← Chapters

ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ခြင်း

Vol. 119 Ch. 1548 (1)

ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ခြင်း

Vol. 119 Ch. 1548 (1)

ချင်မူက ခြေလှမ်းများကို ဖြေးဖြေးလျှောက်ရင်း ကောင်းကင်နတ်အရှင်လင်ကို တိုက်ခိုက်နေသော ကောင်းကင်နတ်အရှင်မင်ဖန်းယွီ၏ လှုပ်ရှားမှုများကို အနှေးပြကွက်ဖြင့် ကြည့်နေသည်။ သူက သေချာမြင်ရရန် နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သေး၏။

ကောင်းကင်နတ်အရှင်လင်၏ သေဆုံးမှုက ထပ်ခါထပ်ခါ ဖြစ်ပွားနေရသောကြောင့် ချင်မူမှာ စိတ်မထိခိုက်မိအောင် အတတ်နိုင်ဆုံး အားတင်းထားရသည်။

သူ အသေအချာ အသေးစိတ် ကြည့်ရှုနေ၏။ မဟာဧကရာဇ်သည် သူ့လက်ချက်ကြောင့် များစွာ ရှုံးနိမ့်ဖူးသော်လည်း ချင်မူအနေဖြင့် မထင်မသေးပေ။

ပြောရလျှင် မဟာဧကရာဇ်သည် သမိုင်းကြောင်းတလျှောက် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှတစ်ဦး မဟုတ်ပါလော။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပင်လျှင် မဟာခြုံလွှမ်းကောင်းကင်နတ်ဘုံတွင် တံဆိပ်မခတ်နှိပ်နိုင်သေးပေ။ သို့သော် မဟာဧကရာဇ်ကတော့ အသိစိတ်အလျဉ်ဖြင့် တံဆိပ်ခတ်နှိပ်ခဲ့သည်သာမက တာအိုသစ်ပင်၊ တာအိုပန်းပွင့်များနှင့် တာအိုသစ်သီးများကိုပင် ဖွဲ့တည်လာစေခဲ့သည်။

တာအိုကျင့်စဉ်စနစ်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည့် ခိုင်ဧကရာဇ်ပင်လျှင် တာအိုသစ်သီး မသီးသေးချေ။

သူသာ မဟာဧကရာဇ်ကို အပြီးသတ် ရှင်းလင်း၍ ကောင်းကင်နတ်အရှင်လင်နှင့် ယွင်ကို ကယ်တင်ချင်ပါက မဟာခြုံလွှမ်းကောင်းကင်နတ်ဘုံရှိ အသိစိတ်အလျဉ်‌မှ ဖွဲ့တည်လာသော မဟာဧကရာဇ်ကို ရင်ဆိုင်ရပေလိမ့်မည်။

၎င်းက မဟာဧကရာဇ်၏ မူလအရင်းအမြစ်ပင်။

သူ့ကို ရှင်းလင်းဖယ်ရှားပြီးမှသာလျှင် မဟာဧကရာဇ်ဆီမှ မည်သည့်အန္တရာယ်မှ လာတော့မည်မဟုတ်ပေ။

'စကြ၀ဠာ ဖန်ဆင်းခဲ့တဲ့ အချိန်ကတည်းက တာအိုသိုင်းပညာရှင်တွေ သေဆုံးတယ်ဆိုတာ မရှိခဲဘူး… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သေဆုံးကြတော့မယ်’

သူ့အကြည့်က လင်းခနဲ လက်သွားပြီဂ စိတ်ထဲမှ တွေးနေ၏။ ‘အနာဂတ်မှာ ပိုပြီးတော့ သေဆုံးမှုတွေ ရှိလာလိမ့်မယ်… ဒါပေမဲ့ အဖြေထုတ်ရမှာက ငါ မဟာဧကရာဇ်လို တာအိုသိုင်းပညာရှင်တစ်ယောက်ကို ဘယ်လိုသတ်နိုင်မလဲဆိုတာပဲ’

မဟာဧကရာဇ်သည် တာအိုသိုင်းပညာရှင်တစ်၀က်သာ ဖြစ်သေး၏။ သို့ထိတိုင် ချင်မူမှာ သူနှင့်တစ်ခါမှ မရင်ဆိုင်‌ဖူးပေ။

သူ မဟာဧကရာဇ်ကို သတ်နိုင်၊ မသတ်နိုင် ဆိုသည်က လာမည့်တိုက်ပွဲများတွင် များစွာ မူတည်နေသည်။ မကြာခင် ရရှိလာမည့်အတွေ့အကြုံများကို အားကိုး၍ အဖြေထုတ်ရလိမ့်မည်။

သူက မင်ဖန်းယွီ၏ တိုက်ကွက်များနှင့် ရင်းနှီးအကျွမ်း၀င်စေရန် အကြိမ်ကြိမ် ‌လေ့လာနေသည်။ ထို့နောက် တိတ်ဆိတ်စွာ ထိုင်၍ မင်ဖန်းယွီ၏ ကောင်းကင်နတ်သိုင်းများမှ အပြောင်းအလဲတို့အား တွေးတောအဖြေထုတ်နေသည်။

သူ့မှာ အတော်လေး သတိထားနေရသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်လင်အား သူ၏ မပြောင်းလဲသောအခြေ‌အနေမှ ကယ်တင်ရန် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖယ်ရှားရပေလိမ့်မည်။

မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖယ်ရှား၍ ကောင်းကင်နတ်အရှင်လင်ကို ကယ်လိုက်ခြင်းက ‌မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသည့် ‌မင်ဖန်းယွီလည်း ကယ်တင်ခံရမည့်အဓိပ္ပာယ်ပင်။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ် မင်ဖန်းယွီသည် မူလဝိညာဉ်ကို ကျင့်ကြံထားပြီး ကောင်းကင်နတ်အရှင်တစ်ပါးလည်း ဖြစ်သည့်အလျောက် သူ၏ ကောင်းကင်နတ်သိုင်းများမှာ အတော်လေူ ကျယ်ပြန့်နက်နဲပေသည်။

‌ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ၏ ရုပ်ခန္ဓာမှာ သမိုင်းတလျှောက် အသန်မာဆုံးရုပ်ခန္ဓာ ဖြစ်သည်။ အသန်မာဆုံး မူလဝိညာဉ်နှင့် အသန်မာဆုံး ရုပ်ခန္ဓာ ပေါင်းစည်းသွားသည့်အတွက် ချင်မူတစ်ယောက်တည်း ရင်ဆိုင်ရန် မလွယ်ပေ။

ထို့ကြောင့် ချင်မူသည် အရာအားလုံး ရှင်းလင်းပြတ်သားနေစေရန် မင်ဖန်းယွီ၏ တိုက်ကွက်များမှ အပြောင်းအလဲတို့အား နားလည်ထားရလိမ့်မည်။

ချင်မူက ထိုနေရာတွင် ထိုင်လျက် မျက်လုံးများ မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။ မကြာမီ ဟောက်သံများ ထွက်လာပြီး ကောင်းကင်နတ်မြစ်ပေါ်၌ အိပ်မက်ကမ္ဘာများ ဖွဲ့တည်လာသည်။ အိမ်မက်ကမ္ဘာများထဲတွင် မဟာဧကရာဇအသွင်အပြင်ဖြင့် ချင်မူပိစိလေးများ ပေါ်လာကြပြီး သူတို့အားလုံးက တိုက်ကွက်များအားလုံးကို တိကျသေချာစွာဖြင့် တုပနေကြလေသည်။

သူတို့က မဟာဧကရာဇ်၏ အပြင်းထန်ဆုံး တိုက်ကွက်များကို အသက်သွင်းကာ ပြောင်းလဲတိုးတက်လာမှုတို့ကို တစ်ခုချင်း အဖြေထုတ်နေကြ၏။ မဟာဧကရာဇ်၏ တိုက်ကွက်များကို အသက်သွင်း၍ သတ်ဖြတ်နေသာ ချင်မူပိစိလေးများစွာပင် ရှိကြသည်။ အိမ်မက်ကမ္ဘာထဲတွင် သွေးတို့က မြစ်ချောင်းများအလား စီးဆင်းနေကြ၏။

မဟာဧကရာဇ်သည် အရာရာတွင် ထူးချွန်ထက်မြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ပြောနိုင်ပေသည်။

သူ့တွင် ရုပ်ပြောင်းရုပ်လွှဲများစွာ ရှိသည့်အပြင် မဟာဧကရာဇ်ရုပ်ခန္ဓာ၏ ခွန်အားက သူ့ကို‌ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကို ပေးစွမ်း၏။ သူ့အသိစိတ်အလျဉ်က နတ်အရှင်မချန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး တစ်လောကလုံးတွင် အသိစိတ်အလျဉ်အရာ၌ နံပါတ်တစ်သိုင်းပညာရှင်လည်း ဖြစ်လာခဲ့သည်။ သူ၏ မူလဝိညာဉ် မင်ဖန်းယွီကလည်း မူလဝိညာဉ်၏ ခွန်အားကို အထူးပြုကျင့်ကြံသော ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့သည်။

သူ့ရုပ်ခန္ဓာက သန်မာပြီး အနီးကပ်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ သူ့မူလဝိညာဉ်က အစွမ်းထက်ပြီး လမ်းစဉ်နှင့် ကျင့်စဉ်များတွင် ထူးချွန်ပြောင်မြောက်၏။ သူ့အသိစိတ်အလျဉ်ကလည်း အားကောင်းပြီး မြင်ယောင်ဖန်ဆင်းခြင်းနှင့် ဝိညာဉ်ထိန်းချုပ်ခြင်းတို့တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပေသည်။

မဟာဧကရာဇ်တွင် မည်သည့်အားနည်းချက်မှ မရှိပေ။ ကောင်းကင်နတ်အရှင်ကုန်းနှင့် ပတ်သက်လာလျှင်တော့ ခြွင်းချက် ဖြစ်လိမ့်မည်။

ချင်မူကိုယ်တိုင်မှာလည်း မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကို မဟာဧကရာဇ်ဆီမှ သင်ယူခဲ့ပြီး သူ၏အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်မှာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်အပေါ် အခြေခံထားခြင်းဖြစ်သည်။ ၎င်းသည် တစ်ချိန်က သူ၏ အခိုင်မာဆုံး ကောင်းကင်နန်းဆောင် ဖြစ်ခဲ့ဖူး၏။

အချိန်တစ်ခုကြာပြီးနောက် ချင်မူသည် သူ၏အိပ်မက်မှ နိုးထလာပြီး အနည်းငယ် လှုပ်ရှားသွားသည်။ တစ်စုံတစ်ယောက်က သူ ချန်ထားခဲ့သော ပုံရိပ်ယောင်များကို ထိတွေ့လိုက်လေပြီ။

ဤပုဂ္ဂိလ်က ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ခိုင်ဧကရာဇ်ချင်ယဲ့တို့ထဲမှ မည်သူဖြစ်သည်ကိုသာ သူ မသိရပေ။

သို့သော် ခိုင်ဧကရာဇ်သည် တာအိုကျင့်စဉ်စနစ်ဖြင့် ကောင်းကင်ဘုံ ၃၆ ဘုံအထိ ကျင့်ကြံပြီးထားသဖြင့် အစစ်အမှန် တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သူ၏ တာအိုနှလုံးသားက ထက်မြက်သည့်အတွက် ထိုပုံရိပ်များထဲတွင် ‌ကိန်းအောင်းနေသည့် ကောင်းကင်နတ်သိုင်းကို တွေ့မြင်နိုင်လိမ့်မည်။

သူက တွေ့မြင်နေရသရွေ့ သွားထိမည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့၏ တာအိုအဆင့်များမှာ ခိုင်ဧကရာဇ်အောက် နိမ့်ကျသဖြင့် သူတို့နှစ်ယောက်ကသာ အရိပ်များကို ထိနိုင်ခြေများသည်။

‘ဒီတစ်ယောက်က မြန်လိုက်တာ’

ချင်မူ ရင်ထဲတွင် လှုပ်ခတ်လာသည်။ ထိုပုဂ္ဂိုလ်သည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် သူ့အရိပ်များကို ဖြတ်လာနေသည်။ ဤအမြန်နှုန်းနှင့်ဆိုလျှင် ဤနေရာသို့ မကြာခင် ရောက်လာပေတော့မည်။

သို့သော် ထိုပုဂ္ဂိုလ်သည် ရောက်လာတော့မည့်အချိန်မှာပင် သူ၏အာရုံစက်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွား၏။

ချင်မူက မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူလာနေသော ဦးတည်ရာဘက်သို့ ကြည့်လိုက်သည်။ သို့သော် မည်သူ့ကိုမှ မမြင်ရပေ။

'မြေခွေးအိုကြီးတွေပဲ’

‌ချင်မူမှာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ၀င်ရောက်လာသူမှာ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။ ‘သူ့ကိုယ်သူ ရုပ်လုံးထွက် မပြတဲ့သူက ကောင်းကင်နတ်အရှင်ဟောင် ဖြစ်ဖို့များတယ်…. ကောင်းကင်နတ်အရှင်ဟောင်က အလောကြီးမနေတဲ့အပြင် အကျိုးအမြတ် များများ ရမယ့်သူ မဟုတ်ဘူး… အကျိုးအမြတ် များများရမယ့်သူတွေက ငါ၊ မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ရှောင်ပဲ… ဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်က အခွင့်အရေးစောင့်ပြီး အကျိုးအမြတ်တွေကို သိမ်းပိုက်ဖို့ လုပ်နိုင်တယ်..”

သူက တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ နှစ်ရက်၊၊ သုံးရက်ခန့် ကြာပြီးနောက် သူ ချန်ထားခဲ့သော ပုံရိပ်တစ်ခုကို တစ်စုံတစ်ယောက် ထိတွေ့လိုက်သည်အား ခံစားလိုက်ရပြန်၏။

ထိုသူမှာ အင်မတန် သတိကြီးကြီးထားနေလေသည်။ ပထမဆုံးပုံရိပ်ကို ထိကြည့်ပြီးနောက် ဒုတိယမြောက်တစ်ခုကို မထိတော့ပေ။

ချင်မူ အချိန်အတော်ကြာ စောင့်နေသော်လည်း ဤပုဂ္ဂိုလ်သည် အခြားပုံရိပ်များကိုလည်း မထိပေ။

“ဒီတစ်ယောက်က ကောင်းကင်နတ်အရှင်ရှောင်ပဲ”

ချင်မူမှာ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ ကောင်းကင်နတ်အရှင်ရှောင်သည် သူ ထင်ထားသည်ထက် ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်လာသောကြောင့် သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်သွား၏။

'ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်သွားတုန်းက ကောင်းကင်နတ်အရှင်ရှောင်က အခွင့်အရေးယူခဲ့တာတော့ မဟုတ်လောက်ဘူးမလား...”

သူက တိတ်ဆိတ်သွားပြီးနောက် စဉ်းစားနေသည်။ ‘ငါသာ ကောင်းကင်နတ်အရှင်ရှောင်ဆိုရင် ခိုင်ဧကရာဇ် ထွက်သွားတာနဲ့ သေချာပေါက် မဟာလေဟာနယ်တစ်ဖက်ကမ်းဆီ သွားပြီး မူလကျောက်တုံး သွားယူမှာပဲ…. အဲ့ဒီနေရာက ဖန်ဆင်းရှင်တွေအားလုံး သတ်ဖြတ်ပြီး သူတို့ရဲ့အသိစိတ်အလျဉ်တွေကို စုပ်ယူလိုက်ရင်း ငါ့ကိုယ်ငါ သန်မာအောင် လုပ်မယ်... ပြီးတော့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ သူ့ကို သတ်ဖို့ ငါ စောင့်နေမှာကိုလည်း သေချာပေါက် ရိပ်မိမှာပဲ …”

ချင်မူက ခေါင်းမော့လိုက်ရင်း သက်ပြင်းတစ်ချက်အား ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်မိသည်။ ‘ကောင်းကင်နတ်အရှင်ရှောင်က ရက်အနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာတာဆို‌တော့ မဟာလေဟာနယ်တစ်ဖက်ကမ်းတော့ ဖျက်ဆီးခံလိုက်ရပြီပေါ့လေ …. ကောင်းကင်နတ်အရှင်ရှောင်ရဲ့ စွမ်းဆောင်ရည်တွေလည်း အတော်ကို တိုးတက်သွားလောက်ပြီ’

သူက စိတ်ပြန်ထိန်းလိုက်၏။ ကောင်းကင်နတ်အရှင်ရှောင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကို အကောက်ကြံရသည်မှာ အမှန်တကယ်ပင် လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။

'ဒါ့အပြင် ကောင်းကင်နတ်အရှင်ရှောင်က အန္တိမဟင်းလင်းပြင်ထဲ ၀င်ရောက်ပြီး သူ့စွမ်းအားကို အတင်းအကြပ် တံဆိပ်ခတ်နှိပ်ခဲ့ပြီးပြီလား ဆိုတာလည်း ငါ မသိသေးဘူး… သူသာ ဒီအဆင့်ကို အောင်မြင်သွားရင် အစွမ်းက အဆမတန် တိုးတက်သွားလိမ့်မယ်… ခိုင်ဧကရာဇ် သူ့ကို အနိုင်ယူနိုင်၊ မယူနိုင်က ၅၀-၅၀ ဖြစ်သွားပြီ’

ချင်မူသည် မျက်လုံးများ မှိတ်လိုက်၏။ တခဏကြာသော် ပြန်ဖွင့်လိုက်ပြီး သူ၏ကောင်းကင်ရတနာနယ်ပယ်ကား ပြန့်ကားဖြာထွက်သွားလေပြီ။

သူ့ကောင်းကင်ရတနာနယ်ပယ်သည် ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး ကောင်းကင်နတ်မြစ်၏ မြူတို့အပေါ် လွှမ်းခြုံလိုက်သည်။ ချင်မူ့လက်ညှိုးက သူ့မျက်ခုံးနှစ်ဖက်ကြားသို့ တို့ထိလိုက်သည့်အခါ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်းပွင့်လာ၏။

မျက်လုံးပွင့်လာသည်နှင့် သူ့ရုပ်ခန္ဓာနှင့် ကောင်းကင်ရတနာနယ်ပယ်သည် ကောင်းကင်နတ်မြစ် မြူခိုးများမှ ချက်ချင်း ခွဲထုတ်ခံလိုက်ရတော့သည်။

သူ့အရှေ့တွင် ကောင်းကင်နတ်မြစ်အပိုင်းအစတစ်ခုသာ ကျန်ရစ်ခဲ့၏။

၎င်းက ကောင်းကင်နတ်အရှင်လင် ဖြတ်တောက်ခဲ့သော ကောင်းကင်နတ်မြစ် ဖြစ်လေသည်။ ဒြပ်ထုအဖြစ် အလွယ်တကူ ပြောင်းလဲ၍မရနိုင်သော ကောင်းကင်နတ်မြစ်လည်း ဖြစ်သည်။

All Chapters