လေ၊ မိုးကြားက နှစ်လေးသောင်း
Vol. 119 Ch. 1550
ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်ထဲရှိ မဟာဧကရာဇ်၏ မူလဝိညာဉ်တစ်၀က်သည် အားမာန်အပြည့်ဖြင့် ဟိန်းဟောက်နေပြီး ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်ရန် ကြိုးစားနေ၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်တစ်ဝက်မှာ အသိစိတ်ပျောက်ဆုံးသွားပြီး မဟာဧကရာဇ်၏ မူလဝိညာဉ် ထိန်းချုပ်ခြင်း ခံလိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှောင်ကား ချက်ချင်း ပျာယာခတ်သွားတော့သည်။
ကောင်းကင်နန်းဆောင်များက သူ့ဦးခေါင်းနောက်တွင် အတန်းလိုက် ထွက်ပေါ်လာပြီး မဟာကောင်းကင်နတ်ဘုံတစ်ခုအဖြစ် ဖွဲ့တည်သွားကာ မဟာဧကရာဇ်၏ မူလဝိညာဉ်ကို တမုဟုတ်ချင်း ဖိနှိပ်သန့်စင်လိုက်သည်။ တခဏအတွင်း မဟာဧကရာဇ်၏ မူလဝိညာဉ်မှာ ပြိုကွဲသွားပြီး သူ့အတွက် အာဟာရဓာတ် ဖြစ်လာ၏။
ကောင်းကင်နတ်အရှင်ရှောင်၏ ခွန်အားက ကြီးမားလွန်းပေသည်။ မဟာဧကရာဇ်၏ မူလဝိညာဉ်ပင်လျှင် သူ့အတွက် ပြဿနာမဟုတ်ပေ။
သူက ရုပ်ခန္ဓာကို ပြန်လည်ထိန်းချုပ်နိုင်သွားပြီး နောက်တစ်ခဏတွင် ကောင်းကင်နတ်အရှင်လင်ကို အသေသတ်ရန် လှုပ်ရှားလိုက်သည်။
သူ၏ လက်ရှိခွန်အားဖြင့်သာဆိုလျှင် ဤမျှ နီးလွန်းသော အကွာအဝေး၌ ကောင်းကင်နတ်အရှင်လင်အနေဖြင့် ထွက်ပြေးရန် အခွင့်အရေးသာလိမ့်မည်မဟုတ်ပေ။
သူ့တိုက်ကွက်မှာ မြန်ဆန်လွန်းသဖြင့် ကောင်းကင်နတ်အရှင်လင်မှာ သူမ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းရန် အချိန်မရလိုက်ချေ။
သို့သော် သူ တိုက်ခိုက်တော့မည့်အချိန်တွင် ချင်မူ၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းက အသက်ဝင်သွားသည်။ မဟာဧကရာဇ်၏ မူလဝိညာဉ်တစ်၀က်က ပြန်ပေါ်လာပြီး ရုပ်ခန္ဓာအား ထိန်းချုပ်နိုင်ရန် သူ့ကို တိုက်ခိုက်ပြန်သည်။
“ခွေးကောင်”
ကောင်းကင်နတ်အရှင်ရှောင်သည် သူ၏ ခန္ဓာကိုယ်တစ်ဖက်ခြမ်းအပေါ် မထိန်းချုပ်နိုင်တော့ပေ။ သူ့မှာ စိတ်လည်းရှုပ်၊ ဒေါသလည်း ထွက်လာသော်လည်း မည်သို့မျှ မတတ်နိုင်သဖြင့် မဟာဧကရာဇ်၏ မူလဝိညာဉ်ကိုသာ နောက်တစ်ခေါက် ဖိနှိပ်ရှင်းလင်းပစ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်လင်ကား နောက်ဆုတ်သွားချေပြီ။ ချင်မူကလည်း သဲကန္တာရထဲမှ ခုန်ထွက်လာသည်။ သူ၏ ကောင်းကင်ရတနာနယ်ပယ်က သူ့ဒဏ်ရာများကို လျင်မြန်စွာ သက်သာလာစေပြီး ကောင်းကင်နတ်အရှင်လင်နှင့် ပြန်လည်ဆုံစည်းသွားစေ၏။
“မမကြီးလင်ရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း မဆိုးဘူးပဲ…” ချင်မူက ပြုံးလျက် ချီးကျူးလိုက်သည်။
“နင် သင်ပေးခဲ့တာ တော်လို့ပေါ့”
သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ အသံက ထွက်ပေါ်လာ၏။ “ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်မူ ... မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းတွေက ငါ့ကို ချောင်ပိတ်ပြီး ဘာမှမလုပ်နိုင်အောင် စွမ်းဆောင်နိုင်မယ် ထင်နေတာလား…. မင်းတို့က ငါ ရှောင်ဝေ့စုကို အထင်သေးနေကြတာပဲ…. မပြောင်းလဲတဲ့ ဒြပ်ထုဆိုတာ ဒြပ်ထုပြောင်းလဲသွားတာ သက်သက်ပဲ… ဒါပေမဲ့ စကြ၀ဠာ ဖန်တီးခံခဲ့ရတဲ့ ထိုက်ချူခေတ်မှာတော့ ဒြပ်ထုဆိုတာ မတည်ရှိခဲ့ဘူး…. အသွင်သဏ္ဌာန်၊ ဒြပ်ဖွဲ့တည်မှုတွေ ဘာဆိုဘာမှမရှိခဲ့ဘူး… ဒါက ထိုက်ချူ… ဒါက မွေးရာပါချီပဲ…”
ချင်မူမှာ တုန်လှုပ်သွားသည်။ သူက ထိုက်ယီတောင်ဝှေးကို ချက်ချင်း ဆုပ်ကိုင်ကာ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပြေးသွားတော့၏။
ကောင်းကင်နတ်အရှင်လင်ကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ သူတို့နှစ်ယောက်သည် အလွန်မြန်ကြသော်လည်း နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်ရှိ ကောင်းကင်နတ်အရှင်ရှောင်၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့က မွေးရာပါချီအဖြစ် စတင် အသွင်ပြောင်းနေကြလေပြီ။
“မွေးရာပါ ထိုက်တာအိုငါးပါးက အထွတ်အမြတ်လမ်းစဉ်ငါးခု… မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းဆိုတာ ဒြပ်ထုကို ပြင်ဆင်နိုင်တဲ့ အစွမ်းတစ်ခု… ကောင်းကင်နတ်အရှင်လင် မင်းရဲ့ကောင်းကင်နတ်သိုင်းက အချိန်နောက်ပြန်သွားနိုင်တဲ့အတွက် မင်းဟာ တကယ်ကို ထူးချွန်ပါပေတယ်… ငါတောင်မှ မင်းနဲ့ မယှဉ်နိုင်ဘူး… ဒါပေမဲ့ ထိုက်တာအိုငါးပါးမှာတော့ မင်း ထိန်းချုပ်နိုင်တာဆိုလို့ ထိုက်ကျိမဟာတာအိုနဲ့ ထိုက်ချူမဟာအိုကနေ ခွဲထုတ်ထားတဲ့ အသိစိတ်အလျဉ်တာအိုတစ်ခုပဲ ရှိတယ်”
ကောင်းကင်နတ်အရှင်ရှောင်၏အသံက ပျံ့လွင့်နေသည်။ ချင်မူတို့နှစ်ယောက် နတ်ဘုရားစီရင်ရာစင်မြင့်သို့ မရောက်ခင်မှာပင် ကောင်းကင်နတ်အရှင်ရှောင်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားကာ မွေးရာပါချီအဖြစ် ပြောင်းလဲသွားတော့သည်။
သူကိုယ်တိုင် မွေးရာပါချီအဖြစ် ပြောင်းလဲသွားသည်သာမက မဟာဧကရာဇ်၏ မူလဝိညာဉ်တစ်၀က်မှာလည်း မွေးရာပါချီအဖြစ် ပြောင်းလဲသွားသည်။
တစ်ဆက်တည်းမှာပင် ကောင်းကင်နတ်အရှင်လင်မှာ သူမ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ချိုးဖျက်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ပထမဆုံး ချိုးဖျက်ခဲ့သူမှာ ချင်မူဖြစ်သည်။ ချင်မူသည် စွမ်းအင်သာရှိပြီး အသွင်ဒြပ်ထည်မရှိသော ထိုက်ရှိတာအိုကို အသုံးပြုကာ ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ခဲ့၏။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရှောင်ကတော့ ထိုက်ချူတာအိုကို အသုံးပြု၍ ကမ္ဘာဦးမူလချီအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်သိုင်းကို ဖျက်စီးခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ နည်းလမ်းများက တူညီသော ရလဒ်ကို ဖြစ်ပေါ်စေခဲ့လေသည်။
ကောင်းကင်နတ်အရှင်လင်အတွက် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို စတင်စဉ်းစားမိသည့်အချိန်မှစ၍ ပြီးပြည့်စုံစွာ ဖန်တီးနိုင်ရန် နှစ်ပေါင်း ကိုးသိန်းခြောက်သောင်း ကြာခဲ့သည်။ ၎င်းက အင်မတန် ရှည်လျားသော အချိန်ကာလတစ်ခုဖြစ်၏။
နှစ်ပေါင်းကိုးသိန်းခြောက်သောင်းတိုင်တိုင် ကောင်းကင်နတ်အရှင်လင်သည် မဖြစ်နိုင်သော ပန်းတိုင်သို့ ရောက်အောင် မဆုတ်နစ်သော ဇွဲဖြင့် တစ်စိုက်မတ်မတ် ကြိုးစားခဲ့ခြင်းဖြင့် ဤကောင်းကင်နတ်သိုင်းအား ဖန်တီးနိုင်ခဲ့လေသည်။ သူမ၏ ပေးဆပ်ခဲ့ရမည့် သွေးချွေးတို့နှင့် လူများ၏ လှောင်ပြောင်မှုအကြား သည်းခံခဲ့ရမည့် နာကျည်းခါးသီးမှုတို့အား မှန်းဆကြည့်၍ပင် မရပေ။
သို့သော် နှစ်လေးသောင်းအတွင်း အခြားတစ်ယောက်က မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ခဲ့ချေပြီ။
ကမ္ဘာလောကကြီးသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသဖြင့် ကောက်းကင်နတ်အရှင်လင်ကဲ့သို့ ဉာဏ်ကြီးရှင်တစ်ယောက်သာ ထိုအပြော်ငးအလဲများအား နားလည်သိမြင်ကောင်း သိမြင်နိုင်ပေလိမ့်မည်။
သို့သော် သူမ၏ ကောင်းကင်နတ်သိုင်းသည် ဒြပ်၀ထ္တုများကို ကိုင်တွယ်နိုင်သည့် အစွမ်းအစအပြင် အချိန်နောက်ပြန်သွားသည့် မယုံနိုင်ဖွယ်ရာ အစွမ်းအား ပိုင်ဆိုင်ထား၏။ ၎င်းက ကောင်းကင်နတ်အရှင်ရှောင်ပင် အဖြေမထုတ်နိုင်သော အရာပင်။
ထိုမျှသာမက ကောင်းကင်နတ်အရှင်ရှောင်သည် သူမ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ထိုက်ကျိတာအို၏ အရှေ့တွင် အဆင့်သတ်မှတ်ခဲ့ကာ သူမအား မွေးရာပါထိုက်မဟာတာအိုငါးပါးနှင့် တန်းတူဖြစ်စေခဲ့သည်။ သူမသည် ထိုက်ယီ၊ ထိုက်ရှီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်ကျိ၊ ထိုက်စုတို့နှင့် ရင်ဘောင်တန်းနိုင်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူက သတ်မှတ်ခဲ့သည်။
သူ၏ ကောင်းကင်နတ်အရှင်လင်အပေါ် အဆင့်တိုင်းတာမှုမှာ မြင့်မားလွန်းသဖြင့် အခြားသူများကို ကြောင်အသွားစေနိုင်သည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်လင်က နတ်ဘုရားစီရင်ရာစင်မြင့်သို့ ရောက်လာကြသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နတ်အရှင်လင်သည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်၏။ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်အား ကောင်းကင်နတ်အရှင်ရှောင် မသိမ်းပိုက်နိုင်ခင် ဦးစွာပိတ်လှောင်ရလိမ့်မည်။
အခြားတစ်ဖက်တွင် ချင်မူ၏ ထိုက်ယီတောင်ဝှေးက ကောင်းကင်နတ်အရှင်ရှောင်မှ ပြောင်းလဲသွားခဲ့သော မွေးရာပါချီတို့ကို ထိုးစိုက်လိုက်သည်။
ချင်မူ့အနေဖြင့် ကောင်းကင်နတ်အရှင်ရှောင်အပေါ် အန္တရာယ်မပြုကောင်း မပြုနိုင်သော်လည်း ထိုက်ယီတောင်ဝှေးကတော့ သေချာပေါက် ထိခိုက်စေနိုင်သည်။
သူတို့နှစ်ယောက်သား အတူတူတိုက်ခိုက်ရင်း ကောင်းကင်နတ်အရှင်ရှောင်ကို တားဆီးရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ခွန်အားဖြင့် တာအိုရထားသည့် ကောင်းကင်နတ်အရှင်ရှောင်သာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်သွားပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
နှစ်ယောက်စလုံးသည် အရှေ့နှင့်အနောက်မှ နေရာယူကာ ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေကြ၏။ ချင်မူက ထိုက်ယီတောင်ဝှေးကို ဓားအသဖွယ် အသုံးပြုနေပြီး လျှပ်စီးပမာ လျင်မြန်နေသည်။ အသက်သွင်းလိုက်သော ဓားသိုင်းကွက်မှာ ကပ်ဘေးဖျက်ဓားဖြစ်သည့်အလျောက် တစ်ဖက်ရန်သူ မွေးရာပါမူလချီကို သုံးသည်ဖြစ်စေ၊ ထိုက်ချူတာအိုကို သုံးသည်ဖြစ်စေ အရေးမပါတော့ပေ။ ကပ်ဘေးဖျက်ဓားသည် မဟာတာအိုမှန်သမျှ ချိုးဖျက်ကာ တစ်ဖက်လူကို ကိစ္စတုံးပစ်နိုင်၏။
ချင်မူသည် ကမ္ဘာဦးအစ ဖရိုဖရဲသင်္ကေတများအား နားလည်သိမြင်ခဲ့သည့်အချိန်မှစ၍ ယုံကြည်ချက် ရှိလာခဲ့၏။
မွေးရာပါထိုက်မဟာတာအိုငါးပါးမှာလည်း လုံး၀ပြိုင်ဘက်ကင်းနေသည် မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ရှောင်မှ အသွင်ပြောင်းထားသည့် မွေးရာပါချီကို ထိုက်ယီတောင်ဝှေး ထိုးစိုက်လိုက်သည်နှင့်တစ်ပြိင်နက် ထူးဆန်းသောအပြောင်းအလဲတစ်ခု ဖြစ်သွားသည်။ လူရိပ်နောက်တစ်ခုကား နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ပေါ်လာပြီး အခြားသူမဟုတ်.... ကောင်းကင်နတ်အရှင်ဟောင်ပင်။
ကောင်းကင်နတ်အရှင်ဟောင်က ရယ်မောလျက် မွေးရာပါချီ စွမ်းအင်လုံးကို အရိုအသေပြုလိုက်သည်။ “ခမည်းတော်၊ သားတော် ဂါဝရပြုဖို့ ရောက်လာပါပြီ … ခမည်းတော် အသွင်သဏ္ဍာန်နဲ့ ဝိညာဉ် ထာ၀ရတည်ရှိနိုင်ပါစေ…”
သူ ဦးညွှတ်လိုက်သည့်အခါ သူ့အနောက်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက နတ်ဘုရားမထိုက်စု ဖြစ်သည်။
နတ်ဘုရားမထိုက်စုကလည်း တင့်တယ်ကြော့ရှင်းစွာ ဦးညွှတ်အရိုအသေပေးလိုက်ရာ မွေးရာပါချီစွမ်းအင်အခြေအနေတွင် ရှိနေခဲ့သည့် ကောင်းကင်နတ်အရှင်ရှောင်မှာ ချက်ချင်းဆိုသလို အသွင်သဏ္ဌာန်နှင့် ဒြပ်ထုရှိသည့် အခြေအနေသို့ ပြောင်းလဲသွားသည်။ သူ့တွင် ခန္ဓာကိုယ်၊ ဆံပင် အရေပြား၊ အသွေးအသားတို့ ပေါ်လာပြီး မွေးရာပါချီအဖြစ် မပြောင်းလဲနိုင်တော့ချေ။
ထိုစဉ်မှာပဲ ချင်မူ၏ ထိုက်ယီတောင်ဝှေးက ကပ်ဘေးဓားကို အသက်သွင်းလိုက်ပြီး မရေမတွက်နိုင်သော ဓားရောင်များနှင့်အတူ ကောင်းကင်နတ်အရှင်ရှောင်ကို ချက်ချင်း ဖောက်ထွက်သွားသည်။
ကောင်းကင်နတ်အရှင်ရှောင်သည် သွေးသံရဲရဲဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှ သဲကန္တာရဆီသို့ လွင့်ထွက်သွား၏။
“တာအိုနောင်တော်ထိုက်ချူ၊ မွေးရာပါထိုက်မဟာတာအိုငါးပါးရဲ့ စွမ်းအားက အရင်ပေါ်လာတဲ့ အစီအစဥ်အတိုင်း စီထားတာလို့ ဘယ်သူ ပြောလဲ”
နတ်ဘုရားမထိုက်စုက တခစ်ခစ် ရယ်နေသည်။ “ထိုက်မဟာတာအိုငါးပါးကြားမှာ ခွန်အားကွာခြားချက် မရှိဘူး… ခွန်အားက အားလုံးရဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ ကျင့်ကြံခြင်းအခြေခံအပေါ် မူတည်နေတာ”
စောစောက ကောင်းကင်နတ်အရှင်ရှောင်သည် ထိုက်ငါးပါးအနက် ကောင်းကင်နတ်အရှင်လင်အား ထိုက်ကျိအရှေ့၌ ထားနိုင်သည်ဟု ပြောခဲ့၏။ ထိုက်မဟာတာအိုငါးပါးတွင် အရှေ့ရောက်လေလေ၊ ခွန်အားကြီးမားလေလေဟု သူ ထင်ခဲ့လေသည်။
နတ်ဘုရားမထိုက်စု၏ တိုက်ကွက်က သူ့အား မွေးရာပါချီအဖြစ်မှ ရုပ်ခန္ဓာအဖြစ် ပြောင်းလဲစေခဲ့ပြီး ချင်မူ၏ ဓားချက်ဖြင့် ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် ထိုက်စုက သူ့အား လှောင်လိုက်ခြင်း ဖြစ်သည်။
ဤအခြေအနေကို ကြည့်ခြင်းဖြင့် မွေးရာပါ ထိုက်ငါးဦး၏ အဆင့်သတ်မှတ်ချက်သည် ခွန်အားနှင့် အားနည်းချက်အပေါ်တွင် မူတည်နေရုံမျှသာ မရိုးရှင်းကြောင်း သိနိုင်ပေသည်။
ထိုက်ငါးဦးတွင် စတုတ္ထအဆင့်ဖြစ်သည့် ထိုက်စုသည် ဒုတိယအဆင့်တွင် ရှိသော ထိုက်ချူထက် မွေးဖွားစဉ်က ပိုမိုပြီးပြည့်စုံခဲ့၏။ သို့သော် ချင်မူ့ကြောင့် စကြ၀ဠာဆယ့်ခြောက်စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲသို့ ရောက်ခဲ့သဖြင့် စောစီးစွာ မွေးဖွားလာရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သူမ၏ ဥထဲရှိ အသက်ဓာတ်ရေကြည်များကိုပင် ချင်မူက လုသွားခဲ့သည်။
သူမမှာ မွေးကတည်းက ချို့ယွင်းခဲ့သောကြောင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရား မောင်နှမကို မယှဉ်နိုင်ခဲ့ပေ။ သို့သော် သူမ၏ တိုက်ကွက်တစ်ကွက်တည်းက ထိုက်ချူဖြစ်သည့် ကောင်းကင်နတ်အရှင်ရှောင်ကို သိသိသာသာ ရှုံးနိမ့်စေခဲ့သည်။
ကောင်းကင်နတ်အရှင်ဟောင်နှင့် ချင်မူတို့သည် တိုက်ကွက်တစ်ကွက်တည်းဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြပြီးနောက် နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်းဆိုသလို တိုက်ကွက်များ ပြောင်းလဲလိုက်ကြသည်။ ကောင်းကင်နတ်အရှင်ဟောင်က ဦးညွှတ်ထားရာမှ ခါးပြန်မတ်လိုက်ပြီး တာအိုတစ်သောင်းလှည်းဘီးကို အသက်သွင်းလိုက်ရင်း ချင်မူ့အား တိုက်ခိုက်၏။ အခြားတစ်ဖက်တွင် ချင်မူကလည်း တောင်ဝှေးကို ပြောင်းပြန်ကိုင်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
တာအိုတစ်သောင်းလှည်းဘီးက တစ်ကြိမ်သာ ထိတိုက်သွားသော်လည်း ချင်မူမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။ ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည့်အချိန်၌ ကောင်းကင်နတ်အရှင်ဟောင်၏ ရင်ဘတ်သည် ပေါက်ကွဲပြီး ဖရိုဖရဲချီအဖြစ် ပြောင်းလဲကာ နံရိုးများ ပေါ်လာစေသည်။
ကောင်းကင်နတ်အရှင်ဟောင်က မဲ့ပြုံး, ပြုံးလိုက်သည်။ “မဖြစ်စလောက် ဒဏ်ရာလေးပဲ…. ငါ့ကို ထိခိုက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူသင့်တယ် ကောင်းကင်နတ်အရှင်မူ”
ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ့မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ နောက်ထပ်ချင်မူတစ်ယောက်က သူ့အရှေ့၌ ပေါ်လာချေပြီ။
ကောင်းကင်နတ်အရှင်ဟောင် ဆွံ့အနေစဉ် ထိုချင်မူက ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဝုန်း…
နတ်ဘုရားစီရင်ရာစင်မြင့်ဆီမှ ပြင်းထန်လှသော လှိုင်းဂယက်ကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ဟောင်၏ ရင်ဘတ်မှာ မွစာကြဲကာ စုတ်ပြတ်သွားသည်။ ချင်မူမှာလည်း သူ့ကြောင့် တစ်စစီဖြစ်သွား၏။
ကောင်းကင်နတ်အရှင်ဟောင်က အံတင်းတင်းကြိတ်၍ တာအိုတစ်သောင်းလှည်းဘီးကို အသက်သွင်းလိုက်ပြန်သည်။ ၎င်းက ချင်မူ့ကို အစအနပင်မကျန်သည်အထိ စိစိညက်ညက် ချေပစ်လိုက်သည်။
သူက နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပေးလိုက်ပြီး နတ်ဘုရားမထိုက်စုအား လှုပ်ရှားစေသည်။ သူမက ချင်မူ့ကို ထိုက်စုချီလုံးတစ်လုံးအဖြစ် ပြောင်းလဲကာ အသွင်သဏ္ဍာန် ပျောက်ကွယ်သွားစေ၏။
ကောင်းကင်နတ်အရှင်ဟောင် တာအိုတစ်သောင်းလှည်းဘီးကို သိမ်းဆည်းလိုက်သည့်အချိန်တွင် ချင်မူက သူ့အရှေ့တွင် ထပ်မံပေါ်လာကာ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။
ကောင်းကင်နတ်အရှင်ဟောင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုးချလိုက်သည်။ ချင်မူမှာ တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ ပေါက်ကွဲပြီး ပြာကျသွားသည်။ နတ်ဘုရားမထိုက်စုသည် စဉ်းစားနေရန် အချိန်မရှိဘဲ ကောင်းကင်နတ်အရှင်ဟောင် သူမအား အရိုအသေပေးသည်ကိုသာ စောင့်နေ၏။ ထို့နောက် သူမက တိုက်ခိုက်၍ ချင်မူ့အား ချေမှုန်းလိုက်သည်။
သို့သော် ထိုက်စုချီစွမ်းအင် လွင့်ပြယ်သွားလျှင်ချင်း နောက်ထပ်ချင်မူတစ်ယောက်က သူတို့အရှေ့တွင် ပေါ်လာပြန်သည်။ သူက ထိုက်ယီတောင်ဝှေးကို ပြောင်းပြန်ကိုင်၍ ဖရိုဖရဲချီတာအိုကို သုံးကာ ကောင်းကင်နတ်အရှင်ဟောင်အား ဦးညွှတ်လိုက်ပြန်သည်။
ကောင်းကင်နတ်အရှင်ဟောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ့အနောက်တွင် မဟာကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်လာသည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က တစ်ခုကိုတစ်ခု ထောက်ပံ့လျက် ခံ့ညားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
သူ၏မူလဝိညာဉ်က ကောင်းကင်သို့ ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး အဆုံးမရှိသည့်အလား ထွားကြိုင်းလာသည်။ သူ့လက်ဖဝါးက အောက်သို့ ဖိချလိုက်သည့်အခါ ချင်မူမှာ လက်ဝါးမကျရောက်လာခင်မှာပင် ပြင်းထန်လှသော ဖိအားကြောင့် ပြာကျသွား၏။
တစ်ချိန်တည်းမှာပဲ ဧရာမအပေါက်ကြီးတစ်ပေါက်က ကောင်းကင်နတ်အရှင်ဟောင်၏ ရင်ဘတ်တွင် ပေါ်လာပြီး တဒုတ်ဒုတ် ခုန်နေသော သူ၏နှလုံးသားကို ထွက်ပေါ်လာစေသည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ကြီးကျယ်ခမ်းနားနေပြီး ကြောက်မက်ဖွယ်ရာ အသတ်အဖြတ်အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေကာ တစ်လောကလုံးတွင် အသန်မာဆုံးဖြစ်သည့် ကောင်းကင်နတ်အရှင်တစ်ပါး၏ စွမ်းအားကို ပြသနေတော့၏။
ချင်မူက သူ့အရှေ့တွင် ပေါ်လာပြီး နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။
ကောင်းကင်နတ်အရှင်ဟောင်က အော်ဟစ်လိုက်ပြီး နတ်ကောင်းကင်ခန်းမမှ ဧကရာဇ်ခွန်အားတို့ကို ထုတ်လွှတ်လျက် ကောင်းကင်နတ်မြစ်တစ်စင်းလုံး အငွေ့ပျံသွားစေ၏။ နတ်ဘုရားစီရင်ရာစင်မြင့်တစ်ခုတည်းသာ ကျန်ရစ်ခဲ့လေသည်။
ခွန်အားလှိုင်းကြောင့် သဲကန္တာရတွင် မုန်တိုင်းထန်လာကာ အလောင်းများစွာ လေပေါ် မြောက်တက်ကုန်သည်။
ဝုန်း…
သူ့တိုက်ကွက် ကျရောက်လာသည့်အချိန်တွင် လေပေါ် မြောက်တက်နေသည့် သဲကန္တာရသည် ရုတ်တရက် မြေကြီးပေါ် ကျဆင်းသွား၏။ သဲကန္တာရမှာ ချင်မူနှင့်အတူ ဖိချေခံလိုက်ရသည်။
“ဒီတစ်ခါတော့ မင်း သေသင့်ပြီမလား…”
သူ့မှာ ဒေါသမထိန်းနိုင်တော့ပေ။ သူ့ရင်ဘတ်ထဲရှိ နှလုံးသားမှာလည်း ချင်မူ့ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာလို့ မသေသေးတာလဲကွ”
သူ့တာအိုနှလုံးသားမှာ ဖရိုဖရဲ ယိမ်းယိုင်လာချေပြီ။ တစ်လောကလုံးတွင် သူ့တာအိုနှလုံးသားကို နှောင့်ယှက်နိုင်သူ ဟူ၍ ချင်မူတစ်ယောက်တည်းသာ ရှိသည်။
လွန်ခဲ့သည့် နှစ်တစ်သန်း၊ နဂါးသွဲ့ရေကန် အစည်းအဝေးတွင် ချင်မူသည် သူ့ဘဝတွင် ဖျောက်ဖျက်မရနိုင်သော အမည်းစက်ကြီးတစ်စက် စွန်းထင်းစေခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်သည် တာအိုကျင့်စဉ်စနစ်အရ ကောင်းကင်ဘုံအဆင့် ၃၀ အထိ ကျင့်ကြံထားသည့်အတွက် သူ၏တာအိုနှလုံးသားက ချင်မူ့အောက် မနိမ့်ဘဲ မြင့်မားသည့်တိုင် ချင်မူနှင့် ရင်ဆိုင်ရတိုင်း သူ့တာအိုနှလုံးသားမှာ ဖရိုဖရဲ ယိုင်နဲ့သွားတတ်သေးသည်။
“မသေသေးဘူး”
ချင်မူ့အသံ ထွက်လာသဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ သူ အာရုံစူးစိုက်ကြည့်လိုက်သည့်အခါ အတော်လေး မျက်နှာပျက်သွားမိ၏။ ချင်မူသည် သူ့အရှေ့၌ အကောင်းပကတိအတိုင်း ထွက်ပေါ်လာပြန်သည်။
သို့သော် ချင်မူတစ်ယောက်တည်း မဟုတ်ဘဲ ချင်မူအယောက်ပေါင်း နှစ်သောင်းကျော် ဖြစ်နေ၏။
ထိုချင်မူများက နှစ်လေးသောင်းကြာ တည်ရှိခဲ့သည့် အချိန်မြစ်တစ်စင်းပမာ အတန်းလိုက် ရပ်နေကြသည်။
“ကောင်းကင်နတ်အရှင်ဟောင်၊ ခင်ဗျား ကျွန်တော့်ကို ခြေရာခံဖို့ ကောင်းကင်နတ်မြစ်ထဲ ခိုး၀င်ခဲ့တယ်မလား…. ကျွန်တော်ရဲ့အရိပ် ဘယ်နှစ်ခုကို ဖြတ်လာခဲ့လဲ”
ချင်မူနှစ်သောင်းက သူ့ကို ပြိုင်တူကြည့်နေကြပြီး ထူးဆန်းစွာ ပြုံးနေကြသည်မှာ ကြက်သီးထစရာပင် ကောင်းသည်။ “ခင်ဗျား ဖြတ်သန်းခဲ့တဲ့ အရေအတွက်က ကျွန်တော် ဘယ်နှစ်ယောက် ဖြစ်လာမလဲဆိုတဲ့ အရေအတွက်ပဲ… ကျွန်တော့်အရိပ်တွေက ခင်ဗျားနဲ့ မဟာဧကရာဇ်အတွက် ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူး… ကျွန်တော်ကိုယ်တိုင်အတွက်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်မှာ လှမ်းကြည့်လိုက်သည့်အခါ သဲကန္တာရ ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်မြစ် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ရှောင်တို့မှာလည်း ပျောက်ကွယ်သွားချေပြီ။ မြစ်ပေါ်၌ သူ၊ ထိုက်စုနှင့် ချင်မူနှစိသောင်းသာ ကျန်ရစ်တော့သည်။
သူ့မှာ ပိတ်မိနေလေပြီ။
ကောင်းကင်နတ်အရှင်ဟောင် စိတ်ထဲတွင် တွေးလိုက်မိသည်။ ကောင်းကင်နတ်မြစ်ပေါ် ခြေချ၍ မြူခိုးများကို ဖြတ်သန်းခဲ့စဉ်ကတည်းက ပိတ်မိနေခဲ့ခြင်း ဖြစ်မည်။
“ကောင်းကင်နတ်အရှင်ဟောင်”
ပထမဆုံးချင်မူက ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူက ကမ္ဘာဦးဖရိုဖရဲတာအိုကို အသုံးပြုလျက် ပြော၏။ “ခင်ဗျား လွန်ခဲ့တဲ့နှစ်လေးသောင်းက ကျွန်တော် စုစုပေါင်း နှစ်သောင်းလေးရာနှစ်ဆယ့်သုံးဦးကို သတ်နိုင်မလား ဒါမှဟုတ် ခင်ဗျားလို ခွန်အားကနေ တာအိုရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က လွန်ခဲ့တဲ့ နှစ်လေးသောင်းက ကျွန်တော့်လက်ထဲမှာ သေသွားမလား ကြည့်ရတာပေါ့”