အခန်း (၂၃၂)
Vol. 17 Ch. 232
ချန်ရှောင်း ထိုကလေးငယ်လေးကို စူးစူးစိုက်စိုက်ကြည့်ရင်း နှလုံးသားက လှိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ ဆူပွက်နေသည်။ ထို့နောက် ဒေါသတကြီးဖြင့် အော်မေးလိုက်၏။ "ဒါဆို မင်းက မသေသေးဘူးလား?!"
"ဖတ်ဖတ် ဖွီဖွီ၊ မင်းပဲ သေ!" ကလေးငယ်လေးက စူပုပ်နေသောမျက်နှာဖြင့် တံတွေးတဖွီဖွီထွေးရင်း ပြန်ပက်လိုက်သည်။
"မင်း!"
ချန်ရှောင်း မုန်းတီးစွာ အံတင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ တောက်ပသော ရွှေရောင်အလင်းများ လျှံကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မြင့်မြတ်သော နေမင်းရောင်ဝါဖြင့် ဖုံးအုပ်ကုစားလိုက်ရာ အတွင်းရှိ ဆူပွက်နေသော ပြင်းထန်သည့် လက်သီးစွမ်းအင်များ တဖြည်းဖြည်း လွင့်ပျယ်သွားသည်။
သို့သော် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရွှေရောင်သံချပ်ကာမှာတော့ ထိုလက်သီးချက်ကို ခံစားပြီးနောက် ဝမ်းဗိုက်တစ်ဝိုက်တွင် စုတ်ပြတ်နေအောင် ပျက်စီးသွားရကာ အငွေ့တလူလူပင် ထွက်ပေါ်နေသည်အထိ။
ခံစားလိုက်ရသော နာကျင်မှုအရသာကို သတိရမိရင်း ချန်ရှောင်း မျက်ခွံများ တုန်ယင်သွားသည်။ သူ အခုထိ တုန်လှုပ်နေဆဲပင်။
ဤအဖိုးတန်သံချပ်ကာသည် အနည်းဆုံး တတိယအဆင့် ဉာဏ်အလင်းမှော်ရတနာတစ်မျိုးဖြစ်ပြီး ကြီးမားသော ထိခိုက်မှုများကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားခြင်းဖြစ်သော်ငြား ထိုကလေးငယ်၏ လက်သီးတစ်ချက်ကို မခံနိုင်သည်အထိ နုနယ်လိမ့်မည်လို့တော့ ထင်မထားခဲ့ပါပေ။
ဒုန်း~
သူရပ်နေသော မြေပြင်တွင် ပင့်ကူမျှင်ကဲ့သို့ အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။ ထို့နောက် ချန်ရှောင်း ၏ ပုံရိပ်သည် ဥက္ကာခဲကဲ့သို့ လေဟာနယ်ထက် မြောက်တက်သွား၏။ သူ့ဆံပင်များ ရုတ်တရက် ထောင်မတ်လာပြီး ဆံချည်မျှင်များ ရွှေရောင်အဆင်းသို့ ပြောင်းလဲကာ ဦးခေါင်းထက် ရွှေရောင်မီးလျှံများ ကခုန်နေဟန် ထင်မှတ်စေသည်။
မျက်ခုံးအထက်တွင် နေမင်းအမှတ်အသား ပေါ်ထွက်လာပြီး ရွှေရောင်တောက်ပနေသော မျက်လုံးများက လေဟာနယ်ကိုဖြတ်၍ ရွှေရောင်အလင်းတန်းများ ပစ်လွှတ်သည်။ အရှိန်အဝါသည် လေမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး သဲများနှင့် ကျောက်တုံးများက နေရာအနှံ့ပျံဝဲကာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်တော့၏။
ချန်ရှောင်း ဒီတစ်ခေါက်တော့ လုံးဝကိုထိန်းချုပ်မထားတော့ဘဲ သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို အသက်သွင်းလိုက်ပြီဖြစ်၏။
"သားရဲကောင်၊ မင်း ငါ့ကို လှည့်စားရဲတယ်!"
သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချန်ရှောင်း၏ လက်သီးသည် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး အရှည်ပေတစ်သောင်းခန့်ရှိသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ရာ လေဟာနယ်သည်ပင် နားကွဲမတတ် တဒုန်းဒုန်းမြည်သံဖြင့် ပြိုကျသွားရ၏။ မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဟမ့်၊ ငါ မင်းကို မကြောက်ပါဘူးနော်!"
ကလေးငယ်လေးသည် တိုက်ခိုက်မှုကိုတုံ့ပြန်ရန် လက်သီးကိုမြှောက်လိုက်၏။ ထိုစဥ် သူ၏သေးငယ်သော ခန္ဓာကိုယ်မှ အလွန်အမင်းများပြားသော စွမ်းအားများ ထွက်ပေါ်လာသည်။ ချွေးပေါက်များမှတစ်ဆင့် ပူနွေးသော သွေးစွမ်းအင်များ ပျံ့နှံ့လာပြီး လက်သီးက မိုးကောင်းကင်ကို တက်ထိုးတော့မယောင် စွမ်းအားကြီးမားလာသည်။
ယခင်က သူ၏ ကြီးမားသောခန္ဓာကိုယ်သည် အားနည်းချက်တစ်ခုဖြစ်ခဲ့သော်လည်း ယခု လူ့ပုံစံသို့ ပြောင်းလဲပြီးနောက် သူသည် ပိုမို လျင်မြန်ဖျတ်လတ်လာပြီး တိုက်ပွဲတွင် ရှောင်တိမ်းရန် နေရာများများပိုရလာသည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း~!
ရန်သူနှစ်ဦး၏ လက်သီးနှစ်ချက် တိုက်ရိုက်ထိတွေ့မိသံ၊ ပေါက်ကွဲသံများသည် နားကွဲမတတ် ကျယ်လောင်ပြီး အဆက်မပြတ် ထွက်ပေါ်နေသည်။ ကြီးမားသော ချီစွမ်းအင်စီးကြောင်းများကား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လျက်ရှိ၏။
လူနှစ်ဦးသည် အလျှော့မပေးစတမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး တိုက်ပွဲသည် ကြားဝင်လို့မရလောက်အောင် အရေးတကြီးအခြေအနေသို့ ရောက်ရှိနေလေပြီ။
ကြည့်ရှုသူအများမှာ အသက်ပင် မရှူဝံ့ဘဲ လက်ဖဝါးများ ချွေးစို့နေရသည်။
"အားခွင်း၊ ချ! အားခွင်း၊ လုပ်လိုက်စမ်း!" ပုရှောင်ရှီးတစ်ယောက်သာ တက်တက်ကြွကြွ အော်ဟစ်ရင်း ခုန်ဆွခုန်ဆွ လုပ်နေသည်။
အန်းမြောင်ယိလည်း သူမ၏ လက်သီးလေးများကို တင်းတင်းဆုပ်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးသည်။ "ငါတို့အားခွင်းက အတော်ဆုံးပဲ! သူ့ကို ထိုးလိုက်! ဟုတ်တယ်အဲ့ဒီလို ပြင်းပြင်းလေးထိုးလိုက်!"
လက်ရှိအခြေအနေတွင် သူမဖခင်၏တိုက်တွန်းမှုကြောင့် ချန်ရှောင်းမှာ သူမအမုန်းဆုံးလူဖြစ်နေလေပြီ။ ထိုအချိန်တွင် ဤသို့ပွဲကြီးကြီးထဖြစ်သောအခါ အန်းမြောင်ယိသည် သူမ၏ သဘောထားမှန်ကို ဖုံးကွယ်မထားတော့ဘဲ ကလေးငယ်လေးဘက်မှ စိတ်အားထက်သန်စွာ ပေါ်တင်အားပေးတော့၏။
"ခွင်းဖန်းမျိုးဆက်က ဒီလောက်တောင် အားကောင်းတာလား? ကျင့်ကြံသူချန်နဲ့တောင် ဒီလောက်ထိတိုက်နိုင်နေတာ!" အကြီးအကဲလျိုသည် လေးနက်စွာ တီးတိုးရေရွတ်ရင်း မကောင်းသော ကနဦးလက္ခဏာတချို့ကို ခံစားနေရ၏။
သို့သော် ပစ်ပြီးသားမြှားကို ပြန်ရုပ်သိမ်းလို့ မရတော့လေပြီ။ အခုချိန်မှ သူ အလျင်အမြန် ဝင်ရောက် တားဆီးပါက လူရယ်စရာသာ ဖြစ်လိမ့်မည်။ ကျင့်ကြံသူချန်တစ်ယောက် အားကုန်ထုတ်ပြီး ခွင်းဖန်းကိုဖိနှိပ်နိုင်ဖို့ရာသာ သူ မျှော်လင့်နိုင်တော့သည်ပင်။
အကြီးအကဲလျို မသိလိုက်သည်မှာ အကယ်၍ အားခွင်းသာ သာမန်သားရဲသွေးနှောသော တွေ့နေကျ ခွင်းဖန်း မျိုးဆက်ဖြစ်ပါက ချန်ရှောင်းသာ အားကုန်ထုတ်သုံးပါလျှင် အမှန်တကယ် အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော် ပြဿနာမှာ ကလေးငယ်လေးသည် ခွင်းဖန်းမျိုးဆက်၏ အစစ်အမှန်ဆုံးသော နတ်သားရဲသတ္တဝါသွေးကို အရောအနှောမရှိ ပိုင်ဆိုင်ထားခြင်းဖြစ်သောကြောင့် ခွင်းဖန်းတစ်ကောင်၏ တန်ဖိုးကြီးကျင့်စဥ်တိုင်းကို အပြည့်အဝအသုံးပြုနိုင်နေခြင်းပင်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ လက်ရှိအလားအလာသည် ခွင်းဖန်းမျိုးနွယ်၏ ဘိုးဘေးအနွယ်ဝင်ကြီးများနှင့်ပင် ယှဥ်နိုင်လောက်သည်အထိ အားကောင်းနေလေပြီ။ အဖိုးတန်မျိုးမှန် ပီသပါဘိ။
ရှေးဦးမူလခေတ်တွင် အားအကောင်းဆုံးဟု သတ်မှတ်ထားခဲ့ကြသော သားရဲသတ္တဝါ၏ မွေးကင်းစအရွယ်ပင်!
ထို့ကြောင့် ချန်ရှောင်းသည် မည်မျှပင် အင်အားကြီးမားနေသော်ငြား ခွင်းဖန်းဘိုးဘေး၏ အရည်အသွေးအစစ်အမှန်ကို အမွေဆက်ခံရရှိထားသော ခွင်းဖန်းတစ်ကောင်နှင့်ယှဥ်လျှင် အားနည်းပျော့ညံ့နေဆဲသာပင်။
ဤအချိန်တွင် ကလေးငယ်လေး၏ ခန္ဓာကိုယ်သည် ရှေးဟောင်းသင်္ကေတစာလုံးများစွာဖြင့် ဖုံးအုပ်နေပြီး နက်နဲသောစွမ်းအင်များကို တောက်လျှောက်ထုတ်လွှတ်နေသည်။ ထိုစာလုံးများမှ တောက်ပသော အပြာရောင်အလင်းတန်းများ လျှံထွက်စီးကျနေပုံမှာ သူ့ကို အထူးတလည် နတ်ဘုရားဆန်နေစေ၏။
ချန်ရှောင်းမှာတော့ တိုက်ပွဲကြာလာလေလေ၊ ပိုမို ထိတ်လန့်လေလေဖြစ်ပြီး သူ့ ဦးရေပြားပင် တဆတ်ဆတ်တုန်ယင်လာသည်။
ဦးရေပြားတုန်အောင်ကြောင်နေရသော တစ်ဖက်ရန်သူမှာ ယဲ့ကျွင်းလင်၏ စီးတော်ယာဥ်လေးတစ်စီးသာဖြစ်သည်ဟု တွေးလိုက်မိသောအခါ ချန်ရှောင်း ပို၍ပင်စိတ်ဓာတ်ကျသွားရ၏။
ငါ ချန်ရှောင်း၊ ယွီဟွားဂိုဏ်း၏ ဂုဏ်ယူစရာ ဦးစားပေးခံသားတော်၊ ဖြောင့်မတ်သော မဟာမိတ်အဖွဲ့၏ အငယ်ရွယ်ဆုံးသောတပ်မှူး၊ ဒီလိုလူက နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်၏ စီးတော်ယာဥ် ထက်ပင် နိမ့်ကျညံ့ဖျင်းနေပါသလား?
ငါ မကျေနပ်ဘူး! ငါ လုံးဝ မကျေနပ်ဘူး!!
ချန်ရှောင်းမှာ မျက်စိမျက်နှာပျက်ယွင်းစွာဖြင့် စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ သူ လက်ကို မြှောက်ပြီး နေမင်းသင်္ကေတကို ဖော်ဆောင်လျက် ရွှေရောင်လွှမ်းသော ဓားချက်ကို စုစည်းကာ အားကုန် ဝှေ့ယမ်းခုတ်ချလိုက်သည်။ ပူလောင်သော ဓားအလင်းများကာ ပတ်ဝန်းကျင်ကိုပင် တရှိန်ရှိန်ဟပ်လျက်။
"ယား! ငါ့ ခွင်းလက်သီးကို ခံစားကြည့်လိုက်စမ်း!" ကလေးငယ်လေးက ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်ကာ နူးညံ့သော လက်သီးလေးကို ပစ်ထုတ်လိုက်၏။
သေးငယ်သောလက်သီးရာသည် ကြီးမားသော ဓားအလင်းတန်းကြီးကို အတင်းအကျပ် ဆုတ်ဖြဲလွင့်ပျယ်စေလိုက်သည်။ ချန်ရှောင်း တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ဓားဖြင့် တားဆီးကာကွယ်လိုက်ရ၏။
ဒုန်း!
ချန်ရှောင်း၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ဆယ်ကျန်းကျော်လောက်အထိ လွင့်စင်ထွက်သွားရသည်။ သူ ကိုယ့်ကိုယ်ကိုယ် မထိန်းညှိနိုင်ခင်မှာပင် မျက်စိရှေ့၌ တောက်ပသော လက်သီးရာများ အစုလိုက်ထွက်ပေါ်လာပြီး သူ့ကို အသက်ရှူရခက်ခဲသည်အထိ ဖိအားပေးလျက်ရှိ၏။
"ချီးတဲ့မှ"
အလျင်စလိုဖြင့် သူ့ဓားကို ဝှေ့ယမ်းကာ ပြန်တုံ့ပြန်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထိပ်တိုက်ထိတွေ့မှုတိုင်းက သူ့လက်မောင်းကို နာကျင်ထုံထိုင်းသည်အထိ သက်ရောက်စေပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များနှင့် သွေးစီးကြောင်းများ မခံနိုင်လောက်ဆူပွက်ကာ သူ့အား မသက်မသာခံစားရစေသည်။
ကလေးငယ်လေးကမူ အသာစီးရလေ ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်လေဖြစ်၏။ သူ၏လက်သီးအာမှာ တစ်ခါတစ်ရံ စီးဆင်းနေသော မြစ်မင်းကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ရံ လေးလံသော တောင်တန်းကြီးကဲ့သို့လည်းကောင်း အင်အားမျိုးစုံဖြင့်ဖိအားပေးကာ ချန်ရှောင်းဓား၏ ခုခံအားကို အဆက်မပြတ် ဖြိုခွဲနေသည်။
ချွမ်~!
မကြာမီတွင် ရွှေရောင်လွှမ်းသော ဓားသွားထက်ထက်မှာ လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားရ၏။
လူသားဆန်ဆန် အတိုင်းအတာဖြင့်သာ ကြမ်းတမ်းသော သားရဲကလေးငယ်လေးသည် ဘေးတိုက် ရှောင်ထွက်သွားပြီး ပုခုံးများကို စည်းချက်ကျကျလှုပ်ယမ်းကာ အားပြည့်ထည့်ထားသော လက်မောင်းကိုလွှဲလျက် ချန်ရှောင်းကို ရိုက်ချလိုက်ရာ ကိုယ်တွင်းအင်္ဂါများထိ ပျက်စီးကြေမွသွားစေပြီး တစ်ဖက်လူကို သွေးပွက်ပွက်အန်ကျစေ၏။
"အော့၊ အား..."
ချန်ရှောင်း နာကျင်စွာအော်ဟစ်လိုက်သည်။ သွေးများစွန်းထင်းနေသော သူ့ခန္ဓာကိုယ်သည် စုတ်ပြဲနေသော ဖွဲအိတ်တစ်အိတ်ကဲ့သို့ ပျံထွက်သွားပြီး တောင်ထိပ်စွန်းတစ်ခု၌ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားကာ အုန်းခနဲထလာသော မီးခိုးမှိုင်းများမှာ ကောင်းကင်သို့တိုင် မြင့်တက်သွားသည်။