၍သာများပြားစုစည်းလာသည်။ မှန်မျက်နှာပြင်တွေက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ရွှေရောင်အလင်းလုံးတွေကို ဆက်တိုက်စုစည်းကာ ပစ်မှတ်ထံဦးတည်၍ အပြည့်အသိပ် ပစ်လွှတ်လျက်ရှိ၏။

ဒုန်း… ဒုန်း…

ကောင်းကင်ထက်တွင် အလင်းလုံးများမှာ နေမင်းပင်လယ်ပြင်ကြီး ဆူပွက်ပေါက်ကွဲနေသကဲ့သို့၊ မျက်လုံးတွေ ဖွင့်ဖို့တောင် ခက်ခဲလောက်အောင် တောက်ပစူးရှလွန်းလှပေ၏။

“တပ်မှူးချန်က တိုက်ပွဲတိုင်းရဲ့ အောင်နိုင်သူဖြစ်ခဲ့တာ မထူးဆန်းတော့ပါဘူး။ ဒီခွန်အားတစ်ခုတည်းနဲ့တင် ဂြိုလ်သားမျိုးနွယ်တွေအကုန် တုန်ယင်နေကြလောက်ပြီ!”

“အရမ်းအားကောင်းတယ်၊ ရှေးဟောင်းနတ်သားရဲသတ္တဝါရဲ့ မျိုးဆက်ကိုတောင် ဖိနှိပ်နိုင်တယ်! သူက ကျွန်တော်တို့အတွက် အတုယူစရာ စံနမူနာ ပဲ!”

“ကျင့်ကြံသူချန်က ပြိုင်ဘက်ကင်း ပဲ!! ဟစ်ကြွေးသံများ ပေါက်ကွဲထွက်လာသည်။

မျက်မြင်တွေ့ရှိလိုက်ရတော့မှ ချန်ရှောင်း၏ခွန်အားကို လူတိုင်းယုံကြည်လက်ခံလာရတော့၏။ အထူးသဖြင့် သူဦးဆောင်သော တပ်သားအဖွဲ့မှာ ထိန်းမနိုင်သိမ်းမရ ဟစ်ကြွေးအောင်ပွဲခံနေကြလေပြီ။

“ဆရာသခင်၊ အားခွင်း အန္တရာယ်ရှိနေပြီ!” ပုရှောင်ရှီး စိုးရိမ်တကြီး ပြောလိုက်သည်။

“မပူပါနဲ့၊ အားခွင်း အဆင်ပြေတယ်” ယဲ့ကျွင်းလင်က အပြုံးဖြင့်သာ အေးအေးလူလူ ပြန်ဖြေလာ၏။

စနစ်ကဖန်တီးပေးထားသော စီးတော်ယာဥ်ဖြစ်သောကြောင့် ခွင်းဖန်း၏အသက်ဓာတ်က သူနှင့်အချိတ်အဆက်ရှိနေသည်။ ယခုအချိန်တွင် ခွင်းဖန်းသည် အသက်အန္တရာယ်ကင်းလွတ်ပြီး လုံလုံခြုံခြုံရှိနေကြောင်း၊ အနည်းငယ်မျှသာ ထိခိုက်ပွန်းပဲ့ရာလေးရထားကြောင်း သူရှင်းရှင်းလင်းလင်း ခံစားမိနေ၏။

ပေါက်ကွဲနေသော အလင်းလုံးများထဲတွင်။

ဝေလငါးကြီး၏ ကြီးမားသောသဏ္ဍာန်ကို ခပ်ဝါးဝါးသာတွေ့လိုက်ရပြီး လေထဲတွင်ပျောက်ကွယ်သွားသလိုပင်။

“ဟင်?” ချန်ရှောင်း နတ်ဘုရားအာရုံဖြင့် လိုက်လံလှည့်ပတ်ရှာဖွေသော်လည်း ခွင်းဖန်းကို လုံးဝရှာမတွေ့ခဲ့ပေ။

“ငါ သူ့ကို အဝေးကြီးထိရောက်အောင် မှုတ်ထုတ်ပစ်လိုက်တာများလား?!”

ချန်ရှောင်း အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ့ကိုယ်သူအရမ်းဂုဏ်ယူမိနေသည်။ သူ့ရဲ့ ခွန်အားက ဒီလောက်ထိတောင် အားကောင်းလာတာလား? ရှေးဟောင်းနတ်သားရဲသတ္တဝါသွေးကို ကို ပိုင်ဆိုင်ထားတဲ့ ခွင်းဖန်းတောင် သူ့လက်ထဲမှာ အစအနမကျန်အောင် တိုက်ရိုက်ဖျက်ဆီးခံရတဲ့အထိလေ?

“ယဲ့ကျွင်းလင်၊ ကျုပ်တကယ် စိတ်မကောင်းပါဘူး။ ကြည့်ရတာ ခင်ဗျားရဲ့စီးတော်ယာဥ်ကြီးကို ကျုပ် မတော်တဆ သတ်ပစ်လိုက်မိပုံရတယ်ဗျာ၊ ဟားဟားဟားဟား…”

ချန်ရှောင်းက လှောင်သံအပြည့်ဖြင့် ကျယ်လောင်စွာ ပျော်ပျော်ကြီးရယ်မောလိုက်သည်။

“အိုး၊ ဟုတ်လား?” ယဲ့ကျွင်းလင် ခပ်နောက်နောက်ဖြင့် စကားပင်ထောက်ပေးလိုက်သေး၏။

ဝှစ်!

ထိုစဥ် ကလေးငယ်လေးတစ်ဦးက လှစ်ခနဲသာမြင်လိုက်ရသော အမြန်နှုန်းဖြင့် ချန်ရှောင်းရှေ့သို့ လျှပ်တပြက်ထွက်ပေါ်လာလေသည်။

အသေအချာ ပိနေအောင်ခွဲထားသော အလယ်ခွဲဆံပင်၊ ချစ်စရာကောင်းလှသော ကလေးမျက်နှာလေးနှင့် ကျောက်မျက်ရတနာလို မျက်လုံးတောက်တောက်လေးများမှာ အလွန်အပြစ်ကင်းစင်ကာ မြင်သူတကာ မချစ်ဘဲမနေနိုင်ကြမည့် အသွင်အပြင်လေးသာပင်။

“လူဆိုးကောင်၊ ငါ့ခွင်းလက်သီးကို မြည်းကြည့်လိုက်စမ်း"

ကလေးသံနူးနူးညံ့ညံ့လေးက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာပြီး ပြတ်သားမှုအပြည့်ရှိသည်။

လက်သီးဖြူဖြူလေးမှာ လျှပ်စီးလို မြန်ဆန်ပြီး ရိုးရှင်းလှပေသည့် ရှေးဟောင်းဆန်ပြီး ကျယ်ပြန့်သောအရှိန်အဝါတစ်ခု ပါရှိကာ ချန်ရှောင်း၏ ဝမ်းဗိုက်ကို တည့်တည့်ကြီး ထိမှန်သွားသည်။

ဘုန်း!

သူ့ခန္ဓာကိုယ်မှာ တည့်တည့်ကြီးလွင့်ထွက်သွားပြီး ခမ်းနားထည်ဝါလှသော တောင်ထိပ်များစွာကို တိုက်ခတ်ရိုက်ချိုးမိသည်အထိ အားပြင်းပြင်းလွင့်စင်သွားပြီး ဖုန်လုံးကြီးက ကောင်းကင်ထိတက်အောင် အုန်းအုန်းထလာတော့၏။ ဖျက်ဆီးနိုင်စွမ်းကတော့ အံ့မခန်းပင်။

“ချီးပဲ၊ ငါ ပေါ့ဆမိသွားတယ်” ချန်ရှောင်း အသည်းအသန် ထရပ်လိုက်သည်၊ လည်ချောင်းတွင်းတွင် ချိုမြမြခံစားချက်ဖြင့် သွေးများလျှံတက်လာကာ ကိုယ်တွင်းအင်္ဂါများပါ ကြေမွမတတ်ထိခိုက်သွားကြောင်း သူတွေ့ရှိလိုက်ရ၏။ သူ အံ့အားသင့်စွာဖြင့် ကလေးငယ်ကို ကြည့်လိုက်သည်။

“မင်း၊ မင်း ဘယ်သူလဲ…”

အလယ်ခွဲဆံပင်ဖြင့် ကလေးငယ်မှာ အရှက်ရနေသောလူငယ်ကို အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။ အသွင်သဏ္ဍာန်က ကလေးတစ်ယောက်ဖြစ်နေလင့်ကစား ကြမ်းတမ်းရက်စက်သော သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းအရှိန်အဝါကို ပေါက်ကွဲမတတ် ထုတ်လွှတ်နေသည်အား ခံစားမိနိုင်ပေ၏။

တစ်ဖက်လူ၏ သံသယအပြည့်မေးခွန်းကို ကြားသော်။

ကောင်ငယ်လေးက ရင်ဘတ်ကိုကော့လျက် မာနကြီးစွာ ပြန်ဖြေလိုက်သည်။ “မင်း ငါ့ကိုမသိဘူးလား? ငါက အားခွင်း၊ ဆရာသခင့်နောက်ကို နှစ်နှစ်ခွဲကြာအောင် လိုက်ခဲ့တဲ့ တပည့်ရင်းကြီးပဲကွ!”

All Chapters