နတ်ဆိုးမျိုးစေ့ တစ်ရာ....
Vol. 18 Ch. 279
နေ့တစ်ဝက်ကြာပြီးသောအခါ နတ်လူဝံဘုရင်၏ စိတ်အသိက လုံးဝ ပြိုကွဲသွားသည်။ နတ်ဆိုးကပ်ပါးကောင်က အောင်မြင်စွာ အမြစ်တွယ်သွားခဲ့သည်။
လင်းယွမ်က နတ်လူဝံဘုရင်၏ ပြောင်းလဲမှုများကို လေ့လာနေသည်။
" သခင်..." နတ်လူဝံဘုရင်က မြေပြင်မှ ဖြည်းညင်းစွာ ထလာပြီး လင်းယွမ်ကို ဦးညွှတ်လိုက်သည်။
" ကပ်ပါးကောင်ဖြစ်စဉ်က ချောမွေ့နေတာပဲ။ " လင်းယွမ်က နတ်လူဝံဘုရင်၏ ဦးနှောက်ထဲရှိ အနက်ရှိုင်းဆုံးမှ နတ်ဆိုးကပ်ပါးကောင်၏ တည်ရှိမှုကို ခံစားမိလေသည်။
" သခင် ကျွန်တော်က အခု နတ်လူဝံဘုရင်ရဲ့ စွမ်းရည်တွေအပါအဝင် မှတ်ဉာဏ်တွေအားလုံးကို ပိုင်ဆိုင်သွားပါပြီ။ " နတ်လူဝံဘုရင်က တင်ပြလိုက်သည်။
နာရီဝက်ကြာပြီးသောအခါ လင်းယွမ်က နတ်လူဝံဘုရင်ကို အဝေးသို့ လွှတ်လိုက်သည်။ လက်ရှိနတ်လူဝံဘုရင်က နတ်ဆိုးကပ်ပါးကောင်နှင့် အစားထိုးသွားပြီဖြစ်သောကြောင့် သစ္စာစောင့်သိမှုကို သံသယဝင်စရာမလိုပေ။
" မဆိုးဘူး။ " လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
အစားထိုးထားသော နတ်လူဝံဘုရင်၏ အပြုအမူနှင့် တုန့်ပြန်မှုများကို ကြည့်ရသည်မှာ အနည်းငယ်အာရုံစိုက်သည်နှင့် မူလနတ်လူဝံဘုရင်နှင့် ကွာခြားတော့မည်မဟုတ်ပေ။
အစတွင် နတ်ဆိုးကပ်ပါးကောင်များက တောင့်တင်းပြီး သိသာထင်ရှားလေသည်။ လက်ရှိ နတ်ဆိုးကပ်ပါးကောင်များက ပိုင်ရှင်၏ ခန္ဓာကိုယ်နှင့် ပြည့်စုံစွာ ပေါင်းစပ်နိုင်ရုံသာမက သူတို့၏ မှတ်ဉာဏ်အားလုံးကိုလည်း ရရှိလေသည်။
" ဒါပေမယ့် ချို့ယွင်းချက်နည်းနည်းတော့ ရှိနေတုန်းပဲ။ ဆက်ပြီး ပြင်ရမယ်။ " လင်ယွမ်က ခနလောက်စဉ်းစားပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပြည့်စုံအောင် ဆက်လက်ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။
လင်းယွမ်က ကပ်ပါးကောင်စွမ်းရည်ကို အာရုံစိုက်နေခြင်းမှာ နောက်ပိုင်းတွင် သိုင်းတာအို ဖြန့်ကျက်မှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
နတ်ဆိုးသစ်ပင်၏ အသွင်အပြင်က အဆင်မပြေသောကြောင့် လင်းယွမ်က ကိုယ်စားလှယ်အချို့ ရှာဖွေရန် လိုအပ်လေသည်။ ထိုကိုယ်စားလှယ်များက နတ်ဆိုးကပ်ပါးကောင်စွမ်းရည်ကို အသုံးပြုခံရမည်ဖြစ်ပြီး လင်းယွမ်ကို လုံးဝ သစ္စာစောင့်သိကြမည်ဖြစ်သည်။
" သိုင်းတာအို...." လင်းယွမ်က နတ်ဆိုးသစ်ပင်၏ ကန့်သတ်ချက်များကြောင့် သိုင်းတာအိုကို မကျင့်ကြံခဲ့ရပေ။
သို့သော် သူလုပ်ဆောင်နေသမျှက သိုင်းတာအိုအတွက်ဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းက လာမည့်ရာစုနှစ်အတွင်း အဓိကအစီအစဉ်ဖြစ်လေသည်။
" ဆက်ပြီးကျင့်ကြံရမယ်။ " လင်းယွမ်က ကျင့်ကြံခြင်းတွင် နစ်မြှုပ်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်စွမ်းအားများက သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး ကြောက်စရာကောင်းလှသည်။
နာမည် - နတ်ဆိုးသစ်ပင် ( လင်းယွမ်)
အဆင့်အတန်း; အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း
နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း
လက်ကျန်အချိန် - ၅၀၀ နှစ်
" နောက်ထပ် နှစ်သုံးဆယ်ကြာသွားပြီ။ "
အနက်ရောင်မြူခိုးတောင်တန်းထဲတွင် လင်းယွမ်က နတ်ဆိုးသစ်ပင်အဖြစ် ပြောင်းလဲနေသည်။ မီတာတစ်ရာကျော်သာ ရှည်သော်လည်း သူ၏ အမြစ်များက မိုင်ဆယ်သန်းကျော်ကို ဖုံးလွှမ်းထားသည်။ မီတာတစ်ရာဆိုသည်မှာ လင်းယွမ်က သူ၏ ကြီးထွားမှုကို ဖိနှိပ်ထားခြင်းဖြစ်သည်။ သူ၏ ထိန်းချုပ်မှုကို လွှတ်ပေးလိုက်လျှင် လင်းယွမ်က မိုင်ဆယ်သန်းကျော်အထိ ကြီးထွားလာပေလိမ့်မည်။
" သခင် သခင်..." ထိုအချိန်တွင် အပြာရောင်ငှက်တစ်ကောင်က ပျံသန်းလာပြီး လင်းယွမ်၏ သစ်ကိုင်းပေါ်တွင် နားလိုက်သည်။
ထိုအပြာရောင်ငှက်လေးက လင်းယွမ်နှင့်ယှဉ်လျှင် အရေးမပါလှသော်လည်း ၎င်းက နတ်ဆိုးသားရဲများကို အမိန့်ပေးနိုင်သော သားရဲဘုရင်ပင်ဖြစ်သည်။
" အခြေအနေအားလုံးက ပုံမှန်ပါပဲ။ " အပြာရောင်ငှက်က ရိုသေစွာ ပြောလိုက်သည်။
ထိုငှက်လေးက နတ်ဆိုးမျိုးစေ့၏ ပူးကပ်ခြင်းခံထားရပြီး လင်းယွမ်အပေါ် လုံးဝ သစ္စာစောင့်သိလေသည်။ အပြာရောင်ငှက်က လင်းယွမ်၏ ကိုယ်ပွားနှင့် မခြားပဲ နတ်ဆိုးမျိုးစေ့ဖြင့် အစားထိုးထာပြီး သူသာ ဆန္ဒရှိလျှင် သူ၏ စိတ်အသိကို ဆင်းသက်နိုင်လေသည်။
" သတိလက်လွှတ်မနေနဲ့။ " လင်းယွမ်က သတိပေးလိုက်စည်။
" စိတ်ချပါ သခင် " အပြာရောင်ငှက်က ချက်ချင်း ပြန်ပြောလိုက်သည်။
လွန်ခဲ့သော နှစ်သုံးဆယ်တွင် လင်းယွမ်က ကပ်ပါးကောင်စွမ်းရည်ကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ နတ်ဆိုးကပ်ပါးကောင်က ယခုအခါ မူလခန္ဓာကိုယ်နှင့် ခွဲခြား၍ မရတော့ဘဲ သူတို့၏ အမူအကျင့်နှင့် မှတ်ဉာဏ်များက ပြောင်းလဲခြင်းမရှိပေ။ သူတို့က အမှန်တကယ် လှည့်စားမှုအဆင့်သို့ ရောက်သွားခဲ့သည်။
" မိစ္ဆာနတ်ဘုရားရဲ့ အရည်အချင်းက တကယ် ထူးခြားတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ ကပ်ပါးကောင်စွမ်းရည်က ကြီးမားသော ချို့ယွင်းချက်ရှိပြီး ကပ်ပါးကောင်က အောင်မြင်ခဲ့လျှင်တောင် မူလခန္ဓာကိုယ်ကို ပြည့်စုံစွာ မထိန်းချုပ်နိုင်ပေ။ ထို့အပြင် လှုပ်ရှားမှုများကလည်း တောင့်တင်းနေပြီး အသေခံအဖြစ် အသုံးပြုရန်သာ သင့်တော်လေသည်။
ယခု လင်းယွမ်က မိစ္ဆာနတ်ဘုရားကို ကြောက်စရာကောင်းသည်ဟု ပြောမည့်အစား သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက ကြောက်စရာကောင်းသည်ဟု ပြောကပေလိမ့်မည်။ သိရှိပြီးသား အရာများကို နောက်ထပ်တိုးတက်မှုများ ပြုလုပ်နိုင်သော ထိုစွမ်းရည်က စိတ်ကူးယဉ်ဆန်လွန်းလှသည်။
" ဒါပေမယ့် ထျန်ချင်းကမ္ဘာရဲ့ သန်မာတဲ့ ကျင့်ကြံသူတွေက စစ်မြေပြင်ကို ရောက်နေတော့ ကမ္ဘာထဲမှ နတ်ဆိုးသားရဲဘုရင်တွေကလွဲရန် ကပ်ပါးကောင်စွမ်းရည်ကို အသုံးပြုဖို့ ထိုက်တန်တဲ့သူ မရှိတော့ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ပြည့်စုံသော ကပ်ပါးကောင်စွမ်းရည်က ပိုင်ရှင်၏ နေရာကို အပြည့်အဝ အစားထိုးနိုင်သော်လည်း နတ်ဆိုးမျိုးစေ့များ ဖန်တီးမှုကလည်း ပို၍ ခက်ခဲလာသည်။
အကယ်၍ ၎င်းက မူလကပ်ပါးကောင်စွမ်းရည်နှင့်ဆိုလျှင် လင်းယွမ်က အတွေးတစ်ချက်နှင့် နတ်ဆိုးမျိုးစေ့ သောင်းချီကို ထုတ်လုပ်နိုင်လေသည်။ ယခု လင်းယွမ်က မျိုးစေ့တစ်စေ့ကို ဖန်တီးရန် တစ်နှစ်ခွဲအချိန်ယူရလေသည်။
လင်းယွမ်စုစည်းထားသော နတ်ဆိုးမျိုးစေ့များက နတ်ဆိုးသားရဲဘုရင်များကို အသုံးပြုခဲ့ခြင်းအပြင် ကျန်သောအရေအတွက်က ၃၆ခု ဖြစ်သည်။ ထိုနတ်ဆိုးမျိုးစေ့များက တစ်ချိန်တည်းတွင် တစ်ရာအထိသာ ရှိနိုင်သည်ဟု ခံစားနေရသည်။
၁၀၁ခုမြောက် မျိုးစေ့ကို ဖန်တီးရန် နတ်ဆိုးကပ်ပါးကောင်က သေဆုံးပြီး နတ်ဆိုးမျိုးစေ့ကလည်း ပျက်ဆီးသွားရန် လိုအပ်လေသည်။ ထိုသို့ဆိုလျှင်တောင် နတ်ဆိုးမျိုးစေ့အရေအတွက်က တစ်ရာသာ ရှိပေလိမ့်မည်။
" ဘာလို့လဲ။ စည်းမျဉ်းတစ်ခုလား။ ဒါမှမဟုတ် မဟာတာအိုရဲ့ ကန့်သတ်ချက်လား။ " လင်းယွမ်က စဉ်းစားနေသည်။
ထိုဖြစ်စဉ်မျိုးက မူလကမ္ဘာတွင်လည်း ဖြစ်လေ့ရှိသည်။ စွမ်းအားကောင်းသော တည်ရှိမှုများက အလွန်ရှားပါးပြီး သူတို့က မျိုးနွယ်များ တည်ထောင်ခြင်းမရှိကြပေ။ သူတို့က မျိုးပွားရန် ထိုမျှခက်ခဲသည်လား။ သို့မဟုတ် မရနိုင်တာလား။
နတ်ဆိုးမျိုးစေ့များ ဖန်တီးရာတွင် ခက်ခဲလာသောကြောင့် လင်းယွမ်က ၎င်းတို့အား အသုံးပြုခြင်းကို ရပ်တန့်လိုက်သည်။ လင်းယွမ်၏ ပစ်မှတ်များက အနည်းဆုံး ဆဋ္ဌမအလွှာ ခွန်အား ရှိရပေလိမ့်မည်။
" ဒါပေမယ့်... အချိန်ကြာတဲ့အထိ နတ်ဆိုးမျိုးစေ့စွမ်းရည် နိုးထလာတာကလွဲရင် ကျန်တဲ့ စွမ်းရည်တွေက ဘာလို့မနိုးထတာလဲ။ " လင်းယွမ်က တွေးမိလေသည်။
ကမ္ဘာများကို အစားအစာအဖြစ် အသုံးပြုနေသော ဘိုးဘေးနတ်ဆိုးသစ်ပင်တွင် နတ်ဆိုးမျိုးစေ့စွမ်းရည် တစ်မျိုးတည်းရှိရန် မဖြစ်နိုင်ပေ။ သူ့ဆွင် နတ်ဆိုးမျိုးစေ့ စွမ်းရည်တစ်မျိုးတည်းသာရှိလျှင် ဘိုးဘေးနတ်ဆိုးဘုရင်က ထျန်းချင်းကမ္ဘာကို ကျူးကျော်ပြီး မရေတွက်နိုင်သော ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
နှစ်များတစ်လျှောက် စုံစမ်းမှုများအရ လင်းယွမ်က ထျန်းချင်းမဟာမိတ်အကြောင်းကို နားလည်လာခဲ့သည်။
ပထမဆုံး အဋ္ဌမအလွှာ စွမ်းအားကို ထုတ်ဖော်နိုင်သည့် ကမ္ဘာဓားနှင့် သတ္တမအလွှာ အထွတ်အထိပ်တွင် ရှိနေသော မဟာမိတ်ခေါင်းဆောင်ဖြစ်သည်။ ဒုခေါင်းဆောင် ဆယ့်နှစ်ယောက်က သတ္တမအလွှာများ ဖြစ်ကြသည်။
သူတို့၏ နောက်တွင် ကာကွယ်သူ ၃၃ ယောက်က ဆဋ္ဌမအလွှာ အထွတ်အထိပ်များ ဖြစ်ကြပြီး ဆဋ္ဌမအလွှာ အကြီးအကဲက ၁၅၆ ယောက် ရှိလေသည်။
ထျန်းချင်းကမ္ဘာ၏ အင်အားက ကြောက်စရာကောင်းလှသည်။ မူလကမ္ဘာတွင်ဖြစ်လျှင် ၎င်းက အင်အားကြီးမျိုးနွယ် မဟုတ်လျှင်တောင် သာမန်မျိုးနွယ်အဆင့်တော့ ရှိလေသည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ထိုအင်အားစုနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နိုင်သောကြောင့် သူ၏ စွမ်းအားနှင့် နည်းလမ်းများက မသာလျှင်တောင် တူညီသော အဆင့်တွင် ရှိနိုင်လေသည်။
" လျို့ဝှက်ချက်တစ်ခုခုရှိရမယ်။ ဒါက သာမန်ပါပဲ။ ဘိုးဘေးဖြစ်ရင်တောင် သူ့ရဲ့ မျိုးဆက်ကို လုံးဝ ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့အပေါ်တွင် ကန့်သတ်ချက်အချို့ ထားခဲ့ခြင်းဖြစ်နိုင်လေသည်။ ဘိုးဘေးတစ်ယောက်အနေဖြင့် သူ၏ မျိုးဆက်အပေါ် နည်းစနစ်အချို့အသုံးပြုခြင်းက လွယ်ကူလွန်းလှသည်။
" ငါ အဆင့်ခုနှစ်ရောက်တဲ့အထိ စောင့်တာပေါ့။ အလျင်မလိုဘူး။ " လင်းယွမ်က စဉ်းစားလိုက်၏။
လွန်ခဲ့သော နှစ်သုံးဆယ်တွင် သူက အဆင့်ခြောက် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီးဖြစ်သည်။ ထိုအဆင့်ခြောက်နှင့် အဆင့်ခုနှစ်မှာ ခွန်အား သို့မဟုတ် နယ်ပယ်များကို ရည်ညွှန်းခြင်းမဟုတ်ဘဲ နတ်ဆိုးသစ်ပင်၏ ကြီးထွားမှုဖြစ်သည်။
လင်းယွမ်က အဆင့်ခုနှစ်သို့ တက်လှမ်းရန် ဝန်လေးနေခြင်းမှာ ထိုအဆင့်က ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် အဆင့်တူနီးပါး ဖြစ်သောကြောင့် ဖြစ်သည်။ ဘိုးဘေးနတ်ဆိုးသစ်ပင်က အဆင့်ရှစ်တွင် ရှိသည်ဟု ဆိုသော်လည်း သူက အဆင့်ခုနှစ်နှင့် အဆင့်ရှစ်ကြားတွင် ဖြစ်သည်။
လင်းယွမ်က အဆင့်ခုနှစ်သို့ တက်လှမ်းသွားလျှင် ဘိုးဘေးနတ်ဆိုးသစ်ပင်နှင့် အဆင့်တူသော ဒုတိယဘိုးဘေးနတ်ဆိုးသစ်ပင် မွေးဖွားလာပေလိမ့်မည်။ လင်းယွမ်က လျို့ဝှက်နည်းစနစ်များကို အသုံးပြုပြီး ထျန်းချင်းကမ္ဘာထဲတွင် ရှိနေသော်လည်း ဘိုးဘေးနတ်ဆိုးသစ်ပင်က သူ့ကို သတိပြုမိနေဆဲ ဖြစ်သည်။