← Chapters

အကြောင်းပြချက် ... ။

Vol. 28 Ch. 329

အကြောင်းပြချက် ... ။

Vol. 28 Ch. 329

မိုးကြိုးဘုရင်ကျိယန်တစ်ယောက် တုန်လှုပ်သွားချေပြီ။ တစ်ချိန်တည်းမှာပင် ရှက်ရွံ့မှုကိုလည်း ခံစားလိုက်ရ၏။

သူသည် အရိုးစားအဖိုးကြီးနှင့် မီးမိစ္ဆာလီဟော်ထက် ပို၍ သန်မာသူဖြစ်သည်။ တစ်ချိန်က ဧကရာဇ်နယ်ပယ်အောက်တွင် အသန်မာဆုံးဖြစ်ခဲ့၏။

မူလတာအိုအဆင့် တစ်စုံတစ်ယောက်၏ အကြည့်သည် သူ့ကို ဤမျှကြောက်လန့်နေစရာ မလိုချေ။

“ သွား ... ။ ”

အဆုံးတွင် သေခြင်းတရားကို ထိုင်စောင့်နေရုံဖြင့် မပြီးနိုင်မှန်းနားလည်ကာ ဦးစွာတိုက်ခိုက်လိုက်တော့သည်။

“ ချွင် ... ချွင် ... ချွင် ... ။ ”

သံကြိုးများဖြင့် တုပ်နှောင်ထားသော အလောင်းလေးလောင်း ပျံထွက်သွားလေသည်။ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ပါရှိသော အလောင်းကောင်က ဦးစွာအသက်ဝင်လာ၏။

“ ဂါး ... ။ ”

၎င်းသည် နားမခံနိုင်သောဟောက်သံကို ထုတ်လွှတ်ကာ သံကြိုးများမှ လွတ်မြောက်ခဲ့ပြီး ကောင်းကင်ပေါ် ပျံတက်လာသည်။

သူ့တစ်ကိုယ်လုံး ကြောက်မက်ဖွယ် ကောင်းသော သွေးရောင် အလင်းတန်းများဖြင့် သိုင်းခြုံနေပြီး လက်ခြောက်ဖက်ဝှေ့ယမ်းကာ သွေးတံဆိပ်ကိုဖန်တီး၏။

“ သွေးဦးခေါင်းခွံ မရဏတံဆိပ်။ ”

အဆုံးတွင် သွေးတံဆိပ်သည် သွေးဦးခေါင်းခွံအဖြစ်သို့ ပြောင်းသွားကာ စုရီကို မျိုချရန်ကြိုးစားချေပြီ။

ဤသည်မှာ တစ္ဆေကျင့်ကြံသူများအတွက် ထူးခြားသောစွမ်းရည်ဖြစ်၏။ အကိုက်ခံရသော် အလောင်းအဆိပ် ကူးစက်ခံရပြီး ရုပ်သေးရုပ် ဖြစ်လာပေမည်။

“ ဝှစ် ... ။ ”

သို့သော် စုရီက အမှောင်နတ်ဓားဖြင့် ပြန်၍ခုတ်ပိုင်းချလိုက်ရာ သွေးဦးခေါင်းခွံသည် စက္ကူကဲ့သို့ အပိုင်းပိုင်း ပြတ်တောက် သွားခဲ့သည်။

ဓားအလင်းသည် ကြယ်တာရာများ တောက်ပနေသကဲ့သို့ အလွန်ထက်ရှ တောက်ပ နေချေပြီ။

ထိုစဉ် ‌‌‌ရွှေအကြေးခွံမြွေအမြီး၊ ဦးခေါင်းမပါရှိသောဘုန်းကြီးနှင့် တာအိုဘုန်းကြီး အလောင်းများ တပြိုင်နက်တည်း ရောက်ရှိ လာတော့၏။

ဤသည်မှာ မိုးကြိုးဘုရင်ကျိယန်၏ ဝှက်ဖဲဖြစ်သည်။ ဤအလောင်းကောင်များသည် တစ်ချိန်က သူ သတ်ဖြတ်လိုသော ကျွမ်းကျင်သူများ ဖြစ်၏။

၎င်းတို့ကို လျှို့ဝှက်နည်းစနစ်များဖြင့် ဝိညာဉ်သင်္ချိုင်းတောင်တန်းတွင် သန့်စင်ကာ ကြီးပြင်းစေခဲ့သည်။

ထို့ကြောင့် အလောင်းများသည် အမှောင်တားမြစ်စွမ်းအားဖြင့် ကောင်းစွာ ပေါင်းစပ်နေချေပြီ။

၎င်းတို့ဖြင့် ရွှေခေတ်ရောက်လာချိန်၌ ဤတိုက်ကြီးသို့ ရောက်ရှိလာမည့် အခြားသော ကျွမ်းကျင်သူများကို ရင်ဆိုင်ရန် ကြံရွယ်ထားသည်။

“ သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ ။ ”

စုရီအတွက်မူ စာမဖွဲ့ချေ။ မျက်လုံးများ အေးစက်သွားကာ ရှေ့သို့ ပြေးတက်လိုက်သည်။ သူနောက်ကျောတွင် နတ်တောင်ကြီးငါးလုံး ဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာသည်။

“ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း။ ”

အဝေးမှကြည့်လျှင် ရှေးဟောင်း နတ်တောင်ကြီးငါးလုံး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပုံနှင့်တူ၏။ အဆုံးမရှိ ကြီးမား လေးလံချေပြီ။

“ ဝုန်း ... ။ ”

ပထမဆုံး ထိမှန်ခံစားသွားရသည်မှာ ‌‌ရွှေအကြေးခွံနှင့် မြွေအမြီး အလောင်းကောင် ဖြစ်သည်။

ထို့နောက်တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ပါသော သတ္တဝါ၊ ဦးခေါင်း မရှိသောဘုန်းကြီးနှင့် တာအိုဘုန်းကြီးတို့ထံ ထိမှန်သွား၏။

“ ခရစ် ... ။ ”

ခန္ဓာကိုယ်များသည် စက္ကူကဲ့သို့ ကွဲအက်ပြိုကျသွားလေသည်။ အလောင်းများမှာ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။

“ ဝှစ် ... ။ ”

ဤမြင်ကွင်းသည် မိုးကြိုးဘုရင်ကျိယန်၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်။ ထိုအချိန်၌ စုရီမှာ သူ့ရှေ့ဆင်းသက်လာပြီဖြစ်၏။

“ မိတ်ဆွေလေး၊ မင်းကိုသတ်ဖို့ အရင်က ငါမရည်ရွယ်ခဲ့ဘူးဆိုတာ မင်းသိပါတယ် မင်းကို မီးမိစ္ဆာလီဟော်ရဲ့ တိုက်ခိုက်မှုကနေတောင် တားဆီးပေးခဲ့တယ်မဟုတ်လား။ ”

မိုးကြိုးဘုရင်ကျိယန်မှ ထိတ်လန့် စိုးရိမ်မှုများဖြင့် ချက်ချင်းတောင်းပန်လေသည်။ သူ မသေလိုသေးချေ။

ထို့ကြောင့်ပင် နှစ်ပေါင်း (၃)သောင်း တိုင်အောင် အမှောင်တားမြစ်စွမ်းအင်အပေါ် တွန်းလှန်နေခဲ့ခြင်းဖြစ်သည်။

“ ပျင်းစရာပဲ ... ။ ”

စုရီက စကားမဆုံးခင် ဓားဖြင့် ပိုင်းချလိုက်တော့သည်။ နှောင့်နှေးမှု မရှိဘဲ လျင်မြန်ပြီး ပြတ်သားချေ၏။

ဓားအလင်းသည် ဝိညာဉ်သင်္ချိုင်းတောင်တန်းပေါ်ရှိ မီးခိုးမြူများ အားလုံးကိုလည်း ဖယ်ရှားပစ်သည်။

“ ဟမ့် ... ။ ”

မိုးကြိုးဘုရင်ကျိယန်တစ်ယောက် ရောင်ဝါများတိုးမြင့်လျက် သံကြိုးကြီးများဖြင့် ချက်ချင်းဟန့်တားလိုက်သည်။

“ ဂျိန်း ... ။ ”

“ ထန် ... ထန် ... ။ ”

သို့သော် ခဏအတွင်းမှာပင် သူ့ကို ရစ်ပတ်နေသော အမှောင်တားမြစ်စွမ်းအင်သည် ခန္ဓာကိုယ်အတွင်း နစ်ဝင်သွားချေပြီ။

“ အား ... ။ ”

နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်မိ၏။ အမှောင်တားမြစ်စွမ်းအားက အသားကိုဖြတ်ကာ အရိုးအတွင်း နစ်မြုပ်သွား တော့သည်။

“ ဝှစ် ... ။ ”

မိုးကြိုးဘုရင်ကျိယန်သည် လက်မလျော့သေးဘဲ သွေးနီရောင်မိုးကြိုးလှံကို ဖန်တီးကာ စုရီထံ ထိုးသွင်းလိုက်သည်။

“ ဟမ့် ... ။ ”

ကြောက်စရာကောင်းသော သွေးနီရောင်မိုးကြိုးလှံကိုကြည့်လျက် စုရီက လှောင်ပြုံးဖြင့် ရှောင်တိမ်း၏။

“ သတ် ... ။ ”

ကျိယန်မှ ဒေါသဖြင့် ဆက်၍ တိုက်ခိုက်တော့မည့် အချိန်တွင် ခန္ဓာကိုယ်ကြီး တုန်ရင်လျက် ရပ်တန့်သွားချေပြီ။ အဆုံးတွင် ခန္ဓာကိုယ်သည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားတော့၏။

အမှောင်တားမြစ်စွမ်းအင်သည် ဓားသွားကဲ့သို့ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ကျူးကျော်ဝင်ရောက်ကာ အပိုင်းပိုင်း လှီးဖြတ်သွားခြင်းဖြစ်သည်။

ဤနည်းဖြင့် စုရီသည် လုပ်ဆောင်စရာ မလိုဘဲ သေသည်အထိ နာကျင်စွာ နှိပ်စက်ခံခဲ့ရ လေသည်။ မသေဆုံးမီ မုန်းတီးမှုများဖြင့် စိုက်ကြည့်လိုက်၏။

စုရီမှ ဂရုမစိုက်ချေ။ ယင်ကောင်ကို ရိုက်သတ်ချိန်၌ မသေခင် မည်သို့ခံစားရသည့် အပေါ် မည်သူမျှ ဂရုစိုက်မနေသည်မှာ သဘာဝပေပင်။

“ သေပြီလား ... ။ ”

မျောက်ဝံဖြူကြီး၏ ပခုံးပေါ်ရှိ အမျိုးသမီးသည် ရှုပ်ထွေးသောအကြည့်ဖြင့် ရေရွတ်လိုက်သည်။

“ ဘာလို့ထွက်မပြေးတာလဲ။ ”

တစ်ဖက်တွင် စုရီသည် အဝေးမှ ကြယ်လှေထံ လှည့်ကြည့်ကာ မေးလိုက်သည်။ ဤကာလအတွင်း ကျွမ်းကျင်သူတစ်ယောက် အတွက် ထွက်ပြေးရန် လုံလောက်ချေ၏။

“ ငါလောင်းကြေးထပ်ခဲ့တာ ... မင်းနဲ့ကောင်မလေးကို ငါ အသက်ရှင်ခွင့် ပေးခဲ့တယ် မင်းလည်း ငါ့ကို အသက်ရှင်ခွင့် ပေးမယ်လို့ ငါယုံကြည်တယ်။ ”

“ ဟမ့် ... ။ ”

ထိုအဖြေကြောင့် စုရီမှပြုံးလျက် ကြယ်လှေထံသို့ လေထဲလျှောက်လှမ်းသွားခဲ့၏။ ကြယ်အလင်းခမျာ ရောင်ဝါများတဟုန်းဟုန်း တောက်လောင်လာသည်။

၎င်းမှ သတိကြီးစွာ ထားနေပုံရ၏။ ကြယ်လှေနှင့် ဆယ်ပေအကွာသို့ ရောက်ရှိသော အခါ စုရီကရပ်လိုက်ပြီး၊

“ မှန်တယ် အဲဒီတုန်းက မင်းပုံစံကမာနကြီးနေပေမယ့် လောကဝတ်ကို သိတယ်။ ”

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ဤလူသည် ဝင်ရောက်အခွင့်အရေးယူရန် လုံးဝ ဆန္ဒမရှိခဲ့ချေ။

သို့မဟုတ် အခြားရည်ရွယ်ချက်များ ရှိကောင်း ရှိနေနိုင်သည်။ သို့သော်ကျန်သုံးဦးနှင့် နှိုင်းယှဉ်သော် ဤသဘောထားသည် သူ့ကို ကျေနပ်စရာပေပင်။

“ မင်းကို မသတ်ဖို့ အကြောင်းပြချက် ပေးပါဦး ... ငါ့ကိုယုံစေနိုင်ရင် ... ဒီနေ့မင်းကို အသက်ရှင်ခွင့် ငါပေးမယ်။ ”

စုရီမှ ပြုံးလျက် ပြောကြားလိုက်သည်။ လက်နှစ်ဖက်နောက်ပို့လျက် လောကကြီးကို အုပ်စိုးသူတစ်ပါးကဲ့သို့ ထင်မှားစေသည်။

ကြယ်လှေမှ ချက်ချင်း ငြိမ်သက်သွား၏။ သူ့စကားသည် သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ် ပေးချေမည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်နေ၏။ ပင်လယ်ပြင်မှ လှိုင်းပုတ်သံများသာ ကြားနေရ လေသည်။ အဆုံးတွင် ကြယ်အလင်းက အလင်းများ တိုး၍တောက်ပလျက်၊

“ ငါအ​မှောင်တားမြစ်စွမ်းအားကနေ လွတ်မြောက်လာတဲ့ တစ်နေ့ ... မင်းကိုသတ်ဖို့ လာရှာမယ် ဒါဆို ငါအသက်ရှင်ခွင့်ရပြီလား။ ”

စကားလုံးများသည် တည်ငြိမ်ပြီး အားကောင်းချေ၏။ အဖြေသည် မျောက်ဝံဖြူ ပခုံးပေါ်ရှိ အမျိုးသမီးကို မျက်ဝန်းများ ​​မှေးကျဉ်းသွားစေခဲ့သည်။

ဤအကြောင်းပြချက်သည် သေခြင်းတရားကို ရှာသည်နှင့် မကွာခြားချေ။ ယခုအချိန်တွင် ရှင်သန်ခွင့်ရဖို့အတွက် ခေါင်းငုံ့ နေသင့်၏။ စုရီက ပြုံးသည်။

“ မင်းစိတ်ထဲ မကျေမနပ်ဖြစ်နေတာ မဟုတ်လား ငါစုရီက မင်းကန့်သတ်ခံထားရတဲ့ အခြေအနေကို အခွင့်ကောင်းယူလိုက်တယ်လို့ ပြောချင်နေတယ်။ ”

“ ဟမ့် ... တာအိုမိတ်ဆွေ မင်းရဲ့ အရည်အချင်းတွေက အံ့သြစရာကောင်းပြီး မကြုံစဖူး အနှစ်တစ်သောင်းအတွင်းမှာ ရှားရှားပါးပါးပါပဲ ...

... ဒါပေမယ့် အခုအချိန် မင်းပြသတဲ့ ခွန်အားက ... ဒီနေ့ ငါ့အပေါ် လုံလောက်အောင် မခြိမ်းခြောက်နိုင်သေးပါဘူး။ ”

ကြယ်အလင်းက ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်‌တော့၏။ စုရီမှ မျက်ခုံးပင့်လိုက် လေသည်။

“ ဟားဟားဟား ... ဒီလို ရန်စမှုမျိုးက နည်းနည်းတော့ ကလေးဆန်တယ် လောကမှာ တရားမျှတမှုဆိုတာ ဘယ်တုန်းကမှ မရှိဘူးဆိုတာ မင်းသိသင့်တယ် ...

... မင်းမှာလုံလောက်တဲ့ စွမ်းအားရှိရင် အမှောင်တားမြစ်စွမ်းအားအောက်မှာ အခုလိုမျိုး ပိတ်မိနေမယ်ထင်လား ...

... အခုငါက အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှာပဲ ... ဒါဆို မင်းလွတ်မြောက်လာတဲ့ တစ်နေ့ ... ငါ့ကိုသတ်ဖို့ အခွင့်အရေးတောင် ရှိလာမှာ မဟုတ်ဘူး။ ”

ကြယ်လှေက နှုတ်ဆိတ်သွားသည်။ ထိုသို့သော အဖြစ်မှန်များနှင့် ရင်ဆိုင်ရချိန်၌ ချေပရန် သူ့တွင် စကားမရှိခဲ့ချေ။

“ ဒါဆို တိုက်ရအောင်။ ”

နောက်ဆုံးတွင် ကြယ်လှေမှ ပြတ်သားစွာ ပြောကြားလိုက်၏။ သူ့ အကြောင်းပြချက်သည် အသုံးမဝင်ကြောင်း နားလည်လိုက်ချေပြီ။ စုရီမှ ခေါင်းခါပြီး၊

“ မဟုတ်ဘူး ... ဒီနေ့ မင်းရှင်သန်ဖို့ လုံလောက်ပါတယ် အနာဂါတ်မှာ ငါ့ကိုစိန်ခေါ်ဖို့ အခွင့်အရေးမျိုး မင်းကို ငါပေးမယ် ... ။ ”

ကြယ်လှေက အံ့သြသွားသည်။ စုရီမှ လက်မခံလိုသော် သေသည်အထိ တိုက်ပွဲဝင်ရန် ပြင်ဆင်ထား၏။

“ ငါတို့တစ်နေ့ ... ပြန်ဆုံတွေ့ကြတဲ့အခါ မင်းကိုသတ်နိုင်တဲ့ စွမ်းအားမျိုးရှိနေရင်တောင် ငါ့စကားအတိုင်း မင်းအပေါ် အသက်ရှင်ခွင့် ချန်ထားပေးမယ်။ ”

ကြယ်အလင်းက ထိုသို့ပြောကြားလိုက် ပြီးနောက် ကောင်းကင်တခွင် ကြယ်ရောင်များ ဖြန့်ကျက်ကာ ပင်လယ်ပြင်ကြီးထဲ ရွေ့လျား ပျောက်ကွယ်သွားခဲ့ချေပြီ။

စုရီမှ ပြုံးပြီး ဘူးသီးခြောက်ကို ထုတ်ယူလိုက်ကာ တစ်ငုံသောက်ပစ်လိုက်၏။ ထိုမြင်ကွင်းကို မျောက်ဝံဖြူကြီး ပခုံးပေါ်ရှိ အမျိုးသမီးနှင့် ဟွာရှင်းဖန်တို့မှ နားမလည်ခဲ့ချေ။

စုရီအတွက်မူ ရှင်းချေ၏။ အဆုံးတွင် သူ့မျက်လုံးထဲဝင်နိုင်သော ဓားသမားတစ်ဦးဖြင့် ဆုံတွေ့ရန် ခက်ခဲချေပြီ။ ၎င်းကိုသတ်ခြင်းသည် နှမျောစရာ ကောင်းပေ၏။

ဤနေ့သည် ကျိုးပြက္ခဒိန်၏ (၃၉၉)ခုနစ်၊ ဇွန်လ(၁)ရက်နေ့လည်း ဖြစ်သည်။ သူ စုရီသည် ဝိညာဉ်ပင်လယ်တွင် ကောင်းကင်ကပ်ဘေးကြီး ဖြတ်ကျော်ကာ ကျင့်ကြံမှုလမ်းအပေါ် စတင် ခြေချခဲ့ကြောင်း ဖော်ပြခဲ့ကြချေပြီ။

***

All Chapters