← Chapters

ဗုံမဟုတ် ပတ်မဟုတ်များ ... ။

Vol. 28 Ch. 325

ဗုံမဟုတ် ပတ်မဟုတ်များ ... ။

Vol. 28 Ch. 325

ဝိညာဉ်ပင်လယ် ရေမျက်နှာပြင်အထက်၌ ပြန်လမ်းမဲ့ကျွန်း၊ ဝိညာဉ်သင်္ချိုင်း တောင်ကုန်း၊ အရိုးဖြူဘုံကျောင်းနှင့် ကြယ်လှေတို့သည် တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

ယနေ့တွင် သုံးရက်တိုင်ပြီ ဖြစ်သည်။ ထိုရက်အတွင်း သတိကြီးစွာနေထိုင်ခဲ့ရသဖြင့် မျောက်ဝံဖြူပခုံးပေါ်ရှိ အမျိုးသမီးတစ်ယောက် ပင်ပန်းနွမ်းနယ်မှုများ ခံစားနေရသည်။

ဤသတ္တဝါလေးပါးသည် လုံးဝ အသံမထွက်ခဲ့ကြချေ။ အဆိုပါအခြေအနေက သူမကို များစွာဖိအားဖြစ်စေ၏။

ကောင်းကင်ရှိ နန်းတော်ပုံရိပ်ကြီး သည်လည်း ယခုအခါ အာကာသစုပ်ဝဲအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တန်ခိုးရှင်ဓားမျှော်စင် နန်းတော် တံခါးဝသည်သာ နောက်ဆုံးကြွင်းကျန်ရစ်ခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် တံခါးဝသို့ အာရုံအပြည့် စိုက်ထားကြခြင်းပေပင်။

“ ဟမ့် ... ။ ”

ရုတ်တရက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၏ ပုံရိပ်နန်းတော်တံခါးဝ၌ ထွက်ပေါ်လာ၏။

ထိုအမျိုးသားသည် ငယ်ရွယ်ပြီး ‌ကျောက်စိမ်းရောင်၀တ်စုံဖြင့် ထူးကဲသော အသွင်အပြင်မျိုးသည်။

အမျိုးသမီးသည် ပါးလျသော အရေပြားလွှာတစ်ခုဖြင့် မျက်နှာကိုဖုံးထားကာ မျက်ဝန်းများသည် ၎င်းနှင့် မလိုက်ဖက်စွာပင် တောက်ပနေချေ၏။ အလှတရား ဖြစ်မည်မှာ သေချာချေပြီ။

“ ဒါ ... ။ ”

အဝေးရှိ လွင့်မျောနေသော အရိုးဖြူဘုံ‌ကျောင်း၊ ဝိညာဉ်သင်္ချိုင်းတောင်ကုန်း၊ ပြန်လမ်းမဲ့ကျွန်းနှင့် ကြယ်လှေတို့ထံ ကြည့်ကာ ဟွာရှင်းဖန်တစ်ယောက် မျက်လုံးပြူး သွားတော့သည်။

၎င်းတို့သည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည်မှာ မြင်သာချေ၏။ စုရီပင် မျက်ဝန်းများ မှေးစင်းသွားသည်။

“ အဟေး ... သူတို့က လူငယ်လေးနှစ်ယောက်ပဲ ကြည့်ရတာ တခြားသူတွေ သေသွားပြီထင်တယ်။ ”

စုရီတို့နှစ်ဦးထံ လှမ်းကြည့်ကာ ပြန်လမ်းမဲ့ကျွန်း မီးမိစ္ဆာလီဟော်က ချက်ချင်း အော်ဟစ်လိုက်တော့၏။

သူမ စကားသံနှင့်အတူ အစိမ်းရောင် မီးတောက်တစ်ခုသည် ကျွန်းပေါ်မှ ရုတ်တရက် ပျံထွက်လာပြီး အစိမ်းရောင်လက်ကြီးအဖြစ် ပြောင်းလဲသွားတော့၏။

ပင်လယ်ရေမျက်နှာပြင် တုန်ခါလျက် ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွား တော့သည်။ ၎င်းစွမ်းအားသည် ဝိညာဉ်တာအို နဘ်ပယ် အဆင့်ထက် သာလွန်နေချေပြီ။

“ လီဟော်၊ မင်းအဆင့်အတန်းနဲ့ ဒီလို ဂျူနီယာနှစ်ယောက်ကို တိုက်ခိုက်နေတာဟာ စိတ်ပျက်စရာပဲ။ ”

“ ဝှစ် ... ။ ”

“ ဖောက် ... ။ ”

ဝိညာဉ်သင်္ချိုင်းတောင်တန်းမှ ခွင့်မပြုချေ။ လှံတစ်စင်း ရုတ်တရက် ပျံထွက်လာကာ မီးလျှံ လက်ဖဝါးကြီးကို ထိုးဖောက်သွား၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ စွမ်းအင်လှိုင်းလုံးကြီးများက အရပ်ရပ်သို့ ပျံ့ကျဲကုန်သည်။

ထိုတိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် မြင်နေရသော ဟွာရှင်းဖန်တစ်ယောက် ချွေးများ စိမ့်ထွက်လာတော့၏။ ကြောက်စရာ ကောင်းလွန်းချေပြီ။

ဤစွမ်းအားသည် သူမကိုယ်သူမ ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ ခံစားရစေခဲ့၏။ ကူကယ်ရာ မဲ့စေသည်။

စုရီသာလျှင် ယခင်အတိုင်း ငြိမ်သက်နေဆဲဖြစ်သည်။ သို့သော် မျက်ဝန်းများ အတွင်း၌ အေးစက်သော အငွေ့အသက်များ စုဖွဲ့နေခဲ့ချေပြီ။

လက်ရှိဖြစ်ရပ်သည် သဘောထား ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့သော တိုက်ပွဲမျိုး မဟုတ်ချေ။

တစ်ဖက်လူများသည် သူနှင့် ဟွာရှင်းဖန်အပေါ် သားကောင်အဖြစ် မှတ်ယူ နေကြခြင်းပေပင်။ ဤသည်မှာ သည်းမခံနိုင် လောက်အောင် ဖြစ်လာစေသည်။

“ တစ်ခုခု အန္တရာယ်ရှိလာရင် တန်ခိုးရှင်ဓားမျှော်စင်ထဲ ပြန်ဝင်ပြီးပုန်းနေပါ ... အဲ့ဒီမှာ ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ဘူး။ ”

စုရီက ဟွာရှင်းဖန်ကို မှာကြားလိုက်၏။

“ သခင်လေး ... မင်းရော ... ။ ”

“ ငါက မူလတာအို နယ်ပယ်ရောက်ဖို့ အခွင့်အရေးတစ်ခု လိုနေသေးတယ် အခုတော့ အဲဒီအခွင့်အရေးက ငါ့တံခါးဝရောက်လာပြီ။ ”

ထိုအဖြေကြောင့် ဟွာရှင်းဖန်ခမျာ ထိတ်လန့်သွားချေပြီ။ စုရီသည် ဤတိုက်ပွဲဖြင့် စွမ်းအင်မျိုးစေ့ကို ပေါင်းစည်းရန် ကြံစည်နေပုံရချေသည်။

“ ကျိယန်၊ ကောင်ကင်ဘုံ နတ်ဆိုး ဧကရာဇ်ချန်ထားခဲ့တဲ့ အသက်အရိုးကို လုယူဖို့ ဒီကိုရောက်နေကြပြီမို့ ... ကြောင်သူတော်လို ပြုမူနေစရာ မလိုပါဘူး။ ”

ပြန်လမ်းမဲ့ကျွန်းပေါ်မှ မီးစိမ်းများ လေထဲပျံဝဲတက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရောင်ပြောင်းလျက် အနက်ရောင်ပုံရိပ် တစ်ခု ထွက်ပေါ်လာတော့သည်။

“ ဟမ့် ... အခွင့်အရေးကို လုယူချင် နေရင်တောင် ... မင်းဒီလောက်အထိ ရက်စက်ဖို့ မလိုပါဘူး ... ဒီကမိတ်ဆွေလေးနှစ်ယောက်က လွှဲပေးဖို့ ဆန္ဒရှိနေရင် ငါက သဘာဝအတိုင်း သူတို့ရဲ့အသက်ကို ထိခိုက်စေမှာ မဟုတ်ဘူး ဒါ မင်းနဲ့ငါကြားက ကွာခြားချက်ပဲ။ ”

“ ချွင် ချွင် ချွင် ... ။ ”

ဝိညာဉ်သင်္ချိုင်းတောင်ကုန်းပေါ်တွင် မီးခိုးရောင်အခိုးအငွေ့များ ရစ်သိုင်းနေလျက် သံကြိုးနှင့် ချည်ထားသော အလောင်းများမှာ တုန်ခါနေကြ၏။

တောင်ထိပ်တွင် အရပ်မြင့်မြင့်နှင့် ထင်ယောင်ထင်မှား ဖြစ်စေသော ပုံရိပ်ကြီး တစ်ရိပ် ထွက်ပေါ်လာသည်။

အသွင်အပြင်အရ ထူးဆန်းပြီး နီမြန်းသော လျှပ်စီးကြောင်းများ ခန္ဓာကိုယ်အနှံ့ လင်းလက် နေတော့သည်။

“ မိုးကြိုးဘုရင် ကျိယန်လဲ့နဲ့ ... မီးမိစ္ဆာ လီဟော် မင်းတို့နှစ်ယောက်ပဲ ဒီအခွင့်အရေးကို လုယူဖို့ ထိုက်တန်နေတယ် ထင်တာလား ... ဘာလို့ ဘယ်သူပိုသန်မာလဲ အရင် မဆုံးဖြတ်ရတာလဲ။ ”

အသံနှင့်အတူ သွေးနီရောင်၀တ်စုံနှင့် ဝါးကဲ့သို့ပိန်လှီသော တစ်စုံတစ်ယောက်၏ ပုံရိပ် အရိုးစားအဖိုးကြီး ထွက်ပေါ်လာသည်။

“ ဘာမတိုက်ဝံ့တာရှိလဲ။ ”

မီးမိစ္ဆာလီဟော်မှ တုန့်ပြန်၏။

“ ဒါဆို မင်းတို့နှစ်ယောက် အရင် ကြယ်အလင်းနဲ့ တိုက်ပါ ... ကြယ်အလင်း မင်းရော ဘယ်လိုသဘောရလဲ။ ”

မိုးကြိုးဘုရင်ကျိယန်မှ လှောင်ပြုံးဖြင့် ပြောကြားလိုက်သည်။ အရိုးစားအဖိုးကြီးနှင့် မီးမိစ္ဆာလီဟော်က ကြယ်လှေထံကြည့်၏။

ကြယ်လှေသည် ပတ်ဝန်းကျင်အပေါ် အိပ်မက်ဘုံကဲ့သို့ အလင်းများထုတ်လွှတ်လျက် ငြိမ်သက်စွာ လွင့်မျောနေခဲ့ချေပြီ။

အဆုံးတွင် အရိပ်တစ်ရိပ် မတ်တပ် ထရပ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်လာ၏။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ရောင်ဝါမျိုးလဲ။ ”

ဤလူကို မြင်လိုက်ရသည့်အခိုက်တွင် ဟွာရှင်းဖန်၏ နှလုံးသားများခမျာ နာကျင်မှုကို ချက်ချင်းခံစားလာရသည်။

“ ဓားသမားလား။ ”

စုရီမှ မျက်ခုံးပင့်လိုက်တော့၏။ ကြယ်လှေပေါ်မှ ပိန်ပိန်ပါးပါး အသွင်သည် အရာအားလုံးကို လျစ်လျူရှုကာ စုရီထံသို့ တိုက်ရိုက် ကြည့်နေခဲ့သည်။

“ မင်းမှာ ပုံမှန်မဟုတ်တဲ့ စွမ်းအားတစ်ခု ရှိတယ်လို့ခံစားရတယ် မင်းကို ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်က အသိအမှတ်ပြုလိုက်တယ် မဟုတ်လား ...

... ကောင်းပြီ အသက်အရိုးကို ချန်ထားလိုက်ပါ မင်းနဲ့ကောင်မလေး အတူတူ ထွက်သွားနိုင်တယ် ... မင်းကို ဘယ်သူမှ နှောက်ယှက်မှာ မဟုတ်ဘူးလို့ ငါကတိပေးတယ် ... ။ "

လေသံသည် တည်ငြိမ်ပြီး မြင့်မြတ်ကာ ကြီးစိုးချေ၏။ ကျန်သုံးပါးက စုရီထံလှည့်ကြည့် လာသည်။

“ ဒီကောင်လေး​ လက်လျော့သွားမှာ ကြောက်​မိတယ် ... ။ ”

မျောက်ဝံကြီး၏ ပခုံးပေါ်ရှိ အဖြူဝတ်အမျိုးသမီးသည် ထူးဆန်းသော အကြည့်များဖြင့် ညည်းတွားလိုက်၏။

ဤလူငယ်နှင့် အမျိုးသမီးသည်သာ တန်ခိုးရှင်းဓားမျှော်စင်အတွင်းမှ ထွက်လာနိုင် ခဲ့သည်။ ဆိုလိုသည်မှာ ကျန်လူများ အားလုံး သေဆုံးသွားသည်ဟူသော အဓိပ္ပါယ်ပေပင်။

ထိုသတင်းသည် မဟာချင်မင်းဆက် တစ်ခုလုံးကို တုန်လှုပ်ရန် လုံလောက်၏။ ဤသို့ ရောက်ရှိလာသူတိုင်းသည် အဆုံး၌ မူလတာအို နယ်ပယ် ကျင့်ကြံသူများဖြစ်သည်။

သုံးနိုင်ငံအတွင်း ထိပ်တန်းပေပင်။ သို့သော်ခြွင်းချက်မရှိ ၎င်းတို့အားလုံးသည် လုပ်ကြံခြင်းကို ခံခဲ့ရချေပြီ။

မည်သို့ပင်ဆိုစေကာမူ ဤလူငယ်သည် ကြောက်စရာ ကောင်းသော သတ္တဝါလေးပါးကို အနိုင်ယူရန် အခွင့်အရေးမရှိချေ။ ခေါင်းငုံ့ခြင်း သည်သာ အဖြေဖြစ်သည်။

“ အစ်ကိုကြယ်အလင်းပြောတာ ... မှန်ပါတယ်၊ ကောင်လေး အသက်ဆုံးရှုံးသွားရင် မင်းအတွက်အရာအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ ”

မိုးကြိုးဘုရင်ကျိယန်မှ ဝင်ရောက်ပြောကြားလာသည်။ သူအသံသည် မိုးခြိမ်းသံကဲ့သို့ လေဟာနယ်အတွင်း ပဲ့တင်ထပ်နေ၏။

“ ဟား ဟား ဟား ... မှန်တယ် အစ်ကိုကြယ်အလင်း စကားကြောင့် မင်းကို ငါတို့လွှတ်ပေးမယ် အသက်အရိုးထားခဲ့ပါ။ ”

မီးမိစ္ဆာလီဟော်မှ ရယ်မောလျက် ပြောကြားလာပြန်၏။

“ ဟမ့် ... ဒါဟာ တိုက်ပွဲတစ်ပွဲရဲ့ အကျိုးအမြတ်ပဲ ... ဒါပေမယ့် မင်းတို့က အရမ်း စိတ်ပျက်စရာကောင်းတယ် မထင်ဘူးလား။ ”

စုရီက ဂရုမစိုက်ဘဲ တုန့်ပြန်သည်။ ဟွာရှင်းဖန်သည်လည်း အချိန်မရွေး တန်ခိုးရှင် ဓားမျှော်စင်အတွင်း လှည့်ဝင်နိုင်သဖြင့် များစွာ ကြောက်လန့်ခြင်း မရှိခဲ့ချေ။

“ လူတစ်ဝက် ... မိစ္ဆာတစ်၀က်၊ ဗုံမဟုတ် ပတ်မဟုတ် လူတစ်စုက ကိုယ်တိုင်တိုက်ပွဲဝင်ဖို့ သတ္တိမရှိဘဲ ဒီမှာစောင့်ပြီး လုယက်နေတာကိုး ဟာသပဲ ...

... နင်တို့ကိုယ်နင်တို့ ကြီးမြတ်သူလား ... အရှက်ကင်းမဲ့သူတွေလား သိအောင်အရင်လုပ် ကြဦး။ ”

စကားသံနှင့်အတူ ရွံရှာဖွယ်များကို မြင်နေရသကဲ့သို့ နှုတ်ခမ်းတွန့်ကာ လှောင်ပြုံး ပြုံးပြလိုက်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

မျောက်ဝံဖြူပေါ်ရှိ အမျိုးသမီးခမျာ အံ့အားသင့်သွားသည်။ ပွက်ပွက်ဆူနေသော ရေနွေးအိုးကြီးတစ်လုံးကဲ့သို့ ဤလေးပါးမှာ ဒေါသထွက်နေမည်ကို ပြောနိုင်၏။

“ ဟား ဟား ဟား ... လျှာထက်တဲ့ ကောင်မလေး အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ် ...

... အခုချိန်ကစပြီး ငါ့ကို ဘယ်သူမှ မတားကြနဲ့ ဒီပါးစပ်နံစော်နေတဲ့ သူ့အရိုးတွေကို အပိုင်းပိုင်းခွဲပြီး သူ့ခြင်ဆီကို စုပ်ပစ်မယ်။ ”

အစိမ်းရောင် မီးတောက်များက ယိမ်းထိုးလျက် ဒေါသထွက်နေတော့သည်။

“ အချိန်ဖြုန်းနေစရာ မလိုပါဘူး ... မင်းတို့လိုချင်တဲ့ အခွင့်အရေးက ဒီမှာရှိတယ် လာယူပါ။ ”

ထိုအချိန်တွင် စုရီက အရိုးဖြူတံဆိပ်တစ်ခုကို ထုတ်ယူ ပြသလိုက် လေသည်။

“ ဟမ့် ... တကယ်ပဲ ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်ရဲ့အရိုးပဲ နှစ်ပေါင်း(၃)သောင်း ကြာနေရင်တောင် ဒီရောင်ဝါကို ငါမှတ်မိတယ် အတုမဟုတ်တာ သေချာတယ်။ ”

အရိုးဖြူဘုံကျောင်းက အသက်ရှုသံ အနည်းငယ်မြန်လာပြီး လေသံတွင်လောဘကို ဖုံးကွယ်ထားချေ၏။

စုရီက ပြုံးလျက်၊

“ ဘာလုပ်နေတာလဲ ... လာယူလေ။ ”

-ဟု ထပ်မံ ဖိတ်ခေါ်လိုက်သည်။

“ ဟား ဟား ဟား ... ဒီကောင်လေး ရူးနေပြီ။ ”

မီးမိစ္ဆာလီဟော်မှ ရယ်သည်။ အရိုးစား အဖိုးကြီးသည် သည်းမခံနိုင်တော့ဘဲ အဆုံးတွင် ချက်ချင်း လှုပ်ရှားလာတော့၏။

“ ဝှစ် ... ။ ”

သွေးမြူများ ရစ်သိုင်းနေသော အရိုးလက်သည်းကြီးတစ်ခုက လေဟာနယ်ကို ခွဲလျက် ထွက်ပေါ်လာခဲ့သည်။

“ ဟမ့် ... ။ ”

ထိုမြင်ကွင်းကြောင့် မိုးကြိုးဘုရင်ကျိယန် သည်လည်း ရပ်ကြည့်မနေနိုင်တော့ချေ။ မိုးကြိုး သွေးလှံတစ်စင်း သူ့အနား စုစည်းလာပြီး လျင်မြန်စွာ ပစ်ချလိုက်သည်။

“ ရွှပ် ... ။ ”

သွေးနီရောင် ပိုးချည်မျှင်ကဲ့သို့ ဖျက်ဆီးခြင်းရောင်ဝါများ သယ်ဆောင်လျက် လေဟာနယ်ကို ဖြတ်ပျံသွား၏။

သို့သော် ဤတိုက်ခိုက်မှုသည် စုရီကို မရည်ရွယ်ဘဲ ဧရာမ အရိုးလက်သည်းကြီးထံ ရည်ရွယ်ချေပြီ။

“ ဝုန်း ... ။ ”

သွေးနီရောင် လျှပ်စီးကြောင်းနှင့် အရိုးလက်သည်းတို့တိုက်မိပြီး တုန်လှုပ်ဖွယ် အလင်းများပြန့်ကားကာ မိုးရေစက်များ ရွာကျလာသည်။

“ ကျိယန် ... မင်း ငါ့ကို ဘယ်လို တားရဲတာလဲ။ ”

အရိုးစားအဖိုးကြီးက ဒေါသတကြီး အော်ငေါက်လိုက်သည်။ မိုးကြိုးဘုရင်ကျိယန်မှ လျစ်လျူရှုထား၏။

“ ဒါဟာ အခွင့်အရေးပဲ ... မင်းရဲ့ အရည်အချင်းပေါ်မူတည်တယ် ... မင်းမှာ အရည်အချင်းရှိရင် ဆက်လုပ်ပါ။ ”

“ ကောင်းပြီ ဒါဆို ငါလည်း စမ်းကြည့်ရအောင်။ ”

မီးမိစ္ဆာလီဟော်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်များကို ဝှေ့ယမ်းကာ စုရီအပေါ် အစိမ်းရောင် လက်ဖဝါးကြီးဖြင့် အုပ်ကိုင်လိုက်ပြန်၏။

“ ဂျိန်း ... ။ ”

“ သွား ... ။ ”

သို့သော် မိုးကြိုးဘုရင်ကျိယန်က သွေးနီရောင်မိုးကြိုးမုန်တိုင်းများ ဆင့်ခေါ်လျက် သူမလမ်းကို ပိတ်ပစ်လိုက်လေသည်။

အရိုးစားအဖိုးကြီးသည်လည်း လက်ဝှေ့ယမ်းကာ မိုးသက်မုန်တိုင်းကဲ့သို့သော အရိုးလှံများဖြင့် ပစ်ချတော့၏။

အရိုးလှံတစ်ခုစီသည် ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းစေနိုင်သော သိပ်သည်းသည့် သွေးမြူများ သယ်ဆောင်ထားသည်။

“ နောက်ဆုတ် ... ။ ”

မျောက်ဝံဖြူကြီးပေါ်ရှိ အမျိုးသမီးက လေးနက်သောအကြည့်များဖြင့် တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။

ဤတိုက်ခိုက်မှုများသည် ခြွင်းချက်မရှိ ပြင်းထန်ချေပြီ။ ၎င်းတို့အားလုံး၏ ရောင်ဝါတွင် ထူးဆန်းသော ဖြစ်စဉ်များပါရှိနေ၏။

“ အရမ်း ကောင်းတယ် ... ။ ”

စုရီ မျက်ဝန်းများ တောက်ပလာသည်။ သေခြင်းတရား၏အနံ့အသက်များကို ရရှိချေပြီ။ ဤသည်မှာ လူဝင်စားပြီးနောက် ပထမဆုံး အကြိမ်ခံစားရခြင်းပေပင်။

ထိုဖိအားအောက်တွင် အရေခွံ၊ အရိုး၊ အသား၊ ဝိညာဉ်၊ ကျင့်ကြံမှုနှင့် စွမ်းအင်များမှာ အလားအလာများ ပေါက်ကွဲလာခဲ့သည်။

“ မျှော်လင့်ထားသလိုပဲ၊ အသက်နဲ့ သေခြင်းကြားက ကြီးမားတဲ့ ဖိအားကသာ တာအိုမျိုးစေ့ကို ဖွဲ့စည်းဖို့ အခွင့်အရေး ပေးနိုင်မယ်။ ”

စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါးဓားသည်ပင် အနည်းငယ် တုန်ခါနေ ချေပြီ။

“ ဟိတ် ... ။ ”

အတွေးများဖြင့် စုရီမှ ပြုံးလိုက်၏။ အခွင့်အရေးသည် ရောက်ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် လေထဲသို့ ခုန်တက်လိုက်ကာ အမှောင်နတ်ဓားကို ထုတ်ယူသည်။

“ ချွင် ... ။ ”

ကြည်လင်​ပြတ်သားသော ဓားဆွဲသံ ထွက်ပေါ်လာပြီး လေထဲခုတ်ချပစ်လိုက်သည်။ ဓားအလင်းတစ်လက် ပြေးထွက်သွား၏။

“ တောင်နှင့်မြစ်ကို ပိုင်းခြားခြင်း။ ”

ကျင့်ကြံမှုသည် ရှန်ရှင်းအဆင့်ကို ကျော်လွန်ပြီး အမည်ခံမူလတာအိုနယ်ပယ်သို့ ရောက်ရှိနေသောကြောင့် ယခင်ထက် များစွာ ကြောက်စရာကောင်းချေပြီ။

အဖျက်စွမ်းအားသည် သူ့ကဲ့သို့သော ဆယ်ကျော်သက်တစ်ယောက်ထံမှ လာသည့် စွမ်းအားအဖြစ် ယုံနိုင်စရာမရှိချေ။

“ ဟမ့် ... ။ ”

ဓားအလင်းသည် မီးမိစ္ဆာလီဟော်၏ အစိမ်းရောင်မီးလက်ဖဝါးကို တစ်လက်မခန့်သာ လှီးဖြတ်ပြီး ပျောက်ကွယ်သွားသည်။

ရလာဒ်အနေဖြင့် စုရီသည် နောက်သို့ ဆုတ်ခွာပေးလိုက်ရသည်။ ထို့မြင်ကွင်းကြောင့် ဟွာရှင်းဖန်မှ စိုးရိမ်သွား၏။

စုရီ၏ တိုက်ပွဲဝင်စွမ်းအားသည် မယုံနိုင်စရာကောင်းလောက်အောင်ပင် ဖြစ်နေ သော်လည်း သူနှင့်ပြိုင်ဘက်ကြားတွင် ကွာဟချက် ရှိနေသေးသည်။

မီးမိစ္ဆာ လီဟော်ခမျာ များစွာ အံ့အားသင့်သွားသည်။ ရှန်ရှင်းသိုင်းသမားသည် သူမ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီး နိုင်သည်လော။ လုံးဝအဓိပ္ပါယ် မရှိချေ။

***

All Chapters