အခန်း (၂၃၅)
Vol. 17 Ch. 235
သူ့စိတ်ထဲတွင် အကြောက်အကန်ငြင်းဆန်ချင်နေသော်ငြား လူကိုယ်တိုင်ကတော့ မတတ်သာစွာ အန်းကျစ်ကျိုင်း ထံသို့ ရောက်လာသည်။ အသက်ဖြည်းဖြည်းမှန်မှန်ရှူသွင်းရင် လက်သင်္ကေတစ်ခုကို ဖန်တီးကာ သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်ကို အသက်သွင်းပြီး ကောင်းကင်ပြာဧကရာဇ် သက်ရှည်ကျင့်စဥ်ကို စတင်ပုံဖော်သည်။
ကျယ်ပြန့်သော သစ်သားအမျိုးအစား အနှစ်သာရသည် သူ၏လက်ဖဝါးများမှ ထွက်ပေါ်လာပြီး ကြွယ်ဝသော အစိမ်းရောင်စွမ်းအင်မှာ အန်းကျစ်ကျိုင်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်သွား၏။
"အား ~"
အန်းကျစ်ကျိုင်း သည် သူ့ဘဝတွင် ဒီလိုသက်တောင့်သက်သာရှိသော ခံစားချက်ကို တစ်ကြိမ်မျှပင်မခံစားဖူးသည့်နှယ် သာယာချိုမြိန်သည့်ညည်းသံပင် ထွက်ကျလာသည်။ ဂိုဏ်းချုပ်တစ်ဦး၏ လျှို့ဝှက်စောင့်ထိန်းအပ်သော ဂုဏ်သိက္ခာများပင် ကျိုးပဲ့ပျက်စီးသွားရသည်ပင်။
လူတိုင်း၏ အမူအရာများ အလွန်ထူးဆန်းသွားရ၏။ ဓားဆင့်ခေါ်ဂိုဏ်း ဂိုဏ်းချုပ်၏ ဤသို့သောပုံစံအသစ်ကို သူတို့တစ်သက်တွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် မဟုတ်လော။
"ဖေဖေ၊ ဖေဖေ..." အန်းမြောင်ယိ အံကြိတ်သံဖြင့် ခပ်တိုးတိုးသတိပေးလိုက်သည်။
အန်းကျစ်ကျိုင်းလည်း သူ၏ စိတ်တည်ငြိမ်မှု လွတ်ထွက်သွားကြောင်း သဘောပေါက်သွားပြီး ရုတ်တရက် မျက်နှာကြီးတစ်ခုလုံး နီရဲသွားကာ ချောင်းတဟန့်ဟန့်ဖြင့် ဖြောင့်မတ်စွာ ပြောလာသည်။ "ရောဂါကုသရာမှာ ဒါမျိုးက ပုံမှန် တုံ့ပြန်မှုပဲ၊ အများကြီး မတွေးကြပါနဲ့!"
နောက်တစ်စက္ကန့်တွင် အန်းကျစ်ကျိုင်း၏ မျက်ဆံအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။ အကြောင်းမှာ ခိုင်မြဲစွာကိန်းအောင်းတွယ်ကပ်နေခဲ့သည့် ထူးဆန်းသော အဆိပ်သည် သတိထားမိလောက်သည်အထိ သိသိသာသာကို လျင်မြန်စွာ ပျောက်ကွယ်သွားလွင့်စင်သွားခဲ့သည်။ ထို့အပြင် ပုန်းကွယ်ငုပ်လျှိုးနေသော ကိုယ်တွင်းရောဂါများအားလုံးပါ ပပျောက်သွားရပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်သည် မကြုံစဖူး ခိုင်မာတည်မြဲနေကြောင်း ခံစားလိုက်ရ၏။ အသစ် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။
ကလစ်ကလစ်!
ဆီပေါက်သံကဲ့သို့ တဖျစ်ဖျစ်အသံတစ်သံ သူ့ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ အန်းကျစ်ကျိုင်း သူ့ကြွက်သားများနှင့် အရိုးများကို လှုပ်ရှားကြည့်လိုက်သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ သိသိသာသာကို ကျန်းမာကြံ့ခိုင်နေပြီး မျက်လုံးများလည်း တောက်ပနေကာ ငယ်ရွယ်ဖျတ်လတ်သော လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသလိုပင်။
"ကောင်းတယ်၊ ကောင်းသွားပြီ" မဟာမှိုဘုရင်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ဖေဖေ၊ ဘယ်လို ခံစားရလဲ?" အန်းမြောင်ယိ စိုးရိမ်တကြီး မေးလိုက်၏။
လူတိုင်း အန်းကျစ်ကျိုင်းကို စိတ်အားထက်သန်စွာ ဝိုင်းကြည့်နေကြပြီး ကျေနပ်ဖွယ် အဖြေကို မျှော်လင့်နေကြသည်။
အန်းကျစ်ကျိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာများပင်ရဲတက်လာပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ "ငါ အဆင်ပြေတယ်! တကယ် အဆင်ပြေသွားပြီဟေ့!"
"ကျေးဇူးတင်ပါတယ်၊ ညီလေးရာ!"
ရှက်ကိုးရှက်ကန်းအမူအရာရှိသော ပန်းကန်လုံးပုံ ဆံပင်ကေဖြင့်ကောင်လေးကို ကြည့်ရင်း အန်းကျစ်ကျိုင်း စိတ်လှုပ်ရှားစွာ ရှေ့ကိုတိုးပြီး သူ့လက်များကို ဆုပ်ကိုင်ကာ ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုမိသည်။
"အံ့သြစရာကောင်းလိုက်တာ!" လူတိုင်း အာမေဋိတ် ပြုလိုက်ကြသည်။
ဓားဆင့်ခေါ်ဂိုဏ်း၏ မဟာစွမ်းအားရှင်များပင် မဖယ်ရှားနိုင်သော ထိုအဆိပ်ကို ဤကောင်လေးက အလွယ်တကူ ဖြေရှင်းပေးခဲ့သည်။
မဟာမှိုဘုရင် တုန်လှုပ်သွားပြီး မကြုံစဖူး စိတ်ခံစားမှုများ သူ့နှလုံးသားထဲတွင် ပေါ်လာသည်။ အခြားသူများကို ကူညီရခြင်း၏ ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားမိလာ၏။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ၊ ဖေဖေ့ကို ကယ်တင်ပေးလို့" အန်းမြောင်ယိ ရိုးသားစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
မဟာမှိုဘုရင် ခေါင်းတကုတ်ကုတ်ဖြင့် ပြန်ပြောလိုက်သည်။ "သေးသေးလေး၊ နည်းနည်းလေးအားထုတ်လိုက်ရရုံပါ"
"ဒီလောက်တော်တဲ့ တပည့်မျိုးကို ပိုင်ဆိုင်ထားတာ၊ တာအိုမိတ်ဆွေယဲ့က တကယ်ပဲ နာမည်ကျော်ဆရာသခင်ပဲ၊ ကောင်းကောင်း သင်ပြပေးနိုင်တယ်!" ငွေရောင်ဆံပင်ရှိသော လူငယ်ကို အန်းကျစ်ကျိုင်း မနာလိုအားကျစွာဖြင့် အရိုအသေပြုရင်း ချီးကျူးလိုက်သည်။
"ဒီအောင်မြင်မှုလောက်ကို အများကြီးပြောနေစရာမလိုပါဘူး။ ကျွန်တော်က ကျွန်တော့်တပည့်တွေကို အမြဲတမ်း စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ သင်ပြပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ရေကုန်ရေခမ်း ကြိုးစားတတ်တဲ့သူတစ်ယောက် ဖြစ်လို့ပါပဲ။ ကျင့်ကြံရေးလမ်းစဥ်မှာ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် လှုံ့ဆော်မှသာ မဟာတာအိုလမ်းကြောင်းရဲ့ ထိပ်ဖျားပန်းတိုင်ကို ရောက်ဖို့ အရည်အချင်းပြည့်မီမှာပါ!" ယဲ့ကျွင်းလင် အလေးအနက် ပြောလိုက်သည်။
အန်းကျစ်ကျိုင်း ခေါင်းညိတ်လိုက်ပြီး ထိုလူငယ်ကို စိတ်ရင်းဖြင့် ချီးမွမ်းမိလေသည်။
အောင်မြင်သော တပည့်တိုင်း၏ နောက်ကွယ်တွင် ထူးချွန်သော ဆရာသခင် တစ်ဦး ရှိတတ်သည်မဟုတ်လော။
ဆိုရိုးစကားအတိုင်း ပြောရလျှင် ဆရာကောင်း တပည့်ပန်းကောင်းပန်း ဆိုသလိုပေါ့!
ဟုန်ချန်ယဲ့ နားထောင်ရင်း နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ ထိုလူ၏အရှက်မဲ့မှုကို သူဦးနှောက်ဖြင့်လည်း လိုက်မမီနိုင်တော့ပေ။
မင်းမှာ အရှက်တရားဆိုတာရော ရှိသေးရဲ့လား?
ထိုအချိန်တွင်။
ဓားဆင့်ခေါ်ဂိုဏ်းမှ မီတာထောင်ပေါင်းများစွာ အကွာတွင်။
တောင်ထိပ်တစ်ခုပေါ်တွင် ရှုံးနိမ့်ထွက်ခွာသွားသော ယွီဟွားဂိုဏ်းအဖွဲ့ နေရာယူထားပြီး သူတို့အားလုံး၏ စိတ်ဓာတ်များမှာလည်း ထိုင်းမှိုင်းလေးလံလျက်ရှိ၏။
ကျင့်ကြံသူချန်တစ်ယောက် ယဲ့ကျွင်းလင်၏ စီးတော်ယာဥ်ဖြင့် တိုက်ခိုက်အပြီး ပြင်းထန်စွာ ရှုံးနိမ့်ခဲ့သည်ဟူသော သတင်းသည် မကြာမီ လေမုန်တိုင်းကဲံသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ပြီး ယွီဟွားဂိုဏ်း၏ ပုံရိပ်ကိုလည်း ဆိုးရွားစွာထိခိုက်စေလိမ့်မည်။
အကြီးအကဲလျို၏ မျက်လုံးများမှာ အဓိပ္ပာယ်များစွာဖြင့် နက်ရှိုင်းနေပြီး အဝေးရှိ ဓားဆင့်ခေါ်ဂိုဏ်း ကို လှမ်းမျှော်ကြည့်နေသည်။ ရင့်ရော်အိုမင်းနေသောမျက်နှာသည် တည်ငြိမ်မှုအပြည့်ဖြင့် ဘာကိုစဥ်းစားလို့စဥ်းစားနေမှန်း ခန့်မှန်းလို့မရနိုင်။
"အကြီးအကဲ၊ ကျင့်ကြံသူချန် နိုးလာပါပြီ" တပည့်တစ်ဦးက လျှောက်တင်လာသည်။
"ဟုတ်ပြီ"
အကြီးအကဲလျို တစ်ဖက်သို့လှည့်လိုက်ပြီး ထုံထိုင်းထိုင်းဖြင့် နိုးထလာသော လူငယ်ကို ကြည့်လိုက်သည်။ "ကျင့်ကြံသူချန် နေရသက်သာရဲ့လား?"
ချန်ရှောင်း အတော်လေးကို စိတ်ပျက်အားငယ်နေသည်။ သူ့စိတ်ထဲတွင် ရှုံးနိမ့်ခဲ့သည့် မြင်ကွင်းအပြင် ဆီးချိုင့်ခွက်ထဲတွင် မေ့လဲသွားခဲ့သည့် မြင်ကွင်းကိုပါ ပြန်လည် အမှတ်ရမိနေပြီး နှလုံးသားအနက်ရှိုင်းဆုံးမှ ဖော်ပြမရနိုင်သော အရှက်ရမှုကြီးကို ခံစားနေရ၏။
သူ့ပါးစပ်ထဲတွင် ဆီးနံ့များပင် ဝေ့ကျန်နေသေးသည်။
"ဝေါ့ ~" ချန်ရှောင်း လက်ချောင်းများကို လည်ပင်းထိထိုးထည့်ကာ သူမျိုချခဲ့သော အညစ်အကြေးများအား အားကုန် ထွေးထုတ်ရန် ကြိုးစားသည်။
ထွေးထုတ်ပြီးနောက် သူသည် ဖရိုဖရဲဆံပင်ဖြင့် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ဒေါသကြောင့်ပေလား အခြားအကြောင်းတရားကြောင့်ပေလား မသိ၊ တဆတ်ဆတ် တုန်ယင်နေသည်။
လူတိုင်း ရှေ့မတိုးဝံ့ကြ၊ ပတ်ရမ်းခံရမည်ကိုလည်း ကြောက်တတ်ကြသည်ပင်။
"အကြီးအကဲလျို၊ ကျွန်တော်က အသုံးမကျတဲ့သူပါ" ခဏအကြာတွင် ချန်ရှောင်းက မျက်နှာဖျော့ဖျော့ဖြင့် ဟစ်အော်လာလေသည်။
အကြီးအကဲလျိုက လေးနက်သောအသံဖြင့် ဆိုသည်။" ကျင့်ကြံသူချန်၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့စကားမျိုး သုံးနှုန်းရတာပါလဲ? မင်းကတောင် အသုံးမကျတဲ့သူဆိုရင် မင်းထက်ညံ့တဲ့လူတစ်ပုံကြီးကရော ဘာတွေဖြစ်သွားမလဲ?"
ချန်ရှောင်း ပြိုလဲသွားပြီး သူ့ဆံပင်များသူ ဆွဲဆောင့်လိုက်သည်။ "ဒါပေမဲ့ ယဲ့ကျွင်းလင်ရဲ့ စီးတော်ယာဥ် ကိုတောင် ငါ မနိုင်ဘူးလေ! အားအားအား!"
သူ့ဘဝတစ်ခုလုံး အမှောင်တိုက်ထဲကျရောက်သွားသကဲ့သို့ ခံစားချက်မှာ ဆိုးရွားပြင်းထန်လှ၏။
အကြီးအကဲလျို၏ မျက်နှာသည် မှေးမှိန်လျက်ရှိသည်။ "ကျင့်ကြံသူချန်၊ စိတ်ကို ပေါ့ပေါ့ပါးပါးဖြစ်အောင်ထားပါ!"
"ဒီအကြောင်းက သေချာပေါက် ပျံ့နှံ့သွားလိမ့်မယ်။ ငါ အပင်ပန်းခံပြီး ဖန်တီးခဲ့တဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်က သတင်းထွက်တာနဲ့ ပျက်စီးသွားလိမ့်မယ်။ မင်း ဘယ်လိုတောင် ငါ့ကို စိတ်ပေါ့ပါးဖို့ ပြောရဲသေးတာလဲ?!"
ချန်ရှောင်း စိတ်အပူဆုံးမှာ သူ၏ လူအများကြား ဂုဏ်သတင်းနှင့် အခြားသူများက သူ့ကို မည်သို့ထင်မြင်သွားကြမည်ကိုပင်။ ယခုအကြိမ်တွင် သူ ရှုံးနိမ့်ခဲ့ရုံသာမက ပြင်းပြင်းထန်ထန်လည်း အရှက်ရခဲ့သည်။ ဤအကြောင်းများသာ ပျံ့နှံ့သွားပါက သူနှင့်အတူ တစ်ဂိုဏ်းလုံးပါ ဂုဏ်သိက္ခာ ကျဆင်းသွားပြီး လူရယ်စရာ ဖြစ်လာပေမည်။
"ဒါဆို... သတင်းက မပျံ့နှံ့ဘူးဆိုရင်ရော?"
"ဘ... ဘာကိုဆိုလိုတာလဲ?"
ချန်ရှောင်း အူကြောင်ကြောင်ဖြင့် ခေါင်းမော့ကြည့်လိုက်ပြီး မျက်ဆံများ ရုတ်တရက် ကျုံ့ဝင်သွားသည်။ သူ့မျက်လုံးထဲတွင် ထိုအရေးအကြောင်းထနေသော အဘိုးအို၏ မျက်နှာသည် အထူးတလည် ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။
အကြီးအကဲလျို၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပြည့်ဝသော အပြုံးတစ်ခု ပေါ်လာပြီး ဓားဆင့်ခေါ်ဂိုဏ်းရှိရာသို့ တစ်ဖန်လှမ်းမျှော်ကြည့်လိုက်သည်။
"ကျင့်ကြံသူချန်၊ ခဏလောက်စိတ်ရှည်ပါ၊ ပွဲကြီးပွဲကောင်းက အခုမှစမှာ။"