← Chapters

ဓားစမ်းမည့် ခိုင်ဧကရာဇ်

Vol. 119 Ch. 1552

ဓားစမ်းမည့် ခိုင်ဧကရာဇ်

Vol. 119 Ch. 1552

ကောင်းကင်နတ်အရှင်ရှောင်က ခိုင်ဧကရာဇ်ကို ငုံ့ကြည့်လိုက်သည်။ နဂါးဟန်ခေတ်အစောပိုင်းတုန်းက သူကိုယ်တိုင် ချင်မူနှင့် ခိုင်ဧကရာဇ်တို့အား ကောင်းကင်နတ်အရှင်ဘွဲ့များ ချီးမြှင့်ပေးခဲ့သည်။ သို့သော် သူတို့နှစ်ယောက်ကား ခဏမျှသာ ထွက်ပေါ်လာခဲ့ကြပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ကြသည်။

ချင်မူ၊ ကောင်းကင်နတ်အရှင်မူသာလျှင် နဂါးဟန်ခေတ်၏ သမိုင်းကြောင်း၌ ရံဖန်ရံခါ ပေါ်လာတတ်ပြီး သမိုင်းကြောင်းတ‌စ်လျှောက် အရေးအကြီးဆုံး ကိစ္စရပ်များတွင် ပါ၀င်ပက်သက်ခဲ့သည်။

သို့သော် ကောင်းကင်နတ်အရှင်ချင်ကမူ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ချင်ယဲ့ဟု အမည်တွင်သည့် လူငယ်တစ်ဦး ချုံဧကရာဇ်ခေတ်၏ အပျက်အစီးများကြားမှ ထင်ရှားလာပြီး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့သောအခါတွင်မှ ထိုကောင်းကင်နတ်အရှင်ချင်မှာ ကောင်းကင်နတ်အရှင်ရှောင်၏မြင်ကွင်းထဲ၌ ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။

ထိုအချိန်တုန်းက တိုတောင်းလှသော နှစ်နှစ်သောင်းအတွင်း ခိုင်ဧကရာဇ်သည် ကြောက်မက်ဖွယ်ရာ ရန်သူတစ်ဦး ဖြစ်လာခဲ့သဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံး လှုပ်ရှားကာ ခိုင်ဧကရာဇ်ခေတ်ကို ချေမှုန်းဖျက်ဆီးခဲ့သည်။

ထို့နောက်တွင်တော့ ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာ၌ ပုန်းနေခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဤလူ သေချာပေါက် ပြန်လည်ထွက်လာမည်မှန််း သိထားကြသောကြောင့် လူများ စေလွှတ်ကာ ရှာဖွေစေခဲ့၏။

နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးလုံးသည် ရာထူးဂုဏ်ဒြပ်များနှင့် ထိုက်တန်ကြသည့်အလျောက် သူတို့တစ်ယောက်ချင်းစီတွင် ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် အောင်မြင်မှုကိုယ်စီ ရှိကြသည်။

“ချင်ယဲ့၊ မင်း တာအိုရသွားပြီလား” ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်က ကျုံ့၀င်သွားပြီး သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

ခိုင်ဧကရာဇ်က မဖြေ။

‌ဖြေစရာလည်း မလိုအပ်။

သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့လာသော အရှိန်အ၀ါတို့က စင်ကြယ်သန့်စင်သည့် ဓားတာအိုအရှိန်အဝါများ မဟုတ်ပါလော။ မည်သည့်အညစ်အကြေးမှ မရှိသည့်အပြင် အလွန်တရာ စူးရှထက်မြက်နေသော်လည်း အထိန်းအကွပ် ရှိနေသည့် အရှိန်အဝါတို့ကို ပေးစွမ်းနေသည်။

သူက ထိုနေရာတွင် ဓားတာအို၏ မဟာကောင်းကင်ဘုံအလား ပြိုင်ဘက်ကင်းသော ဩဇာတို့နှင့်အတူ ခံညားထည်ဝါစွာ ရပ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် ခန္ဓာကိုယ်၏ ချွန်ထက်မှုအား ထိန်းသိမ်းထားသည့် ဓားအိမ်တစ်ခုအလားပင်။

ချွန်ထက်မှု ထွက်ပေါ်မလာသရွေ့ မည်သူမှ ထိခိုက်လိမ့်မည် မဟုတ်ပေ။

ချွန်ထက်မှု ထွက်ပေါ်လာသည့်အချိန်တွင်တော့ ၎င်းကား သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်လာကာ လိုသလို ပြောင်းလဲနိုင်ပေလိမ့်မည်။

ဤသည်က တာအိုဖြစ်လာခြင်းပင်။

တာအိုဖြစ်လာခြင်းက တာအိုရရှိခြင်းနှင့် မတူပေ။ တာအိုရရှိခြင်းက တာအိုကို အောင်မြင်ခြင်းဖြစ်သည်။ သိုင်းအခြေခံ နက်ရှိုင်းမှုတွင် ကွာခြားသလို ၊ သိုင်းအဆင့်တွင်လည်း ကွာခြားမှု ရှိ၏။

ဉာဏ်အလင်းပွင့်ခြင်းက တာအိုဖြစ်လာခြင်းဟု ခေါ်ပြီး တာအိုအောင်မြင်ခြင်းနှင့် မိုးနှင့် မြေပမာ ကွာဟလေသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာအမူအရာက ပိုပို၍ တည်ကြည်လာပြီး အနည်းငယ် မနာလိုဖြစ်နေသယောင် ထင်ရ၏။

ဤမျှ သေးနုပ်နုံချာသော လူသားတစ်ယောက်သည် နှစ်လေးသောင်းအတွင်း အမြင့်မားဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ချေပြီ။ သူ့လို မွေးရာပါ စွမ်းအားကြီးသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးပင်လျှင် တာအိုရရှိနိုင်ရန် အလွန်ခက်ခဲနေသည် မဟုတ်ပါလော။

“ခိုင်ဧကရာဇ်ခေတ်မှာတုန်းက မင်းက ကမ္ဘာခေတ်နှောင်းတာအိုကို တီထွင်ခဲ့ပြီး ကမ္ဘာခေတ်နှောင်းတာအိုက မွေးရာပါတာအိုနဲ့ တန်းတူဖြစ်လာနိုင်မယ်လို့ ကြွေးကြော်ခဲ့တယ် … မင်း အဲ့လိုကြွေးကြော်ခဲ့တုန်းက ကောင်းကင်နတ်ဘုံတစ်ဘုံလုံး မင်းရဲ့ အတွေးအထင်တွေ မှားနေပြီ ထင်ခဲ့ကြတယ်... ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟုန်တို့လို ကောင်းကင်နတ်အရှင်တွေအပါအ၀င် ကောင်းကင်နတ်အရှင်ဆယ်ပါးက ဟာသလို့ ထင်ခဲ့ကြတာ….”

ကောင်းကင်နတ်အရှင်ရှောင်သည် ရင်ထဲရှိ မနာလိုမှုများကို ချုပ်တည်းမြိုသိပ်ကာ သူ၏ခန္ဓာကိုယ်အား ခိုင်ဧကရာဇ်နှင့် အရွယ်အစား တူညီသည်အထိ ချုံ့လိုက်သည်။ သူတို့နှစ်ယောက်က နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်နေကြပြီး ကောင်းကင်နတ်အရှင်ရှောင်၏ အနောက်တွင်တော့ အလင်းရောင်တစ်ရောင် ထွန်းလင်းတောက်ပနေ၏။

သူ၏ ကောင်းကင်နတ်ဘုံထဲရှိ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ဆောင်တို့က မီးတောက်များဖြင့် တဟုန်းဟုန်း တောက်လောင်နေကာ အလွန်ကျယ်ပြန့်‌သော ဧရိယာကို လွှမ်းခြုံထားသည်။ သူ၏ မူလဝိညာဉ်က နတ်ကောင်းကင်ခန်းမအထက်ရှိ ကောင်းကင်တွင် ရပ်နေ၏။ သူ့ခန္ဓာကိုယ်က ကြီးမားကျယ်ပြန့်ပြီး ကောင်းကင်နတ်ဘုံတစ်ခုလုံးအပေါ် လွှမ်းမိုးထားသည်။ သူ၏ဧကရာဇ်အင်အားက ပြိုင်ဘက်ကင်းနေချေသည်။

“အဲ့ဒီအချိန်တုန်းက မင်းက ငကြောင်လို့ ငါလည်း ထင်ခဲ့မိတယ် … ဒါပေမဲ့ နောက်တော့ အမြင်ပြောင်းသွားခဲ့တယ်…မင်းရဲ့ ဓားတာအိုက သိပ်ကို ထူးကဲတဲ့ အရာပဲ… စကြ၀ဠာရဲ့ သမိုင်းကြောင်းတစ်လျှောက် တည်ရှိခဲ့တဲ့ ကမ္ဘာလောကတွေမှာ အဲဒီလို ထူးကဲတဲ့အရာ အနည်းငယ်ပဲ ရှိတယ်”

ကောင်းကင်နတ်အရှင်ရှောင်သည် ခိုင်ဧကရာဇ်အပေါ် မလေးစားမိဘဲ မနေပေ။ “မင်းဟာ ကောင်းကင်နန်းဆောင်တစ်ခုတည်းကို အားကိုးပြီး ဓားတာအိုကို ကျင့်ကြံဖွင့်လှစ်ခဲ့တယ်…. နှစ်နှစ်သောင်းဆိုတဲ့ အချိန်တိုအတွင်းမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ရင်ဘောင်တန်းနိုင်လာတယ် …. ငါ တစ်ကြိမ်ထက်မနည်း တွေးခဲ့ဖူးတာ မင်း သိလား….

“ငါက အဲဒီအချိန်တုန်းက သိပ်အမြော်အမြင်ကြီးမားတဲ့သူလေ ... ငါကိုယ်တိုင် ကောင်းကင်နတ်အရှင်ကိုးပါးကို ဂုဏ်ဒြပ်ရာထူးတွေ ပေးအပ်ခဲ့ပြီး သူတို့တစ်ယောက်ချင်းစီမှာ ထူးကဲသာလွန်တဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားမှန်းလည်း ငါ သိတာပေါ့ … အဲ့ဒီလိုအမျှော်အမြင်မျိုးက တခြားသူတွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး… ဒါပေမဲ့ တစ်လောကလုံးမှာ ဘယ်သူက ငါ့ကို ကျော်တက်နိုင်မှာတဲ့လဲ..”

ခိုင်ဧကရာဇ်က တုတ်တုတ်မလှုပ်ပေ။

‌ကောင်းကင်နတ်အရှင်ရှောင်က ဆက်ပြော၏။ “နောက်ပိုင်း မင်း တာအိုကျင့်စဉ်စနစ်ကို ဖန်တီးခဲ့တုန်းက ငါ ပိုလို့တောင် လေးစားခဲ့မိတယ်…. တာအိုကျင့်စဉ်စနစ်က ကမ္ဘာခေတ်နှောင်းတာအို တာအိုဖြစ်လာမယ့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့တဲ့အပြင် မွေးရာပါတာအို တာအိုဖြစ်လာတာကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်”

သူက လေးစားစွာဖြင့် လက်ခုပ်တီးလိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။ “ချင်ယဲ့၊ ကောင်းကင်နတ်အရှင်ယွီရဲ့ အကြီးမားဆုံးအောင်မြင်မှုက ကျင့်ကြံနိုင်မယ့် လမ်းစဉ်ကို ဖွင့်ပေးခဲ့ပြီး အစကနေ ပြန်စရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့တာပဲ… ဒါပေမဲ့ သူက အသေစောသွားခဲ့တယ်…. ကောင်းကင်နတ်ဘုံအပေါ် အခြေခံပြီး ခွန်အားကနေ တာအိုရနိုင်တဲ့အကြောင်း မှန်းဆနိုင်ခဲ့ရုံပဲ တတ်နိုင်ခဲ့တယ် … ‌နောက်မျိုးဆက်သစ်တွေကမှ ဟာကွက်တွေ ဖြည့်ခဲ့ရတာ…. အခုအချိန်အထိ ဒီလမ်းစဉ်က အရှင်းလင်းဆုံးလမ်းစဉ်ပဲ… ဒါပေမဲ့ မင်းက နောက်ထက်လမ်းစဉ်တစ်ခုကို ဖောက်ခဲ့ပြီ…. တာအိုကျင့်စဉ်စနစ်နဲ့ မင်းရဲ့အောင်မြင်မှုတွေဟာ ကောင်းကင်နတ်အရှင်ယွီအောက် နိမ့်ကျမနေဘူး”

သူသည် မျိုးဆက်တစ်ဆက်၏ ကောင်းကင်ဧကရာဇ်ဟန်ပန် ရှိနေ၏။ သူက တင့်တယ်ကြော့ရှင်းနေသော အမူအရာဖြင့် ပြော၏။ “ချင်ယဲ့၊ မင်းက ငါ့ကို အံ့အားသင့်စေခဲ့တယ်… ဒါပေမဲ့ ငါ တာအိုရမယ့် လမ်းမှာ လာတားရင်တော့ မင်းကို မြေမြှုပ်ပစ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး… မင်းရဲ့ အကြီးမားဆုံးအားနည်းချက်က ဘာလဲ သိလား”

ခိုင်ဧကရာဇ်က ထိုနေရာ၌ တိတ်ဆိတ်စွာသာ ရပ်နေ၍ မည်သည့်စကားမှ မပြောပေ။

ကောင်းကင်နတ်အရှင်ရှောင်က ဆက်ပြောသည်။ “မင်းက ကောင်းကင်နတ်အရှင်မူနောက်ကနေ ဒီကို လိုက်လာခဲ့တယ်လေ …. တာအိုရပြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသန်မာဆုံးခွန်အားက မဟာခြုံလွှမ်းကောင်းကင်ဘုံအဆင့်ပဲ…. မင်းရဲ့ ဓားတာအိုက မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ တံဆိပ်ခတ်နှိပ်ခဲ့ပြီးပြီ… မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ မင်းရဲ့ အဆုံးမဲ့တဲ့ စွမ်းအား ကိန်းဝပ်နေပြီ … ဒါပေမဲ့ မင်းက တာအိုကို ပစ္စပ္ပုန်မှာ ရခဲ့တာ ... ဒီအတိတ်မှာ မဟုတ်ဘူး… ငါတို့ရောက်နေတဲ့ ခေတ်က အတိတ်ခေတ်ပဲ… ဒါက မင်း မွေးမလာသေးတဲ့ ခေတ်ပဲ”

သူက ပြုံးလျက် သဲကန္တာရထဲရှိ အဝါရောင်သဲမှုန်များဆီသို့ ကြည့်လိုက်သည်။ “ဒါက လွန်ခဲ့တဲ့ နှစ်လေးသောင်းက မဟာခြုံလွှမ်းကောင်းကင်ဘုံပဲ…” သူက အေး‌အေးလူလူ ပြော၏။ “ဒီစကြ၀ဠာမှာ မင်းရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံ မရှိသေးဘူး… ဒါက ချုံဧကရာဇ်ခေတ်ရဲ့ အပျက်အစီးတွေ… မင်းက မင်းရဲ့ အကြီးမားဆုံး အားသာချက်ကို စွန့်ပစ်ခဲ့ပြီး ငါ့လို ခွန်အားကနေ တာအိုရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီနေရာအထိ လာရင်ဆိုင်တယ်… မင်းက ဒီတစ်ကွက်တည်းနဲ့ ရူးသွားပြီ”

အဝေးတွင် ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ရှောင် ပြောသည်မှာလည်း မမှားချေ။ ခိုင်ဧကရာဇ်သည် တာအိုကို လောလောလတ်လတ်မှ ရှိခဲ့သော်လည်း အတိတ်သို့ ပြန်လာခဲ့ရ၏။ အတိတ်တွင် ဓားတာအို၏ မဟာခြုံလွှမ်ကောင်းကင်ဘုံ မရှိပေ။

ဓားတာအို မဟာခြုံလွှမ်းကောင်းကင်နတ်ဘုံ မရှိသည့် ခိုင်ဧကရာဇ်အနေဖြင့် ကောင်းကင်နတ်အရှင်ရှောင်နှင့် ရင်ဆိုင်နိုင်ပါမည်လော။

ခိုင်ဧကရာဇ်က လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏မျက်လုံးထဲတွင် လှောင်ပြောင်နေသော အရိပ်အယောင်တို့ ပြည့်နှက်နေသည်။

ကောင်းကင်နတ်အရှင်ရှောင်က ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လိုက်သည်။

သူ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး ပြိုလဲလာပြီး မြေကြီးများလည်း ကွဲအက်လာသည်။ တိုက်ကွက်က ခိုင်ဧကရာဇ်အား ပစ်မှတ်ထားသော်လည်း ကောင်းကင်နတ်အရှင်ရှောင် ထုတ်လွှတ်သည့် ချီစွမ်းအင်တို့က သဲကန္တာရအား ကမ္ဘာဦးချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားစေသည်။

မရေမတွက်နိုင်သော သဲမှုန်များသည် သေးငယ်မှုန်မွှားသော အမှုန်လေးများအဖြစ် အက်ကွဲကုန်ကြပြီးနောက်် ထိုက်ချူချီစွမ်းအင်အဖြစ် ဆက်လက်ပြောင်းလဲသွားကြ၏။

သဲကန္တာရ၏ အရိုးခြောက်များက ထိုက်ချူချီစွမ်းအင်ထဲ၌ လွင့်မျောနေကြသည်။ နတ်အရိုးများပင်လျှင် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံရကာ ထိုက်ချူချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကြသည်။

ကောင်းကင်နတ်အရှင်ရှောင်ဆီမှ တိုက်ကွက်၏ စွမ်းအား ပေါက်ကွဲထွက်လာလျှင်ချင်း ကြယ်တာရာများမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်ကြချေပြီ။

ပြိုကွဲ‌ပျက်စီးနေကြသည့် ကောင်းကင်များက အသွင်သဏ္ဍာန်၊ ဒြပ်ထုမဲ့၍ ခန္ဓာမရှိသော ဖရိုဖရဲသဘာဝသို့ ပြောင်းလဲသွားပြီး ကောင်းကင်ဘုံနှင် ကမ္ဘာမြေကြီး ထွက်ပေါ်မလာသေးသည့်အချိန်၊ မဟာတာအိုပင် အသွင်မဖွဲ့တည်သေးသော ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

ချင်မူမှာ အခြေအနေမဟန်တော့မှန်း တွေ့မြင်နေရသည်။ ကောင်းကင်နတ်အရှင်ရှောင်က ခွန်အားကို အသုံးပြု၍ တာအိုရထားသည့်အလျောက် ဤစွမ်းအား အသက်ဝင်လာသည့်အချိန်တွင် သူ့ကိုပင် ခြိမ်းခြောက်နိုင်၏။ သူက ထိုက်ယီတောင်ဝှေးကို မြှောက်လိုက်ပြီး စိုက်ချလိုက်သည်။

ဝုန်း….

ထိုက်ယီ၏ တောင်ဝှေးစွမ်းအားက သူ့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နတ်သိုင်းတွင် ကိန်းအောင်းနေသည့် စွမ်းအားကို ခုခံကာကွယ်လိုက်သည်။

ကောင်းကင်နတ်အရှင်လင်က သူ့ဘေးတွင် ရပ်နေပြီး သူတို့နှစ်ယောက်လုံး လေပြင်းနှင့် မိုးစက်များ တိုက်ခတ်လာသည်ကို ခံစားလိုက်ကြရသည်။ ပင်လယ်အလယ်တွင် အထီးကျန်စွာ ရွက်လွှင့်နေသော လေငယ်တစ်စင်းပမာ လှိုင်းလုံးများနှင့်အညီ အပေါ်အောက်၊ ဘယ်ညာယိမ်းထိုးလာကြသည်။

သူတို့နှစ်ယောက်လုံးမှာ ပြောပြ၍မရနိုင်အောင် အံ့အားသင့်နေကြသော်လည်း မျက်နှာအမူအရာများက တည်ကြည်လေးနက်နေကြသည်။

ကောင်းကင်ထက်မှ ကြယ်တာရာများက ဆက်လက်ကျဆင်းလာရင်း လမ်းတစ်ဝက်မှာပင် ပြိုကွဲပျက်စီးသွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည်လည်း ထိုက်ချူချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကြပြီး တစ်လောကလုံးကို ဖျက်ဆီးနိုင်သည့် လှိုင်းလုံးများနှင့် ပေါင်းစည်းသွားကြသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ စွမ်းဆောင်ရည်များက အင်အားကြီးမားလွန်းချေသည်။ ခွန်အားကို အသုံးပြု၍ တာအိုရခဲ့သောကြောင့် ခွန်အားအရာတွင် ကောင်းကင်နတ်အရှင်ရှောင်ကို မှီနိုင်သည့်သူ မရှိတော့ပေ။

ထိုက်ချူချီသည် ‌မွေးကတည်းက ပါရှိလာသော မွေးရာပါချီဖြစ်ပြီး ကောင်းကင်နှင့်မြေပြင် ဖြစ်ပေါ်မလာခင်ကတည်းက တည်ရှိခဲ့သည်။ ၎င်းကမှတစ်ဆင့် ထိုက်ရှီ၊ ထိုက်စု၊ ထိုက်ကျိတို့အဖြစ် အသီးသီး ပြောင်းလဲပြီးနောက် ကောင်းကင်နှင့် မြေကြီးကို ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်နတ်အရှင်ရှောင်က ထိုက်ချူတာအိုကို အဆုံးအစွန်အထိ တိုးမြှင့်လျက် ပျက်စီးနေသော ကောင်းကင်များအား ထိုက်ချူအခြေအနေသို့ ပြောင်းလဲရင်း သူ၏အစွမ်းတို့ကို အားကောင်းလာစေသည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှ ဓားရောင်တစ်ချက် တောက်ပလာ၏။ ဓားရောင် တောက်ပလာသည့်အချိန်တွင် ပြိုင်ဘက်ကင်းစွာ ဖြာထွက်လာသော ဓားတာအိုကို ချင်မူ ချက်ချင်း ခံစားလိုက်ရသည်။

“ဓားတာအိုရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံလား”

ချင်မူမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ဤတာအို၏ အရင်းအမြစ်မှာ အံ့ဩဖွယ်ကောင်းစွာဖြင့် ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်နေမှန်း အာရုံခံလိုက်မိလေသည်။

သို့သော် ကောင်းကင်နတ်အရှင်ရှောင်၏ စကားအရဆိုလျှင် ဤခေတ်သည် ချုံဧကရာဇ်ခေတ် ပျက်သုဉ်းသွားသည့်အချိန် မဟုတ်ပါလော။

တစ်နည်းဆိုရလျှင် ခိုင်ဧကရာဇ်မှာ မွေးပင် မမွေးဖွားသေးပေ။

ခိုင်ဧကရာဇ်သည် နှစ်လေးသောင်းကြာပြီးမှ တာအိုရရှိခဲ့ပြီး ဓားတာအိုကို မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တံဆိပ်ခတ်နှိပ်ခဲ့၏။

ဓားတာအိုအောင်မြင်မှုအရာတွင် ချင်မူက ခိုင်ဧကရာဇ်ပြီးလျှင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သဖြင့် သူ၏အာရုံခံနိုင်ခဲ့ခြင်းက မှားယွင်းစရာ အကြောင်း မရှိပေ။

သို့သော် သူတို့ လက်ရှိ ရောက်နေသည့် ခေတ်တွင် မည်သည့် ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံမှ မတည်ရှိလေရာ ခိုင်ဧကရာဇ်ကား မည်သို့ရရှိခဲ့ပါသနည်း။

ဓားရောင်က လှိုင်းထနေသော ထိုက်ချူချီများကို ချက်ချင်း ဖြိုခွင်းသွားသည်။ ကောင်းကင်နတ်အရှင်ရှောင်သာ ပျက်စီးနေသော ကောင်းကင်များကို ဖရိုဖရဲသဘာဝသို့ ပြန်လည်ရောက်ရှိစေ၍ ထိုက်ချူချီစွမ်းအင်အဖြစ် မပြောင်းလဲခဲ့လျှင် ခိုင်ဧကရာဇ်သည် သူ၏ဓားဖြင့် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်ကာ တစ်လောကလုံးကို ပြန်လည်တည်ဆောက်မည့်အလား ထင်ရ၏။

ခိုင်ဧကရာဇ်၏ ဓားတာအိုမှာ မူလကတည်းက ခမ်းနားတင့်တယ်သည်။ သူ့ ‌ဓားတာအို၏ ကောင်းကင်ဘုံ ၃၆ ဘုံစလုံးက ကောင်းကင်နှင့်မြေပြင်ကို ခုတ်ပိုင်းပစ်နိုင်သော ဓားသိုင်းကွက်များ ဖြစ်သည်။

ကမ္ဘာဦးချီများအကြားမှ ကောင်းကင်ဘုံ ၃၅ ဘုံ ထွက်ပေါ်လာ၏။ ထို့နောက် အထွတ်အထိပ် ကောင်းကင်ဘုံတစ်ဘုံ ထွက်ပေါ်လာပြီး တရစပ် လည်ပတ်နေသည့် ဖရိုဖရဲများအား တည်ငြိမ်သွားစေသည်။

နောက်တစ်ခဏတွင် ဓားရောင်သည် ဖြာထွက်သွားပြီး ဖရိုဖရဲများ ပေါက်ကွဲသွား၏။ နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ရာ စွမ်းအင်ပုံပျက်မှုများထဲတွင် လူရိပ်တစ်ခုက သွေးများ ပန်းထွက်လျက် လွင့်ထွက်ကျဆင်းလာသည်။

ဓားရောင်က ပျောက်ကွယ်သွားချေပြီ။

ခိုင်ဧကရာဇ်သည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်၌ ရပ်နေဆဲ ရှိ၏။ သူတို့နှစ်ယောက် ယခုလေးတင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် စွမ်းအားတို့မှာ အလွန်တရာ ကြီးမားလှသော်လည်း စွမ်းအားတစ်စက်လေးမှ စင်မြင့်အပေါ်သို့ ကျဆင်းမလာခဲ့ပေ။

နတ်ဘုရားစီရင်ရာစင်မြင့်မှာ စုတ်ပြတ်ပျက်စီးထားသောကြောင့် ပြင်းထန်လှသော တိုက်ကွက်ကိုသာ ထပ်မံရင်ဆိုင်ရပါက ရစရာမရှိအောင် ကျိုးပျက်သွားလိမ့်မည်။ သို့သော် ကောင်းကင်နတ်အရှင်ရှောင်၏ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သော တိုက်ကွက်ကို ခိုင်ဧကရာဇ်သည် ဒဏ်ရာမရဘဲ ခုခံနိုင်ခဲ့လေသည်။

ချင်မူက ခိုင်ဧကရာဇ်ဆီသို့ ကပျာကယာ လှမ်းကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေကြောင်း တွေ့လိုက်ရ၏။ သိသိသာသာပင် သူ၏ဒဏ်ရာများက ပေါ့သေးသေး မဟုတ်၊ သူလည်း အခြေအနေ မကောင်းပေ။

သို့သော် ကျဆင်းသွားသည့်သူမှာ ခိုင်ဧကရာဇ် မဟုတ်ဘဲ ၊ အလွန်တရာ စွမ်းအားကြီးသယောင် ထင်ခဲ့ရသည့် ကောင်းကင်နတ်အရှင်ရှောင်ပင်။

ကောင်းကင်နတ်အရှင်ရှောင်၏ ဒဏ်ရာများမှာ ခိုင်ဧကရာဇ်ထက်ပင် ပို၍ပြင်းထန်၏။

“ကျွန်တော် နားလည်ပြီ”

ချင်မူ့မျက်လုံးများ တောက်ပသွားပြီး အားရဝမ်းသာစွာ ပြောလိုက်သည်။ “နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ”

ကောင်းကင်နတ်အရှင်လင်မှာ သူ ဘာပြောနေမှန်း မသိသောကြောင့် စိတ်ဝင်တစား ကြည့်နေမိသည်။

ချင်မူက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားပြီး မည်သည်မှ ဆက်မပြောပေ။ ကောင်းကင်နတ်အရှင်လင်က ခေါင်းလေး စောင်းငဲ့‌၍ စိတ်ထဲမှ တွေးနေ၏။ “ကောင်းကင်နတ်အရှင်မူက ငယ်တော့တာလည်း မဟုတ်ပါဘူး… ဘာလို့ ကလေးဆန်နေသေးတာလဲ”

သူမက ဆံပင်ကို သပ်၍ ဆံထိုး‌အား သေချာပြင်ထိုးလိုက်သည်။

“ထိုက်ချူ၊ တာအိုရခဲ့တာ ငါပဲ… မဟာခြုံလွှမ်းကောင်းကင်ဘုံက တာအိုရခဲ့တာ မဟုတ်ဘူး”

ခိုင်ဧကရာဇ်သည် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်နေပြီး သွေးများ အဆက်မပြတ် ပန်းထွက်လျက် ဆက်လက်လိမ့်ကျနေဆဲ ဖြစ်သော ကောင်းကင်နတ်အရှင်ရှောင်ဆီသို့ ကြည့်နေ၏။ သူက မှင်သေသေ ပြောလိုက်သည်။ “ဓားတာအို မဟာခြုံလွှမ်းကောင်းကင်ဘုံ ရှိတာ မရှိတာက ငါ့အပေါ် သက်ရောက်မှု သိပ်မရှိဘူး… ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က ဓားလမ်းစဉ်၊ မဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုသစ်ပင်နဲ့ တာအိုသစ်ပင်ပေါ်က တာအိုပန်းပွင့် ဖြစ်နေလို့ပဲ”

“ဟုတ်တယ်”

ချင်မူက ကောင်းကင်နတ်အရှင်ရှောင်ကို စိတ်လှုပ်တရှား လှမ်းပြောလိုက်သည်။ “ကျွန်တော် ပြောချင်တာလည်း အဲ့ဒါပဲ”

ကောင်းကင်နတ်အရှင်လင်မှာ ပြုံးလျက် စိတ်ထဲမှ တွေးနေမိ၏။ ‘ထင်ထားတဲ့အတိုင်း ကလေးစိတ် မပျောက်သေးဘူးပဲ’

“ဒီတစ်ခါ စိတ်ချထားလို့ရပြီဗျာ”

ချင်မူက စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင် လွတ်လာတော့မယ် … မမကြီးလင်၊ ကျွန်တော်တို့ ပြင်ဆင်ထားရမယ်”

ကောင်းကင်နတ်အရှင်လင်က မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စွမ်းဆောင်ရည်တွေက ကောင်းကင်နတ်အရှင်ရှောင်အောက် နိမ့်ကျနေတာမဟုတ်တော့ ငါ နင့်ကို သိပ်ပြီး မကူညီနိုင်လောက်ဘူး”

ချင်မူက တစ်ခဏ တွေးနေသည်။ “ကျွန်တော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ ရှိခဲ့တုန်းက စကြ၀ဠာဆယ့်ခြောက်စင်း ပျက်စီးတာ မြင်ခဲ့ရလို့ စကြ၀ဠာမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ နိယာမကို နားလည်နိုင်ခဲ့တယ်… အဲဒါက စွမ်းအင်နဲ့ ဒြပ်ထုရဲ့ ထာဝရနိယာမပဲ… စကြ၀ဠာတစ်ခုလုံးရဲ့ ဒြပ်ထုနဲ့ စွမ်းအင်က တစ်ခုနဲ့တစ်ခု ဖလှယ်နေတာ.. ဒြပ်ထုနဲ့ စွမ်းအင်ပမာဏက မပြောင်းလဲဘူး… မမကြီးက မပြောင်းလဲသောဒြပ်ထုကို သိမြင်နားလည်ခဲ့ပြီးပြီ… နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရင် ဒြပ်ထုနဲ့ စွမ်းအင်ကို သိမြင်နားလည်နိုင်ဖို့ မခက်ခဲဘူး… ထိုက်ယီတောင် မမကြီးရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မှာ”

ကောင်းကင်နတ်အရှင်လင်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “စွမ်းအင်နဲ့ ဒြပ်ထု မပြောင်းလဲဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”

ချင်မူက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထိုက်ယီတောင်ဝှေး၏ အောက်တွင် သဲများ ပြည့်နေသည့် မြေပြင် ရှိနေသေး၏။ သူက သဲပေါ်တွင် လက်ညှိုးဖြင့် ရေးဆွဲလိုက်သည်။ “ကျွန်တော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်၊ မီလော့နန်းတော်အရှင်သခင်ဆီကနေ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတစ်ခုကို သိမြင်နားလည်နိုင်ခဲ့တယ်”

သူက‌ ရှင်းပြနေသည်။ “ဒီရက်တွေအတောအတွင်း အဲဒါကို တွေးတောနေခဲ့တာ … စွမ်းအင်နဲ့ ဒြပ်ထု အသွင်ပြောင်းခြင်းက ဒီသင်္ကေတထဲမှာ ပုန်းကွယ်နေတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ ကျွန်တော်လည်း စွမ်းအင်နဲ့ ဒြပ်ထုပြောင်းလဲတာကို သိပ်နားမလည်သေးဘူး… ရှုပ်ထွေးလွန်းတဲ့ တွက်ချက်မှုတွေ လိုအပ်လိမ့်မယ်.. မီလော့နန်းတော်အရှင်သခင်ရဲ့ တာအိုအမှတ်အသားတွေက အဲဒီသင်္ကေတတွေရဲ့ အသွင်ပြောင်းလဲမှုတွေကို ဖုံးကွယ်ထားတာ”

ကောင်းကင်နတ်အရှင်လင်ကလည်း ထိုင်ချလိုက်သည်။ ၎င်းကို တခဏကြည့်ပြီးနောက် သူမသည် ဆံထိုးကို ဆံပင်ကြားမှ ထုတ်ကာ မြေပြင်တွင် ရေးဆွဲလိုက်၏။ သူတို့နှစ်ယောက်သား အတူတကွ တွက်ချက်နေကြတော့သည်။

တခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်လင်နှင့် ခိုင်ဧကရာဇ်တို့သည် ကောင်းကင်နှင့် မြေကြီး ပြိုလဲပျက်စီးသည့်တိုင်အောင် ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေကြ၏။ သို့သော် သူတို့နှစ်ယောက်ကတော့ မသိသလို မမြင်ချင်ယောင်ဆောင်ထားကြလေသည်။

“ကောင်းကင်နတ်အရှင်မူ၊ မင်းတော့ ငါ့လက်ထဲမှာ သေပြီပဲ… ဟားဟား...”

ကောင်းကင်နတ်အရှင်ဟောင်၏ အသံ ထွက်လာသောကြောင့် ချင်မူက တစ်ချက်လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းထက်တွင် စုတ်ပြတ်သပ်နေသော ခေါင်းလောင်းတစ်လုံးအား တွေ့လိုက်ရ၏။ ၎င်းမှာ အပေါက်များ ဗလပွဖြင့် လေတို့ တဝှီးဝှီး ထွက်နေကြသည်။

သူက အကြည့်ပြန်လွှဲကာ ကောင်းကင်နတ်အရှင်လင်နှင့်အတူ ဆက်လက်တွက်ချက်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်ကား နှစ်လေးသောင်းထဲမှ ထွက်လာနိုင်ခဲ့သောကြောင့် အလွန်တရာ ဝမ်းသာနေသည်။

သို့သော် သူ့မှာ အပြင်ရောက်သည်နှင့် ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ မုန်တိုင်းထန်အောင် တိုက်ခိုက်နေကြပြီး ချင်မူက မသေသေးဘဲ အရှင်လတ်လတ်ကြီး ထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူသည် ကောင်းကင်နတ်အရှင်လင်နှင့်အတူ မြေပြင်ပေါ်တွင် ထိုင်နေပြီး နဖူးချင်းတိုက်ကာ တစ်စုံတစ်ခု ရေးသားနေကြသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ တစ်ချက်မျှ မကျေမနပ် အသံပြုလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာတော့သည်။

“လွန်ခဲ့တဲ့ နှစ်လေးသောင်းက မင်း နှစ်သောင်းကျော်ကို သတ်မယ်ဆိုရင် မင်း သေသွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” သူက ရေရွတ်လိုက်လေသည်။

“သေမယ်လို့ မပြောခဲ့ပါဘူး”

ချင်မူက ထရပ်လိုက်ပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် မေးလိုက်လေ၏။ “ယုံသွားတာလား တူလေးရဲ့”

All Chapters