← Chapters

ပြိုင်ဘက်ကင်း

Vol. 119 Ch. 1551

ပြိုင်ဘက်ကင်း

Vol. 119 Ch. 1551

ကောင်းကင်နတ်အရှင်ဟောင်က‌‌ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ “‌ကောင်းကင်နတ်အရှင်မူ နှစ်သောင်းတဲ့လား…. ဘာများ ကြောက်စရာ ရှိလို့လဲ… တစ်ယောက်ချင်း သတ်ပစ်ပြီး သမိုင်းမြစ်ကြောင်းတလျှောက် ဖယ်ရှားချေမှုန်းပစ်မယ်”

သို့တိုင်အောင် သူသည် စိတ်ကို ပြင်ဆင်၍ အားကုန်ထုတ် တိုက်ခိုက်၏။

ချင်မူ့ကောင်းကင်နတ်သိုင်းက ထူးဆန်းလွန်းသည်။ နှစ်လေးသောင်းသက်တမ်းတစ်လျှောက် သွယ်တန်းနေသော အချိန်မြစ်တစ်စင်းအလား ဖြစ်၏။ ချင်မူ့ပုံရိပ်က နှစ်လေးသောင်းအချိန်မြစ်၏ နေရာတိုင်းတွင် ခတ်နှိပ်ခံထားရသယောင်ပင်။

ကောင်းကင်နတ်အရှင်လင်သည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို တီထွင်ဖန်ဆင်းသူ ဖြစ်သော်လည်း ပြီးပြည့်စုံလာခြင်းနှင့် ပတ်သက်လျှင် ချင်မူ့အပေါ် မူတည်နေသေး၏။

ကောင်းကင်နတ်အရှင်ဟောင်မှာ လွန်ခဲ့သည့် နှစ်လေးသောင်းမှ မျိုးဆက်တစ်ဆက်နှင့် ညီမျှသော ချင်မူ နှစ်သောင်းခြောက်ထောင်‌ကျော်ကို တိုက်ခိုက်သတ်ဖြတ်နေရသည်။ မည်မျှခက်ခဲလိမ့်မည်လဲ မှန်းဆကြည့်နိုင်သည်။

သို့သော် မည်သို့ဆိုစေ ဤတိုက်ပွဲကို လက်ခံရပေလိမ့်မည်။

သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ရှောင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအား ရယူသွားသည်ကို လက်ပိုက်ကြည့်မနေနိုင်ချေ။

ယခုအချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်သည် အန္တိမဟင်းလင်းပြင်၌ သူ၏ခွန်အားကို တံဆိပ်ခတ်နှိပ်ရန် ခြေတစ်လှမ်း လိုအပ်နေသည်။ သူသာ ထိုသို့လုပ်ဆောင်ချင်ပါက ရုပ်ခန္ဓာရော၊ မူလဝိညာဉ်ဖြင့်ပါ အန္တိမဟင်းလင်းပြင်အထိ ၀င်ရောက်ရပေလိမ့်မည်။

ထိုနေရာတွင် အေးစက်နေသော လေကြမ်းများ တိုက်ခတ်နေမှုကို အသန်မာဆုံး ရုပ်ခန္ဓာမရှိဘဲ မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဤအကြောင်းအရင်းကြောင့် မဟာဧကရာဇ်လည်း သူ၏ရုပ်ခန္ဓာကို အန္တိမဟင်းလင်းပြင်ထဲ မပို့လွှတ်နိုင်ခြင်းပင်။

သို့သော် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကတော့ ပို၍သန်မာ၏။ ၎င်းက အန္တိမဟင်းလင်းပြင်သို့ ၀င်ရောက်လျှင်ပင် ဖျက်ဆီးမခံရမည့် တစ်ခုတည်းသော ရုပ်ခန္ဓာဖြစ်လေသည်။

၎င်းကို ရရှိသည့် မည်သူမ‌ဆို မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တံဆိပ်ခတ်နှိပ်နိုင်ပြီး ပြိုင်ဘက်ကင်းသော အခြေအနေကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သူက အစွမ်းကုန် တိုက်ခိုက်နေသည့်အလျောက် ချင်မူတစ်ယောက်ပြီးတစ်ယောက် သူ့ခြေထောက်အောက်တွင် လဲကျနေသည်။ သို့‌သော် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများလည်း ပိုပို၍ ပြင်းထန်လာသည်။ လိုအင်ဆန္ဒ မှန်သမျှ ဖြည့်ဆည်းပေးနိုင်သည့် ရှေးဟောင်းနတ်ဘုရားမ ထိုက်စုပင်လျှင် ချင်မူ့ကြောင့် ရနေသည့် ဒဏ်ရာများကို ကုသမပေးနိုင်ချေ။

ချင်မူသည် ကောင်းကင်နတ်သိုင်းတာအိုကို တည်ထောင်ခဲ့သော ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပါလော။ သူ၏ ကောင်းကင်နတ်သိုင်းများက တစ်လောကလုံးတွင် ပြိုင်ဘက်ကင်း၏။ စကြ၀ဠာ ဖန်ဆင်းခဲ့သည့်အချိန်၊ ကမ္ဘာဦးဖရိုဖရဲချီများ ပြိုကွဲသွားသည့်အချိန်မှစ၍ နှစ်ပေါင်းကုဋေနှင့်ချီ ကြာခဲ့ပြီဖြစ်သော်လည်း မည်သူမှ ကောင်းကင်နတ်သိုင်းအရာတွင် ချင်မူ့ကို မယှဉ်နိုင်သေးပေ။

ချင်မူ့ကောင်းကင်နတ်သိုင်းကို အဖြေရှာရသည့် ခက်ခဲမှုမှာ မှန်းဆ၍ပင် မရနိုင်ချေ။

တိုက်ပွဲအဆုံးတွင် ကောင်းကင်နတ်အရှင်ဟောင်၏ ရုပ်ခန္ဓာမှာ စုတ်ပြတ်သပ်နေပြီး သူ၏ရင်ဘတ်မှာလည်း ထုတ်ချင်းပေါက်နေသည်။ သို့သော် ဤနှစ်လေးသောင်းသမိုင်းကြောင်းတလျှောက်ရှိ ချင်မူများ၏ ဆယ်ပုံတစ်ပုံကိုသာ သတ်နိုင်ခဲ့သေး၏။

ဤအတိုင်းသာ ဆက်တိုက်နေလျှင် ချင်မူသည် သူ့အား မူလဝိညာဉ်နှင့် ရုပ်ခန္ဓာပါ မရှိတော့သည်အထိ စိစိညက်ညက်ကြေအောင် ရိုက်နှက်ပေလိမ့်မည်။

ဤသည်က သူ့ဘ၀တွင် တွေ့ကြုံဖူးသမျှထဲ၌ အန္တရာယ်အများဆုံး တိုက်ပွဲ

သူ၏ရန်သူ ချင်မူကား သူ့အား ဤအခြေအနေအထိ ရောက်အောင် တွန်းပို့နိုင်လိမ့်မည်ဟု ကောင်းကင်နတ်အရှင်ဟောင် ထင်မထားခဲ့ချေ။

“ဟောင်အာ၊ ငါ နင့်ကို ပြိုင်ဘက်ကင်းအောင် လုပ်ပေးနိုင်တယ်”

နတ်ဘုရားမထိုက်စု၏ အသံက ထွက်ပေါ်လာပြီး သူမက ပြုံးလျက် ပြောနေသည်။ “နင် ဘာလုပ်ရမလဲ သိပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ချင်မူနောက်တစ်ယောက်ကို သတ်ဖြတ်လိုက်ပြီး အသံကြားလျှင် ချက်ချင်းပင် ဒူးထောက်ကာ နတ်ဘုရားမထိုက်စု၏ ခြေချောင်းများကို နမ်းရှုံ့လိုက်၏။ သူက စိတ်ရင်းဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ဒေါ်လေး၊ ဟောင်အာကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ”

နတ်ဘုရားမထိုက်စုမှာ အတော်လေး ကျေနပ်အားရသွားသည်။ သူမ၏ အထွတ်အမြတ်ရတနာက ရတနာခေါင်းလောင်းတစ်လုံးသဖွယ် ပြောင်းလဲ၍ ကျဆင်းလာပြီး ကောင်းကင်နတ်အရှင်ဟောင်အပေါ် ကာကွယ်ပေးလိုက်သည်။ သူမက ပြုံးနေ၏။ “ငါ သူ့ကို အချိန်ပေးလေ့လာပြီးတဲ့နောက်တော့ သူ့အားနည်းချက်ကို တွေ့ခဲ့တယ်….. ကောင်းကင်နတ်အရှင်မူရဲ့ အစွမ်းတွေက ပြင်းထန်အားကောင်းပေမယ့် သူ့ကောက်းကင်နတ်သိုင်းကတော့ ငါ့အထွတ်အမြတ်ရတနာကို ချိုးဖျက်ဖို့ မလုံလောက်သေးဘူး…. ငါ နင့်ကို ကာကွယ်ဖို့ ဒီအထွတ်အမြတ်ခေါင်းလောင်းကို သုံးလိုက်ရုံပဲ… သူ့ကို အသာလေး သတ်ပစ်လိုက်နိုင်တယ်…”

ကောင်းကင်နတ်အရှင်ဟောင်မှာ အံ့ဩ၀မ်းသာစွာဖြင့် အကြိမ်ကြိမ် ဂါ၀ရပြုနေသည်။

ချင်မူက နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။ ကမ္ဘာဦးဖရိုဖရဲချီတာအို၏ ကောင်းကင်နတ်သိုင်းတို့မှာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့သော် နတ်ဘုရားမထိုက်စု၏ အထွတ်အမြတ်ခေါင်းလောင်းကို တွေ့သွားသည့်အခါတွင်တော့ သူ၏ မဟာရန်သူတော်ကို ရင်ဆိုင်လိုက်ရသည့်အလားပင်။

မဟာခေါင်းလောင်းကြီးသည် ဒေါင်ခနဲ မြည်ဟီးသွားပြီး သူ၏တိုက်ကွက်ကို အပြည့်အ၀ ခုခံကာကွယ်လိုက်သည်။ ‌ကောင်းကင်နတ်အရှင်ဟောင်ကလည်း ခေါင်းလောင်းအောက်မှ နေ၍ ချင်မူ့ကို သတ်ဖြတ်လိုက်သည်။

ဤအတိုင်း အခက်အခဲမရှိ ချောမွေ့စွာဖြင့် အကြိမ်ကြိမ် သတ်ဖြတ်လာနိုင်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ အေးဆေးလာတော့သည်။ ဤအတိုင်း ‌ဆက်သွားပါက ချင်မူ့ကို မကြာခင် ရှင်းပစ်နိုင်မည်။

ရုတ်တရက် ချင်မူတစ်ယောက် ပေါ်လာ၏။ ဤချင်မူက ကမ္ဘာဦးဖရိုဖရဲချီတာအိုဖြင့် မတိုက်ခိုက်ဘဲ နတ်ဘုရားလက်ချောင်းဖြင့် တိုက်ခိုက်လေသည်။

ခွမ်း….

‌အထွတ်အမြတ်ခေါင်းလောင်းကြီးသည် နားစည်ကွဲမတတ် မြည်ဟီးတုန်ခါသွား၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်က ထိုချင်မူကို သတ်ဖြတ်လိုက်သည်။

နတ်ဘုရားမထိုက်စုက အထွတ်အမြတ်ခေါင်းလောင်းကို အလျင်အမြန် လှမ်းကြည့်လိုက်သည့်အခါ ခေါင်းလောင်းနံရံတွင် လက်ချောင်းရာတစ်ချက် တွေ့လိုက်ရ၏။ သူမမှာ အကြီးအကျယ် မျက်နှာပျက်သွားတော့သည်။

သူမ၏အထွတ်အမြတ်ရတနာသည် ထိုက်စုဥထဲမှ ထိုက်စုတာအိုဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်၏။ ၎င်းက သူမကို အဖော်ပြုပေးသည့် အထွတ်အမြတ်ရတနာ ဖြစ်ပြီး တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး အထွတ်အမြတ်ရတနာတစ်ပါးဟု သတ်မှတ်နိုင်သည်။

ကောင်းကင်တာအိုလက်နက်၊ ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓား၊ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးတို့ပင်လျှင် ၎င်းနှင့် ယှဉ်နိုင်ရန် များစွာ ဝေးကွာနေသေးသည်။

သို့သော် ချင်မူ့လက်ချောင်းကတော့ ဤအထွတ်အမြတ်ရတနာပေါ်တွင် လက်ချောင်းရာတစ်ချက် ထင်ကျန်ခဲ့ချေပြီ။ ၎င်းက ချင်မူ့တိုက်ကွက်သည် သူမ၏ အထွတ်အမြတ်ရတနာအပေါ် ထိခိုက်စေနိုင်သည့် အဓိပ္ပာယ်ပင်။

ဤသည်က ကမ္ဘာဦးဖရိုဖရဲလက်ချောင်းပင်။

မီလော့နန်း‌တော်အရှင်သခင်၏ တာအိုအမှတ်အသားများမှ မွေးဖွားလာခဲ့သော ကမ္ဘာဦးဖရိဖရဲလက်ချောင်းသည် ကောင်းကင်နတ်အရှင်များပင် လက်လှမ်းမမှီနိုင်သော စွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်ထား၏။

ထိုက်စုနတ်ဘုရားမမှာ ထိတ်လန့်လာတောာ့သည်။

ကမ္ဘာဦးဖရိုဖရဲလက်ချောင်းသည် သူမ၏အထွတ်အမြတ်တနာကို ထိခိုက်စေခဲ့သည်သာမက ပြုပြင်မရတော့အောင် ဖြစ်စေခဲ့ချေပြီ။ သူမ၏ အထွတ်အမြတ်ရတနာသည် မည်သည့်အသွင်သဏ္ဍာန်မဆို ပြောင်းလဲနိုင်ပြီး ထိုက်စုတာအိုအဖြစ် အချိန်မရွေး ပြောင်းလဲနိုင်သည်။ ထိုက်စုတာအိုသည် အသွင်သဏ္ဍာန်နှင့် ဒြပ်ထုရှိသော်လည်း ခန္ဓာ မရှိပေ။ ထို့ကြောင့် မည်သည်အသွင်မဆို ပြောင်းလဲနိုင်၏။ ပျက်စီးမှုမရှိဘဲ အကောင်းအတိုင်းလည်း ပြန်ဖြစ်နိုင်သည်။

သို့သော် ကမ္ဘဦးဖရိုဖရဲလက်ချောင်းက ထိုက်စုတာအိုကို အန္တရာယ်ပြုနိုင်ခဲ့ရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဒေါင်

ဒေါင်

ဒေါင်

ချင်မူက တိုက်ကွက်မပြောင်းဘဲ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းဖြင့်သာ ခေါင်းမာစွာဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေသည်။ အထွတ်အမြတ်ခေါင်းလောင်းပေါ်ရှိ လက်ချောင်းရာတို့မှာ ပိုပို၍ ထင်ရှားနက်ရှိုင်းလာကြတော့သည်။

အကြိမ်တစ်ရာ ကျော်ပြီးနောက် သူ၏လက်ချောင်းကား နတ်ဘုရားမထိုက်စု၏ အထွတ်အမြတ်ရတနာကို ဖောက်ထွက်သွားလေသည်။

ထိုက်စုနတ်ဘုရားမမှာ ရင်ထဲတွင် နာကျင်နေသော်လည်း ကတိပေးပြီးပြီ‌ဖြစ်သောကြောင့် ရပ်တန့်၍မရတော့ပေ။

‘ကောင်းကင်နတ်အရှင်မူက သန်မာပေမယ့် ထိုက်စုတာအိုရဲ့ စွမ်းအားကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး’

သူမ၏ အတွေးတစ်ချက်ဖြင့် အထွတ်အမြတ်ခေါင်းလောင်းသည် အထွတ်အမြတ်ဒယ်အိုးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ၎င်းက ချင်မူ့ကမ္ဘာဦးဖရိုဖရဲလက်ချောင်းကို ခုခံရင်း ကောင်းကင်နတ်အရှင်ဟောင်ကို ဆက်လက်ကာကွယ်ပေးနေသည်။

ထိုအခိုက်အတန့်တွင် ထိုက်စု၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူမ၏ အထွတ်အမြတ်ရတနာမှ အသွင်ပြောင်းထားသော အထွတ်အမြတ်ဒယ်အိုး၌ လက်ချောင်းရာ အပေါက်တစ်ပေါက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤလက်ချောင်းပေါက်မှာ အထွတ်အမြတ်ခေါင်းလောင်းပေါ်က လက်ချောင်းရာ ဖြစ်သည်။ အထွတ်အမြတ်ဒယ်အိုး အသွင်ပြောင်းလိုက်သည့်အချိန်၌ပင် ဤအပေါက် ကျန်ခဲ့လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

“ငါ့အထွတ်အမြတ်ရတနာ ဒဏ်ရာရသွားပြီ”

နတ်ဘုရားမထိုက်စုမှာ နာကျင်နေသည်။ “ငါ ကောင်းကင်နတ်အရှင်ဟောင်ဆီမှာ အများကြီး မြှုပ်နှံထားမိတာပဲ… ဒါတွေက ထိုက်တန်ရဲ့လား… ထိုက်ယီနဲ့ တွေ့ခဲ့တုန်းက ထိုက်ယီဟာ ငါ လူတွေကို နားမလည်သေးဘူးလို့ ပြောခဲ့တယ်… ကောင်းကင်နတ်အရှင်ဟောင်ကို စွန့်ပစ်ပြီး ကောင်းကင်နတ်အရှင်မူကို ကူညီသင့်တယ်လို့ အရိပ်အမြွက်လည်း ပေးခဲ့တယ် … မူကတော့ အနာဂတ်မှာ တာအိုရနိုင်မယ့် အခွင့်အရေး ရှိလာမယ်တဲ့…ငါ ကောင်းကင်နတ်အရှင်ဟောင်ကို ဆက်ပြီး ထောက်ပံ့သင့်ရဲ့လား”

သူမက တခဏ တုံ့ဆိုင်းနေပြီးနောက် ထိုအကြံကို ခေါင်းထဲမှ ထုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက တာအိုရဖို့ အဝေးကြီး လိုသေးတဲ့အပြင် ငါ့ရဲ့မဟာရန်သူတော်ပဲ … ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်ကတော့ တာအိုရတော့မှာ… ကောင်းကင်နတ်အရှင်မူက ထိန်းချုပ်ရ ခက်တော့ ငါ့ကို ပူဇော်ကိုးကွယ်မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟောင်ကတော့ ငါ့ကို ဒူးထောက်ပူဇော်တဲ့အပြင် ငါ့ထိန်းချုပ်မှုအောက်မှာ လုံး၀ရှိတယ်.. ထိုက်ယီက ပြိုင်ဘက်ကင်းပြီး အရာအားလုံး သိမြင်နေတာမှ မဟုတ်တာ…. ဘာလို့ သူ ပြောတာ နားထောင်ရမှာလဲ”

တခဏကြာသော် သဲကန္တာရအထက်ကောင်းကင်တွင် အဝါရောင်သဲမှုန်များ ပြည့်နှက်သွားသည်။

ကောင်းကင်နတ်အရှင်ရှောင်သည် သွေးများ စွန်းထင်းနေသည့် သဲမှုန်များကြားမှ ထွက်လာ၏။ သူ့အရှိန်အဝါက ကောင်းကင်ဘုံများအထိ မြင့်မားရောက်ရှိနေချေပြီ။

သူ့မှာ ထိုက်ယီတောင်ဝှေးကို သုံး၍ ကပ်ဘေးဖျက်ဓားကွက်ကို အသက်သွင်းခဲ့သော ချင်မူ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။ ၎င်းဓားကွက်သည် မဟာတာအို၏ အရင်းအမြစ်၌ ရှိနေသည့် မဟာာတာအိုသင်္ကေတများကို ချိုးဖျက်ရာတွင် အထူးချွန်ဆုံး ဖြစ်၏။ သူပင်လျှင် ဤတိုက်ကွက်ကို ထိပ်တိုက်မရင်ဆိုင်နိုင်သဖြင့် ရှောင်တိမ်းခဲ့ရသည်။

သို့သော် ‌ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဘုရားမထိုက်စုတို့၏ အလစ်တိုက်မှုကို မရှောင်တိမ်းနိုင်ဘဲ ဒဏ်ရာရခဲ့သည်။ သူ့မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းဖြင့် ကုသမရသဖြင့် မျက်မှောင်ကြုတ်နေသည်။

သူက ခေါင်းမော့ကြည့်လိုက်ရာ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်၌ ‌ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့သည် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ဘေးတစ်ဖက်စီတွင် ရပ်နေသည်အား တွေ့လိုက်ရ၏။

ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဘုရားမထိုက်စုတို့ကတော့ ပျောက်ကွယ်သွားကြချေပြီ။

ကောင်းကင်နတ်အရှင်ရှောင်က သူ၏ခန္ဓာကိုယ်ကို လှုပ်ခါ၍ ဒဏ်ရာများမှ သွေးထွက်မလာအောင် ချုပ်ထားလိုက်သည်။ သူက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လေးလံသော အသံကြီးဖြင့် ကန္တာရထဲမှ ထွက်ကာ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ လျှောက်သွားသည်။

“ဟောင်အာက မင်း မြူခိုးထဲမှာ ထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းကြောင့် တိုက်ခိုက်ခံလိုက်ရပြီမလား...”

သူက ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်အနားသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။ ကောင်းကင်နတ်မြစ်အပိုင်းက ပျောက်ကွယ်နေပြီး ခြောက်သွေ့စွာ လွင့်မြောနေသော အဝါရောင်သဲမှုန်များသာ ကျန်ရစ်ခဲ့သည်။

“သူ့ဉာဏ်ပညာက လိုအပ်နေသေးတယ်… ငါ့လောက် ဉာဏ်မကောင်းဘူး…. ငါ ကောင်းကင်နတ်မြစ်မှာ မင်း ထားခဲ့တဲ့ ပထမဆုံးအရိပ်ကို ဖြတ်လာတုန်းက မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို သတိထားခဲ့မိတယ်…. သူက တုံးအလွန်းပြီး မင်းအရိပ်တွေကို ဖြတ်သွားတယ်လေ…. ဒီနေရာကို ငါ့အပေါ် အကောက်ကြံဖို့ ရောက်လာခဲ့တာဆိုပေယ့် မင်းကြောင့် ကောင်းကင်နတ်မြစ်ဆီ အပို့ခံလိုက်ရတာပဲ…”

ကောင်းကင်နတ်အရှင်ရှောင်သည် တဖြည်းဖြည်း နီးကပ်လာပြီး သူ၏ချီနှင့်သွေးတို့က အားကောင်းသထက် အားကောင်းလာ၏။ သူ့အနောက်ရှိ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က အတူတကွ ပေါင်းစည်းကာ ကောင်းကင်နတ်ဘုံတစ်ဘုံအား ဖွဲ့တည်လိုက်သည်။ ကောင်းကင်နတ်ဘုံမှ နတ်အလင်းတန်းများက ကောင်းကင်သို့ ဖြာတက်သွားပြီး တာအိုသံများ ပဲ့တင်ထပ်သွား၏။ ၎င်းက အံဩတုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ချေသည်။

ကောင်းကင်နတ်အရှင်ရှောင်မှာ စကြ၀ဠာရှိ ကမ္ဘာလောကအားလုံးအပေါ် အုပ်ချုပ်သည့် ဧကရာဇ်တစ်ပါးအလားပင်။ သူက နတ်ဘုရားစီရင်ရာစင်မြင့်၏ အုပ်ချုပ်သူ ဖြစ်နေပြီး စင်မြင့်ပေါ်ရှိ ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်တို့မှာ သူ၏ရန်သူများနှင့် မတူဘဲ .... ထိုအစား ‌ခေါင်းဖြတ်ခံရပြီး ပြည်သူပြည်သူများထံ ပြသခံရမည့် သုံ့ပန်းများအလားပင်။

သူ၏ရုပ်ခန္ဓာက ပို၍ ရှည်လျားကြီးထွားလာသည်။ သူ နတ်ဘုရားစီရင်ရာစင်မြင့်၏ အရှေ့သို့ မရောက်ခင်မှာပင် ကောင်းကင်နတ်အရှင်လင်နှင့် ချင်မူတို့မှာ သူ့ကို မော့ကြည့်နေရတော့သည်။

“ဖြုတ် ဖမ်းနေတဲ့ ပုရစ်ကို နောက်က စာကလေး စောင့်နေသလို ဆိုတဲ့ စကားအတိုင်းပဲ…. ဟောင်အာက နည်းနည်းလေးမှ စိတ်မရှည်ဘူး… ငါကတော့ အေးဆေးတယ်… ငါ ဖန်ဆင်းရှင်မျိုးနွယ်ကို ဖျက်ဆီးချေမှုန်းပြီး ဖန်ဆင်းရှင်တွေအားလုံးကို စုပ်ယူခဲ့ပြီးပြီ … မဟာလေဟာနယ်တစ်ဖက်ကမ်းနဲ့ ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဝါးမြိုခဲ့ပြီးမှ ဒီနေရာကို အေးအေးဆေးဆေး လာခဲ့တာပဲ…”

ကောင်းကင်နတ်အရှင်ရှောင်က ရှေ့သို့ခြေတစ်လှမ်း လှမ်းပြီး နတ်ဘုရားစီရင်စင်မြင့်အရှေ့သို့ ရောက်လာသည်။ ၎င်းက အလွန်တရာ မြင့်မားသော်လည်း သူနှင့် ယှဥ်လိုက်လျှင်တော့ သေးငယ်နေ၏။ စင်မြင့်ပေါ်ရှိ ချင်မူ‌နှင့် ကောင်းကင်နတ်အရှင်လင်တို့မှာ ပုရွက်ဆိတ်လေးများအလား သေးငယ်နေကြသည်။

“သူက မင်းလှည့်ကွက်မှာ ကျဆုံးခဲ့ပေမယ့် ငါက ကျဆုံးမှာ မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ရှောင်က သူတို့နှစ်ယောက်ကို ငုံ့ကြည့်လိုက်ရင်း ပြင်းထန်လှသော ဧကရာဇ်ခွန်အားဖြင့် ဖိနှိပ်လိုက်သည်။ ချင်မူတို့၏ ခန္ဓာကိုယ်များမှ မတည်မငြိမ် ဖြစ်လာကာ အရိုးများ တဂျွတ်ဂျွတ် မြည်လာကြသည်။ “ငါက မထိခိုက်ခဲ့တဲ့အပြင် မဟာဧကရာဇ်ရဲ့ မူလဝိညာဉ်တစ်၀က်ကိုတောင် သန့်စင်ဝါးမြိုနိုင်ခဲ့တယ်… မင်းရဲ့ ကောင်းကင်နတ်အရှင်လင် ကောင်းကင်နတ်သိုင်းကိုတောင် ချိုးဖျက်နိုင်ခဲ့တယ်”

သူ၏အရှိန်အဝါက ပိုပို၍ အားကောင်းလာပြီး ကျယ်ပြန့်လှသော‌ ကောင်းကင်နတ်ဘုံက နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် မြောလွင့်နေသည်။ ၎င်းက ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်ကို မတ်တပ်ပင် မရပ်နိုင်တော့သည်အထိ ဖိချနေသောကြောင့် သူတို့မှာ ဒူးညွတ်လာကြသည်။

ချင်မူက လက်တစ်ဖက်ဖြင့် ကောက်းကင်နတ်အရှင်လင်ကို တွဲပေးထားပြီး ကျန်လက်တစ်ဖက်က ထိုက်ယီတောင်ဝှေးဖြင့် သူ့ကိုယ်သူ ဟန်ချက်ထိန်းထားသည်။

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးနေသည်။ “ငါ့ရုပ်ခန္ဓာထဲ ပြန်ရောက်ပြီး မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ် မဟာခြုံလွှမ်း‌ကောင်းကင်ဘုံကို ဝါးမြိုလိုက်တာနဲ့ ငါ တာအိုရလိမ့်မယ် …. မူ၊ လင် မင်းတို့က ငါကိုယ်တိုင် ကောင်းကင်နတ်အရှင်ဆိုတဲ့ ဂုဏ်ဒြပ်ကို အပ်နှင်းခဲ့တဲ့သူတွေပဲ… ဒါကြောင့် ငါကိုယ်တိုင် အချိန်မရွေး ပြန်ရုတ်သိမ်းလို့ရတယ်… အသက်တောင် နှုတ်ယူလို့ရတယ်… ငါ့ကို ခုခံနေစရာ မလိုတော့ဘူး… ငါက ပြိုင်ဘက်ကင်းနေပြီ”

“အဲ့လိုလား..”

ကြည်လင်‌ပြတ်သားသော အသံတစ်သံသည် ချင်မူ့အနောက်မှ ခပ်သဲ့သဲ့ ပျံ့လွင့်လာ၏။ ခိုင်ဧကရာဇ်က သူ့အနောက်ရှိ အရိပ်ထဲမှ ထွက်လာကာ သဲကန္တာရဘေးတစ်ဖက်သို့ လှမ်းကြည့်နေသည်။ သူက ဧရာမကောင်းကင်နတ်အရှင်ရှောင်ကို မကြည့်ဘဲ မှင်သေသေ မေးလိုက်သည်။ “မင်းက ပြိုင်ဘက်ကင်းတယ်ဆိုတော့ ငါ့ကိုရော ထည့်တွက်ပြီးပြီလား..”

သူက ပြန်လှည့်လိုက်ပြီး နှိုင်းယှဉ်မရနိုင်အောင် ကြီးမားနေသော ကောင်းကင်နတ်အရှင်ရှောင်ကို ကြည့်လိုက်သည်။ “တာအိုသစ်ပင်တောင် မရှိသေးတဲ့ တာအိုသိုင်းပညာရှင်တစ်ယောက်ကများ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ပြောရဲတယ်ပေါ့လေ”

သူ့အကြည့်များက အေးစက်မှုန်ကုန်နေသည်။ သူက ကောင်းကင်နတ်အရှင်ရှောင်အား ဓားဖြတ်စက်ပေါ် ဇက်တင်ထားရသော သိုးငယ်တစ်ကောင်ပမာ ကြည့်နေချေသည်။

ချင်မူမှာ စိတ်အေးသွားပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ချက်ချင်း သိမ်းဆည်းလိုက်၏။ သူက ကောင်းကင်နတ်အရှင်လင်၏ လက်ကို ဆွဲ၍ နောက်ဆုတ်သွားပြီးနောက် အော်ပြောလိုက်သည်။ “ခိုင်ဧကရာဇ်၊ ခင်ဗျား လုပ်နိုင်ရဲ့လား…. ထိုက်ချူကလည်း ခွန်အားကို သုံးပြီး တာအိုအတင်းအကြပ်ရ‌အောင် လုပ်ပြီးတဲ့အချိန်ကျ သိပ်ကို စွမ်းအားကြီးတယ်နော်”

“လုပ်နိုင်လား မလုပ်နိုင်ဘူးလား ဓားကို စမ်းသပ်ပြီးရင် သိရမှာပေါ့…”

ခိုင်ဧကရာဇ်က လက်နောက်ပစ်လိုက်ပြီး ပြိုင်ဘက်ကင်းစွာ အင်အားကြီးမားနေသော ကောင်းကင်နတ်အရှင်ရှောင်အရှေ့၊ နတ်ဘုရားစီရင်ရာစင်မြင့်အထက်တွင် ရပ်လိုက်သည်။ “ထိုက်ချူ၊ မင်း အရင်က ငါတို့ကို ကောင်းကင်နတ်အရှင်ဆိုတဲ့ ရာထူးမပေးခဲ့ရင်တောင် ငါတို့က ကောင်းကင်နတ်အရှင်တွေ ဖြစ်လာဦးမှာပဲ… မင်း အဲ့ဒါကို ပြောင်းလဲလို့မရဘူး… တိုက်ကွက် ထုတ်လိုက်… ကောင်းကင်နတ်အရှင်တစ်ပါးဆိုတာ ဘာလဲ မင်း သိအောင် ပြရသေးတာပေါ့”

All Chapters