ကောင်းကင်နတ်အရှင်လင် တိုက်ခိုက်ခံရသော အခိုက်အတန့်
Vol. 119 Ch. 1547
မာန်ဟုန်မြစ်အထက် ကောင်းကင်တွင် မြူများသည် သိပ်သည်းထူထပ်သထက် သိပ်သည်းထူထပ်လာနေသည်။
အုံ့မိုင်းနေသည့် မြူများအကြား၌ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က မီးငှက်၏ ရုပ်ခန္ဓာကို ထိန်းချူပ်ရင်း ပျံသန်းနေသည်။ သူ ပျံသန်းနေစဉ် မြစ်ပြင်ထက်၌ ရပ်နေသော လူရိပ်များအား ရိုးတိုးရိပ်တိပ် မြင်ရတတ်ပြီး မြစ်ကမ်းနှစ်ဖက်ပေါ်က မြင်ကွင်းမှာလည်း လျင်မြန်စွာ ပြောင်းလဲနေ၏။
တောင်တန်းများ မြင့်လိုက်နိမ့်လိုက် ရွေ့လျားနေပြီး ကမ္ဘာလောကသည်လည်း ပြောင်းလဲနေသယောင်ပင်။
တရိပ်ရိပ် ဖြတ်ပြေးနေသည့် ပုံရိပ်များအနောက် လိုက်သွားသည့်အခါ ချင်မူ့အရိပ်တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ချင်မူတစ်ယောက်ချင်းစီ၏ လှုပ်ရှား၊ ရွေ့လျားမှုတို့က မတူညီပေ။
သူ သူတို့အရှေ့ ရောက်သည့်အချိန်မှ ပုံရိပ်ယောင်များသာ ဖြစ်မှန်း သတိထားမိသည်။ ဤပုံရိပ်တို့သည် မြစ်၏ အချိန်စီးကြောင်းအတွင်း၌ ခတ်နှိပ်ခံထားရသယောင် ထင်ရသော်လည်း အချိန်နောက်ပြန်ရစ်၍ အတိတ်သို့ ပြန်သွားနေကြသည်နှင့်လည်း တူသည်။
သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ အဝေးတစ်နေရာမှ ပုံရိပ်ယောင်များက သူ့အရှေ့ ရောက်လာသည့်တိုင်အောင် ပျံ့နှံ့လာနေကြောင်း တွေ့လိုက်ရ၏။ မီးငှက်၏ ခန္ဓာကိုယ် မြူထဲသို့ တိုးဝင်၍ ပျံသန်းနေသည်နှင့်အမျှ ပုံရိပ်ယောင်ပမာဏက များပြားလာချေပြီ။
မီးငှက်၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ပျံသန်းနေသော်လည်း မြစ်တစ်ဖက်ကမ်းစီရှိ ပုံရိပ်ကြောင့် မဟာဧကရာဇ်မှာ တစ်နေရာတည်းတွင်သာ ရပ်နေသလို ခံစားရမိသည်။ ဤအတိုင်းသာ ဆက်သွားနေလျှင် အတိတ်သို့ ပြန်ပို့ရမည့်အလားပင်။
အမှန်တွင်လည်း မဟာဧကရာဇ်မှာ အစမှ အဆုံးအထိ ရွေ့ပင် မရွေ့သေးပေ။ တစ်နေရာတည်းထဲတွင်သာ ရပ်နေခဲ့ပြီး သမိုင်းကြောင်းသည်သာ နောက်ပြန်ရွေ့နေခြင်း ဖြစ်ပေသည်။
လက်ရှိမဟာဧကရာဇ်ပင်လျှင် ဤကောင်းကင်နတ်သိုင်းကို နားမလည်နိုင်ချေ။
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်အပါအ၀င် ကျန်ကောင်းကင်နတ်အရှင်များလည်း ဤမျှ ခက်သော ကောင်းကင်နတ်သိုင်းကို နားလည်နိုင်ကြမည် မဟုတ်ပေ။
'သူသာ ကောင်းကင်နတ်အရှင်လင်ကို ကယ်နိုင်သွားရင် ဘာဖြစ်သွားမှာလဲ...”
မဟာဧကရာဇ်မှာ နေ့လား၊ ညလား မသိတော့ဘဲ မြူများကြားမှသာ ဖြတ်သွားနေရသည်။ တရိပ်ရိပ် ဖြတ်ပြေးနေသည့် ချင်မူ့ကို အစမှ အဆုံးအထိ လိုက်မမှီနိုင်သေးဘဲ ချင်မူ၏ ပုံရိပ်များကိုသာ ခပ်ရေးရေး မြင်နေရသည်။ သို့သော် လိုက်ဖမ်းလိုက်သည့်အချိန်တိုင်း သမိုင်းကြောင်းထဲ၌ ချင်မူ ချန်ထားခဲ့သော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်မှန်း သဘောပေါက်လိုက်ရ၏။
သူ့မှာ မြူများကြားမှ ဖြတ်လာခဲ့ရင်း ပုံရိပ်တစ်ခုပြီးတစ်ခုအား ကျော်ဖြတ်သွားနေသည်။
ရုတ်တရက် သူ့အရှေ့ရှိ မြူခိုးများသည်် တဖြည်းဖြည်း ပါးလွှာလာပြီး အောက်ရှိ ကောင်းကင်နတ်မြစ်ရေများမှာလည်း နောက်ပြန်စီးဆင်းနေခြင်း ရပ်တန့်သွား၏။ သူတို့ မြူများထဲ ၀င်ရောက်ခဲ့သည့်အချိန်မှစ၍ သူတို့အောက်ရှိ ကောင်းကင်နတ်မြစ်ရေကား နောက်ပြန်စီးဆင်းနေခဲ့ခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင် ကောင်းကင်နတ်မြစ်၏ ရေသည် အရှေ့မှ အနောက်သို့ စီးဆင်းသွားပြီး ထိုအခိုက်အတန့်တွင် သူတို့ပတ်ပတ်လည်ရှိ မြူများလည်း လွင့်ပြယ်သွားသည်။ မဟာဧကရာဇ်မှာ အဝေးသို့ လှည့်ကြည့်လိုက်သည့်အခါ နတ်ရောင်နတ်ဝါများ တောက်ပနေသော ကောင်းကင်နတ်ဘုံတစ်ဘုံကို တွေ့လိုက်ရ၏။
သူ့မှာ ကြောင်အသွားပြီး ကောင်းကင်နတ်ဘုံကို မယုံနိုင်စွာ ကြည့်နေမိသည်။
ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ။
သို့မဟုတ် တောင်ပိုင်း၏ ချုံဧကရာဇ်ကောင်းကင်ဘုံဟု ပြောသင့်သည်လော။
ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည့် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကား သူ့အရှေ့တွင် အမှန်တကယ် ပေါ်လာချေပြီ။
'ငါတို့ ချုံဧကရာဇ်ခေတ်ကိုများ ပြန်ရောက်သွားတာလား’ သူ့မှာ ပြောပြမတတ်နိုင်အောင် အံ့ဩမှင်သက်နေမိ၏။
တစ်ချိန်တည်းမှာပင် တောင်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀အရှေ့တွင် ရပ်နေသော ကောင်းကင်နတ်အရှင်လင်ကို မဟာဧကရာဇ် တွေ့လိုက်ရသည်။ ဤမြင်ကွင်းကို ရင်းနှီးနေသလို၊ တစ်ချိန်တည်းမှာတင် မရင်းနှီးသလို ခံစားနေရသည်။
မီးငှက်သည် ခေါင်းရမ်းလိုက်ရင်း စိတ်ပြန်စုစည်းလိုက်၏။
တောင်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်ကိုလည်း မီးငှက်၏ ရုပ်ခန္ဓာထဲမှတစ်ဆင့် မဟာဧကရာဇ် တွေ့မြင်လိုက်ရသည်။ သူသည် လူသားကောင်းကင်နတ်ဧကရာဇ်တစ်ပါး ဖြစ်ပြီး ချုံဧကရာဇ်၏ နောက်ဆုံးလူသားကောင်းကင်နတ်ဧကရာဇ်ဆိုလည်း မမှားပေ။ သူက ကောင်းကင်နတ်အရှင်လင်၏ အနောက်ရှိ တောင်ကောင်းကင်မုခ်၀အောက်တွင် ရပ်နေသည်။
သူ့အနောက်တွင်တော့ တောင်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ စစ်သူကြီးများနှင့် နတ်ဘုရားများ ရပ်နေကြသည်။ သူတို့ထဲတွင် ကောင်းကင်နတ်အရှင်လင်၏ တပည့် ရီရှစ်ရှန်းလည်း ပါဝင်၏။
“ဒီမြင်ကွင်းက ကောင်းကင်နတ်အရှင်လင် သူ့ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ပထမဆုံး ပြီးမြောက်နိုင်ခဲ့တဲ့ အချိန် ထင်တယ် ... ဟုတ်တယ် ကောင်းကင်နတ်အရှင်လင် မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ပထမဆုံး အသက်သွင်းခဲ့တဲ့ မြင်ကွင်းပဲ… ဆိုတော့…”
မဟာဧကရာဇ်သည် ရုတ်တရက် သဘောပေါက်သွားသဖြင့် ကောင်းကင်သို့ ကမန်းကတန်း မော့ကြည့်လိုက်သည့်အခါ ကောင်းကင်သည် နှစ်ခြမ်းကွဲလာကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကား ထွက်လာချေပြီ။
သို့မဟုတ်
ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ မူလဝိညာဉ် ဖြစ်သော ကောင်းကင်နတ်အရှင် မင်ဖန်းယွီဟု ဆိုရမည်။ သူက ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပူးကပ်လျက် ကောင်းကင်နတ်အရှင်လင်ထံ ပြေး၀င်လာနေသည်။
ထိုအချိန်တုန်းက ကောင်းကင်နတ်ဧကရာဇ်တွင် သရုပ်နှစ်ခု ရှိခဲ့၏။ တစ်ဦးက မင်ဖန်းယွီဖြစ်ပြီး နောက်တစ်ဦးက နတ်အရှင်မချန်း ဖြစ်ပေသည်။ မင်ဖန်းယွီက သူ့မူလဝိညာဉ်၏ လူ၀င်စား ဖြစ်ပြီး နတ်အရှင်မချန်းကတော့ သူ ငှားယူထားသော ရုပ်ခန္ဓာ ဖြစ်၏။
မဟာဧကရာဇ်က ရပ်တန့်လိုက်ပြီး မော့ကြည့်နေသည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ အလွန်ကြီးမား၍ ထွားကြိုင်းလှသော ခန္ဓာကိုယ်ကြီးက လှံရှည်ကြီးတစ်လက် ကိုင်လျက် ကောင်းကင်မှ ဆင်းသက်လာနေ၏။ တောင်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်၀အရှေ့တွင် ကောင်းကင်နတ်အရှင်လင်ကား မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေသည်။
ထိုအခိုက်အတန့်တွင် ချင်မူကလည်း သူ့အရှေ့တွင် ရပ်လိုက်ပြီး အရာအားလုံး ရပ်တန့်သွားချေပြီ။
အားလုံး လုံး၀ ရပ်တန့်သွား၏။
ကောင်းကင်နတ်အရှင်မင် ထိန်းချုပ်ထားသော ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဖြစ်စေ၊ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေသည့် ကောင်းကင်နတ်အရှင်လင်ဖြစ်စေ၊ တောင်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်ဧကရာဇ်ဖြစ်စ၊ ရီရှစ်ရှန်း နှင့် အခြားသူများဖြစ်စေ လုံး၀ရပ်တန့်သွားကြသည်။
စောစောက မြစ်တွင် တဝှီးဝှီး တိုက်ခတ်နေခဲ့သော လေပြေ၊ ချုံဧကရာဇ်၏ ကောင်းကင်နတ်ဘုံမှ ထွန်းတောက်နေသော နတ်အလင်းတန်းများ၊ ကောင်းကင်နတ်မြစ်တွင် စီးဆင်းနေသည့် ရေများ အားလုံး ရပ်တန့်သွားကြ၏။
မဟာဧကရာဇ်မှာ ချင်မူ့ကို ပြေး၀င်တိုက်ခိုက်ချင်သော်လည်း သူလည်း မလှုပ်ရှားနိုင်သည်ကို တအံ့တဩဖြင့် သိလိုက်ရသည်။
မီးငှက်၏ ရုပ်ခန္ဓာ မလှုပ်ရှားနိုင်သည်သာမက မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ပင်လျှင် တစ်လက်မလေးမှ မလှုပ်ရှားနိုင်ပေ။
သူ့မှာ အတော်လေး အံ့ဩမှင်သက်နေမိသည်။ ‘ဒီလို ကြောက်စရာကောင်းတဲ့ မှော်စွမ်းအင်က ဘယ်လိုအမျိုးအစားမျိုးလဲ… တာအိုသိုင်းပညာရှင် ထိုက်ယီများ လှုပ်ရှားနေတာလား’
ချင်မူသည် သူ့အသိစိတ်အလျဉ်ကို အာရုံခံမိနေသည့်အလား သူ့အရှေ့မှ စကားသံ ထွက်ပေါ်လာသည်။ “ထိုက်ယီ လှုပ်ရှားနေတာမဟုတ်ဘူး…” သူက ပြော၏။ “ကျွန်တော် ကောင်းကင်နတ်အရှင်လင်ရဲ့ ဆံထိုးကို ထုတ်ပြီးတော့ ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်တာ… ခင်ဗျားရော၊ ကျွန်တော်ရော ဒီကောင်းကင်နတ်သိုင်းထဲ ရောက်နေတဲ့အပြင် ... မဟာဧကရာဇ်၊ ခင်ဗျားက မပြောင်းလဲသော ကောင်းကင်နတ်သိုင်းရဲ့ ဒြပ်၀တ္ထုဖြစ်နေပြီ… ကျွန်တော်ကတော့ မပြောင်းလဲသော ဒြပ်ထုရဲ့ ပြောင်းလဲမှုတွေကို ကြည့်နေတဲ့ အပြင်လူတစ်ယောက်ပဲ”
ချင်မူက သူ့အား လှည့်ကြည့်၍ ပြုံးပြလိုက်သော်လည်း သူ့အပြုံးသည် မြင်ဖူးသမျှထဲတွင် ကောက်ကျစ်စဉ်းလဲဆုံး ဖြစ်နေသလို မဟာဧကရာဇ် ခံစားလိုက်ရ၏။
“မပြောင်းလဲသော ဒြပ်ထုဆိုတာ အဲ့ဒြပ်ထုရဲ့ အချိန်စီးဆင်းမှုလို့ ပြောလို့ရတယ်… အချိန်က မတည်ရှိပေမယ့် တိုင်းတာတဲ့ ပမာဏတစ်ခု အဖြစ်တော့ သုံးလို့ရတယ်…. ကျွန်တော်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ရှေ့ တစ်လှမ်း လျှောက်လိုက်ရင် အချိန်က နောက်ပြန်စီးဆင်းလိမ့်မယ်… နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ရင်တော့ အချိန်က ရှေ့ကို စီးဆင်းလိမ့်မယ်..”
ချင်မူက သူ့ကို ရှင်းပြသည်။ “ကျွန်တော်သာ တစ်နေရာတည်းမှာ ရပ်နေမယ်ဆိုရင် ဒီကောင်းကင်နတ်သိုင်းထဲမှာ ရှိတဲ့ မပြောင်းလဲတဲ့ ဒြပ်ထုတွေအားလုံး ရပ်တန့်သွားလိမ့်မယ်…. မရပ်မယ့်အရာဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိတယ်…. ကျွန်တော်ပြောတာ နားလည်လား မဟာဧကရာဇ်”
မဟာဧကရာဇ်က နားလည်သွားပြီး အက်ကွဲနေသော အသံဖြင့် ပြောသည်။ “ငါက မပြောင်းလဲသော ဒြပ်ထုတစ်ခု ဖြစ်သွားပြီလို့ မင်း ပြောချင်တာမလား… ဒါပေမဲ့ ဘာလို့ ငါ သတိမထားမိရတာလဲ..”
ချင်မူက လှည့်လာသည်။ သူ ထိုသို့လှည့်လိုက်သည့်အချိန်တွင် ကောင်းကင်နတ်သိုင်းအတွင်းရှိ ဒြပ်ထုအားလုံး အနည်းငယ် ပြောင်းလဲသွားကြ၏။ အချိန်က အရှေ့အနောက် စီးဆင်းနေလေသည်။
ဤအခြေအနေမျိုးက တစ်ကမ္ဘာလုံးအား ပုံရိပ်ယောင်ကမ္ဘာသဖွယ် ထင်ရစေသည်။ မရေမတွက်နိုင်သော ရုပ်ပုံများဖြင့် တည်ဆောက်ထားသော ကမ္ဘာအလားပင်။ ချင်မူ၏ ဖြစ်တည်မှုက ဤပုံရိပ်ယောင်ကမ္ဘာကို ပုံပျက်လာစေသည်။
ချင်မူ ငြိမ်ငြိမ်ရပ်လိုက်သည့်အခါမှသာ ထိုပုံပျက်နေခြင်း ပျောက်ကွယ်သွားလေသည်။
“ဒီကောင်းကင်နတ်သိုင်းထဲမှာ အချိန်ရပ်တန့်တာတွေ၊ စီးဆင်းထားတွေ အကုန်လုံးဟာ ဒြပ်ထုအပြောင်းအလဲရဲ့ ရလဒ်တွေပဲ’
ချင်မူက သူ့ဆီသို့ လျှောက်လာသည်။ ချင်မူမှာ ရွေ့လျားနေသော်လည်း သူကတော့ တစ်လက်မလေးမှ မလှုပ်နိုင်သဖြင့် မဟာဧကရာဇ်မှာ အံ့အားသင့်နေမိ၏။
ထူးဆန်းသည်က ချင်မူ လှုပ်ရှားလိုက်သည့်အချိန်တွင် သူ့ပတ်ပတ်ရှိ မြင်ကွင်းများကလည်း ပြောင်းလဲသွားသည်။ မင်ဖန်းယွီက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ကာ ကောင်းကင်နတ်အရှင်လင်၏ ကျောအား လှံဖြင့် ထိုးစိုက်လိုက်ပြီး သူမခန္ဓာကိုယ်ကို မြှောက်ကာ ကောင်းကင်နတ်မြစ်ထဲ ဆောင့်ချလိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်မြစ်ကို ဖြတ်တောက်လိုက်ရင်း မင်ဖန်းယွီအား ကောင်းကင်နတ်သိုင်းထဲ ဆွဲသွင်းလိုက်သည်။
ထိုအခြေအနေတွင်ပင်လျှင် ကောင်းကင်နတ်အရှင်လင်သည် အလွန်တရာ ထိန်းချုပ်ထားနိုင်ပြီး ချုံဧကရာဇ်၊ ကောင်းကင်နတ်ဧကရာဇ်၊ ရီရှစ်ရှန်းနှင့် အခြားသူများကို ကောင်းကင်နတ်သိုင်းထဲ ဆွဲမသွင်းခဲ့ပေ။
“မင်းရဲ့ခန္ဓာကိုယ် လှုပ်ရှားသွားရင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကလည်း အလားတူ ပြောင်းလဲသွားတယ်လို့ ပြောခဲ့တယ်မလား’
မဟာဧကရာဇ်မှာ ဇဝေဇဝါဖြစ်နေမိသည်။ “ဘာလို့ ငါက မပြောင်းလဲရတာလဲ..”
“ခင်ဗျားက မတူဘူး”
ချင်မူက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကြောင့် ဒြပ်ထုဖြစ်လာတာမဟုတ်ဘူး… မပြောင်းလဲတဲ့ ဒြပ်ထုဆိုတာ မှန်ပေမယ့် ကျွန်တော့်ရဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကြောင့် ဖြစ်လာခဲ့တာ…”
သူက အသာအယာ ပြုံးနေပြီး မင်ဖန်းယွီ ကောင်းကင်နတ်အရှင်လင်အား သတ်နေသည်ကို မကြည့်ဘဲ ဆက်လက် ရှင်းပြ၏။ “ကျွန်တော်ရဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းရဲ့ ထိတွေ့တာ ခံလိုက်ရလို့ ကျွန်တော့် ကောင်းကင်နတ်သိုင်းထဲမှာ မပြောင်းလဲသော ဒြပ်ထု ဖြစ်လာတာပဲ”
သူက မီးငှက်ဘေးသို့ လာ၍ ရှေးဟောင်းနတ်ဘုရား၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် မေးလေသည်။ “ခင်ဗျား ကျွန်တော့်အနောက် လိုက်ဖမ်းတုန်းက ကောင်းကင်နတ်မြစ်မှာ ကျွန်တော် ချန်ထားခဲ့တဲ့ ပုံရိပ်ယောင်တွေကို တွေ့ခဲ့ရတယ်မလား… အဲ့ဒါတွေကို ဖြတ်လာခဲ့လား…”
မဟာဧကရာဇ်မှာ ကောင်းကင်နတ်မြစ်ပေါ်တွင် ရပ်တန့်နေပြီး မီးငှက်ခန္ဓာကိုယ်မှာလည်း မီးတဟုန်းဟုန်း တောက်လောင်ကာ တောင်ပံများ ဖြန့်လျက် မလှုပ်မယှက် ရှိနေသည်။
“အဲ့ဒါက ကျွန်တော် ထားခဲ့တဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းပဲလေ”
ချင်မူသည် အလွန်တရာ စိတ်ရှည်နေ၏။ “ခင်ဗျား ပထမဆုံးအရိပ်ကို ဖြတ်လိုက်ကတည်းက ကျွန်တော့်ရဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းနဲ့ ထိတွေ့သွားမှာပဲ…. ကျွန်တော့်သိုင်းအဆင့်က ခင်ဗျားအောက် နိမ့်ကျတော့ ပထမဆုံးကောင်းကင်နတ်သိုင်းတည်းနဲ့ ခင်ဗျားကို သတ်ဖို့ ခက်တယ်…. ဒါပေမဲ့ ခင်ဗျား အရိပ်တစ်ခုတည်းထက် ပိုပြီး ဖြတ်လာခဲ့တယ်မလား… ကျွန်တော့်လက်ရှိ စွမ်းဆောင်နိုင်စွမ်းနဲ့ဆို အရိပ်သုံးခုကတင် ခင်ဗျားကို ရှင်းလင်းသတ်ဖြတ်ဖို့ လုံလောက်နေပြီီ”
သူက လက်မြှောက်၍ မီးငှက်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဖြည်းဖြည်းချင်း ထိလိုက်ရင်း မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို တစ်စချင်း အသေးစိတ် နှုတ်ယူနေသည်။ “ခင်ဗျားက အရိပ်စုစုပေါင်း ၂၃၄၂၃ ခု ဖြတ်လာခဲ့တယ်… တကယ်တော့ အဲ့ဒီလောက် အများကြီး မလိုဘူး”
ပိုပို၍ များပြားသော မဟာဧကရာဇ်၏ အသိစိတ်အလျဉ်များမှာ နှုတ်ယူခြင်း ခံနေရပြီး သူ့အရှေ့တွင် မဟာဧကရာဇ်၏ ပုံရိပ်အဖြစ် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ သို့သော် ၎င်းမှာ အသိစိတ်အလျဉ်ဖြင့်သာ ဖွဲ့တည်ထားခြင်းဖြစ်ပြီး အစစ်အမှန် ရုပ်ခန္ဓာတစ်ခု မဟုတ်ပေ။
“ကျွန်တော် ကောင်းကင်နတ်သိုင်းတွေ အများကြီးထားခဲ့တာက ခင်ဗျားအတွက် မဟုတ်ဘူး… ဒီနေရာကို ၀င်ရောက်လာကြတဲ့ ထိုက်ချူနဲ့ တခြားကောင်းကင်နတ်အရှင်တွေအတွက်ပဲ”
ချင်မူက လက်ချောင်းတစ်ချောင်း ဆန့်တန်း၍ အသိစိတ်အလျဉ် မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ တို့ထိကာ ပြုံးနေသည်။ “ခင်ဗျားရဲ့ အသိစိတ်အလျဉ် အောက်ဘုံကို ဆင်းသက်လာခဲ့တုန်းက အင်အားအကြီးဆုံးအခြေအနေမှာ မဟုတ်ခဲ့ဘူး… အင်အားအကြီးမားဆုံး မဟာဧကရာဇ်က မရှိတော့ဘူး… ခင်ဗျားရုပ်ခန္ဓာက သေသွားပြီ… နတ်အရှင်မချန်းလည်း သေသွားပြီ…. မင်ဖန်းယွီကလည်း ပြာကျသွားခဲ့ပြီ… ဒါပေမဲ့ အသန်မာဆုံးတစ်ခုတော့ ရှိသေးတယ် … အဲ့ဒါက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ တံဆိပ်ခတ်နှိပ်ထားတဲ့ ခင်ဗျားရဲ့ အသိစိတ်အလျဉ်ပဲ...”
သူ၏ လက်ချောင်းက ခပ်ဖွဖွသာ ထိတွေ့လိုက်သော်လည်း အသိစိတ်အလျဉ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများစွာ ဖြစ်ပွားသွား၏။
အသိစိတ်အလျဉ် မဟာဧကရာဇ်သည် နဖူးမှစတင်၍ ကမ္ဘာဦးချီအဖြစ် ပြောင်းလဲသွားပြီး ချင်မူ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
“ကျွန်တော့်ပစ်မှတ်က လက်ရှိခင်ဗျား မဟုတ်ဘူး... မဟာခြုံလွှမ်းကောင်းကင်ဘုံက ခင်ဗျားပဲ” ချင်မူက အေးအေးလူလူ ဆက်ပြောသည်။ “ကျွန်တော် ကယ်ချင်တဲ့ပစ်မှတ်က ကောင်းကင်နတ်အရှင်လင်တစ်ယောက်တည်း မဟုတ်ဘူး… အဲ့ဒီမှာ ပိတ်လှောင်ခံထားရတဲ့ ကောင်းကင်နတ်အရှင်ယွင်လည်း ပါတယ်”
မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အများစုမှာ ဖယ်ရှားနှုတ်ယူခံရပြီး ကမ္ဘာဦးချီမျှင်များအဖြစ် ပြောင်းလဲသွားကြချေပြီ။
အသိစိတ်အလျဉ် မဟာဧကရာဇ်မှာ အားကုန်ရုန်းကန်သော်လည်း မည်သည်မှ မတတ်နိုင်ချေ။
သူ့ခေါင်းတွင် ပါးစပ်တစ်ပေါက်တည်းသာ ကျန်တော့ပြီး ၎င်းသည်လည်း မကြာခင် ပျောက်ကွယ်သွား၏။
“အဲ့ဒါအပြင် နောက်ထပ်ပန်းတိုင်တစ်ခုလည်း ရှိသေးတယ်… အဲ့ဒါက ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်ကို ဖယ်ရှားနိုင်မယ့် အခွင့်အရေးပဲ”
ချင်မူက ပြောသည်။ “ကျွန်တော် ကောင်းကင်နတ်သိုင်းတွေ အများကြီး ထားထားခဲ့တယ်… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင် အဲ့ဒါတွေကို ဖြတ်သွားတာနဲ့ ခင်ဗျားလို ဖြစ်သွားကြလိမ့်မယ် … မဟာဧကရာဇ်၊ အသိစိတ်အလျဉ်တာအိုကို ရရှိသွားတဲ့ ကောင်းကင်နတ်အရှင်မူ ကျွန်တော့်အနေနဲ့ ခင်ဗျားရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း ပြည့်မှီလား..”
မဟာဧကရာဇ်မှာ ပြန်မဖြေနိုင်တော့ချေ။ သူသည် ကမ္ဘာဦးချီမျှင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီး ချင်မူ၏ စုပ်ယူခြင်း ခံလိုက်ရသောကြောင့် မတည်ရှိတော့ပေ။
မဟာဧကရာဇ်သည် မီးငှက်ရုပ်ခန္ဓာကို ထိန်းချုပ်ခဲ့ပြီး သူ့၏စွမ်းဆောင်ရည်များက ဩချဖွယ်ကောင်းလှ၏။ သူသည် ကောင်းကင်နတ်အရှင်တစ်ပါးအဆင့် ရှိသည့် သိုင်းပညာရှင်တစ်ယောက်ဟုလည်း သတ်မှတ်နိုင်ပေသည်။
သို့သော် ချင်မူက လက်လေးတစ်ချက် မြှောက်ရုံဖြင့် သူ့အား သတ်ဖြတ်ခဲ့သည်။ သူ့တွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ချေ။
ချင်မူမှာ ထော့ကျိုး သေဆုံးသွားသည့်နောက်ပိုင်း အကျင့်စရိုက်အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံသည်လည်း ယခင်နှင့်မတူတော့ပေ။
“ဒါက မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းပဲ… ခင်ဗျား သေသွားရင်တောင်မှ မဟာခြုံလွှမ်း အဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ရှိတဲ့ ခင်ဗျားရဲ့ အသိစိတ်အလျဉ်က ဘာတွေဖြစ်သွားမှန်း သိမှာတောင် မဟုတ်ဘူး”
ချင်မူက မီးငှက်ရုပ်ခန္ဓာကို သိမ်းဆည်းပြီးနောက် သူ့ပတ်၀န်းကျင်ရှိ အပြောင်းအလဲများကို စူးစမ်းကြည့်လိုက်သည်။ သူက တစ်ယောက်တည်း ရေရွတ်လိုက်၏။ “ဒါပေမဲ့ ဒီနေရာနဲ့ ကျွန်တော့်ကို ရှာတွေ့နိုင်မယ့် အခွင့်အရေး ပေးလိုက်မယ်… ခင်ဗျား တိုက်ခိုက်လာတာကို အခွင့်ကောင်းယူပြီး မဟာခြုံလွှမ်း အဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာရှိတဲ့ ခင်ဗျားရဲ့ အသိစိတ်အလျဉ်ဆီ လာခဲ့မယ်… မိတ်ဆွေကောင်းတွေလည်း ခေါ်ခဲ့ပါ့မယ် … အစ်ကိုနှစ်၊ ခိုင်ဧကရာဇ် ဒါမှမဟုတ် ကောင်းကင်နတ်အရှင်ဟောင်တို့လိုပေါ့…”