← Chapters

မျက်စိရှက်စရာ

Vol. 17 Ch. 236

မျက်စိရှက်စရာ

Vol. 17 Ch. 236

ဓားဆင့်ခေါ်ဂိုဏ်းတွင်။

အဆိပ်ဒဏ်မှသက်သာလာပြီးနောက် အန်းကျစ်ကျိုင်း မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာတွင် ယုံကြည်မှုအပြည့်နှင့် အပြုံးတစ်ခု ပေါ်လွင်နေသည်။

ဂိုဏ်းချုပ် ပြန်လည် နိုးကြားတက်ကြွလာသည်ကို မြင်သောအခါ တပည့်များနှင့် အကြီးအကဲများအားလုံးလည်း အလွန်ပျော်ရွှင်သွားကြပြီး ဂိုဏ်းတစ်ခုလုံး၏ လေထုသည်လည်း သက်ဝင်တက်ကြွလာရ၏။

"ရောင်းရင်းတို့က ဝေးလံခေါင်ဖျားကနေ ကျွန်တော့်ဒုက္ခတွေကို ကူညီဖြေရှင်းဖို့အတွက် အရောက်လာကြရတယ်။ ရောင်းရင်းတို့ဟာ ကျွန်တော်အန်းကျစ်ကျိုင်းရဲ့ ကျေးဇူးရှင်တွေပါ။ ဒီလို ပျော်ရွှင်စရာနေ့မှာ ရောင်းရင်းတို့ကို သေချာဧည့်ခံဖို့ အမြင့်ဆုံးအဆင့် ဧည့်ခံပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်!"

အန်းကျစ်ကျိုင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"အမြင့်ဆုံးအဆင့် ဧည့်ခံပွဲလား?!" အန်းမြောင်ယိ၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားရသည်။ သူမ၏ အမူအရာက အလွန်အံ့အားသင့်နေဟန်ပင်။

ဂိုဏ်းချုပ်၏ သမီးတစ်ဦးအနေဖြင့် သူမ မွေးဖွားစဉ်ကပင် အမြင့်ဆုံးအဆင့် ဧည့်ခံပွဲကို မကျင်းပခဲ့ဖူးပေ။ ဒုတိယအဆင့် ဧည့်ခံပွဲကိုသာ ကျင်းပခဲ့သည်ဖြစ်၏။ အမြင့်ဆုံးအဆင့် ဧည့်ခံပွဲကို သူမ ကလေးဘဝကတည်းက တစ်ခါလေးသော်မှမှ မမြင်ဖူးခဲ့ပေ။

သူမ မှတ်မိသလောက်ဆိုရလျှင် အမြင့်ဆုံးဧည့်ခံပွဲဆိုသည်မှာ ဓားဆင့်ခေါ်ဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် နှစ်ကြိမ်သာ ပေါ်ထွက်ခဲ့ပြီး နောက်ကွယ်မှအကြောင်းရင်းသည်လည်း ဂိုဏ်း၏ကံကြမ္မာကိုပြောင်းလဲနိုင်လောက်သည်အထိ ကြီးမားရမည်ဟူသော သတ်မှတ်ချက်မျိုးပါဝင်သည်။

သူမသည် ဤဧည့်ခံပွဲမျိုးသည် ဒဏ္ဍာရီများထဲတွင်သာ ရှိသည်ဟုသာ ထင်မှတ်ခဲ့ပြီး သူမ၏ ဘဝတစ်သက်တာတွင် မျက်မြင်ကိုယ်တွေ့ ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ!

ပတ်ဝန်းကျင်ရှိ တပည့်များနှင့် အကြီးအကဲများလည်း တုန်လှုပ်သွားကြပြီး ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ပင် ဖြစ်ကြရ၏။ အကြောင်းမှာ ဓားဆင့်ခေါ်ဂိုဏ်းတွင် အမြင့်ဆုံးအဆင့် ဧည့်ခံပွဲ၏ အဓိပ္ပာယ်ကို သူတို့ ကောင်းကောင်း သိထားကြသောကြောင့်ပင်။

ထိုစကားတစ်ခွန်းသည်သည် ဧည့်သည်များ၏ အရေးပါမှုကို သက်သေပြရန် လုံလောက်ခဲ့၏!

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ ဒီလူတွေ ဘာလို့ ဒီလောက် အံ့အားသင့်နေကြတာလဲ?

ဒီဧည့်ခံပွဲမှာ ထူးခြားတဲ့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတစ်မျိုးမျိုး ရှိနေနိုင်တာလား?

အကယ်၍ ဆိုးဆိုးရွားရွားတွေ ပါဝင်လာလျှင်တော့ ခေတ်သစ်လူငယ်တစ်ဦးအနေဖြင့် ဤ မသင့်တော်လှသော ခေတ်ရေစီးကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပေမည်!

နေပါဦး၊ အရင်စောင့်ကြည့်ပြီးမှ ဆန့်ကျင်တာပေါ့! ငါက နှာဘူးပဲဟာကို

"ဂိုဏ်းချုပ်အန်းက တကယ်ပဲ အရမ်းကို ကြင်နာတတ်လွန်းပါတယ်" ယဲ့ကျွင်းလင် ပြုံးပြီး ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ သူကတော့ အိမ်မြန်မြန်ပြန်ဖို့ စိတ်လောမနေပါ။ မူလက စနစ်၏ဆုလာဘ်ကိုရယူဖို့သာ ဒီအထိရောက်လာခဲ့ခြင်းဖြစ်သော်ငြား တစ်ဖက်လူ၏ ဧည့်ဝတ်ကျေပွန်မှုကို ငြင်းဆိုဖို့လည်း ကြိုးစားမနေပါတော့ချေ။

"ဟားဟား၊ တာအိုမိတ်ဆွေယဲ့က စကားအပြောအဆို အရမ်း ယဉ်ကျေးတာပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ။ ကျွန်တော်တို့ အရေးကြီးကိစ္စတွေ အတူတူ ဆွေးနွေးကြတာပေါ့!"

အန်းကျစ်ကျိုင်းသည် ယဲ့ကျွင်းလင်တို့အဖွဲ့ကို ဓားဆင့်ခေါ်ဂိုဏ်း၏ အခမ်းနားဆုံးနှင့် ခမ်းနားထည်ဝါဆုံး အဆောက်အအုံဆီသို့ ဦးဆောင်ခေါ်သွားသည်။

လမ်းတစ်လျှောက်တွင် လူများစွာ အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့ရပြီး ထိုမျှအထိ ပြင်ဆင်စီမံနေရသော ဧည့်ခံပွဲမှာ မည်မျှကြီးမားခမ်းနားမည်ဖြစ်ကြောင်း သိရှိနိုင်၏။

ဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်နေပြီး တပည့်ပေါင်းများစွာ အလွန်စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ ဧည့်ခံပွဲ ကျင်းပတိုင်းတွင် ဂိုဏ်းတွင်း အနိမ့်ဆုံး ရာထူးရှိသော လက်မှုပညာသည် တပည့်များပင် ကုန်းရေနှစ်သွယ်မှ အရသာရှိသော အစားအသောက်များကို ခံစားနိုင်သောကြောင့်ပင်။

"ဒါနဲ့ တာအို‌ရောင်းရင်းယဲ့၊ ကျွန်တော့်မှာ မေးစရာရှိတယ်။ ရောင်းရင်း ဘာကြောင့် လေပေါ်ဝိဇ္ဇာကျောင်းကို ဖျက်ဆီးပြီး ကျင့်ထူပြည်ထောင်နန်းတော်ကို သွေးချောင်းစီးအောင် လုပ်ခဲ့ရတာလဲ?" အန်းကျစ်ကျိုင်း အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ထုတ်မေးလိုက်သည်။

ဒီသတင်း ထွက်ပေါ်လာစဥ်က စီရင်စုတစ်ခွင် အရပ်မျက်နှာအားလုံးကို တုန်လှုပ်စေခဲ့ပြီး လူသတ်နတ်ဘုရားဟူသော ဘွဲ့နာမည်မှာလည်း ပိုလို့ခိုင်မြဲထင်ရှားလာရ၏။

ယဲ့ကျွင်းလင်က မရဏချောက်နက်မှ သတ္တဝါများနှင့် ပူးပေါင်းထားသည်ဟူသော ကောလဟလများပါ ထွက်ရှိခဲ့သည်ပင်။ မဟုတ်လျှင် သူထွက်သွားသည်နှင့် ကျင့်ထူပြည်ထောင်တွင် မရဏချောက်နက်သတ္တဝါတို့ အဘယ့်ကြောင့် ချက်ချင်းစိုးမိုးလာရပါသနည်း?

သို့ပေမဲ့ ခဏတာ ‌ပြောဆိုဆက်ဆံအပြီးတွင် အန်းကျစ်ကျိုင်းမှာ ယဲ့ကျွင်းလင်၏ အကျင့်စရိုက်က ကောလဟာလများနှင့် အများကြီး ကွာခြားသည်ဟု ခံစားရသောကြောင့် မရှင်းလင်းတာမှန်သမျှ ထုတ်မေးဖို့ဆုံးဖြတ်ခဲ့ခြင်းပင်။

ယဲ့ကျွင်းလင် မျက်နှာမဲ့သွားပြီး ပြောလိုက်သည်။ "ရှင်းရှင်းပြောရရင်၊ ကျွန်တော် လေပေါ်ဝိဇ္ဇာကျောင်းကို လုံးဝ မဖျက်ဆီးခဲ့ပါဘူး၊ ပြီးတော့ ကျင့်ထူနန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကလည်း ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးရယ်"

ထိုအကြောင်းကို ထုတ်ပြောလိုက်မိသည်နှင့် သူဒေါသထွက်လာတော့သည်။

"ဒါဆို ဒီလိုကိုး!" အန်းကျစ်ကျိုင်း နည်းနည်း အံ့အားသင့်သွားရသည်။ နောက်ကွယ်က ကြိုးကိုင်သူက တကယ် ယုတ်မာ‌ကောက်ကျစ်တာပဲ။

"အင်း၊ အပင်မြင့်တော့လည်း လေတိုက်တာပေါ့လေ၊ ကျုပ်အဖြစ်ကို ဘယ်သူကများ နားလည်ပေးနိုင်မှာလဲ?" ယဲ့ကျွင်းလင် ပခုံးတွန့်ရင်း ကူကယ်ရာမဲ့ဟန်ဖြင့် ခပ်ကြွားကြွားပြောလိုက်သည်။

အန်းကျစ်ကျိုင်း ပါးစပ်ဖွင့်လိုက်ပြီး နှစ်သိမ့်စကားအချို့ ပြောဖို့ ပြင်နေစဥ်တွင် တစ်ဖက်လူ၏ မိုးပေါ်ရောက်နေသောစကားများကြောင့် အသာပြန်မျိုချလိုက်ရ၏။

ခန်းမဆောင်ထဲ လျှောက်ဝင်လိုက်သောအခါ ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်ဟု ခံစားရသည်။ နံရံဆေးရေးပန်းချီများတွင် ဓားပညာရှင်များမှ နတ်ဆိုးများကို နှိမ်နင်းခြင်း၊ နတ်ဘုရားများ နေနှင့်လကို သယ်ဆောင်ထားခြင်း၊ ဖီးနစ်ငှက်များ ပြာပုံမှ ပြန်လည်မွေးဖွားခြင်း အပါအဝင် အမျိုးမျိုးသော ခမ်းနားထည်ဝါသော မြင်ကွင်းများဖြင့် ပြည့်နှက်နေ၏။

အံ့သြဖွယ်အကောင်းဆုံးအရာမှာ မြေပြင်တွင် ချောမွေ့စွာ ခင်းကျင်းထားသော ကြမ်းပြင်ကြွေပြားများသည် အမှန်တကယ်တွင် ရှားပါးအဖိုးတန်လှသော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ တောက်ပသော အရောင်အသွေးကို ထုတ်လွှတ်နေသည်ပင်။

အတော်လေးကို သုံးနိုင်ဖြုန်းနိုင်ကြတာပဲ!

ဤအဆောက်အဦးမှာ ဓားဆင့်ခေါ်ဂိုဏ်းမှ ဂုဏ်သရေရှိ အထူးဧည့်သည်များကိုသာ ဧည့်ခံရန် အသုံးပြုသည့် နေရာဖြစ်ပြီး တစ်ဖက်လူကို မျက်နှာသာပေးရာတွင် အထူးအရာရောက်သော နေရာတစ်ခုဟုလည်း ဆိုနိုင်သည်။

ဂိုဏ်းချုပ်အန်းသည် တောင်စဥ်ရေမရအတွေးများကို ဖြန့်ကျက်ရင်း ယဲ့ကျွင်းလင်ထံသို့ လျှို့ဝှက်စွာအကဲခတ်လိုက်၏။ သူ့ထံမှ အရင်ဧည့်သည်များနှင့် အလားတူအမူအရာကို ရှာတွေ့ရန် ကြိုးစားနေခြင်းပင်။

ထိုစဥ် ယဲ့ကျွင်းလင်က ထိုကဲ့သို့သော ဇိမ်ခံပစ္စည်းအစစ်အမှန်များကို အသုံးများသော တရုတ်ပစ္စည်းများကဲ့သို့ပင် ပေါ့ပေါ့ပါးပါး သဘောထားပြီး လုံးဝ ဂရုမစိုက်သည်ကို ထင်မှတ်မထားစွာ မြင်တွေ့လိုက်ရ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

အန်းကျစ်ကျိုင်း နှလုံးခုန်နှုန်း မြန်သွားရသည်။ ဒီလူ အရေးမစိုက်သလို ဟန်ဆောင်နေတာလား?

အခြားတပည့်များကို သေချာအကဲခတ်လိုက်သောအခါတွင်လည်း သူတို့အားလုံး အေးဆေးတည်ငြိမ်စွာ ပြုမူနေသည်ကို အံ့သြဖွယ် တွေ့ရှိခဲ့ရလေသည်။

"ဒါဆိုရင် ကောလဟာလတွေအတိုင်းပဲ၊ ရွှယ်ထျန်းဂိုဏ်းက ရှေးခေတ်အစဥ်အဆက် လျှို့ဝှက်မသေမျိုးဂိုဏ်းတစ်ခုဖြစ်ပြီး ရှေးအမွေအနှစ်မျိုးစုံကိုလည်း ထိန်းသိမ်းထားကြလောက်မှာပဲ" အန်းကျစ်ကျိုင်း တိတ်တိတ်လေး တွေးလိုက်ပြီး သူ၏ အဆောက်အဦးကို ကြွားဝါမိချင်သောအတွေးမှာ သေးနုပ်သိမ်ဖျင်းလှသည်ဟု ခံစားမိလိုက်ရ၏။

အန်းကျစ်ကျိုင်း မသိသည်မှာ ယဲ့ကျွင်းလင် စနစ်ထံမှ နေ့စဥ်မှန်မှန်ရနေကျ ဆုလာဘ်များသည် ကျင့်ကြံသူများစွာ အိပ်မက်သာမက်နိုင်သော ကျင့်ကြံမှုအရင်းအမြစ်များ ဖြစ်သည်ပင်။ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်များမှာ သုံးမကုန်အောင် တောင်များလို ပုံနေပြီး စိတ်ကြိုက်ဖြုန်းတီးနိုင်သည်။

သူ အားလပ်ချိန်တွင် ခြေထောက်စိမ်ရန် အသုံးပြုသော ရေပင်လျှင် ဒဏ္ဍာရီလာ ထိုက်ယီရေစင်ဖြစ်ပြီး အလွန်တန်ဖိုးကြီးကာ သာမန်လူများကို အရည်အသွေး ပါရမီစွမ်းရည်ကအစ ပြောင်းလဲနိုင်စွမ်းရှိသည် ဟူ၏။

ထို့ကြောင့် ယဲ့ကျွင်းလင်အတွက်မူ ခန်းမထဲမှ မြင်ကွင်းသည် အထင်ကြီးလောက်စရာ ဟုတ်မနေခဲ့ပါပေ။

ဟုန်ချန်ယဲ့နှင့် အခြားတပည့်များမှာလည်း ယဲ့ကျွင်းလင်ဘေးတွင် အမြဲလိုက်ပါလေ့ရှိသောကြောင့် မယုံနိုင်လောက်စရာ ရတနာအမျိုးမျိုးကို မြင်တွေ့ဖူးကြပြီး ဤကဲ့သို့သော သေးငယ်သော မြင်ကွင်းမျိုးမှာ သူတို့အတွက် အိမ်လည်တမ်းဆော့ကစားသည်ထက် မပိုလှပေ။

ထို့နောက် လူတိုင်း ထိုင်ခုံအသီးသီးတွင် နေရာယူလိုက်ကြသည်။

All Chapters