အခန်း (၂၃၇)
Vol. 17 Ch. 237
အစေခံများ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာပြီး အမျိုးမျိုးသော တောက်ပသန့်စင်သည့် အရသာရှိသော အစားအစာများကို ချပေးလာကြသည်။ ၎င်းတို့အားလုံးသည် အပြင်လောကတွင် ရှာဖွေရခက်ခဲသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ဝိုင်အိုးထဲတွင် အရသာရှိသော ဝိုင်အရက်လည်း အပြည့်ရှိနေသည်။ ၎င်း၏ မွှေးရနံ့သည် အလွန်ကြွယ်ဝနက်နဲပြီး အားလုံးမှာ နှစ်တစ်သောင်း သက်တမ်းရှိသော နှစ်ချို့ဝိုင်များ ဖြစ်ကြသည်ပင်။
အပြင်ဘက်တွင် စီစဉ်ထားသော ဧည့်ခံပွဲသည်လည်း မီတာထောင်ပေါင်းများစွာ ရှည်လျားပြီး တပည့်များနှင့် အကြီးအကဲများ တပျော်တပါးကြီး စားကြ၊ သောက်ကြ၊ စကားပြောကြနှင့် နှလုံးသားထဲရှိ တင်းကျပ်သောခံစားချက်တို့မှာလည်း ပျောက်ကွယ်ပေါ့ပါးသွားရတော့သည်။
နေရာတိုင်းတွင် ရယ်သံများ ထွက်ပေါ်နေပြီး လေထုသည် လန်းဆန်းတက်ကြွလျက်ပင်။
ခန်းမဆောင်ထဲတွင် တီးမှုတ်ဖျော်ဖြေသံများဖြင့် သာယာနာပျော်ဖွယ်ကောင်းလှ၏။
ချစ်စဖွယ် အမျိုးသမီးတစ်ဦး၏ ဦးဆောင်မှုအောက်တွင် နူးညံ့သော အမျိုးသမီးတပည့်များသည် လှပစွာ ကခုန်ဖျော်ဖြေနေကြပြီး တစ်ခါတစ်ရံ ယဲ့ကျွင်းလင်တို့အဖွဲ့ကို စူးစမ်းလိုဟန်ဖြင့် လှမ်းကြည့်တတ်ကြသေးသည်။
ထိုအချိန်တွင်။
လီဝူကျယ်ကတော့ အားရပါးရ စားသောက်နေပြီး သူ့ပါးစပ်တစ်ဝိုက်တွင် ဆီများပေပွနေလျက်။
ပုရှောင်ရှီးသည်လည်း ပါးများပင် ဖောင်းကားနေပြီး အစားအသောက်ကို သူ့ပါးစပ်ထဲ ရပ်တန့်ခြင်းမရှိစွာ အဆက်မပြတ်ထည့်သွင်းနေကာ အမွှေးအမျှင်များဖြင့် ကြွက်မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွလျက်ရှိသည်။
မဟာမှိုဘုရင်ကမူ အများကြီး ပိုပြီး ထိန်းချုပ်ထားပုံရ၏။ နည်းနည်းချင်းစီသာ တစ်လုတ်ပြီးတစ်လုတ်စားသောက်နေပြီး တစ်ခါတစ်ရံ ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေတတ်ပုံမှ မုန့်သူခိုးတစ်ဦးကဲ့သို့ပင်။
ဟုန်ချန်ယဲ့က ခပ်ဖြည်းဖြည်းနှင့် စနစ်တကျ စားသောက်နေသည်။ သူမ၏ အမူအရာက အေးစက်နေပြီး လူများကို အနားသို့ လက်လွတ်စပယ်မကပ်ရဲလောက်စေသည့် ခံစားချက်အား ပေးစွမ်း၏။
ခွင်းဖန်းမှ ပြောင်းလဲလာသော ကလေးငယ်လေးမှာမူ မည်မျှပင် အရွယ်အစားသေးငယ်ပါသော်ငြား စားကောင်းသောက်ဖွယ်ကို အလွန်နှစ်သက်တတ်သော အာသီသရှိပြီး စားပွဲတစ်ခုလုံးကို ခဏချင်းအတွင်း အပြောင်ရှင်းလင်းလိုက်ရာ ဂိုဏ်းအကြီးအကဲများစွာကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။
"တာအိုရောင်းရင်းယဲ့၊ ရောင်းရင်းနဲ့ ကျွန်တော့်သမီး အရင်ကတည်းက သိကျွမ်းခဲ့ကြတယ်လို့ ကြားတယ်။ အတော်လေး ခင်မင်ကျွမ်းဝင်ခဲ့ကြပုံပဲနော်" အန်းကျစ်ကျိုင်း အပြုံးဖြင့် စကားစလိုက်သည်။
"ဟုတ်ပါ့၊ ဟုတ်ပါ့၊ ဟုတ်ပါ့" ယဲ့ကျွင်းလင် အားရပါးရ စားလို့သောက်လို့ကောင်းနေသည်။ စားရင်းသောက်ရင်း သေချာတုံ့ပြန်ရန် အချိန်မရှိပေ။
အန်းကျစ်ကျိုင်း မျက်လုံးများ လင်းလက်သွားပြီး သူ ရဲရဲဝံ့ဝံ့ မေးလိုက်သည်။ "ဒါဆို ကျွန်တော့်သမီးကို ဘယ်လိုမြင်လဲ?"
ချန်ရှောင်းနှင့် နှိုင်းယှဉ်လျှင် အန်းကျစ်ကျိုင်းသည် ယခုအခါ ယဲ့ကျွင်းလင်ကို ပိုမိုတန်ဖိုးထားမိ၏။ အရေးအကြီးဆုံးအချက်မှာ သမီးဖြစ်သူကလည်း သူ့ကို သဘောကျနေခြင်းပင်။ လူငယ်အချင်းချင်းသာ အဆင်ပြေကြမည်ဆိုလျှင် ဘာလို့မဖြစ်နိုင်ရမှာလဲ?
"ဖေဖေ!"
အန်းမြောင်ယိ မျက်နှာ နည်းနည်း နီမြန်းသွားပြီး ပြစ်တင်ပြောဆိုလိုက်သည်။ "သခင်လေးယဲ့ကို အခုမှတွေ့ဖူးရုံရှိသေး၊ ဒီလိုမေးခွန်းမျိုး ဘာလို့မေးချင်ရတာလဲ? ကျွန်မကိစ္စကို ကျွန်မဘာသာ ဆုံးဖြတ်ပါ့မယ်!"
"ငါ ဒီတိုင်း မေးရုံသက်သက်ပဲ၊ တခြားဘာမှ မဆိုလိုဘူး" အန်းကျစ်ကျိုင်း အဓိပ္ပာယ်ပြည့်ဝစွာ တစ်ချက်ပြုံးပြလိုက်ပြီး သူ့အကြည့်ကို ယဲ့ကျွင်းလင် ဆီ လှည့်လိုက်သည်။ "တာအိုရောင်းရင်းယဲ့၊ ဘယ်လိုသဘောရသလဲ?"
"ကောင်းပါ့ဗျာ..."
"ကောင်းပါ့?!"
အန်းကျစ်ကျိုင်း မျက်နှာမှာ အတော်လေး ဝမ်းသာအားရဖြစ်သွားဟန်ရှိသည်။ ဒါက သူ့သမီးကို စိတ်ဝင်စားတယ်လို့ သွယ်ဝိုက်ပြောဆိုတဲ့ အသိအမှတ်ပြုမှုလား?
သူတို့ နှစ်ယောက်သာ ချစ်ကြိုက်ကြသွားကြမယ်ဆိုရင် ကိစ္စတွေက စီစဥ်ရ ပိုလွယ်ကူသွားလိမ့်မယ်!
ဒီလူဟာ ရှေးခေတ်တစ်ချိန်က မသေမျိုးဘိုးဘေးကြီးတစ်ဦး ကမ္ဘာမြေကို အလည်အပတ်လာရောက်ခြင်း ဖြစ်နိုင်သည်ဟု ကောလဟလများ ထွက်ခဲ့ပေသည့် အန်းကျစ်ကျိုင်းကတော့ လုံးဝဂရုမစိုက်ခဲ့ပါပေ။ ကျင့်ကြံသူများအတွက် အဓိကအရေးကြီးသည်မှာ ပုံပန်းသဏ္ဌာန်နှင့် ခွန်အားသာဖြစ်၏။ အသက်ကို အဲ့လောက်ထည့်တွက်နေစရာမလိုပေ။
ထို့အပြင် လက်ရှိအခြေအနေအရ အားကောင်းသော ကျောထောက်နောက်ခံကို အပီအပြင်ရထားဖို့က အရေးအကြီးဆုံးပင်။
အန်းမြောင်ယိ၏ မျက်နှာလှလှလေးမှာ ပို၍ပင် နီရဲလာသည်။ သူမသည် အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်သော မိန်းမငယ်တစ်ဦးဖြစ်ပြီး ထူးချွန်သော ပါရမီရှင်များစွာက သူမကို စိတ်ပါဝင်စားစွာ ချစ်ခင်နှစ်သက်ခဲ့ကြသော်လည်း ဤသို့သောခံစားချက်မျိုး တစ်ခါသော်မှ မခံစားခဲ့ရဖူးပေ။ ယဲ့ကျွင်းလင်ကို ထိုအချိန်က တွေ့ဆုံခဲ့ပြီးနောက် အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရပြီးချိန်တွင် မသိစိတ်က ထိုသူ့ကို လျှို့ဝှက်စွာ ချစ်ခင်နှစ်သက်ခဲ့မိပြီး လေးစားစိတ်လည်း ဝင်မိရ၏။
ယခု တစ်ဖက်လူမှ သူမကိုနှစ်သက်ပါကြောင်း ကိုယ်တိုင် ဝန်ခံသည်ကို ကြားရသောအခါ အန်းမြောင်ယိသည် အလွန်စိတ်လှုပ်ရှားနေပြီး တစ်ချိန်တည်းတွင် ဖော်ပြ၍မရနိုင်သော ပျော်ရွှင်မှုကို ခံစားမိရသည်။
ဒါဆို သခင်လေးလေးယဲ့ လည်း ကျွန်မကို ကြိုက်တယ်ပေါ့လေ?
"ကောင်းပါ့... အရမ်းအရသာရှိတယ်!"
ယဲ့ကျွင်းလင် ပါးစပ်က ဗလုံးဗထွေးဖြင့် ပြောချင်ရာပြောရင်း မွှေးကြိုင်သင်းပျံ့နေသော အသားကင်ချောင်းတစ်ခုကို ကိုင်ထားသည်။ ထိုအသားကင်ချောင်းထက်တွင် နဂါးသားကို ရှင်းလင်းတိရိစွာ လှီးဖြတ်ထားပြီး ရွှေရောင်တောက်ပအောင် ကင်ထားပါသည်။
ဤကဲ့သို့သော ပါဝင်ပစ္စည်းမျိုးကို ထုတ်ယူနိုင်ဖို့အတွက် ဓားဆင့်ခေါ်ဂိုဏ်း ၏သည် ငွေအများကြီး ပုံအောသုံးစွဲခဲ့ရသည်ပင်။ ထိပ်တန်းအဆင့် ဧည့်ခံပွဲဟု ခေါ်ဆိုရခြင်းမှာ အံ့သြစရာမရှိပေ။
ထိုအသားကင်ချောင်းကို ပြောင်စင်အောင်စားပြီးနောက် ယဲ့ကျွင်းလင် ဝိုင်ခွက်ကို ကောက်ယူကာ တဂွတ်ဂွတ် သောက်ချလိုက်သည်။ ဝိုင်၏ အင်အားကြီးမားသော စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေပြီးနောက် ကြီးမားသော မှော်စွမ်းအင်ဖြင့် ပလဲနံပသင့်စွာ ရောယှက်ပြေလျော့သွားသည်။ သူ့ခန္ဓာကိုယ်မှ ချွေးပေါက်တိုင်းသည် ပွင့်အာလာပြီး နွေးထွေးမှုကို သိသာစွာ ခံစားမိရလေ၏။
"မိုက်လိုက်တာ~!"
ယဲ့ကျွင်းလင်သည် ဝိုင်ခွက်ကို အားရပါးရချီးကျူးကာ ပြန်ချလိုက်ပြီး အရှေ့မှသားအဖနှစ်ယောက် သူ့ကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြောင်ကြည့်နေကြသည်အားမြင်သော် သူပါကြောင်တောင်တောင်ဖြစ်သွားရသည်။ "ဘာလို့ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ၊ ကျွန်တော် ဘာများ မှားပြောမိလို့လဲ?"
အန်းကျစ်ကျိုင်း ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ "ဟားဟား၊ ဘာမှမဟုတ်ပါဘူးဗျာ။ အရသာရှိရင် ပိုစားပါ"
ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်၊ ဒီကောင်က တမင်လုပ်ပြနေတာလား?
အန်းကျစ်ကျိုင်းမှာ ယဲ့ကျွင်းလင်၏ဆိုလိုရင်းကို နားမလည်နိုင်သဖြင့် မျက်နှာပြောင်ပြောင်ဖြင့်ပင် ဆက်မေးရန် ကြံရွယ်သော်လည်း သူ့သမီး၏ကြားဖြတ်မှုကြောင့် ရပ်တန့်လိုက်ရ၏။ "ဖေဖေ၊ ထပ်မမေးပါနဲ့တော့! ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်လဲ!"
ခုနက နားလည်မှုလွဲမှားခဲ့သည်ကို သိလိုက်ရသောအခါ အန်းမြောင်ယိ အလွန်စိတ်ပျက်အားငယ်သွားရပြီး တစ်ချိန်တည်းတွင် အလွန်ရှက်ရွံ့သွားမိသည်။ ထို့ကြောင့် အဖေဖြစ်သူက အားမလျှော့စတမ်း ဆက်မေးချင်သေးသည်ကို မြင်သောအခါ သူမ အလျင်အမြန် တားဆီးလိုက်ရ၏။
တစ်ဖက်လူကို သူမကိုကြိုက်သည်မကြိုက်သည်အား သိချင်စိတ်မရှိတော့ပေ။ သူမ သိသည်မှာ သူမဘက်က လုံလောက်အောင်ချစ်ပေးဖို့ရာသာ ဖြစ်၏။ အကယ်၍ နှစ်ဦးကြားမှာ ပါးလွှာသော မိတ်ဆွေဆက်ဆံရေးကို ကျော်ဖြတ်မိပြီး မပျော်မရွှင်ဖြင့် အဆုံးသတ်ခဲ့ရပါက သူမ၏ ပထမဆုံးသောအချစ်သည် အဓိပ္ပာယ်မဲ့စွာဖြင့် ပျောက်ကွယ်သွားရမည်သာ။
"မြောင်ယိ၊ သမီးကလည်း၊ အင်း!" အန်းကျစ်ကျိုင်း သူ့သမီး၏ ဆိုလိုရင်းကို နားလည်သွားပြီး စိတ်ပျက်အားငယ်စွာ သက်ပြင်းချကာ ဆက်မမေးတော့ဘဲ ရပ်တန့်လိုက်ရသည်။
ယဲ့ကျွင်းလင် မရှင်းပြနိုင်သော သံသယခံစားချက်တစ်မျိုးကို ခံစားနေရသော်ငြား သူဆက်မေးဖို့ကို ပျင်းရိနေပြီး ခေါင်းကိုတွင်တွင်ငုံ့လျက်သာ အစားအသောက်များကို ဆက်လက်ခံစားပျော်မွေ့နေလိုက်တော့၏။
ဖန်းသယ်ကျန့် ဘေးနားမှ ခေါင်းခါရင်း စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ "ဒီကမ္ဘာပေါ်မှာ ဖြေရှင်းရအခက်ခဲဆုံးပုစ္ဆာက ချစ်ခြင်းဆိုတဲ့ စကားလုံးပဲ။ မမလေး ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
ထို့နောက် ငွေရောင်ဝိုင်အိုးကို ကောက်ယူကာ ဝိုင်ခွက်ထဲသို့ ဝိုင်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီးနောက် ဝိုင်ခွက်ကို မြှောက်၍ ယဲ့ကျွင်းလင်ကို ပြောလိုက်သည်။ "အကြီးအကဲယဲ့၊ အဲဒီနေ့က နဂါးတံခါးတည်းခိုဆောင်မှာကတည်းက ခင်ဗျားက တစ်ခုခုတော့ ထူးခြားတယ်လို့ ကျွန်တော် ခံစားမိခဲ့တာ။ နောက်ပိုင်း ဆေးဘုရင်တောင်ကြားမှာ ခင်ဗျား ကျွန်တော့်နဲ့ မမလေးရဲ့အသက်ကို ထပ်ပြီး ကယ်တင်ခဲ့ပြန်တယ်။ ကယ်တင်ပေးခဲ့သမျှကိုသာ ပေါင်းပြောလိုက်ရင် ဒီကျေးဇူးက ဆပ်ဖို့တောင် ခက်ခဲလှပါတယ်။ ကျွန်တော့်ရဲ့ ဂုဏ်ပြုမှုကို လက်ခံပေးပါဦး!"
ထိုသို့ပြောပြီး သူ တစ်မော့တည်း သောက်ချလိုက်သည်။
အန်းကျစ်ကျိုင်း ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ "ကံကြမ္မာပဲ၊ အားလုံးက ကံကြမ္မာအလိုအရပဲ"
သို့သော် ထိုအချိန်တွင် ဖန်းသယ်ကျန့် ရုတ်တရက် ခွက်ကို ရိုက်ချိုးလိုက်ရာ ပွဲရှိလူတိုင်း လန့်ဖျပ်စွာလှည့်ကြည့်လိုက်မိကြ၏။
ထိုသူသည် စားပွဲပေါ်သို့ မတွန့်မဆုတ် ခုန်တက်ကာ အဝတ်အစားများကို အကုန်အစင် ဆွဲချွတ်ပြီး သူ၏ပုံပန်းသဏ္ဌာန်ကို ဂရုမစိုက်စွာ ကခုန်တော့လေသည်။ မြင်ရတွေ့ရသည်မှာ အတော်လေး စည်းမဲ့ကမ်းမဲ့နိုင်လှ၏။
"အား!"
အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းသောကြောင့် ဦးဆောင်ကပြဖျော်ဖြေ အမျိုးသမီးအကြီးအကဲသည် ကြောက်လန့်တကြားဖြင့် သူမ၏မျက်လုံးများကို လက်ဖြင့်အုပ်ကာလိုက်သော်ငြား ထိုလက်ချောင်းများကြားမှ ကွက်လပ်တစ်ခု လှစ်ခနဲပေါ်လာပြီး ကိုယ်လုံးတီးဖန်းသယ်ကျန့်ကို စူးစမ်းလိုစိတ်ဖြင့် စိတ်လှုပ်ရှားစွာ လိုက်ကြည့်နေမိသည်။
ငယ်ရွယ်နုနယ်သော အမျိုးသမီးတပည့်များမှာလည်း ကိုယ်လုံးတီးယောက်ျားကြီးတစ်ဦး တွန့်လိမ်ကခုန်နေသည့် မြင်ကွင်းမျိုးကို မည်သည့်နေရာတွင်မျှ မမြင်ဖူးကြသေးသဖြင့် သူတို့အားလုံး ကြောက်လန့်တကြားဖြင့် ထပ်ခါတလဲလဲ အော်ဟစ်နေကြသည်။
"ငါ၊ ငါ ဘာဖြစ်နေတာလဲ?" ဖန်တယ်ကျန့် ခေါင်းက တဝီဝီမြည်နေပြီး ထိန်းချုပ်မရတော့သော ခန္ဓာကိုယ်ကြောင့် သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။