← Chapters

တကယ့်ပွဲက အခုမှစမှာ

Vol. 17 Ch. 234

တကယ့်ပွဲက အခုမှစမှာ

Vol. 17 Ch. 234

"ဆရာသခင်၊ ကျွန်တော်..."

ကလေးငယ်မှာ မလုံမလဲဖြစ်သွားရ၏။ လုပ်ချင်ရာလုပ်အပြီး ဆရာသခင့်ထံမှ အဆူခံရတော့မည်ဟု တွေးလိုက်မိပုံပင်။

နောက်တစ်စက္ကန့်အကြာတွင်။

ယဲ့ကျွင်းလင် လက်လှမ်းကာ ကလေးလေး၏ ပါးများကို အားကုန်ဆွဲညှစ်လိုက်သည်။ ခွင်းဖန်း လူသားအဖြစ် ပြောင်းလဲသည်ကို မြင်ပြီးကတည်းက ထိုပါးဖောင်းကြီးများကို သူဆွဲညှစ်ချင်နေတာ ကြာလေပြီ။ သို့သော် အခြေအနေအရ စိတ်ဆန္ဒကို ထိန်းချုပ်ထားခဲ့ရ၏။

နောက်ဆုံးတော့ အခြေအနေပေးပြီဖြစ်ရာ ယဲ့ကျွင်းလင်သည် အခွင့်ကောင်းကို လက်လွှတ်မခံနိုင်စွာဖြင့် ပျော်ပျော်ကြီးအသုံးချ‌တော့သည်။

ကလေးလေး၏ ပါးများသည် အလွန်နူးညံ့ပျော့ပျောင်းကာ ယဲ့ကျွင်းလင်ထံမှ ပုံစံအမျိုးမျိုးဖြင့် ဖိညှစ်ခံနေရ၍ မကျ်နှာပုံစံအမျိုးမျိုး ပြောင်းလဲနေရသည်မှာ အလွန်ရယ်စရာကောင်းလှ၏။

"မဆိုးဘူး၊ အထိအတွေ့စမ်းသပ်မှုမှာ အဆင့်တစ်ရတယ်"

ယဲ့ကျွင်းလင် ချီးကျူးလိုက်သည်။

သူ့စီးတော်ယာဥ်၏ မူလခန္ဓာကိုယ်က သူတို့ဆရာတပည့်တစ်သိုက် အိမ်ဆောက်နေလို့ရသည်အထိ ကြီးမားလေရာ လူသားအဖြစ် ပြောင်းလဲသောအခါ ဤမျှချစ်စရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် ကလေးလေး၏ပါးစုန့်များမှာ အားဖြင့်ဆွဲညှစ်ပွတ်ချေခံနေရသဖြင့် မျက်လုံးထောင့်များမှ နာကျင်မှုကြောင့် မျက်ရည်များ ဝဲတက်လာပြီး အလွန်အမင်း မကျေမနပ် ဖြစ်လာရသည်။

"ဆရာသခင်၊ တော်လိုက်ပါတော့၊ နာတယ်..."

ခဏကြာအောင် ဆော့ကစားပြီးနောက် ယဲ့ကျွင်းလင် ကျေနပ်စွာဖြင့် ရပ်တန့်လိုက်သည်။

"ကျွန်မအလှည့်၊ ကျွန်မအလှည့်!" အန်းမြောင်ယိ ပြေးလာပြီး ပါးညှစ်ဖို့အတွက် လွန်စွာစိတ်အားထက်သန်နေပုံရ၏။

ခွင်းဖန်းလေးက မျက်နှာကိုခပ်တင်းတင်းမော့ကာ ခေါင်းကို တစ်ဖက်သို့ ချာခနဲလှည့်လိုက်ပြီး ဆိုသည်။ "ဟမ့်၊ ပေးမညှစ်နိုင်ဘူး!"

ဒါ ဘယ်လိုဟာသလဲ၊ သူ့မျက်နှာက လူတိုင်းလက်ဆော့လို့ရတဲ့ ပြည်သူပိုင်အရုပ်လား?

အန်းမြောင်ယိ လက်များကို ယှက်ကာ အရိုအသေပင်ပြုလိုက်ပြီး သာယာသောအသံဖြင့် တောင်းဆိုလာသည်။ "မောင်လေးအားခွင်းကလည်း၊ ကျေးဇူးပြုပြီး တစ်ခေါက်တည်းပဲလေ~"

"မောင်လေး အားခွင်း" ဆိုသည့် စကားတစ်လုံးကြောင့် အားခွင်း စိတ်ပျော့သွားဟန်တူ၏။

"နောက်ထပ် နည်းနည်းလောက် ထပ်တောင်းဆိုကြည့်! ဒါဆို စဉ်းစားပေးမယ်!"

"မောင်လေးအားခွင်း၊ မောင်လေးအားခွင်း၊ မောင်လေး အားခွင်းလို့..."

အန်းမြောင်ယိ လုံးဝ ရှက်ရွံ့တွန့်ဆုတ်ခြင်းမရှိဘဲ စကားပြောစက်ကဲ့သို့ ထပ်ခါတလဲလဲ တောင်းဆိုနေသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ မောင်လေးအားခွင်းက မမကို အခွင့်အရေးတစ်ခါပေးမယ်" အားခွင်း ကျေနပ်အားရစွာဖြင့် လက်ကိုဟန်ပါပါပိုက်ကာ အလွန်လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ဟုတ်ပြီ!" အန်းမြောင်ယိ လက်လေးများကို ဆန့်ထုတ်ကာ ဖြူဖွေးနူးညံ့သော ကလေးမျက်နှာလေးကို ဆုပ်နယ်နေသည်။ မည်သည့်အကြောင်းရင်းကြောင့်ရယ် မသိ၊ ထိုအသားပျော့ပျော့အိအိလေးများက လူကို စိတ်ဖိစီးမှု ပြေလျော့သွားစေသည်ဟု ခံစားရ၏။

ဒီအစ်မကြီးရဲ့ ပါးညှစ်နည်းစနစ်က အလွန်နူးညံ့ညင်သာပါကလား~

အားခွင်းလည်း မျက်လုံးမှိတ်ပြီး ပျော်ရွှင်စွာပါးညှစ်ခံနေသည်။ ယဲ့ကျွင်းလင်၏ ကြမ်းတမ်းရက်စက်သော ပယ်ပယ်နယ်နယ်ပါးညှစ်ခြင်းနှင့် နှိုင်းယှဉ်လျှင် အန်းမြောင်ယိ၏ လက်နုနုလေးများက လွန်စွာခံစားရကောင်းစေသည်။

ညစ်မှိုင်းနေသော လေထုသည် ရုတ်တရက် ပြန်လည်လန်းဆန်းလာပြီး လူတိုင်း မပြုံးဘဲ မနေနိုင်ကြတော့ပေ။

အန်းကျစ်ကျိုင်းလည်း သမီးလေးကို ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထင်ပေါ်နေသည်။ သူ့သမီးလေး အမြဲတမ်း ဒီလိုလေးပဲ ပေါ့ပေါ့ပါးပါးနှင့် အပြစ်ကင်းစင်ပြီး ပျော်ရွှင်နေပါစေဟု သူမျှော်လင့်ဆုတောင်းနေမိ၏။

ထိုအချိန်တွင် သူ့ရင်ဘတ်မှ စူးတက်လာသော နာကျင်မှုကို ခံစားလိုက်ရပြီး အန်းကျစ်ကျိုင်ခမျာ အဆုတ်များအန်ထွက်လာတော့မတတ် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြန်သည်။

"အဟွတ် အဟွတ်...!"

မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမဲရောင်သွေးအိုင်ကြီးတစ်ခု ပွက်ခနဲအန်ကျလာပြီး ထူးဆန်းသော မည်းညစ်ညစ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ဖေဖေ!" အန်းမြောင်ယိ ထိတ်လန့်သွားပြီး အဖေဖြစ်သူ၏ အခြေအနေကို စစ်ဆေးရန် ပြေးလာသည်။ သူမ၏ မျက်လုံးများတွင် ကြည်နူးပျော်ရွှင်စိတ်များလွင့်ပျယ်ကာ စိုးရိမ်စိတ်များ တစ်ဖန်ပြန်လည် နေရာယူသွားရတော့၏။

"ဂိုဏ်းချုပ်၊ ဘယ်လိုနေလဲ?" အကြီးအကဲများ ဝိုင်းအုံလာကြသည်။

အန်းကျစ်ကျိုင်း သူ့ခန္ဓာကိုယ်ထဲတွင် လှိုက်တက်လာသည့် ထူးဆန်းသော အဆိပ်ကို ခံစားမိပြီး စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။ "အင်း၊ ဒီအဆိပ်က အခုတော့ ငါ့ကို သတ်လို့မရနိုင်သေးဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်နိုင်တယ်၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေကတော့ တဖြည်းဖြည်း အားနည်းလာဖို့သာ ရှိတော့တာပဲ။"

တစ်ချိန်က ရန်သူမှန်သမျှ ထိပ်တိုင်ရင်ဆိုင်ပြီး ခုခံတိုက်ထုတ်ပေးခဲ့သော သူတို့ဂိုဏ်းချုပ်မှာ ယခုတော့ ဒဏ်ရာရထားသော ကြောင်တစ်ကောင်ကဲ့သို့ ဓားဆင့်ခေါ်ဂိုဏ်းအတွင်းတွင်သာ အသာပုန်းအောင်းနေပြီး ဘဝကို ရပ်တည်လို့ရသေးရုံမျှအခြေအနေတွင် ရှိလေသည်။

"ဒီဂြိုလ်သားမျိုးနွယ်တွေ သေကိုသေသင့်တယ်!" ဓားဆင့်ခေါ်ဂိုဏ်းက ကျင့်ကြံသူများမှာ ဝမ်းနည်းဒေါသထွက်နေကြပြီး တစ်ချိန်က ကြီးမြတ်ကြံ့ခိုင်ခဲ့သော သူတို့ဂိုဏ်းချုပ် ယခုလို ညှဉ်းပန်းနှိပ်စက်ခံနေရပြီး ပင်ပန်းနွမ်းနယ်နေရသည်ကို မြင်ရသည့်အတွက် အလွန်စိတ်မသက်မသာ ဖြစ်နေကြရသည်။

"ဖေဖေ၊ ဖေဖေ သက်သာလာမှာပါ" အန်းမြောင်ယိ ဖခင်ဖြစ်သူ၏ လက်မောင်းကို ဖက်ထားပြီး ကြိုးစားဖျစ်ညှစ်ပြောလာသော နှစ်သိမ့်စကားလေးတွင် ရှိုက်သံများအပြည့်ဖြင့်။

ရုတ်တရက် အချိန်အခါမသင့်စွာ တစ်ယောက်ယောက်က အော်ပြောလာသည်။

"ဘာများလဲလို့? အဆိပ်မိတော့လည်း ကုလိုက်ရင်ပြီးတာပဲ မဟုတ်လား?"

ဝမ်းနည်းဖွယ်ရာ လေထုသည် ချက်ချင်း တောင့်တင်းသွားပြီး လူတိုင်း ခေါင်းလှည့်ကြည့်လိုက်မိလိုက်သော် စကားပြောသူမှာ ငွေရောင်ဆံပင်နှင့်လူငယ်ဖြစ်၏။

"ကုမယ်?"

အန်းကျစ်ကျိုင်း အံ့သြသွားသည်။ ထို့နောက် ခါးသီးစွာ ပြုံးလိုက်သည်။ "တာအိုမိတ်ဆွေယဲ့ မသိသေးဘူးပဲ၊ ဒီအဆိပ်က အလွန်ဆိုးသွမ်းတယ်၊ ဘယ်လိုပဲကုကု အဆက်မပြတ် ပြန်လည်ဖြစ်ပေါ်နေတာပဲ၊ ကျိန်စာတိုက်ခံထားရသလို လွင့်ပျယ်သွားခြင်းကိုမရှိဘူး၊ ငါ့ခန္ဓာကိုယ်မှာ မပြီးပြတ်လောက်အောင် တွယ်ကပ်နေတာ။ အရင်ကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကုသခဲ့ဖူးတယ်၊ ဒါပေမဲ့ ကုပြီးခါစ ပျောက်သွားရင်တောင်မှ နောက်ပိုင်းမှာ ပြန်ဖြစ်လာတတ်ပြီး အခြေအနေက ပိုတောင် ဆိုးလာတာပါပဲ။"

အန်းကျစ်ကျိုင်း ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ "ဒါကြောင့်၊ ကျွန်တော် ကံကြမ္မာကို လက်ခံလိုက်ရုံကလွဲလို့ ဘာတတ်နိုင်မှာလဲခင်ဗျာ..."

ယဲ့ကျွင်းလင် အပြုံးဖြင့်တုံ့ပြန်သည်။ "ကံကြမ္မာဆိုတာ ပြောင်းလဲနိုင်တယ်။ ကျင့်ကြံသူတွေဆိုတာ ဘယ်လိုလုပ်ပြီး ကံကြမ္မာစေရာကို အလွယ်တကူ လက်ခံနိုင်မှာလဲ?"

အန်းကျစ်ကျိုင်း၏ နှလုံးသား လှုပ်ရှားသွားရသည်။ "တာအိုမိတ်ဆွေယဲ့၊ ခင်ဗျားဆိုလိုတာက...?"

"ရှောင်ဟေး၊ ဂိုဏ်းချုပ်အန်း ကို အဆိပ်ဖြေပေးလိုက်" ယဲ့ကျွင်းလင် ညွှန်ကြားလိုက်သည်။

သူ၏ စတုတ္ထတပည့်သည် ကောင်းကင်ပြာဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားသည်ပင်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ တန်ဖိုးအကြီးဆုံး ဖန်တီးမှု၊ အမြင့်ဆုံး သစ်သားအမျိုးအစား ကျင့်စဥ်တစ်ခုဖြစ်သည်။ ထူးဆန်းသည်ဆိုသော မည်သည့် အဆိပ်ကိုမဆို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။

"ရှောင်ဟေးက ဘယ်သူလဲ?" အန်းကျစ်ကျိုင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ဒီနာမည်က မသိရင် ခွေးတစ်ကောင်ရဲ့ နာမည်ပြောင်လိုပဲ!

"စတုတ္ထညီလေး၊ ဆရာသခင်က မင်းကို ခေါ်နေပြီ!" ပုရှောင်ရှီး ပတ်ပတ်လည်ကြည့်ကာ အော်ခေါ်လိုက်သည်။

"ပုန်းမနေနဲ့ ကောင်လေး၊ မြန်မြန်ထွက်လာ!"

ယဲ့ကျွင်းလင် မကျေမနပ်ဟန်ဖြင့် နည်းနည်းဆူပူလိုက်သည်။

"လာပြီ၊ လာပြီ..."

ကြောက်ရွံ့နေဟန် အသံလေးတစ်ခုက အားနည်းစွာ ထွက်ပေါ်လာသည်။

လူအုပ်ထဲတွင် ပုံမှန်ပန်းကန်လုံးပုံစံ ဆံပင်ညှပ်ထားသော၊ ချောကလက်ရောင် အသားအရေရှိသော ကောင်လေးတစ်ဦး မတတ်သာ၍သာ ထွက်လာရဟန်ဖြင့် လျှောက်လှမ်းလာသည်။ သူ့နဖူးမှ ချွေးစက်များ စီးကျနေရှာ၏။ ပတ်ဝန်းကျင်မှ စူးစမ်းလိုသော အကြည့်များစွာကို ခံစားမိသဖြင့် ကောင်လေးသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး လမ်းလျှောက်သည့်ဟန်အမူအရာပင် ကို့ရို့ကားရားနိုင်လျက်။

"ဒါက တာအိုမိတ်ဆွေယဲ့ အသစ်လက်ခံထားတဲ့ တပည့်လား? သူ့ကြည့်ရတာ နည်းနည်း ရှက်နေပုံရတယ်" အန်းကျစ်ကျိုင်း မျက်လုံးကိုမှေးစင်းလျက် အကဲခတ်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ခေါင်းမာသော အဆိပ်ကို ဖယ်ရှားနိုင်ရန် ဤကောင်လေးတွင် မည်သည့်စွမ်းရည်များ ရှိနေမည်ကို အလွန်စူးစမ်းချင်မိနေ၏။

"စတုတ္ထညီလေး၊ စိတ်မပူပါနဲ့၊ ပုံမှန်အတိုင်းသာ လုပ်ဆောင်ပါ။ မလုပ်နိုင်ရင်တောင် ဆရာသခင်က မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။" လီဝူကျယ် နှစ်သိမ့်ပေးလိုက်သည်။

ယဲ့ကျွင်းလင်ကတော့ တမင်တကာ ခြိမ်းခြောက်လာသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဘာမှလုပ်မှာမဟုတ်ဘူး၊ မသကာ ဒီည အစားအသောက် ထပ်ထည့်ရုံပဲ၊ မှိုနဲ့ ကြက်စွပ်ပြုတ်တစ်ခွက် ထပ်တိုးကြတာပေါ့"

ထိုစကားကိုကြားသော်။

ပန်းကန်လုံးပုံ ဆံပင်ညှပ်ထားသော ကောင်လေးသည် ကြောက်လန့်တကြား တုန်လှုပ်သွားရပြီး မျက်နှာအမူအရာမှာ ငိုချတော့မတတ်ပင်။

All Chapters