← Chapters

မူလလိပ်ကလေး ... ။

Vol. 28 Ch. 332

မူလလိပ်ကလေး ... ။

Vol. 28 Ch. 332

“ ငါထောင်ချင်းရှန်နဲ့ ချင်းလန်ရေဘုရင်က တာအိုသခင်ကို တွေ့ဖို့ ဒီမှာရောက်နေပါပြီ။ ”

ဆွတ်ဆွတ်ဖြူနေခဲ့သော မျက်ခုံးမွှေး၊ မုတ်ဆိတ်မွေးများနှင့် လူပုလေးတစ်ယောက်က စုရီကို လေးစားစွာ နှုတ်ဆက်လေသည်။

သူ့ဘေးတွင်သန်မာပြီး တောက်ပသော မျက်ဝန်းတစ်စုံဖြင့် ရိုးရှင်းလှသည့် လူငယ်လေး တစ်ယောက် ရပ်နေ၏။

ထောင်ချင်းရှန်မှ အလေးပြုနေသဖြင့် ထိုလူငယ်သည်လည်း စိတ်လှုပ်ရှားလာကာ အလျင်စလို အလေးပြုသည်။

ကြိမ်ကုလားထိုင်ပေါ်တွင် ကျောမီလျက်မှ စုရီက မျက်ဝန်းများဖွင့်ကြည့်ကာ လက်ဝှေ့ယမ်း ပြလိုက်၏။

“ မင်းတို့ ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ဒီလိုရှုပ်ထွေးတဲ့ ကျင့်ဝတ်တွေကို ဘယ်တုန်းမှ ငါမကြိုက်ခဲ့ဘူး။ ”

သို့တိုင် ထောင်ချင်းရှန်နှင့် လူငယ်သည် စုရီနှင့်ရင်ဆိုင်ရသောအခါတွင် အနည်းငယ် အလေးထားနေရဆဲဖြစ်သည်။

ဤလူငယ်သည် သုံးနိုင်ငံတစ်ဝှမ်းတွင် ပြိုင်ဘက်ကင်း ဒဏ္ဍာရီတစ်ပုဒ် ဖြစ်နေချေ၏။ စုရီက ရိုးသားသောလူငယ်ကို ကြည့်ကာ၊

“ သုံးလ မပြည့်ခင်မှာ ... မင်း လူသားခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းနိုင်နေပြီ မဆိုးဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ဤသည်မှာ ချင်းလန်မြစ် ကြမ်းပြင်အောက်မှ ပင်လယ်လိပ်ကြီးပေပင်။ ကျောက်စိမ်းမြို့တော်သို့ လာရာလမ်း၌ သူ့ကို လိုက်ပို့ပေးခဲ့၏။

ထိုစဉ်က ထောင်ချင်းရှန်ထံမှ အသွင်ပြောင်းနည်းသင်ယူရန် မှာကြားစေလွှတ် ခဲ့သည်။

“ ဒီကနေ့ ငါ့ကတိအတိုင်း ... မင်းကို ကျင့်ကြံမှုနည်းစနစ် သင်ပေးမယ် သင့်လျော်တဲ့ နည်းစနစ်နှစ်ခုအနက် မင်းကြိုက်ရာရွေးပါ။ ”

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

“ တစ်ခုက ကောင်းကင်နတ်မိစ္ဆာ အသွင်ပြောင်းခြင်းကိုးပါး လို့ခေါ်ပြီး ... မင်းကို ဝိညာဉ်တာအိုနယ်ပယ်အဆင့်အထိ လုံလောက်စေမယ်။ ”

ထောင်ချင်းရှန်နှင့် လူငယ်ခမျာ အသက်ရှူကြပ်သွား၏။ ကျင့်ကြံမှုလမ်းကို လျှောက်လှမ်းလိုသည့် နတ်ဆိုးသားရဲများ အတွက် ထိုအဆင့်အထိ တက်လှမ်းနိုင်သော အမွေသည် တုနှိုင်းမရ ကံကြမ္မာပေပင်။

“ နောက်တစ်ခုက ရွှမ်ဝူကျန်းချီသုတ္တန်ပဲ အလားအလာနဲ့ စွမ်းအားအရ ... ကောင်းကင် နတ်မိစ္ဆာ အသွင်ပြောင်းခြင်းကိုးပါးထက် သာလွန်တယ် ... ဒါပေမယ့် ဒီအမွေကို လိုချင်ရင်တော့ ကတိတစ်ခုပေးရမယ်။ ”

လူငယ်မှ တုန်လှုပ်သွားပြီး လက်သီးများကို တင်းတင်းဆုပ်လျက်၊

“ ကျေးဇူးပြု၍ ရှင်းပြပါ သခင်လေး။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ ငါမဟာရှကို သွားတဲ့အခါ မင်းငါနဲ့အတူ လိုက်ခဲ့ရမယ်။ ”

“ ဟမ့် ... ။ ”

ဤသည်မှာ ကတိဖြစ်သည်လော။ စုရီစကားကြောင့် လူငယ်မှ အံ့အားသင့်သွား ချေပြီ။ သူတွေးထားသည်မှာ တင်းကြပ်သည့် စည်းမျဉ်းတစ်ခုဖြစ်၏။ ခရီးတစ်ခုအတွင်း အစေခံရုံမျှသာ ဖြစ်နေချေသည်။

ထောင်ချင်းရှန် မျက်လုံးများသည် မနာလိုစိတ်ဖြင့် နီရဲလာခဲ့၏။ ဤသည်မှာ စမ်းသပ်မှု မဟုတ်ချေ။ အခွင့်အရေးဖြစ်၏။

လမ်းတစ်လျှောက် တာအိုစုကို အစေခံခြင်းဖြင့် လမ်းညွှန်မှု ရရှိပေမည်။ ထိုပြင် ရွှမ်ဝူကျန်းချီသုတ္တန်သည် ကောင်းကင်နတ်မိစ္ဆာ အသွင်ပြောင်းလဲခြင်းကိုးပါးထက် များစွာ သာလွန်၏။

“ ငတုံးလိမ်ကောင် ... မင်းဘာအတွက် ရပ်နေသေးတာလဲ ... အခုသွားကတိပေးလိုက်။ ”

ထောင်ချင်းရှန်က လူငယ်အင်္ကျီကို ဆွဲကာတွန်းထုတ်လိုက်သည်။ လူငယ်သည် အိပ်မက်မှ နိုးထလာသကဲ့သို့၊

“ သခင်လေး ... ငါသ​ဘောတူတယ်​။ ”

-ဟု စိတ်လှုပ်ရှားစွာ ကတိပေးလာ၏။

စုရီမှ ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။

“ အလွတ်ကျက်ပြီး ဖျက်ဆီးပစ်ပါ။ ”

“ နားလည်ပါပြီ။ ”

လူငယ်က လက်နှစ်ဘက်ဖြင့် အလျင်အမြန်ခံယူကာ ဖတ်ကြည့်တော့၏။ ခဏအကြာတွင် ကျောက်စိမ်းပြားကို ကြိတ်ချေလျက်၊

“ သခင်လေး ငါရပြီ။ ”

-ဟု ပြောကြားလာသည်။

ထိုမြင်ကွင်းကြောင့် ထောင်ချင်းရှန်က မထိန်းနိုင်တော့ဘဲ၊

“ တာအိုသခင်၊ ငါလည်း မင်းကို အသက်ထက်ဆုံး အစေခံဖို့ ဆန္ဒရှိနေပါတယ်။ ”

-ဟု ကတိပေးတော့၏။

စုရီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊

“ မင်းဆန္ဒရှိရင် ... ဉာဏ်ပညာဂိုဏ်းမှာ နေလို့ရတယ် ... ဒါပေမယ့် အရမ်းပျော်မနေနဲ့ ဆယ်နှစ်အတွင်း မင်းကို ငါ ဘာမှသင်ပေးမှာ မဟုတ်ဘူး သေချာစဉ်းစားပါ။ ”

တရားဓမ္မကို ပေါ့ပေါ့ဆဆ ဟောကြားခြင်း မပြုနိုင်သကဲ့သို့ တာအိုသည်လည်း လမ်းညွှန်၍ မရချေ။ ချင်းလန်ပင်လယ်လိပ်သည် သူ့အတွက် ရပ်တည်ပေးခဲ့သောကြောင့် ကတိအတိုင်း တာအိုအမွေကို ပေးခြင်းဖြစ်သည်။

ထောင်ချင်းရှန်အတွက်မူ မက်မွန်ပင်မှ မွေးဖွားလာသော သဘာဝဝိညာဉ်မျှသာ ဖြစ်ပြီး ရှေးမစွတည်းကပင် လမ်းညွှန်မှုအချို့ ပေးအပ်ထားပြီးဖြစ်သည်။

ထို့ကြောင့် သူ့စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှသာလျှင် ထိုက်တန်ပေမည်။ သည့်ပြင် ၎င်းနှလုံးသား၏ တောင်တမှုကို သိနေရန်လည်း လိုသည်။

“ ဆရာစု ... ၊ ငါအနှစ်တစ်ရာ စောင့်ရမယ်ဆိုရင်တောင် မင်းနောက်လိုက်ဖို့ ဆန္ဒရှိပါတယ်။ ”

ထောင်ချင်းရှန်မှ မဆိုင်းမတွ ချက်ချင်း ကတိပေးလေသည်။ စုရီက ခေါင်းညိတ်ပြပြီး ဆက်မပြောတော့ချေ။ ၎င်းသည် ဆက်ခံသူ မဟုတ်သောကြောင့် တင်းကြပ်နေစရာ မလိုသည်မှာ သဘာဝပေပင်။

“ ဒီနေ့ကစပြီး မင်းဒီမှာနေနိုင်တယ် နန်းတော်သခင်ကိုရှာပါ မင်းအတွက် အားလုံး သူ စီစဉ်ပေးလိမ့်မယ်။ ”

“ နားလည်ပါပြီ။ ”

စုရီက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး၊

“ မင်းအောင်မြင်စွာ အသွင်ပြောင်းနိုင်ရင် တာအိုနာမည်ပေးမယ်လို့ ငါကတိပေးခဲ့တယ် အခု မင်းလက်ခံဖို့ ဆန္ဒရှိလား။ ”

-ဟု လိပ်လူငယ်ကို မေးမြန်းလိုက်၏။

လူငယ်က တခဏမျှ အံ့အားသင့် သွားပြီးနောက် ဝမ်းသာပီတိဖြင့် မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။

“ သခင်လေး ငါစောင့်မျှော်နေပါတယ်။ ”

“ ကောင်းပြီ ... မင်းက ချင်းလန်မြစ်မွေးတဲ့ နတ်ဆိုးသားရဲဖြစ်ပေမယ့် .. တာအိုကိုမြတ်နိုးတဲ့ နှလုံးသားရှိတယ် ဒီလိုသားရဲမျိုးက ရှားတယ် ယွမ်ဟမ့်ဆိုရင် ဘယ်လိုလဲ။ ”

ယွမ်ဟူသည် မူလဟု အဓိပ္ပါယ်ရကာ ဟမ်သည် လိပ်ကလေးဖြစ်သည်။ ဇွဲရှိသော ဟုလည်း ယူဆနိုင်၏။ ထို့ကြောင့် ယွမ်ဟမ်၏ အမည်သည် မူလလိပ်ကလေး ဟု သတ်မှတ်နိုင်ပေမည်။

လူငယ်သည် ဤအမည်၏ လေးနက်သောအဓိပ္ပါယ်ကို နားလည်သဖြင့် မျက်ရည်များ စီးကျလာသည်။

“ ကျေးဇူးတင်ပါတယ် သခင်လေး ... ကျေးဇူးတင်ပါတယ်။ ”

ကျင့်ကြံသူများအတွက် တာအိုအမည်ပေးခြင်းသည် အလွန်အရေးကြီး ချေ၏။

၎င်းအမည်တွင် ပေးအပ်သူ၏ မျှော်လင့်ချက်များ ပါ၀င်နေသည်သာမက အသိအမှတ်ပြုခြင်းနှင့် အကာအကွယ် ပေးခြင်းလည်း ပါရှိသည်။

ရှေးခေတ်အချိန်ကာလများ၌ တာအိုအမည်ပေးအပ်ခြင်းအတွက် အခမ်းအနား တစ်ခုပင် ပြုလုပ်တတ်ကြသည်။

ထိုအခမ်းအနားတွင် ဂိုဏ်း၏ အရေးကြီးသော ပုဂ္ဂိုလ်မှ ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပေးသည်။

ဆိုလိုသည်မှာ ဤလိပ်ငတုံးသည် စုရီ၏ကာကွယ်ပေးမှုအောက်တွင် ရှိ​သွားချေပြီ။ မည်မျှ မနာလိုဖွယ်ကောင်းသနည်း။

( အခုကစပြီး ဆရာစုအတွက် ငါသစ္စာရှိရှိ အလုပ်လုပ်ရမယ်။ )

အထက်ပါမြင်ကွင်းများကို ကြည့်ပြီး ထောင်ချင်းရှန်တစ်ယောက် စိတ်ပိုင်းဖြတ်လိုက် တော့၏။

သူကဲ့သို့ သဘာဝ စိတ်ဝိညာဉ် တစ်ကောင်သည် အင်မော်တယ်တစ်ပါးဖြစ်ရန် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်းသည်ပင် ကံကောင်းခြင်းပေပင်။

စုရီက မျက်လုံးများ မှိတ်ကာ စကား ဆက်မပြောတော့ချေ။ ယွမ်ဟမ့်ကို ရွှမ်ဝူကျန်းချီ သုတ္တန် သင်ပေးရခြင်းသည် ၎င်းဖြင့် သင့်လျော်သောကြောင့် ဖြစ်သည်။

သည့်ပြင် မဟာရှတွင် ကောချင်ကို ဆွဲဆောင်ရန်အတွက် ယွမ်ဟမ့်ရောင်ဝါအပေါ် အသုံးချနိုင်ပေမည်။

ဤနည်းအားဖြင့် ကောချင်ကျင့်ကြံထားသည့် နည်းစနစ်သည် ရွှမ်ဝူကျန်းချီသုတ္တန် ဟုတ်-မဟုတ်ကို သိရှိနိုင်၏။

ကောချင်သည်သာ ဤနည်းစနစ်ကို ကျင့်ကြံထားသော် ယွမ်ဟမ့်နှင့် ပေတစ်သောင်း အကွာသို့ရောက်ချိန်၌ ရောင်ဝါချက်ချင်း ချိတ်ဆက်ခံစားမိပေမည်။

အရေးကြီးသည်မှာ ကောချင်တစ်ယောက် မဟာရှသို့လာရန် လိုအပ်ချေ၏။ မဟုတ်သော် သူ လုပ်သမျှ အချည်းနှီးဖြစ်သွားနိုင်မည်။

များမကြာမီ ထောင်ချင်းရှန်တို့ကို နေရာချပေးပြီး နင်စစ်ဟွာတစ်ယောက် ပြန်ရောက်လာသည်။

“ နန်းတော်သခင်နင် ... ငါမနက်ဖြန် မဟာရှကိုသွားဖို့ စီစဉ်ထားတယ် မထွက်ခွာခင် မင်းငါ့ကိုမေးစရာရှိလား။ ”

“ မရှိပါဘူး တာအိုမိတ်ဆွေ ... စိတ်မပူပါနဲ့ ငါမင်းအိမ်ကို စောင့်ပေးပါ့မယ်။ ”

နင်စစ်ဟွာက မျက်လုံးများ တောက်ပလျက် ချက်ချင်းပြန်ဖြေလာ၏။

“ မင်းဆန္ဒမရှိရင် ငါမင်းကို အတင်းအကြပ် မလုပ်ပါဘူး။ ”

နင်စစ်ဟွာမှ ခေါင်းခါလိုက်ပြီး၊

“ အရင်တုန်းက ... ငါဆိုတာ နန်းတော်သခင်အဖြစ် အကန့်အသတ်မဲ့ ဂုဏ် ကျက်သရေမျိုး ရှိခဲ့တယ် ... ဒါပေမယ့် တကယ်တမ်းတော့ ...

... ငါ့တာအိုလမ်းက မဖြောင့်ဖြူးခဲ့ဘူး ဒုက္ခမျိုးစုံကို ကြုံခဲ့ရတယ် ... တာအိုမိတ်ဆွေနဲ့ ဆုံပြီးမှသာ လုံလောက်တဲ့နည်းစနစ်တွေနဲ့ ...

... လမ်းညွှန်ချက်တွေကို ရရှိခဲ့တယ် ... ဒါဆိုမဟာရှကို သွားခြင်း-မသွားခြင်း ငါ့အတွက် အရေးမကြီးတော့ပါဘူး။ ”

“ ကောင်းပြီ ... နောင်မှာ ဒီအတွက် မင်းကို ငါကျေးဇူးဆပ်ပါ့မယ်။ ”

စုရီထံမှ ကျေးဇူးဆပ်မည်ဟူသော စကားသည် မည်မျှ တန်ဖိုးရှိသည်ကို သူမ အသိဆုံးဖြစ်၏။ ထို့ကြောင့် ချက်ချင်း ရွှင်မြူးလာပြီး၊

“ တာအိုမိတ်ဆွေ ... မင်း ကျေးဇူးဆပ်နေစရာ မလိုပါဘူး ငါ့ရဲ့ကြင်နာမှုကို သတိရနေသရွေ့တော့ အဆင်ပြေပါတယ် ဒီလောက်ပါပဲ။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters