စဉ်းတုံးပေါ်မှ ငါးများ။
Vol. 28 Ch. 328
“ ဝှစ် ... ။ ”
အရိုးစားအဖိုးအိုလက်မှ အရိုးလှံများသည် မိုးရေစက်များအလား ပြေးထွက် သွားတော့၏။ ကောင်းကင်တခွင် သွေးမြူများ လိုက်ပါလာပြီး လေဟာနယ်ကို ပုံပျက်သွားစေသည်။
လှံတိုင်းတွင် ငှားယူထားသော အမှောင်တားမြစ်စွမ်းအင်ပါရှိ၏။ ရောင်ဝါတိုင်း ထက်ရှနေချေပြီ။
အမှောင်တားမြစ်စွမ်းအားသည် နှစ်ပေါင်းသုံးသောင်းနီးပါးခန့် မိုးပြာတိုက်ကြီးကို တိုက်စားနေခဲ့သည်။
ယနေ့တွင် ထိုစွမ်းအားသည် ပါးလျပျောက်ကွယ်နေပြီ ဖြစ်သော်လည်း ကြွင်းကျန်ရစ်ဆဲဖြစ်၏။
ထို့ကြောင့် ဤလေးပါးသည် နှစ်ပေါင်း(၃)သောင်း ပိတ်မိနေခဲ့ပြီးနောက် ၎င်းအမှောင်တားမြစ်စွမ်းအားကို အသုံးချရန် နည်းလမ်းအချို့ ရှာတွေ့ခဲ့သည်။
“ သနားစရာပဲ။ ”
ယင်းကို သတိပြုမိသော စုရီက လှောင်ပြုံးဖြင့် ဓားဆွဲကာ ပြေးတက်သွားပြီး ထိပ်တိုက်ရင်ဆိုင်တော့၏။
“ ဂျိန်း ... ။ ”
ဓားအလင်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟည်းသံများပေးလျက် ကောင်းကင်ပေါ် ထိုးတက်လာသည်။
၎င်းသည် ဓားတစ်ချက်မျှသာ ဖြစ်သော်လည်း ရှန်ရှင်းအဆင့်တွင် ရှိစဉ်နှင့် လုံးဝကွဲပြားချေပြီ။
ဤသည်မှာ မူလတာအိုနယ်ပယ် ကျင့်ကြံသူ၏ စစ်မှန်သောနည်းလမ်း ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်နိုင်ပြီး ငရဲဘုံကိုးပါးဓား၏ အငွေ့အသက်များ ပါရှိချေ၏။
“ ဝုန်း ... ။ ”
ဓားအလင်းသွားရာ လမ်းတစ်လျှောက် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး အရိုးလှံငယ်များ အပိုင်းပိုင်းပိုင်း ပြတ်တောက်ကုန်၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အရိုးစားအဖိုးအိုမှ အံ့သြပြီး မယုံနိုင် ဖြစ်မိသည်။ အမှောင်တားမြစ် စွမ်းအင်ဖြင့် ဖန်တီးထားသော အရိုးလှံများအားလုံး အမှန်တကယ် ပျက်ပြယ်သွားချေပြီ။
ထိုအချိန်တွင် ကျိယန်နှင့် လီဟော်တို့သည်လည်း တုန်လှုပ်သွားကြသည်။ အမှောင်တားမြစ်စွမ်းအားသည် မိုးပြာတိုက်ကြီး အပေါ် နှစ်ပေါင်း(၃)သောင်း လွှမ်းခြုံထား၏။
စတင်ပေါ်ပေါက်လာစဉ် အချိန်များ၌ ဧကရာဇ်များပင် ဤစွမ်းအားကို ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။
မဟုတ်သော် ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်ကဲ့သို့သော တစ်စုံတစ်ယောက် အနေဖြင့် အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်သွားလိမ့်မည် မဟုတ်ကြောင်း ပြောနိုင်သည်။
ထိုစည်က ရှေးဟောင်း တာအိုဂိုဏ်းများသည်လည်း ဤတိုက်ကြီးမှ မည်သို့ ပျောက်ကွယ်သွားနိုင်မည်နည်း။
ဤအရာများကို ကြည့်ခြင်းအားဖြင့် အမှောင်တားမြစ်စွမ်းအင်၏ တန်ခိုးသည် မည်မျှ ကြောက်စရာကောင်းမည်ကို မြင်နိုင်၏။
လက်ရှိအချိန်၌ မိုးပြာတိုက်ကြီးတွင် အမှောင်တားမြစ်စွမ်းအင်သည် ပျောက်ကွယ် လုနီးပါးဖြစ်နေပြီဖြစ်သည်။
သို့သော် ထိုလက်ကျန်စွမ်းအင်ဖြင့်ပင် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်ရန် လုံလောက်၏။
“ အရမ်း ထက်ရှတယ်။ ”
မျောက်ဝံဖြူကြီး၏ ပခုံးပေါ်မှ အမျိုးသမီးသည် ဓားတန်ခိုးကြောင့် ထိတ်လန့် တုန်လှုပ်သွားသည်။
အမှောင်တားမြစ်စွမ်းအင်ကို သူမ မသိသော်လည်း စုရီဓားအပေါ် သတိပြုနိုင်၏။ ထိုဓားသည် ဝိညာဉ်တာအို နယ်ပယ်ရှိ သူမကိုပင် အန္တရာယ်ရှိစေမည်။
“ ဒီကောင်လေးနဲ့ စောစောသာ ဆုံမိရင် ငါတို့ပိတ်မိနေတဲ့ အမှောင်တားမြစ် စွမ်းအားကို ချိုးဖျက်နိုင်မှာသေချာတယ်။ ”
လီဟော်က ရေရွတ်လျက် အလွန် စိတ်လှုပ်ရှားလာသည်။ အနှစ်သုံးသောင်းကြာ နှိပ်စက်ညှဉ်းပန်းခံနေရသည့် အခြေအနေများမှ မည်သူမဆို လွတ်မြောက်ချင်သည်မှာ သဘာဝပေပင်။
“ အခုတော့ အရမ်းနောက်ကျနေပြီ။ ”
ကျိယန်က လေးနက်သော အသံဖြင့် ပြောသည်။ မျက်ဝန်းများတွင် မျှော်လင့်ချက်ကို မြင်လာရ၏။
သူတို့အားလုံးသည် အမှောင်တားမြစ် စွမ်းအင်များ လုံးလုံးလျားလျား ပျောက်ကွယ် သွားမည့်နေ့ကို စောင့်ဆိုင်းနေခဲ့သည်။
ယခု ဤဘေးဒဏ်မှ လွတ်မြောက်ရန် စုရီကဲ့သို့လူငယ်မှ ကူညီနိုင်ကြောင်း သိရှိလိုက် ကြသည်။ သို့သော် မလိုအပ်တော့ချေ။ နောက်ကျသွားပြီဖြစ်၏။
မကြာခင် ရွှေခေတ် ရောက်ရှိလာတော့မည်ဖြစ်ရာ စုရီ မရှိလျှင်ပင် သူတို့ လွတ်မြောက်နိုင်သေးသည်။
“ မင်းတို့ မလာဘူးလား ... ဒါဆို ငါလာမယ်။ ”
သူတို့စကားပြောနေစဉ် စုရီက လေထဲတိုးဝင်ကာ သွေးမြူများထံ ချည်းကပ် လာခဲ့သည်။
ဤသွေးမြူများဖြင့် ဖုံးအုပ်ခြင်းခံရပါက မည်သူမဆို အရိုးစုအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။ အဆုံးတွင် အရိုးဖြူဘုံကျောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေမည်။
မျောက်ဝံဖြူကြီး၏ ပခုံးပေါ်မှ ဝိညာဉ်တာအိုနယ်ပယ် အမျိုးသမီးသည်ပင် ဤမြူအတွင်း မသွားဝံ့ချေ။
သို့သော် ယခုအချိန်တွင် စုရီသည် ထိုဧရိယာအတွင်းသို့ ပျံသန်းဝင်ရောက်ကာ အရိုးဖြူဘုံကျောင်းရှေ့ ရောက်ရှိသွား၏။
အဆုံးတွင် အရိုးစားအဖိုးကြီး၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ ချေပြီ။ ၎င်းပုံသဏ္ဍာန်သည် ပိန်သွယ်ကာ အပြာရင့်ရောင် မျက်ဝန်းများရှိ၏။
သူ့ပတ်လည်လည်တွင် မြွေများကဲ့သို့ ရစ်ပတ်ထားသည့် အမှောင်တားမြစ်စွမ်းအားကို မြင်နေရသည်။
“ ဟမ့် ... ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်လို့ ငါထင်နေတာ အခုတော့ ဝိညာဉ်တာအိုနယ်ပယ်က တစ္ဆေလေးပဲ။ ”
စုရီက အထင်အမြင်သေးဟန်ဖြင့် ခေါင်းခါလိုက်သည်။ ဝိညာဉ်တာအိုနယ်ပယ်တွင် အဆင့်သုံးဆင့်ရှိ၏။
၎င်းတို့မှာ ဝိညာဉ်ထင်ရှားခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်း၊ ဝိညာဉ် အသွင်ပြောင်းခြင်းဟူ၍ ဖြစ်၏။
ဤတစ္ဆေသည် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်တွင်ဖြစ်သည်။ သူ့ လှည့်ကြည့်ရန်ပင် မထိုက်တန်ချေ။
အရိုးစားအဖိုးကြီးက မျက်လုံးပြူးသွား၏။ မူလတာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်သည် သူ့ကိုအထင်သေးစွာ ငုံ့ကြည့်နေသည်လော။
“ သေလိုက်တော့ ... ။ ”
အရိုးစားအဖိုးကြီးက အော်ငေါက် လိုက်လေသည်။ အရိုးဖြူဘုံကျောင်းကြီးထံမှ လူသေအလောင်းများစွာသည် စုရီဆီသို့ ပျံသန်းလာတော့၏။
“ ရွှပ် ... ။ ”
စုရီမှဓားဖြင့် ပြန်၍ခုတ်ချလိုက်သည်။ အလွန်ထက်မြက်သော ဓားအလင်းတစ်လက် ပြေးထွက်သွား၏။
လူအုပ်ကြီး၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် လူသေစစ်တပ်သည် အထည်တစ်စလို ကွဲထွက်သွားသည်။
ဓားသွားရာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီး ခံလိုက်ရသည်။ အရိုးစားအဖိုးကြီးကို ချုပ်နှောင်ထားသော အမှောင်တားမြစ်စွမ်းအင်များပင် တစ်ခုပြီး တစ်ခု ပေါက်ကွဲကုန်၏။
“ ဟမ့် ... ။ ”
ဤဓားသည် သူ့အတွက် နှစ်ပေါင်း (၃)သောင်းကြာအောင် စောင့်မျှော်နေခဲ့မိသော လွတ်မြောက်ခြင်း ဖြစ်သကဲ့သို့ သေခြင်းတရား သည်လည်း ဖြစ်နေသည်။
“ ဝှစ် ... ။ ”
အဆုံးတွင် အရိုးစားအဖိုးအို၏ အရွယ်အစားသည် လက်မအရွယ်သို့ ချက်ချင်း ကျုံ့သွားကာ ထွက်ပြေးတော့၏။
သို့သော် မလွတ်မြောက်မီ အစိမ်းရောင်တံဆိပ်တစ်ခု သူ့အပေါ်ကျရောက် လာတော့သည်။ အဆုံးတွင် ရုန်းကန်လျက်ဖြင့် စုရီလက်ဖဝါးသို့ ဆွဲငင်ခြင်းခံလိုက်ရ၏။
ဤတံဆိပ်ကို ‘သုံးလက်မသန့်စင်ခြင်း တံဆိပ်’ဟုခေါ်ပြီး ဝိညာဉ်များကို ဖမ်းဆီးရန် ဗုဒ္ဓဘာသာ တံဆိပ်ဖြစ်သည်။
“ မင်းဟာ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူဆိုတာ ငါသိတဲ့အတွက် ဘယ်လိုလုပ် ငါ့လက်ကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ ”
စုရီက ပြုံးပြပြီး တစ်ဖက်လူကို ဖျစ်ချေပစ်လိုက်၏။ ထို့နောက် ကျန်လူများထံ လှည့်ကြည့်လိုက်တော့သည်။
“ ခရစ် ... ။ ”
သူ့နောက်ကျောရှိ လေဟာနယ်တွင် သွေးမြူများပါးလျလာပြီး အရိုးဖြူများပြိုကျကာ ပင်လယ်ထဲ မျောပါကုန်၏။
ဘုံကျောင်းသည် တန်ခိုးကြီးသော ရတနာမဟုတ်ဘဲ မရေမတွက်နိုင်သော လူသေ အရိုးများဖြင့် ဖွဲ့စည်းထားသည့် လက်နက် တစ်ခုသာ ဖြစ်နေခဲ့ချေပြီ။
အရိုးစားအဖိုးကြီး သေဆုံးသွားပြီ ဖြစ်သောကြောင့် အစိတ်အပိုင်းများအားလုံး ပြတ်တောက်ပြိုကျကုန်၏။
“ အရိုးစားအဖိုးအို သေသွားတာလား။ ”
ဤမြင်ကွင်းက ကျန်ရှိနေသော ဗုံမဟုတ်ပတ်မဟုတ်များအပေါ် ဦးရေပြားများ ယားယံလာစေ၏။
သူတို့ကဲ့သို့ နှစ်ပေါင်း (၃)သောင်းကျော် ရှင်သန်နေရသူများအတွက် သေခြင်းတရားကို ပထမဆုံးအကြိမ် မြင်ရခြင်းပေပင်။
“ သူ့အပေါ် အမှောင်တားမြစ်စွမ်းအင်က သက်ရောက်မှု မရှိဘူးလား။ ”
ဤလေးပါးသည် သူတို့အပေါ် နှစ်ပေါင်းများစွာ ချုပ်နှောင်ထားသည့် အမှောင် တားမြစ်စွမ်းအင်အပေါ် ငှားယူအသုံးပြုနိုင်ကာ ကြောက်စရာကောင်းနေခြင်းဖြစ်၏။
ထို့ကြောင့် ထိုစွမ်းအင်သည် အလုပ် မဖြစ်သောအခါ သူတို့သည် စဉ်းတုံးကြီးပေါ်မှ ငါးကြင်းများသဖွယ် ပြောင်းလဲလာချေပြီ။
“ ကောင်းလိုက်တာ ... ။ ”
ဟွာရှင်းဖန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူမ နှလုံးသား၌ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေ၏။
“ ဟမ့် ... ။ ”
စုရီက ပြန်လမ်းမဲ့ကျွန်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ ပြန်လမ်းမဲ့ကျွန်းရှိ အစိမ်းရောင် မီးတောက်များခမျာ ယိမ်းထိုးလျက်၊
“ မိတ်ဆွေလေး၊ ငါတို့ တိုက်ပွဲတွေ ခဏရပ်ပြီး အရင်က နားလည်မှုလွဲနေတာကို ဖြေရှင်းလို့ရမလား ... မင်းငါ့ကို ဒီအမှောင် တားမြစ် စွမ်းအားကနေ ...
... လွတ်မြောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် အသက်ထက်ဆုံး ငါ မင်းကိုအစေခံပါ့မယ်။ ”
-ဟု ပြောကြားလာသည်။
ဤနေရာ၌ ပိတ်မိနေသည့် သူတို့အတွက် အစွမ်းထက်ဆုံးနည်းလမ်းမှာ ရန်သူကိုသတ်ရန် အမှောင်တားမြစ်စွမ်းအားများ အသုံးပြုခြင်း ဖြစ်သည်။
နှစ်များစွာအတွင်း မည်သူမျှ ပြန်လမ်းမဲ့ကျွန်းအနား မချဉ်းကပ်နိုင်ရသည့် အကြောင်းရင်းမှာ ထိုစွမ်းအင်ကြောင့်ပေပင်။
ယခုမူ သူတို့၏ အစွမ်းထက်ဆုံးသော နည်းလမ်းများသည် သက်ရောက်မှု မရှိတော့ သဖြင့် ထိတ်လန့်သွား၏။
“ ဟမ့် ... မင်း ငါ့ကို သတ်မယ်လို့ ခွေးတစ်ကောင်လို ဆူဆူညံညံ အော်ဟစ်နေပြီး အခုမှ ဘာလို့ သနားခံနေတာလဲ။ ”
ပြေးလွှားနေစဉ် စုရီတစ်ယောက် အလွန်စိတ်ပျက်သွားသည်။ ဤမိန်းမတွင် မာန မရှိချေ။
သူ့ဓားသည် သက်တံကဲ့သို့ ပျံထွက်သွားသည်။ မီးမိစ္ဆာလီဟော်က စုရီကို သူမနှင့်အတူ ဆွဲခေါ်သွားရန် ဝိညာဉ်အပေါ် ဖောက်ခွဲပစ်လိုက်၏။
သို့သော် ဆန္ဒသာရှိပြီး မအောင်မြင်ခဲ့ချေ။ ဓားချက်သည် သူမဝိညာဉ်ကို အပိုင်းပိုင်းခွဲပစ် လိုက်တော့သည်။ အဆုံးတွင် မီးမိစ္ဆာလီဟော် ခမျာ ပျက်သုဉ်းသွားတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် အရိုးစားအဖိုးကြီးနှင့် မီးမိစ္ဆာလီဟော်တို့သည် သိုးများသဖွယ် အသတ်ခံလိုက်ရသည်။
သူတို့သည် ရွှေခေတ်ကို စောင့်မျှော် နေခဲ့သည်မှာ နှစ်(၃)သောင်းတိုင်နေပြီ ဖြစ်၏။ နှမျောစရာပေပင်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မြင်ကွင်းများသည် ထိတ်လန့်စရာ ပေပင်။
ထိုစဉ် စုရီသည် တည်ငြိမ်သော အသွင်မျိုးဖြင့် လှည့်ကြည့်လာ၏။ အကြည့်၏ ဦးတည်ရာအရပ်တွင် မိုးကြိုးဘုရင်ကျိယန် တစ်ယောက် ရပ်နေခဲ့ချေပြီ။
***