ထာဝရချိတ်ပိတ်ခြင်း
Vol. 119 Ch. 1549
ကောင်းကင်နတ်အရှင်လင်မှာ နှလုံးသားထဲ၌ ပြောပြမတတ်အောင် နွေးထွေးသွားသည်။ ယခုလိုမျိုး တစ်ခါမှ မခံစားခဲ့ဖူးသည်မှာ အမှန်ပင်။
‘ငါလေ နင့်ကို စောင့်နေတာ ကြာပြီသိရဲ့လား’ ဟု မေးလိုက်ချင်ပါသော်လည်း နှုတ်မှ ထွက်မလာပေ။
သူမသည် မည်မျှသေခဲ့ပြီးသည်လဲ မမှတ်မိနိုင်တော့သည့်တိုင်အောင် သေခဲ့ရ၏။ အသတ်ခံရသည့် အကြိမ်တိုင်း မြန်ဆန်လွန်းပြီး အင်မတန်မှ နာကျင်ရသည်။ သို့သော် သံသရာသည် အဆုံးမသတ်ခဲ့။
သူမ၏တပည့် ရီရှစ်ရှန်းက ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကို ချိတ်ပိတ်ကာ ကောင်းကင်နတ်မြစ်အောက်ပိုင်းတွင် သူမအလောင်းများကို ဆယ်ယူနေခဲ့သည်။ ဆယ်ယူပြီးသည့် အလောင်းတစ်လောင်းတိုင်းအား အခေါင်းဖြင့် မြှုပ်နှံပေး၏။ သို့သော် ကောင်းကင်နတ်သိုင်း ပေါ်ထွက်လာလျှင် အလောင်းမှာ မြစ်ရေအဖြစ် ပြန်လည်ပြောင်းသွားတတ်သည်။
ဤသို့ဖြင့် နှစ်ပေါင်းလေးသောင်းကျော် ကြာမြင့်လာသည့်အခါ သူမ၏အခေါင်းတို့သည် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံတစ်ခုလုံးတွင် ပြည့်နှက်လာခဲ့တော့သည်။
နှစ်ပေါင်းလေးသောင်းအတွင်း သူမမှာ ထပ်ခါတလဲလဲ အသတ်ခံခဲ့ရသည်။ အတောမသပ်နိုင်သော ဤသံသရာကြီးအား စိတ်ကုန်လာသည့်အခါ သူမကိုယ်တိုင်ပင် အဆုံးစီရင်ချင်ခဲ့၏။ သို့သော် သူမပင်လျှင် သူမ၏ ကောင်းကင်နတ်သိုင်းအား မချိုးဖျက်နိုင်ပေ။ မဟာဧကရာဇ်မင်ဖန်းယွီက မြန်လွန်းသဖြင့် သူမအတွက် ကောင်းကင်နတ်သိုင်းကို မည်သို့ချိုးဖျက်သင့်သည်လဲ စဉ်းစားရန် အချိန်မရပေ။
မည်သူမဆို ဖန်တရာတေနေသည့် ဇာတ်လမ်းတစ်ပုဒ်အား ကြားရရုံမျှနှင့် ငြီးငွေ့ရသည် မဟုတ်လော။ စိတ်မာလှပါသည် ဆိုသော လူတစ်ယောက်ပင်လျှင် အတောမသပ်နိုင်အောင် သေနေရပါက ပြိုလဲသွားမည်သာ။ လူထဲက လူ ဖြစ်သော ကောင်းကင်နတ်အရှင်လင်အတွက်လည်း အလားတူပင်။
ထိုသို့ စိတ်ပျက်စရာ သံသရာထဲ၌ ချင်မူ့ကို မြင်လိုက်သည့်အခါ အံ့ဩမှုနှင့် ကြည်နူးမှုသည် သူမနှလုံးသားထဲ၌ ပေါက်ဖွားလာတော့သည်။
ကောင်းကင်နတ်အရှင်လင်သည် ခပ်မာမာ မိန်းမသားတစ်ယောက် ဖြစ်၏။ သို့သော် မည်မျှပင် မာကြောစေကာမူ ၊ နှစ်ပေါင်းများစွာ သေဆုံးနေခဲ့ရခြင်းကြောင့် နာကျင်ပြီး ပြိုလဲသွားမည်သာ။
သူမမှာ ချင်မူ့မျက်နှာမှ အကြည့်မလွှဲနိုင်ပေ။ သူ့လက်မှ အနွေးဓာတ်သည် သူမခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သော လှံထိပ်၏ အအေးဓာတ်အား အစားထိုးသွားခဲ့ချေပြီ။ သူမမှာ အသက်ပြန်ရှင်လာသလို ခံစားလာရသည်။
သို့သော် ထိုခံစားချက်ကိုပင် မယုံရဲသေးပေ။
ချင်မူ့အသံကို ကြားလိုက်သည့်အခါမှ သူမနှလုံးသား၏ အနက်ရှိုင်းဆုံးထဲ၌ အနွေးဓာတ်လေး ပေါက်ဖွားလာပြီး တစ်ကိုယ်လုံး ဖြာဆင်းသွားတော့သည်။
အခြားတစ်ဖက်တွင် ... မဟာဧကရာဇ်၏ မူလဝိညာဉ်၊ မင်ဖန်းယွီသည် တောင်ဝှေးကြောင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ခန္ဓာကိုယ်မှ နှင်ထုတ်ခံလိုက်ပြီးနောက် နောက်ဆုတ်နေသည်ကို ချက်ချင်း ရပ်ကာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဆီသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်၏။
“မဟာဧကရာဇ်၊ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူရဲ့ ရုပ်ခန္ဓာထဲကနေ ရိုက်ထုတ်ခံလိုက်ရတာတောင် ပြန်ဝင်လာချင်သေးတာလား”
ချင်မူက နောက်လှည့်၍ ပျံသန်းလာနေသော မဟာဧကရာဇ်၏ မူလဝိညာဉ်ဆီ ပြုံးပြလိုက်သည်။ “ကျုပ်ကိုတော့ ခင်ဗျား မသိလောက်သေးဘူး... ကျုပ်နာမည်က ချင်မူ ၊ နွားကျောင်းသား ချင်မူပဲ... ကျုပ်ကို ကောင်းကင်နတ်အရှင်မူလို့ ခေါ်နိုင်တယ်... ခင်ဗျားအနေနဲ့ ကျုပ်ကို မသိသေးပေမယ့် ကျုပ်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မုန်းပြီး သတ်နေခဲ့ကြတာ ကြာပြီ”
သူသည် ပြုံးနေသော်လည်း သူ၏ တိုက်ကွက်များက အတိုင်းထက်အလွန် ပြင်းထန်ကြမ်းတမ်းသည်။ သူက လက်ဆန့်ထုတ်ကာ နတ်ဘုရားစီရင်ရာဓားမကို ဆုပ်ကိုင်လိုက်၏။ သူ့ကြောင့် ဓားမနှစ်လက်မှာ တစ်လက်တည်း ပေါင်းစည်းနေပြီး ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ခုတ်ချလိုက်သည်။
ဤဓားမကား ခမ်းနားထည်ဝါနေပြီး ဓားမတာအို၏ အရှိန်အဝါကို ဖော်ကျူးပြသနေသည်။
ချင်မူက တာအိုကျင့်စဉ်စနစ်အရ ၃၅ ခုမြောက် ကောင်းကင်နတ်ဘုံအဆင့် ဖြစ်၏။ သူ၏ နတ်ဘုရားစီရင်ရာစင်မြင့်သည်လည်း ဟင်းလင်းပြင်အလွှာ ၃၅ လွှာမြောက်အထိ ရောက်နိုင်သည်။ နတ်ဘုရားစီရင်ရာစင်မြင့် အသက်သွင်းခံလိုက်ရသည့်အခါ နတ်ဘုရားစီရင်ရာဓားမ၏ စွမ်းအားလည်း အဆုံးအစွန်အထိ မြင့်တက်သွားသည်။
သူ၏ဓားမက ခိုင်ဧကရာဇ်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည့်အပြင် တာအိုနှလုံးသားကိုပင် ယိမ်းယိုင်စေခဲ့သည်။ သို့သော် ထိုမျှကြောက်မက်ဖွယ်ရာ ဓားမတစ်လက် ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ မျက်ခုံးနှစ်ဖက်ကြားအပေါ် ဆင်းသက်သွားသည့်အခါ အရေပြားပေါ်၌ ခြစ်ရာပင် ထင်မသွားပေ။
ချွမ်
ရုပ်ခန္ဓာဆီမှ ပြင်းပြင်းထန်ထန် တုန်ခါသွားသံ ထွက်လာကာ ချင်မူ့လက်ထဲရှိ နတ်ဘုရားစီရင်ရာဓားမကို ခါသွားပြီး ပြန်ကန်မြောက်တက်သွားစေသည်။ ချင်မူမှာ အံ့အားသင့်သွားမိသည်။ ‘မာလိုက်တဲ့ ရုပ်ခန္ဓာ’
ချင်မူ မယုံနိုင်အောင် ဖြစ်မိသည်။ ဤမျှ မာသော ရုပ်ခန္ဓာမျိုး တစ်ခါမှ မမြင်ဖူးပေ။
နတ်ဘုရားစီရင်ရာဓားမသည် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကိုပင် ခုတ်ပိုင်းနိုင်သည့်တိုင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာအပေါ်၌ ခြစ်ရာပင် ထင်အောင် မလုပ်နိုင်ပေ။
ထိုကဲ့သို့ ရုပ်ခန္ဓာတစ်ခူ၏ ခွန်အားကား မဟာဧကရာဇ်၏ ရုပ်ခန္ဓာထက် များစွာသာလွန်ပေသည်။
“အသန်မာဆုံး ရှေးဟောင်းနတ်ဘုရား ဆိုတဲ့အတိုင်းပဲ”
ဤအခိုက်အတန့်တွင် ချင်မူပင်လျှင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကြောင့် စိတ်လှုပ်ရှားမိသည်။ ထိုမျှအားကောင်းသန်မာသော ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်လျှင် ပြိုင်ဘက်ကင်းပြီ မဟုတ်လေလော။
သူက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပြီး သူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်လိုက်သည်။ ဓားမကိုလည်း သိမ်းလိုက်ကာ လက်ချောင်းများ ဖြန့်ကားပြီး လက်ချောင်းသိုင်းကွက်များ ဆက်တိုက် ထုတ်လွှတ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
သူက လက်ချောင်းတစ်ချောင်းပြီးတစ်ချောင်း ဆန့်ထုတ်လိုက်သည့်အခါ ဟင်းလင်းပြင်အလွှာများ ပြန့်ကားသွားပြီး မင်ဖန်းယွီနှင့် ထိုက်ချူ၏ ရုပ်ခန္ဓာအကြား ဝေးကွာသထက် ဝေးကွာသွားစေသည်။
မူလဝိညာဉ် မင်ဖန်းယွီသည် အော်ဟစ်ကြိမ်းဝါးလျက် ဝင်လာနေ၏။ သူက ရှေ့တစ်လှမ်း ခုန်လိုက်ကာ ပြန့်ကားလာနေသည့် နေရာဟင်းလင်းပြင်အလွှာများအား ဖြတ်ကျော်သည်။ သူ၏ လက်ဝါးက ရှေ့သို့ တွန်းလိုက်လျှင် အရှေ့ရှိ ဟင်းလင်းပြင်အလွှာများ လိပ်တက်သွားတတ်သည်။ သူ့တွင် ပြိုင်ဘက်ကင်းသော မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းတို့ ပိုင်ဆိုင်ထားကြောင်း သိသာသည်။
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ရှောင်သည် ဤအခြေအနေကို မြင်ပါက သူ၏ရုပ်ခန္ဓာအား ပြန်သိမ်းရန် လှုပ်ရှားသင့်ချေပြီ။ သို့သော် ယခုတိုင်အောင် မလှုပ်ရှားသေးရာ သိပ်သဘာဝမကျပေ။
သို့ပင်ပြား မဟာဧကရာဇ်၏ မူလဝိညာဉ်က တိုက်ခိုက်နေသောကြောင့် ချင်မူအနေဖြင့် စဉ်းစားရန် အချိန်မရှိပေ။
သူက ကောင်းကင်နတ်အရှင်လင်၏ လက်ကို လွှတ်လိုက်ပြီး လက်ဝါးနှစ်ဖက်လုံးဖြင့် ရှေ့သို့ တွန်းလိုက်သည်။
မူလချီ ဖရဲဖရဲတာအိုသိုင်းကွက်
သူ၏လက်ဖဝါးများသည် မဟာဧကရာဇ်၏ လက်အစုံဖြင့် ထိတိုက်သွားပြီး နှစ်ယောက်စလုံး၏ ကောင်းကင်နတ်သိုင်းများ တရှိန်ထိုး ပေါ်ထွက်လာသည်။ ချင်မူ၏ အနက်ရောင်ဆံပင်ရှည်ရှည်များ လေထဲတွင် တဖျတ်ဖျတ် လွင့်ခါသွားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ သွေးချီတို့ကား ရေတံခွန်ပမာ တိမ်တိုက်အတွင်းသို့ ဝေါခနဲ ထိုးတက်သွားတော့သည်။
မဟာဧကရာဇ်၏ မူလဝိညာဉ်က ရပ်တန့်လိုက်ပြီး ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်ရန် အသည်းအသန် တိုးဝင်နေ၏။
ချင်မူမှာ အလွန်အစွမ်းထက်၍ သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်နိုင်သော်လည်း မဟာဧကရာဇ်အနေဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝင်နိုင်သရွေ့ ချင်မူ့အား တစ်ချက်တည်း သတ်ဖြတ်နိုင်သည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရားစီရင်ရာဓားမက ပျံတက်လာကာ သူ့ဆီ ခုတ်ချလိုက်သည်။
မဟာဧကရာဇ်၏ မူလဝိညာဉ်က မျက်မှောင်ကြုတ်ပြီး ဓားမရောင်ကို လျစ်လျူရှုူကာ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ အတင်းအဓမ္မဝင်သွားသည်။ သို့သော် သူ၏မူလဝိညာဉ် ၎င်းရုပ်ခန္ဓာထဲ တစ်ဝက်သာ ဝင်ရသေးသည့်အချိန် ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ချင်မူ လက်ညှိုးထိုးလိုက်သည်ကို မြင်လိုက်ရ၏။ ချင်မူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “ထာဝရ ချိတ်ပိတ်လိုက်”
မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာကာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအပေါ် လွှမ်းခြုံသွားသည်။
ကောင်းကင်နတ်အရှင်လင်၏ မျက်ဝန်းလေးများ တောက်ပသွားပြီး သူမက ချီးကျူးလေသည်။ “ဒီမပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းက တယ်ဟုတ်တာပဲ”
မဟာဧကရာဇ်၏ မူလဝိညာဉ် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ ဝင်လိုက်သည့်အချိန်မှာပဲ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက ထွက်ပေါ်လာသည်။ လက်ခနဲ အလင်းတစ်ချက်နှင့်အတူ သူ့မူလဝိညာဉ်တစ်ဝက်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာထဲမှ ထွက်လာသည်။ ကျန်တစ်ဝက်မှာမူ အထဲ၌ ကျန်ခဲ့လေသည်။
မဟာဧကရာဇ်၏ မူလဝိညာဉ် မင်ဖန်းယွီမှာ အံ့အားသင့်သွားပြီး ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ နောက်တစ်ကြိမ် ပြန်ဝင်ရန် ကြိုးစားသော်လည်း မထူးပေ။ သူ့မှာ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း၏ သက်ရောက်မှုကြောင့် ဟိုမရောက်၊ သည်မရောက် ဖြစ်နေတော့သည်။
“မမကြီး ကောင်းကောင်း သင်ပေးထားလို့ပါ” ချင်မူက ကောင်းကင်နတ်အရှင်လင်၏ ချီးကျူးစကားကို နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။
သူ့လက်ထဲရှိ ဓားမကား ညှာတာမှုတစ်စက်မှ မရှိဘဲ မဟာဧကရာဇ်၏ မူလဝိညာဉ်ဆီသို့ ခုတ်ချချေပြီ။
သူ၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းသည် အမှန်တကယ် ပြိုင်ဘက်ကင်း၏။ သူ ထုတ်လွှတ်လိုက်သော ကောင်းကင်နတ်သိုင်းက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း အပြည့်အစုံ မဟုတ်ပေ။ ကောင်းကင်နတ်သိုင်းအသုံးပြုသူအား ဒြပ်ထုအဖြစ် မပြောင်းပေးအောင် တစ်စိတ်တစ်ပိုင်းသာ သုံးထားခြင်း ဖြစ်ပေသည်။
သို့သော် ကောင်းကင်နတ်သိုင်း၏ တစ်စိတ်တစ်ပိုင်းကပင် မဟာဧကရာဇ်၏ မူလဝိညာဉ်က မလွတ်အောင် ချုပ်ထားနိုင်သည်။
မဟာဧကရာဇ်၏ မူလဝိညာဉ်မှာ ပို၍ပင် ထိတ်လန့်ပူပန်လာတော့သည်။ သူက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာတစ်ဝက်ကို ထိန်းချုပ်ကာ ချင်မူ့ဓားမရောင်အား ကာလိုက်သည်။ ချွမ်ခနဲ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ချင်မူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ သူက ကောင်းကင်နတ်အရှင်လက်၏ လက်ကို ကပျာကယာ ဆွဲကာ မဟာဧကရာဇ်၏ လှံအား ရှောင်လိုက်သည်။
ဗွမ်း
လှံ၏ စွမ်းအားက မြစ်ရေပြင်အား တရွတ်တိုက် ဖြတ်လျက် ကွဲထွက်သွားစေသည်။ လှံ ဖြတ်ကျော်သွားသည့်အခါ ဘေးနှစ်ဖက်၌ တောင်ကြီးတမျှ မြင့်မားသော လှိုင်းလုံးကြီးများ မြောက်တက်လာသည်။
ချင်မူက ထိုက်ယီတောင်ဝှေးကို ချက်ချင်း မြောက်၍ တိုက်ကွက်ကို ခုခံလိုက်လေသည်။
ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ အတိုက်အခိုက်စွမ်းရည်က အားကောင်းပြင်းထန်လွန်းသောကြောင့် ထိုက်ယီ၏တောင်ဝှေးကို သုံးကာ ပြန်တိုက်ခိုက်ရသည်။ မဟုတ်လျှင် ကပ်ဘေးဓားဖြင့်ပင် ကောင်းကင်နတ်ဧကရာဇ်၏ တိုက်ကွက်ကို ကာဆီးနိုင်မည် မဟုတ်ပေ။
ဘုန်း
ချင်မူ့ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အဝတ်စများ လေတွင် လွင့်ခတ်သွားသည်။ သူ့ခါး၌ ချိတ်ထားသော ကပ်ဘေးဓား၏ ဓားအိမ်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ကပ်ဘေးဓားသည် ရေထဲ ကျသွားတော့၏။
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကား နတ်ဘုရားစီရင်ရာစင်မြင့်ထက်၌ ရပ်လျက် ရိုက်ချက်တစ်ချက်တည်းဖြင့် နတ်ဘုရားစီရင်ရာဓားမနှစ်လက်အား ချိုးခြေပစ်လိုက်ချေပြီ။ မင်ဖန်းယွီသည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲ အသည်းအသန် ဝင်ရောက်ပြန်၏။
သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ မထူးပေ။ မူလဝိညာဉ်မှာ အပြင်တစ်ဝက် အထဲတစ်ဝက် ရောက်နေသောကြောင့် ရုပ်ခန္ဓာအပေါ် အပြည့်အဝ မထိန်းချုပ်နိုင် ဖြစ်နေတော့သည်။
ချင်မူက ရောက်လာပြန်ကာ ပြုံးပြသည်။ “မဟာဧကရာဇ်၊ ကျွန်တော် နတ်အရှင်မချန်းကို ရေနှစ်မသတ်ခင် ခင်ဗျားနဲ့ တိုက်ခိုက်တဲ့အခါ သိက္ခာရှိရှိ သေနိုင်မယ့် အခွင့်အရေးပေးမယ်လို့ ပြောခဲ့တယ်... အခု အဲဒီကတိ တည်ပေးမယ်”
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ဒေါသမာန်စွယ်အပြည့်ဖြင့် အော်ဟစ်လိုက်ပြီး ခြေကို ခပ်ပြင်းပြင်း ဆောင့်နင်းချလိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ အထပ် သုံးဆယ့်ငါးထပ်လုံး ကြေမွသွားလေသည်။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအား မည်မျှကြောက်မက်ဖွယ်ရာကောင်းမှန်း သူ သိသည်။ ခိုင်ဧကရာဇ်၏ တာအိုအဆင့် ကောင်းကင်ဘုံ ၃၅ ထပ်ပင် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
အကြောင်းအရင်းမှာ ... နတ်ဘုရားစီရင်ရာစင်မြင့်သည် ဘိုးဘေးနန်းတော်၏ မဟာတာအိုမှ ဖွဲ့တည်လာသော သဘာဝတာအိုဝတ္ထုတစ်မျိုး ဖြစ်သည့်အတွက်ပင်။ ခိုင်ဧကရာဇ်အနေဖြင့် တာအိုကိုယ်တိုင် ဖြစ်လာသည့်အခါမှ ဤစင်မြင့်ကို ဖျက်စီးနိုင်လိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ခွန်အားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်သာ။ မဟာဧကရာဇ်အနေဖြင့် ရုပ်ခန္ဓာတစ်ဝက်သာ ထိန်းချုပ်နိုင်သည့်တိုင် ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်နိုင်သော ခွန်အား ရှိနေသေးသည်။
သို့သော် ပို၍ထူးဆန်းသည်က ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ခိုင်ဧကရာဇ်တို့အနက်မှ တစ်ယောက်မှ မလှုပ်ရှားသေးခြင်းပင်။
သူတို့သည် ကိုယ်ထင်မပြသလို၊ ဝင်လည်း မတိုက်ခိုက်သေးပေ။ တစ်ခုခုတော့ ထူးဆန်းနေသည်။
အေးစက်စက် အလင်းတစ်ချက်က ချင်မူ့မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။ သူက ကောင်းကင်နတ်အရှင်လင်၏ လက်ကို ဆွဲကာ မဟာဧကရာဇ်ဆီ ပြေးဝင်သွား၏။ မဟာဧကရာဇ်က ခြေတစ်ချက် ထပ်ဆောင့်ချလိုက်ရာ နတ်ဘုရားစီရင်ရာစင်မြင့်မှ အက်ကွဲသံများ ထွက်လာတော့သည်။ စင်မြင်ကြီးကား ပြိုကျတော့မည့်အလားပ်င။
ကောင်းကင်နတ်ဧကရာဇ်၏ ချီနှင့်သွေးတို့က ပွက်ပွက်ဆူလာပြီး ပိုပို၍ အားကောင်းလာကာ နတ်ဘုရားစီရင်ရာစင်မြင့်၏ သဘာဝကို ဖယ်ရှားနေချေပြီ။
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာ၌ ကိန်းဝပ်နေသည့် ချီ၊ သွေးနှင့် ယှဉ်လျှင် နတ်ဘုရားစီရင်ရာစင်မြင့်၏ ချီ၊ သွေးမှ ဘာဆိုဘာမှ မဟုတ်ပေ။
ဤချီနှင့် သွေးသည် အားကောင်းပြင်းထန်လှသည့်အတွက် နတ်ဘုရားစီရင်ရာစင်မြင့်၏ သဘာဝကို ဖယ်ရှားပစ်နေသည်သာမက၊ ကောင်းကင်နတ်မြစ်သည်ပင် အငွေ့ပျံကုန်ရင်း တောင်တန်းများ၊ မြစ်ချောင်းများ ပတ်ဝန်းကျင်တွင် ပေါ်လာတော့သည်။
ယင်းက ကမ္ဘာပျက်သုဉ်းခြင်းကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရသည့်အလား လွင်တီးခေါင်ပြင်ပြင် ခြောက်ကပ်ပျက်စီးနေသော တောင်တန်းများ၊ မြစ်ချောင်းများပင် ဖြစ်သည်။ လှမ်းကြည့်လိုက်လျှင် သက်ရှိသတ္တဝါများ နေထိုင်နေသည့် အရိပ်အယောင် မရှိပေ။
အဝါရောင်သဲကန္တာရက မြင်မြင်သမျှ အရာအားလုံး ဖုံးလွှမ်းထားသည်။ ရံဖန်ရံခါ နတ်ဘုရားမြို့ပျက်များအား သဲတောထဲ၌ မြင်တွေ့ရသည်။ လေသည် တဟူးဟူး တိုက်ခတ်နေသဖြင့် သဲတောင်ပို့များမှာ တဝေါဝေါ ပျံ့လွင့်နေသည်။
သဲပုံများ ရွေ့သွားသည့်အခါ နစ်မြုပ်နေသော အရိုးများ ပေါ်လာသည်။ ကောင်းကင်နတ်ဘုံတစ်ဘုံ ဖြစ်ကောင်းဖြစ်ခဲ့လောက်သော်လည်း ယခုတော့ အဝါရောင်သဲကန္တာရ ဖြစ်လာခဲ့၏။ အလောင်းများက သဲကန္တာရ၏အောက် နေရာတိုင်းတွင် ပြန့်ကြဲနေချေသည်။ မည်သည့်ခေတ်တုန်းက စစ်မြေပြင်မှန်း မသိပေ။
ချင်မူပင် မည်သည့်ခေတ်မှန်း မပြောတတ်။
သူသည် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ခဲ့သောကြောင့် ကောင်းကင်နတ်အရှင်လင် တိုက်ခိုက်ခံရပြီး မသေခင် အခိုက်အတန့်သို့ ပြန်ရောက်သွားသင့်သည်။ သို့သော် ကောင်းကင်နတ်အရှင်လင်မှာ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းထဲတွင် သေဆုံးခြင်းသံသရာအား ကြုံတွေ့နေရပြီ ဖြစ်သည်။ ကောင်းကင်နတ်မြစ်အတွင်းရှိ ဒြပ်ထုက မပြောင်းလဲသွားသော်လည်း... အပြင်လောကရှိ ဒြပ်ထုများကတော့ မပြောင်းလဲနေလေသည်။
‘ငါ ဒီလောက် အင်အားကြီးမားတဲ့ ရုပ်ခန္ဓာကို သတ်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ နတ်ဘုရားစီရင်ရာဓားမကို အားဖြည့်ပေးလိုက်ရင် ဓားမနှစ်လက်က တာအိုသိုင်းပညာရှင်တွေကိုတောင် သတ်ဖြတ်နိုင်လိမ့်မယ်’
ချင်မူက အပြင်လောကကို လျစ်လျူရှုထားပြီး စိတ်လှုပ်ရှားလာသည်။ သူသည် နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပြေးဝင်၍ ထိုက်ယီတောင်ဝှေးကို ဓားသဖွယ် ကာ မဟာဧကရာဇ် ထိုးစိုက်လိုက်သော လှံအား ခုခံလိုက်၏။
လှံနှင့် တောင်ဝှေး ထိသွားလျှင်ချင်း ချင်မူ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ပန်းထွက်လာသည်။ သူ့တစ်ကိုယ်လုံး ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာပြီး အရိုးအရွတ်များ တဖြောင်းဖြောင်း ကျိုးပဲ့ပြတ်ထွက်ကုန်သည်။
တစ်ချိန်တည်းမှာပင် ကပ်ဘေးဓားသည် ကောင်းကင်နတ်မြစ်အတွင်းမှ ရုတ်တရက် ခုန်ထွက်လာကာ အပြင်၌ ထွက်နေသည့် မဟာဧကရာဇ်မူလဝိညာဉ်တစ်ပိုင်း၏ ခြေဖနောင်ထဲသို့ ထိုးဝင်သွား၏။
ဓားကား အပြောင်းအလဲများစွာဖြင့် မဟာဧကရာဇ်၏ ခြေချောင်းမှ အထက်သို့ တိုက်ခတ်သွားလေသည်။ သိပ်သည်းလှသည့် ဓားရောင်တို့က ခြေဖနောင့်မှ ခြေချောင်း၊ ခြေချောင်းမှ ခြေကျင်းဝတ်၊ ခြေကျင်းဝတ်မှ ခြေသလုံး၊ ခြေသလုံးမှ ပေါင် စသဖြင့် အထက်သို့ တောက်လျှောက် တက်သွားသည်။
ဓားရောင် ဖြတ်သွားသည့်နေရာတိုင်းတွင် မဟာဧကရာဇ်၏ မူလဝိညာဉ်မှာ လွင့်ပျယ်ပျက်စီးလေသည်။
ရွှမ်း
ဓားရောင်တို့သည် မဟာဧကရာဇ်မူလဝိညာဉ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အား ဖြတ်ပြီးနောက် လည်မျိုမှ ဦးနှောက်အထိ ရောက်သွားချေပြီ။
ဖောက်ခနဲ မြည်သံနှင့်အတူ ကပ်ဘေးဓားကား မဟာဧကရာဇ်မူလဝိညာဉ် ဦးခေါင်းမှ ဖောက်ထွက်ကာ ကောင်းကင်သို့ မြင့်တက်သွားလေသည်။ ဓားကွက်မျိုးစုံကား ကြမ်းတမ်းပြင်းထန်စွာ ထွက်ပေါ်လာနေဆဲ ဖြစ်သဖြင့် ကောင်းကင်တစ်ပြင်လုံး ဓားတာအို၏ အလင်းရောင်တို့နှင့်အတူ ကျိန်းစပ်တောက်ပနေတော့သည်။
မဟာဧကရာဇ်၏ မူလဝိညာဉ်တစ်၀က်မှာ ကပ်ဘေးဓားကြောင့် လုံး၀ ပျက်စီးလွင့်ပျယ်သွားချေပြီ။
တစ်ချိန်တည်းမှာပင် လွင့်ထွက်သွားခဲ့သည့် ချင်မူက လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ကြာပွတ်သည် ပျံထွက်သွားပြီး မဟာဧကရာ်၏ ကျန်ရှိသော မူလဝိညာဉ်တစ်၀က်ကို ရုပ်ခန္ဓာထဲမှ နှင်ထုတ်လိုက်သည်။
ဝုန်း…
ချင်မူမှာ အဝါရောင်သဲမှုန်များဆီ လွင့်ထွက်သွားသည်။ သဲမှုန်များက လေထဲသို့ မြောက်တက်သွားပြီး သွေးချင်းနီနေသော လမ်းတစ်လမ်း ဖြစ်ပေါ်သွားစေသည်။ ၎င်းက ချင်မူ့ခန္ဓာကိုယ်မှ သွေးများ ဖြစ်ကြ၏။
သူ မဟာဧကရာဇ်၏ ကျန်ရှိသော မူလဝိညာဉ်တစ်၀က်ကို မောင်းထုတ်လိုက်သည်နှင့် လူရိပ်တစ်ခုက ပြေးလာပြီး ထိုမူလဝိညာဉ်တစ်၀က်၏ အနောက်တွင် ပေါ်လာသည်။ သူက ၎င်းကို ဆွဲယူ၍ ပါးစပ်ဟကာ ဝါးမြိုလိုက်တော့သည်။
ထိုပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ရှောင်ပင်။
ကောင်းကင်နတ်အရှင်ရှောင်ကား မဟာဧကရာဇ်၏မူလဝိညာဉ်တစ်၀က်ကို ဝါးမြိုလိုက်ချေပြီ။ သို့သော် နောက်တစ်ခဏတွင် ကောင်းကင်နတ်အရှင်လင်၏ မက်မွန်ဆံထိုးက သူ့မျက်ခုံးနှစ်ဖက်ကြားသို့ ထိတွေ့သွား၏။
“ထာ၀ရ ချိပ်ပိတ်စေ” ကောင်းကင်နတ်အရှင်လင်က ခပ်ဖွဖွ ရေရွတ်လိုက်သည်။
ကောင်းကင်နတ်အရှင်ရှောင်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။
ဤတစ်ကြိမ်တွင် ချင်မူက ကောင်းကင်နတ်အရှင်လင်၏ လက်ကို ကိုင်မထားပေ။ ကောင်းကင်နတ်အရှင်လင်သည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာဘေးတွင် ရပ်ကာ သူနှင့်မဟာဧကရာဇ်ကို အကောက်ကြံနိုင်မည့် ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့လေသည်။
ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်ကား မဟာဧကရာဇ်၏ မူလဝိညာဉ်တစ်၀က်နှင့် ပူးပေါင်းသွားခဲ့ပြီး မပြောင်းလဲသော ဒြပ်ထု ဖြစ်သွားခဲ့ချေပြီ။