ခရမ်းရောင်ကောင်းကင်ဘုံခန်းမ
Vol. 119 Ch. 1553
ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ဘတ်ထဲတွင် ဆို့နင့်ပြည့်ကျပ်လာပြီး သွေးအန်ချင်လာတော့သည်။
ဟောင်သည် သူ့ကိုယ်သူ အခြားသူထက် ဉာဏ်ကောင်းသူ၊ လှည့်စားတတ်သူ တစ်ဦးဟု အမြဲထင်ထားခဲ့၏။ လျှို့ဝှက်သော ဉာဏ်အမြော်အမြင်တို့ဖြင့် ကောင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟုန်တို့ကို လှည့်စား၍ ချိမင်ခေတ်ကို ဖျက်စီးခဲ့သည်။ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့ကိုလည်း လောကကြီးထဲမှ လက်စဖျောက်ပစ်ခဲ့သည့်အပြင် ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းခဲ့ရသည်မှာလည်း သူ၏ ပယောဂမကင်းခဲ့ပေ။
သူကား အခြားကောင်းကင်နတ်အရှင်များကိုပင် အနိုင်ယူကာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင် ဖြစ်လာခဲ့သေးသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင်လည်း ကောင်းကင်နတ်အရှင်များ၏ အားနည်းချက်ကို နင်းခြေ၍ အညံ့ခံစေနိုင်ခဲ့သည်။ အာဏာတွင်ဖြစ်စေ၊ ဂုဏ်သတင်းတွင်ဖြစ်စေ ကျန်ကောင်းကင်နတ်အရှင်များအနေဖြင့် သူ့ကို မယှဉ်နိုင်ကြပေ။
သို့သော် ချင်မူနှင့် ရင်ဆိုင်ရတိုင်း ကုန်းကောက်စရာ မရှိအောင် ရှုံးနိမ့်ခဲ့ရသည်။
ချင်မူကြောင့် လွန်ခဲ့သည့် နှစ်လေးသောင်းသို့ ပြန်ရောက်သွားသည့်အခါ ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ရင်ဆိုင်နိုင်ရန် နတ်ဘုရားမထိုက်စု၏ ခြေဖမိုးကို နမ်းရှုံ့၍ ဒူးထောက်အရိုအသေပေးရင်း ကာကွယ်ပေးတော်မူပါဟု တောင်းဆိုခဲ့ရသည်။
ထိုအတိုင်းအတာအထိ ဖိအားပေးခံရခြင်းမှာ အရှက်ရဖွယ်ကောင်းလှသည်။
သို့ထိတိုင် ချင်မူကား မသေသေးပေ။ မသေသေးသည်သာမက ကောင်းကင်နတ်အရှင်လင်နှင့်ပင် အတူရှိနေသေးသည်။
ချင်မူက ကျောဆန့်၍ ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ခြေထောက်ပေါ်တွင် မှီလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာမှာ ခမ်းနားလွန်းသောကြောင့် ချင်မူမှာ အရပ်ရှည်သော်လည်း ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ယှဥ်သည့်အခါတွင်တော့ သေးငယ်နေသေးသည်။
“ဟောင်အာ၊ မင်းရဲ့ အဖေနဲ့ ငါနဲ့က သွေးသောက်ညီအစ်ကိုတွေကွ … ဝါအရဆိုရင် ငါက မင်းရဲ့ ဦးလေးပဲ”
ချင်မူက ပြုံးလိုက်သည်။ “လုပ်စမ်းပါ… လေးလေးလို့ ခေါ်ကြည့်”
ကောင်းကင်နတ်အရှင်လင်က သဘောကျစွာဖြင့် တခစ်ခစ် ရယ်သည်။ ချင်မူ သူမကို ပြန်လှည့်ကြည့်သည့်အခါတွင်တော့ သူမမျက်နှာလေးသည် ချက်ချင်း တည်သွား၏။ ချင်မူက ပြုံးလိုက်သည်။
ထိုအခိုက်အတန့်တွင် ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ရပ်က တိုက်ခိုက်လာသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူ လှည့်ကြည့်လိုက်သည်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုက်ချေပြီ။ သူက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ကောင်းကင်နန်းဆောင် ၃၆ ဆောင်သည် သူ့အနောက်တွင် ပေါ်လာ၏။
သူ၏ တိုက်ကွက်ကား တာအိုတစ်သောင်းလှည်းဘီးသိုင်းကွက်ပင်။
သူ၏မဟာကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသည်နှင့် နတ်ဘုရားမထိုက်စုက လက်မြှောက်လိုက်ရင်း ကောင်းကင်နန်းဆောင် ၃၆ ဆောင်အား အားဖြည့်ကာ သူ့တိုက်ကွက်၏ စွမ်းအားကို ပြိုင်ဘက်ကင်းသွားစေသည်။
သူ၏ ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်အရှင်ရှောင်ထက်ပင် ပို၍ပြီးပြည့်စုံနေပြီး ပလ္လင်ခန်းမ ၅၆ ဆောင်က ၀န်းရံကာကွယ်ပေးထား၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်ရှောင်နှင့် တိုက်ခိုက်ခဲ့စဉ်အခါက ပလ္လင်ခန်းမ ၄၈ ဆောင်သာ ရှိခဲ့၏။ နတ်ဧကရာဇ်လန်ရွှမ်ကို အညံ့ခံစေပြီးနောက် နောက်ထပ်ရှစ်ဆောင် ရရှိခဲ့သည်မှာ သိသာပေသည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တိုက်ပွဲတွင် ဟောင်သည် ကောင်းကင်နတ်အရှင်ရှောင်အပေါ် အနိုင်ယူနိုင်ခဲ့ပြီး သတ်ဖြတ်နိုင်လုနီးပါး အစွမ်းထက်၏။ ယခုတွင် သူ့တိုက်ကွက်၏ စွမ်းအားက ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်ထဲကထက် ပို၍အားကောင်းနေချေပြီ။
သို့သော် သူ တိုက်ခိုက်လိုက်သည်နှင့် ချင်မူ့မူလဝိညာဉ်က ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ပေါင်းစည်းသွားသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး ဧရာမခန္ဓာကိုယ်ကြီး ရုတ်တရက် အသက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
“ကြီးမားလိုက်တဲ့ စွမ်းအားပါလား”
ကောင်းကင်နတ်ဧကရာဇ် မျက်လုံးပွင့်လာသည့်အခါ သူ၏ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးတို့က အရှိန်အဟုန်ပြင်းစွာ ကျယ်ပြန့်လာသည်။ ၎င်းတို့က တဝီဝီ မြည်လျက် ကောင်းကင်နတ်အရှင်ရှောင်နှင့် ခိုင်ဧကရာဇ်၏ တိုက်ပွဲဆီမှ လှိုင်းဂယက်များအား တွန်းထုတ်နေ၏။
ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်နှင့် ခန္ဓာကိုယ်ထဲရှိ စွမ်းအားမှာ အဆုံးမဲ့နေမှန်း ခံစားလိုက်ရသည်။
ထိုမျှသာမက သူ ဤခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည့်အချိန်တွင် မွေးရာပါမဟာတာအိုအားလုံးကို အာရုံခံလိုက်မိသည်။ ၎င်းတို့ကို ရှင်းလင်းပြတ်သားစွာ အာရုံခံ၍ ထိန်းချုပ်နိုင်လာသည်။
တာအိုတစ်သောင်း၏ အုပ်ချုပ်သူ ဖြစ်လာရသည့် ခံစားချက်ကား အလွန်တရာ ထူးကဲအံ့ဩဖွယ်ကောင်းလှ၏။
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသည် အင်မတန် အစွမ်းထက်မှန်း ချင်မူ သိထားခဲ့သော်လည်း ဤသို့ ဖော်ပြ၍မရနိုင်သော အတိုင်းအတာအထိ စွမ်းအားကြီးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘ထိုက်ချူက သူ့ကိုယ်သူ သေကြောင်းကြံနေတာပဲ… ဒီလောက်စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် တစ်ခုလေးမှ လွဲချော်သွားလို့မရဘူးလေ … ဘယ်လိုလုပ် ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်နဲ့ တခြားသူတွေ သတ်တာကို ခံခဲ့ရတာလဲ… သူသာ ကိုယ့်သေတွင်းကိုယ် မတူးခဲ့ရင် သူတို့အနေနဲ့ အခွင့်အရေးရခဲ့မှာ မဟုတ်ဘူး’
ချင်မူမှာ ပြောပြ၍မရနိုင်အောင် စိတ်လှုပ်ရှားနေသည်။ သူက သိုင်းအခြေခံကို စုစည်းလိုက်ရင်း ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ နေရာတိုင်းသို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ကာ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းလှည်းဘီးဆီသို့ ညွှန်ပြလိုက်၏။
ကမ္ဘာဦးအစ ဖရိုဖရဲလက်ချောင်း။
လက်ချောင်းသည် အစက ချင်မူ၏ အင်အားအကြီးဆုံးတိုက်ကွက် ဖြစ်ခဲ့သော်လည်း ချင်မူအနေဖြင့် ကမ္ဘာဦးအစ ဖရိုဖရဲချီသင်္ကေတများကို နက်ရှိုင်းစွာ နားမလည်ခဲ့ပေ။ ထို့ကြောင့် ဤလက်ချောင်း၏ အပြောင်းအလဲတို့အား မထုတ်ဖော်နိုင်ခဲ့ပေ။ ၎င်း၏ စွမ်းအားက အံ့သြဖွယ်ကောင်းသော်လည်း ရှောင်တိမ်းရန် လွယ်ကူသဖြင့် ကောင်းကင်နတ်အရှင်များအား အသက်အန္တရာယ်မခြိမ်းခြောက်နိုင်ခဲ့ချေ။
ချင်မူ အသက်ကိုရင်း၍ တိုက်ခိုက်မှသာလျှင် ရန်သူကို ဒဏ်ရာရစေနိုင်ခဲ့သည်။
ယခုတွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကိုယ်မှတစ်ဆင့် ၎င်းတိုက်ကွက်ကို အသက်သွင်းလိုက်သည့်အခါ စွမ်းအားသည် မယုံနိုင်ဖွယ်ကောင်းသော အတိုင်းအတာအထိ ထိတ်လန့်တုန်လှုပ်ဖွယ်စွာ တိုးတက်သွားခဲ့ချေပြီ။
ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းလှည်းဘီးကား တာအိုစနစ်၏ ကောင်းကင်ဘုံ ၃၀ ဘုံမြောက် မဟာကောင်းကင်နတ်သိုင်း တစ်ခုဖြစ်၏။ ၎င်းတွင် ကောင်းကင်ဘုံအဆင့် ၃၀ ကိန်းဝပ်နေသည့်အလျောက် စွမ်းအားအဆင့်ပေါင်း ၃၀ ရှိနေသည်။ သို့သော် ချင်မူ့လက်ချောင်းနှင့် ထိတွေ့သွားသည့်အခါတွင်တော့ တာအိုတစ်သောင်းလှည်းဘီးမှာ ပေါက်ကွဲရန်ပင် အချိန်မရလိုက်ပေ။ ကောင်းကင်ဘုံ ၃၀ ဘုံလုံး ထိုဖောက်ခံလိုက်ရပြီး ပျက်စီးသွားတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ထိတ်လန့်သွားပြီး ချင်မူ သူ့အား လက်ညှိုးထိုးနေသည်ကို တွေ့လိုက်ရ၏။ သူက အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း အံ့ဩဖွယ်ကောင်းစွာဖြင့် ချင်မူ့တိုက်ကွက်သည် ဟန်ပြသာဖြစ်ကာ မည်သည့်စွမ်းအားမှ မပါရှိပေ။
ချင်မူက လက်ကို ဆန့်တန်း၍ နောက်တစ်ကြိမ် လက်ညှိုးထိုးလိုက်ပြန်သည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ ကြောက်လန့်တကြား ရှောင်တိမ်းလိုက်ပြန်သော်လည်း ဟန်ပြသာ ဖြစ်နေပြန်သည်။
ချင်မူ့က သူ့အား အကြိမ်ကြိမ် လက်ညှိုးထိုးနေသည်။ ကောင်းကင်နတ်အရှင်ဟောင်လည်း မျောက်တစ်ကောင်လို ဟိုပြေးသည်ပြေး ရှောင်တိမ်းနေသော်လည်း တိုက်ကွက်အားလုံးမှာ ဟန်ပြသာ ဖြစ်နေကြ၏။ သူ့မှာ ဒေါသထွက်လာတော့သည်။ ရုတ်တရက် ချင်မူက နောက်တစ်ကြိမ် ညွှန်ပြလိုက်ပြန်၏။ ဤတိုက်ကွက်ကား အစစ်အမှန်ဖြစ်ပြီး ကမ္ဘာဦး ဖရိုဖရဲချီများ ပါဝင်နေသောကြောင့် ယခင်တိုက်ကွက်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
ကောင်းကင်နတ်အရှင်ဟောင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ ရုတ်တရက် သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ ပြောင်းလဲသွားပြီး ကောင်းကင်နန်းဆောင် ၃၆ ဆောင်မှ အများစုသည် ချက်ချင်း လွင့်ပြယ်ပျောက်ကွယ်သွား၏။ ထို့နောက် အသစ်ထွက်ပေါ်လာသည်။
ထူးဆန်းသည်က သူ၏ကောင်းကင်နန်းဆောင်များထဲတွင် နတ်ကောင်းကင်ခန်းမ မရှိတော့ဘဲ ခရမ်းရောင်ကောင်းကင်ဘုံခန်းမသာ ရှိနေသည်။
ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ “ကျောက်စိမ်းမြို့တော်ရဲ့ သခင်လေး,လေး”
ဘိုးဘေးနန်းတော်၏ သခင်လေးလေးသည် ကောင်းကင်နတ်အရှင်ဟောင်ကို ခရမ်းရောင်ကောင်းကင်ဘုံခန်းမထဲသို့ ခေါ်သွင်းခဲ့သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။
ကောင်းကင်နတ်အရှင်ဟောင် ထိုခန်းမထဲတွင် မည်သည်တို့ ရင်ဆိုင်တွေ့ကြုံခဲ့ရမှန်း မည်သူမှမသိကြပေ။ သို့သော် သခင်လေးလေးသည် သူ့အား အကျိုးအမြတ်များစွာ ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခုအတွင် ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်ရှိ ကောင်းကင်နန်းဆောင်များ ပျောက်ကွယ်သွားပြီး ခရမ်းရောင်ကောင်းကင်ဘုံခန်းမဖြင့် အစားထိုးခံလိုက်ရသည်။ ၎င်းက သူ ထိုခန်းမထဲတွင် တွေ့ကြုံခဲ့ရသောအရာကြောင့် ဖြစ်ပေလိမ့်မည်။
‘ခရမ်းရောင်ကောင်းကင်ခန်းမနဲ့ နတ်ကောင်းကင်ခန်းမကြားမှာ ကွာခြားချက်ရှိလား မသိဘူး' ချင်မူက သတိကြီးစွာ ကပ်ထား၏။
နတ်ဘုရားမထိုက်စုမှာလည်း တုန်လှုပ်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ခရမ်းရောင်ကောင်းကင်ဘုံခန်းမထဲသို့ ဝင်ရောက်သွားခဲ့သော်လည်း သူမကတော့ လိုက်မသွားခဲ့ပေ။ ကောင်းကင်နတ်အရှင်ဟောင် ခန်းမထဲမှ ထွက်လာသည့်အခါ မည်သည်တို့ဖြစ်ပွားခဲ့ကြောင်း သူမကို ပြောမပြခဲ့ချေ။ သိသိသာသာပင် သူမထံမှ တစ်စုံတစ်ခု ဖုံးကွယ်ထားလိမ့်မည်။
သို့သော် ကောင်းကင်နတ်အရှင်ဟောင်တွင် ယခုကဲ့သို့ သိုင်းကျင့်စဉ်နောက်တစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့တွင် ကောင်းကင်နတ်ဘုံကျင့်စဉ်နှစ်ခု ရှိနေ၏။ တစ်ခုက နတ်ကောင်းကင်ခန်းမအား ခရမ်းရောင်ကောင်းကင်ဘုံခန်းမအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။
သူမမှာ ထိတ်လန့်လာမိသည်။ ကောင်းကင်နတ်အရှင်ဟောင် ကျင့်စဉ်အား ပြောင်းလဲခဲ့သည့်အချိန်တွင် သူမ သတိထားခဲ့မိသင့်သည်။ ကောင်းကင်နတ်အရှင်ဟောင် ဒဏ်ရာရခဲ့စဥ်တုန်းက သူမသည် သူ၏တောင်းဆိုမှုကို လိုက်လျော၍ ပျက်စီးနေသော ကောင်းကင်နန်းဆောင်များကို ကုသပေးခဲ့သူ မဟုတ်ပါလော။
ကောင်းကင်နတ်အရှင်ဟောင် ထိုကောင်းကင်နန်းဆောင်များကို ပြောင်းလဲခဲ့ပါက သူမ သတိထားခဲ့မိသင့်သည်။
သို့သော် သူမ သတိမထားမိခဲ့ပေ။
“ဒါက အဓိပ္ပါယ်တစ်ခုပဲ ရှိတယ်”
နတ်ဘုရားမထိုက်စုမှာ ရင်ဒိန်းခနဲ ခုန်သွား၏။ “ငါ သူ့ကို ထိန်းချုပ်လို့မရအောင် သူ့ရဲ့ ကောင်းကင်နန်းဆောင်ကို တိတ်တဆိတ် ပြောင်းလဲခဲ့တာပဲ.. သူက ငါ့ကို အသုံးချနေတာ”
သူမ၏အကြည့်များက လင်းလက်လာပြီး သူမကိုယ်တိုင် ကောင်းကင်နတ်အရှင်ဟောင်အား ပေးအပ်ခဲ့သည့် ကောင်းကင်နန်းဆောင်များကို တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သည်။ တမုဟုတ်ချင်း သူမ၏နှလုံးသားမှာ အေးခဲသွားတော့သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ မည်သည့်ကောင်းကင်နန်းဆောင်ကမှ ထိခိုက်ပျက်စီးမနေပေ။
ယုတ္တိကျကျပြောရလျှင် သူမ ၎င်းတို့ကို ပြန်ယူလိုက်သည်နှင့် ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် အပြင်းအထန် ဒဏ်ရာရနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိကာ အသုံးမဝင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သို့သော် ထိုသို့ ဖြစ်မသွားပေ။
“သူက ငါ့ကို အသုံးချနေတာပဲ”
နတ်ဘုရားမထိုက်စုမှာ ကျောရိုးတလျှောက် ကြက်သီးမွှေးညှင်းများ ထသွား၏။ “ကောင်းကင်နန်းဆောင် ၃၆ ဆောင်မြောက်ကို ပြီးပြည့်စုံအောင် လုပ်ဖို့ သူက ငါ့ကို အသုံးချနေတာ… သူ့ရည်ရွယ်ချက်အတွက် ငါ့ကို ချနင်းတာပဲ… ငါ နည်းနည်းလေးပဲ အသုံးဝင်ရင်တောင်မှ ငါ့ရှေ့မှာ ဒူးထောက်ပြီး ခြေထောက်ကို လျက်နေဦးမှာပါလား …. ငါ့ကို ဒေါ်လေးလို့ ခေါ်ပြီး ဘာမှမကျန်တော့တဲ့အထိ အခွင့်ကောင်းယူနေမှာပဲ… ငါ ဘာမှ အသုံးမဝင်တော့ရင် ငါ့ကို အရင်ဆုံးသတ်ပစ်လိမ့်မယ်… ငါ့ကြောင့် အရှက်ကွဲခဲ့ရတာတွေကို အဆပေါင်း ထောင်သောင်းမက ပြန်ပေးဆပ်ခိုင်းလိမ့်မယ်… သူက အဲ့လိုပုဂ္ဂိုလ်မျိုးပဲ’’
သူမမှာ သူမ၏ အထွတ်အမြတ်ရတနာဆီသို့ ကြည့်လိုက်မိသည်။ ၎င်းသည် ချင်မူ့တိုက်ကွက်များကြောင့် အပေါက်များဖြင့် ပြည့်နှက်နေချေပြီ။ ကျန်ရှိသည့်စွမ်းအားက အားကောင်းနေသေးသော်လည်း အတိတ်တုန်းက စွမ်းအားကိုတော့ မမှီနိုင်တော့ချေ။
သူမကား ဘာမှမကျန်တော့သည့်အထိ အသုံးချခံခဲ့ရချေပြီ။
ထိုက်စုသည် လက်ရှိတွင် ကောင်းကင်နတ်အရှင်ဟောင်အတွက် ကောင်းကင်နတ်အရှင်ကုန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ရှုနှင့် အခြားကောင်းကင်နတ်အရှင်များအပေါ် ထိန်းချုပ်ရာတွင်သာ အသုံးဝင်တော့၏။ ကောင်းကင်နတ်အရှင်ဟောင် တာအိုရရှိသွားပါက ထိုကောင်းကင်နတ်အရှင်များကို ထိန်းချုပ်ရန် သူမကို လိုအပ်တော့မည်မဟုတ်သဖြင့် သူမအား တိုက်ခိုက်လာနိုင်သည်။
ယခုမှသာ ထိုက်စုမှာ မည်မျှအန္တရာယ်များကြောင်း သဘောပေါက်လာတော့သည်။ ကောင်းကင်နတ်အရှင်ဟောင်က ဘိုးဘေးနန်းတော်မှ ထိုက်စုကျောက်တုံးတွင်းကို ထိန်းချုပ်ထားသည့်အတွက် သူမသည် သူ့အား လိုအပ်နေ၏။ ထိုက်စုမူလကျောက်တုံးနှင့် နတ်ကျောက်တုံးတို့ကို ရရှိရန် လိုအပ်လေသည်။
ကောင်းကင်နတ်အရှင်ဟောင်ကသာ အစကတည်းက သူမ၏အသက်သွေးကြောကို အမြဲထိန်းချုပ်ထားခဲ့ခြင်း ဖြစ်နေသည်။
ကောင်းကင်နတ်အရှင်ဟောင်ကသာ အခြားသူများ၏ အသက်သွေးကြောကို ထိန်းချုပ်ထားသော ပုဂ္ဂိုလ် ဖြစ်နေ၏။
“ငါ သူ့ကို မြှောက်တင်ပေးနိုင်သလို ဖျက်ဆီးလို့လည်း ရတယ်”
နတ်ဘုရားမထိုက်စုက အံတင်းတင်းကြိတ်ရင်း ကြံစည်နေသည်။ “ငါ တခြားကောင်းကင်နတ်အရှင်တွေကို ထိန်းချုပ်ပြီး သူတို့ရဲ့စွမ်းအားနဲ့ သူ့ကို ဖျက်ဆီးပစ်လို့ရတယ်… ကောင်းကင်နတ်အရှင်ကုန်းကို ဖမ်းပြီးတော့ ထိုက်စုကျောက်တုံးတွင်းကို ရဖို့ ငါ့ဘက်တော်သား ဖြစ်အောင်လည်း လုပ်လို့ရတယ်”
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်သည် တာအိုတစ်သောင်းလှည်းဘီးပင် ဖြစ်သော်လည်း ခွန်အားကမူ ပို၍ပြင်းထန်အားကောင်းလာသည်။ နတ်ကောင်းကင်ခန်းမအား ခရမ်းရောင်ကောင်းကင်ဘုံခန်းမဖြင့် အစားထိုးပြီးလျှင်ချင်း သူ၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့သည် သိသိသာသာ တိုးတက်လာခဲ့၏။ တာအိုတစ်သောင်းလှည်းဘီးမှာ ခရမ်းရောင်ချီတို့ဖြင့် ပေါင်းစည်းသွားပြီး ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့နှင့်ပင် ဆင်တူနေသည်။
သို့သော် ချင်မူ ထိုကမ္ဘာဦးဖရိုဖရဲချီစွမ်းအင် သင်္ကေတများကို လေ့လာကြည့်သည့်အခါတွင် ကွာခြားချက်များကို တွေ့မြင်နေရသေးသည်။
သခင်လေးလေးသည် မီလော့နန်းတော်အရှင်သခင်၏ လမ်းစဉ်နှင့် ကျင့်စဉ်တို့အား သင်ယူခဲ့သော်လည်း အပြည့်အ၀ သိမြင်နားမလည်ခဲ့ပေ။ ခရမ်းရောင်ကောင်းကင်ဘုံခန်းမ၏ ခရမ်းရောင်ချီတို့က အနည်းငယ် မပြတ်မသားဖြစ်နေသည်။
သို့ထိတိုင် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်က နှိုင်းယှဉ်၍မရနိုင်အောင် စွမ်းအားကြီးနေသေး၏။
ဝုန်း…
နတ်ဘုရားလက်ချောင်းက တာအိုတစ်သောင်းလှည်းဘီးနှင့် ထိပ်တိုက် တွေ့သွားသည်နှင့် သိုင်းကွက်နှစ်ကွက်စလုံး၏ စွမ်းအားများ ပေါက်ကွဲထွက်လာကြသည်။ စွမ်းအားတို့ကား တန်းတူနီးပါး ရှိနေသည်။
ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်လျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ သူက လက်အား ရှေ့သို့ ဆန့်တန်းလိုက်ရာ မွေးရာပါချီ ကမ္ဘာဦးဖရိုဖရဲတာအို ပေါ်ထွက်လာသည်။
ထိုစွမ်းအား ဖြတ်သွားသည့်နေရာတိုင်းတွင် အရာအားလုံး ဖရိုဖရဲချီအဖြစ် ပြောင်းလဲသွားကြသည်။ ဤတိုက်ကွက်၏ စွမ်းအားသည် ကောင်းကင်နတ်အရှင်ရှောင်၏ ထိုက်ချူကောင်းကင်နတ်သိုင်းအောက်ပင် လျော့ကျမနေချေ။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ဟိန်းဟောက်လျက် တိုက်ကွက်အား လက်နှစ်ဖက်လုံးဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူတို့နှစ်ယောက်လုံးက ရှေ့သို့ ပြေးတက်သွားကြပြီး နောက်တစ်ခဏတွင် ခြေလက်လေးဖက်လုံး ထိတွေ့သွားကြ၏။
ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ ချိုင်းအောက်မှ နောက်ထပ်လက်မောင်းနှစ်ဖက် ပေါက်လာသည်။ သူ၏ကျောမှလည်း လက်မောင်းနှစ်ဖက် ပေါက်လာကာ လက်မောင်းလေးဘက်က ကောင်းကင်နတ်အရှင်ဟောင်ကို မုန်တိုင်းတိုက်နေသကဲ့သို့ တရစပ် တိုက်ခိုက်နေတော့သည်။
မူလဝိညာဉ်က ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းအနောက်တွင် ပေါ်ထွက်လာကာ တိုက်ကွက်အားလုံးကို ခုခံကာကွယ်လိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ကြီးမားလှသော ခန္ဓာကိုယ်များဖြင့် ကောင်းကင်ပြိုလဲ၍ မြေပြင်အက်ကွဲလာသည်အထိ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြ၏။ ရုတ်တရက် နှစ်ယောက်စလုံး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ကြသည်။
ထိုစဉ် နတ်ဘုရားမထိုက်စု၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာသည်။ သူမက စိတ်ထဲမှ တွေးနေသည်။ ‘ငါ့ကောင်းကင်နန်းဆောင်တွေကို ပြန်ယူလိုက်ရင် ကောင်းကင်နတ်အရှင်ဟောင် အဲဒီခွေးကောင်လေး သတ်တာခံရမှာပဲ’
သူမ၏နှလုံးသားထဲတွင် ဤသို့အတွေး ပေါ်လာသည်နှင့် ထိန်းချုပ်ထားရန် ခက်လာသည်။
သို့သော် ချင်မူသည် ကောင်းကင်နတ်အရှင်ဟောင်အား သတ်ဖြတ်ပြီးပါက သူမအား ပစ်မှတ်မထားနိုင်ဟု အာမ,မခံနိုင်ပေ။
ပြောရလျှင် သူမနှင့် ချင်မူ့အကြား၌ သွေးကြွေးရန်ငြိုးရှိသည် မဟုတ်ပါလော။ သူ့အနေဖြင့် သူမအား ညှာတာပေးမည်မဟုတ်ပေ။ ထိုမျှသာမက ချင်မူ့ဘက်က သည်းခံလျှင်တောင်မှ သူမဘက်က သည်းခံနိုင်လိမ့်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ချင်မူကြောင့် သူမမှာ ဆောလျင်စွာ မွေးဖွားလာခဲ့ရသည် မဟုတ်ပါလော။ သူမ၏အဖိုးတန် အထွတ်အမြတ်ရတနာကို ဤအခြေအနေ ရောက်အောင် တိုက်ခိုက်ခဲ့သူမှာလည်း ချင်မူသာ ဖြစ်သည်။
သူမ တွန့်ဆုတ်နေသည့်အချိန်တွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ တိုက်ခိုက်နေသည့် ကောင်းကင်ထက်၌ လေအေးတစ်ချက် တိုက်ခတ်သွားသည်။ လေအေး တိုက်ခတ်သွားသည့် နေရာဟင်းလင်းပြင်မှာ နှိုင်းယှဉ်၍မရနိုင်အောင် ပြတ်သားတောက်ပလာ၏။
တာအိုသစ်ပင်တစ်ပင်သည် တိတ်တဆိတ် ထွက်ပေါ်လာပြီး အစိမ်းရောင် တာအိုသစ်သီးတစ်လုံး တွဲလဲခိုနေသည်။ သစ်ပင်အောက်တွင် အထွတ်အထိပ်အသိစိတ်အလျဉ်က မဟာဧကရာဇ်အသွင်ဖြင့် အောက်ရှိတိုက်ပွဲအား အေးစက်စွာ ကြည့်နေသည်။
“ငါ ဒီနေ့ကို စောင့်နေတာ အတော်ကြာခဲ့ပြီ”