သစ်သားမီးတောက် တာအိုဘုန်းကြီး။
Vol. 28 Ch. 335
အမှောင်ထုအောက်တွင် တောင်ပေါ် ဘုံကျောင်းထံသို့ တရွေ့ရွေ့ ချည်းကပ်နေသော လူရိပ်နှစ်ရပ်ကို ဝိုးတဝါးမြင်နိုင်၏။
“ သခင်လေး .... ယင်စွမ်းအင်တွေ အရမ်းထူထပ်နေတယ် ဒါက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ ဘုံကျောင်းဖြစ်နိုင်မှာလဲ။ ”
ယွမ်ဟမ်က အမှောင်အတွင်း အေးစက်လွန်းလှသော ဘုံကျောင်းအိုကြီးထံ ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ဒါက ... တကယ်ပဲ ကောင်းမွန်တဲ့ ဘုံကျောင်းတစ်ခုပါ ... တစ္ဆေတစ်ကောင်က မသိမ်းယူခင် အချိန်ထိပေါ့။ ”
စုရီမှ တုန့်ပြန်လျက် ဘုံကျောင်းခြံဝင်း တစ်ဖက်တစ်ချက်ထံ စစ်ဆေးလိုက်လေသည်။ အလင်းရောင်များ မရှိသော်လည်း တံခါးတွင် ကပ်ထားသော စာအချို့ကို သူမြင်နိုင်၏။
“ အကျိုးနှင့် အပြစ်ဟူသည် ကံကြမ္မာစက်ဝိုင်းကြီး၏ တစိတ်တပိုင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် စောလာပြီး တစ်ခါတစ်ရံ၌ နောက်ကျသည်။ ရှောင်လွှဲ၍ မရချေ။
ကျော်ကြားမှုနှင့် ဝင့်ကြွားခြင်းသည် ဖျော်ဖြေမှုတစ်ခုသာဖြစ်သည်။ အရာရာတွင် အစနှင့်အဆုံးရှိ၏။ ”
စာကိုဖတ်ပြီးနောက် စုရီတစ်ယောက် ခေါင်းခါလိုက်သည်။ ယင်းသည် ကျင့်ကြံသူများ အတွက် မဟုတ်သည်မှာ ထင်ရှား၏။
လောကကြီးတွင် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့သည် သေမျိုးများအတွက် နှစ်လုံးသားကို အေးချမ်းစေသော အဆိုအမိန့်များ ဖြစ်သည်။
ကောင်းမှုသည် ကောင်းကျိုးရရှိကာ၊ မကောင်းမှုသည် အပြစ်ပေးခံရနိုင်၏။ သို့သော် ကျင့်ကြံသူများသည် ထိုကောင်းမှုနှင့် အပြစ်ကို မယုံကြည်မည် သူ ကြောက်သည်။
ကံကြမ္မာအပေါ် ယုံကြည်သော်လည်း ကောင်းမှုကြောင့် ကောင်းကျိုးဖြစ်ထွန်းကြပြီး၊ မကောင်းမှုကြောင့် အပြစ်ပေးခံရမည်ကိုမူ လက်မခံချေ။
ဆိုလိုသည်မှာ ကောင်းမှုနှင့် မကောင်းမှုသည် ကံကြမ္မာ၏ အစိတ်အပိုင်း ဖြစ်သည်ကို အဓိပ္ပါယ်မရှိဟု မြင်၏။
ထို့နောက်လက်နှစ်ဖက် နောက်ပို့လျက် ဘုံကျောင်းအတွင်းသို့ အေးအေးလူလူ လှမ်းဝင် လိုက်တော့သည်။
“ အိုး ... ဒီလိုညဉ့်နက်မှ ဧည့်သည်တွေ ရှိနေလား၊ ခစ် ... ခစ် ... ခစ် ... လူငယ်လေး မင်းအမွှေးတိုင် ထွန်းပြီးပြီလား ...
... ကြည့်စမ်း ... အသားအရေက နူးညံ့ပြီး ဝင်းပနေတာပဲ ဒီညငါနဲ့အတူတူ ကစားချင်လား လူငယ်လေး။ ”
ရုတ်တရက် သေးသွယ်ပြီးသိမ်မွေ့သော အသွင်အပြင်နှင့် တစ္ဆေအမျိုးသမီးတစ်ယောက် ခေါင်မိုးပေါ်မှ ခုန်ဆင်းလာသည်။
ချမ်းသာသော မိသားစုမှ သခင်မလေး တစ်ပါးကဲ့သို့ ၀တ်ဆင်ထားပြီး ကြာယပ်တောင် တစ်လက် ကိုင်ဆောင်ထား၏။
လှပသော မျက်ဝန်းတစ်စုံက စုရီထံ စူးစူးဝါးဝါး စိုက်ကြည့်လျက် လုံးလုံးလျားလျား ပျင်းပြသောရမ္မက်ကို ပြနေသည်။
သူမ၏ ရင်ဘတ်ပေါ်ရှိ ယုန်နှစ်ကောင်သည်ပင် တမင်ဖိညှစ်ခံလိုက်ရ သောကြောင့် ခေါင်းပြူကြည့်လာ၏။
“ ရဲရင့်တဲ့ သရဲမ ... မင်းကိုယ်မင်း ဘာကောင်လဲဆိုတာ မသိဘူးလား ငါ့သခင်ရှေ့ ဘယ်လိုတောင် အရှက်မဲ့နေတာလဲ ... ဟမ့်။ ”
ယွမ်ဟမ်မှ စိတ်မထိန်းနိုင်တော့ဘဲ လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။ အမျိုးသမီးတစ္ဆေ ခမျာ ချက်ချင်း ထွက်ပြေးလိုက်သော်လည်း ထိမှန်ခံလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး အမှုန်များအဖြစ် ပဲ့ကြွေသွား၏။
“ ရှေ့ဆက် ... နိမ့်ကျတဲ့ ပုံရိပ်နဲ့နေပါ ... ငါတို့ပစ်မှတ်သာ ကြောက်ပြီးထွက်ပြေးသွားရင် ပင်ပန်းရလိမ့်မယ်။ ”
စီုရက သတိပေးလိုက်သည်။ ယွမ်ဟမ်တစ်ယောက် စိုးထိတ်လန့်သွားကာ၊
“ တောင်ပန်ပါတယ် သခင်လေး ... ၊ တောင်းပန်ပါတယ် ... စိတ်ချနေပါ ငါရှေ့ဆက် မလုပ်တော့ပါဘူး။ ”
-ဟု အလျင်အမြန် ခေါင်းညိတ်လိုက်၏။
စုရီမှ ခေါင်းညိတ်ပြီး၊
“ ခြံဝင်းထဲက သရဲတစ္ဆေတွေကို မင်းနဲ့ ထားခဲ့လိုက်မယ်။ ”
-ဟုဆိုကာ တောင်ထိပ်ပေါ်ရှိ ဘုံကျောင်းထံသို့ တက်လှမ်းသွားတော့သည်။ ဘုံကျောင်းအတွင်းရှိ တစ္ဆေကျင့်ကြံသူ ရောင်ဝါကို သူ ခံစားနိုင်၏။
ညသည် မှောင်မိုက်တိတ်ဆိတ်နေသည်။ တောင်ထိပ်တစ်ခုပေါ်၌ တစ်ခြမ်းပြိုကျနေသော ဘုံကျောင်းတစ်ကျောင်းရှိသည်။
ဘုံကျောင်းအတွင်း ခန်းဆောင်တွင် ကျောက်စိမ်းပုလင်းကို ကိုင်ဆောင်ထားသော ပြုံးနေသည့် ရုပ်တုကြီးရှိ၏။
နံ့သာပေါင်းနှင့် ဖယောင်းတိုင်များ တင်ဆောင်ထားသည့် စားပွဲတစ်လုံး ထိုရုပ်တု ရှေ့တွင် ခင်းထားသည်။
ပိန်ပိန်ပါးပါး တာအို၀တ်စုံဝတ်ထားသည့် ဘုန်းကြီးတစ်ပါးက ထိုစားပွဲရှေ့ရှိဆုတောင်းဖျာ ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။
၎င်းသည် တာအိုဘာသာဝင်တစ်ပါး ဖြစ်နေသော်လည်း အနက်ရောင်ပုတီးတစ်ကုံး ကိုင်လျက် ဗုဒ္ဓဘာသာ ဘုန်းကြီးများကဲ့သို့ တင်ပျဉ်ခွေထိုင်နေခြင်းဖြစ်၏။
အကယ်၍ ချောင်ပင်းသာ ဤနေရာတွင် ရှိနေပါက ဤလူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိမည်ဖြစ်သည်။
ဤသည်မှာ ဘုံကျောင်းစောင့် သစ်သားမီးတောက် တာအိုဘုန်းကြီးပေပင်။ နံ့သာပေါင်းအိုးနှင့် ဆီမီးများ ပူဇော်ရန်အတွက် တာဝန်ယူရ၏။
ဘုံကျောင်းအပြင် နဘေးဘက်တွင် ထင်းရှူးပင်များနှင့် စိမ်းလန်းစိုပြေနေသော မြက်ခင်းပြင်ကြီးတစ်ခုရှိသည်။
“ ဝှစ် ... ။ ”
လူငယ်တစ်ဦးသည် ထိုမြက်ခင်းပြင်ကို ဖြတ်သန်းကာ ဘုံကျောင်းအတွင်း ဝင်လာပြီး သစ်သားမီးတောက် တာအိုဘုန်းကြီးနား၌ ဒူးထောက်ချလိုက်သည်။
မျက်ဝန်းများသည် သွေးစွန်းနေသကဲ့သို့ နီရဲကာ လည်ပင်း၌ လက်သီးအရွယ်ရှိ ကလေး ဦးခေါင်းခွံကို ကြိုးတစ်ချောင်းဖြင့်တွဲထား၏။
“ အရှင်ဘုရား၊ ယောက်ျားလေး (၃၆)ယောက်နဲ့ မိန်းကလေး (၃၅)ယောက်ကို ခေါ်ယူနိုင်ပါပြီ၊ မိန်းကလေးတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ”
“ ဘယ်သူကျန်တာလဲ။ ”
“ မြက်ခင်းပြင် ချောင်းကလေးရွာက ချောင်အန်းဖြစ်နိုင်ပါတယ် ဒါပေမယ့် စိတ်မပူနဲ့ အရှင်ဘုရင်း ... သူမကိုခေါ်ဖို့ နောက်ထပ် စေလွှတ်ထားပါတယ်။ ”
“ ခရစ် ... ။ ”
သွေးရောင်မျက်ဝန်းနှင့် လူငယ်၏ စကားဆုံးချိန်တွင် အနက်ရောင်ပုတီးစေ့ တစ်စေ့မှာ အမှုန့်အဖြစ်ကြေမွသွား၏။
“ အမှောင်ရေသရဲ မဟုတ်လား ... ။ ”
သစ်သားမီးတောက် တာအိုဘုန်းကြီးက သွေးစွန်းနေသော လူငယ်ထံ လှည့်ကြည့်ကာ မေးလိုက်သည်။ လူငယ်ခမျာ ခေါင်းငုံ့သွား တော့၏။
“ ဟုတ် ... ဟုတ်ပါတယ်။ ”
“ ငါ့လက်အောက်က သရဲတစ္ဆေ (၁၂)ကောင်ထဲမှာ အမှောင်ရေသရဲဟာ အစွမ်း အထက်ဆုံးပဲ ... မူလတာအိုနယ်ပယ်ထဲကို ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့တယ် ...
... ဒါကြောင့်လည်း သူ့အပေါ် ... ငါ့မျှော်လင့်ချက်တွေ အများကြီးထားခဲ့တယ် ဒါပေမယ့် အခုတော့ ... ။ ”
သစ်သားမီးတောက် တာအိုဘုန်းကြီးမှ စကားကိုရပ်နားကာ အနက်ရောင်အမှုန့်များထံ ငုံ့ကြည့်လိုက်လေသည်။
ထိုစကားကြောင့် သွေးစွန်းနေသော မျက်ဝန်းပိုင်ရှင် လူငယ်ခမျာ တုန်လှုပ်သွားပြီး၊
“ အရှင်ဘုရား၊ စိတ်ထိန်းပါ အခုပဲ ... မြက်ခင်းပြင် ချောင်းကလေးရွာကို ငါကိုယ်တိုင် သွားလိုက်ပါမယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
“ မလိုတော့ပါဘူး ... ငါတို့က အလှူရှင် တစ်ယောက်ပဲ လိုသွားခဲ့တာပါ ... ကိစ္စမရှိပါဘူး၊ ယင်စွမ်းအင် အထူထပ်ဆုံးအချိန်ကိုသာ ငါတို့ လွတ်သွားမိရင် အရာအားလုံး ဖြုန်းတီးရာ ရောက်ကုန်လိမ့်မယ်။ ”
ထို့နောက် အသက်ပြင်းပြင်းရှူလျက်၊
“ အလှူရှင်တွေကို ပူဇော်ဖို့ပြင်လိုက်ပါ ဆယ်မိနစ်အတွင်း သွေးအသွင်ပြောင်း ငရဲကမ္ဘာ ဝိညာဉ်ဝင်္ကပါကို ဖွင့်မယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
လူငယ်က ချက်ချင်းထရပ်ကာ ဘုံကျောင်းမှထွက်သွားပြီး မြက်ခင်းပြင်ထောင်ရှိ ရေတွင်းဟောင်းတစ်ခုထဲသို့ ခုန်ဆင်းသွား တော့သည်။
သစ်သားမီးတောက် တာအိုဘုန်းကြီးက ကျောက်စိမ်းပုလင်းကိုင်ထားသော ရုပ်တုကြီးထံ မော့ကြည့်လိုက်၏။ ထို့နောက် လှောင်ပြုံးဖြင့်၊
“ လောကအမြင်မှာတော့ ... မင်းဟာ တောင်ပေါ် နတ်ဘုရားပဲ၊ မင်းကို နေ့ရောညပါ နံ့သာပေါင်းအိုးနဲ့ ပူဇော်ကြလိမ့်မယ်၊ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ...
... ရွှံ့ရုပ်တုကြီးတစ်ခုထက် မပိုပါဘူး နုံအတဲ့လူတွေလောက်သာ မင်းကိုပူဇော်ခြင်းက အကာအကွယ် ရစေတယ်လို့ ယုံကြည်ကြတာ ... သနားစရာကောင်းတဲ့ လူမိုက်လေတွေ။ ”
-ဟု ရေရွတ်လျက် ခေါင်းယမ်း လိုက်တော့သည်။ ထိုစဉ်အဝေးဆီမှ ရွေ့လျားသံ ခပ်တိုးတိုးကို သတိထားမိသဖြင့် ဘုံကျောင်း အပြင်သို့ လှမ်းထွက်ကာ စူးစမ်းလိုက်၏။
“ ဟမ့် ... ဒီလိုဝေးလံခေါင်ဖျားတဲ့ တောတောင်အတွင်း တာအိုမိတ်ဆွေတစ်ပါးနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ... ဒါက တကယ့်ကို ရှားရှားပါးပါး ကံကြမ္မာပါ။ ”
သစ်သားမီးတောက် တာအိုဘုန်းကြီးက အနက်ရောင် ပုတီးကိုကိုင်လျက် ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသော စုရီထံစစ်ဆေးကာ ရေရွတ်လိုက်သည်။
“ မင်းက ... ချောင်ဖျင်ကို ယင်ကျောက်စိမ်းဆွဲသီးပေးခဲ့တဲ့ လူလား။ ”
စုရီမှ တိုက်ရိုက်မေး၏။ သစ်သားမီးတောက်တာအိုဘုန်းကြီးခမျာ မျက်ခုံးပင့်သွားပြီး၊
“ တာအိုမိတ်ဆွေ ... မင်းနားလည်မှု လွဲနေပုံရတယ် ... မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ခွင့်လွှတ်ပါ တိုက်ပွဲတွေက ငါတို့နှစ်ယောက်ကို ကောင်းကျိုးမပေးဘူး။ ”
သူ စကားပြောနေစဉ် အနည်းငယ် ဦးညွှတ်လိုက်ပြီး လက်သီးအပေါ် လက်ဖဝါးဖြင့် ဖိကပ်ပြလိုက်၏။
“ ဟမ့် ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ မင်းငါ့ကို တာအိုမိတ်ဆွေလို့ ဘယ်လိုများ ခေါ်ဝံ့တာလဲ။ ”
စုရီတစ်ယောက် မျက်ခုံးပင့်လျက် ထိုအသုံးအနှုန်းအပေါ် သဘောမကျသကဲ့သို့ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
သစ်သားမီးတောက် တာအိုဘုန်းကြီးမှ မျက်ဝန်းများ မှေးစင်းသွားပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ သူ့ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း ရစ်သိုင်းလာ၏။
“ ဟား ဟား ဟား ... ဒါဆို ဘယ်သူက တာအိုမိတ်ဆွေ ဖြစ်သင့်-မသင့် ကြည့်ရအောင်။ ”
ထို့နောက် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားတစ်လက် ဆွဲထုတ်လိုက်ကာ လျှပ်စီးအလား စုရီခေါင်းကို ဖြတ်ချပစ်၏။
ခွန်အားသည် မူလတာအိုနယ်ပယ် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်နီးပါး သန်စွမ်း နေချေသည်။
“ ထန် ... ။ ”
သို့သော် စုရီအတွက် ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း မရှိသေးချေ။ လက်ချောင်းများကို တောက်ထုတ်လိုက်ရာ အလင်းတန်းတစ်ခု ပြေးထွက်သွားပြီး ချိုးပစ်လိုက်တော့၏။
“ ပြောပါ ... ယင်ကျောက်စိမ်းကို လူတွေဆီပေးပြီး မင်းဘာလို့ ယင်စွမ်းအင်တွေ စုဆောင်းနေရတာလဲ ... မင်းရဲ့ခွန်အားက မူလတာအိုထဲကို ဝင်နေပါပြီ ...
... မင်းလိုတစ္ဆေတစ်ကောင်က ... ဒီလို ရက်စက်ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံဖို့ မလိုအပ်တော့ပါဘူး။ ”
“ ဟား ဟား ဟား ... ။ ”
သစ်သားမီးတောက် တာအိုဘုန်းကြီးမှ အေးစက်စွာ ရယ်မောလျက် ပြန်မဖြေတော့ချေ။ ရုတ်တရက် ရောင်ဝါများ မြင့်တက်လာ၏။
တစ္ဆေမြူများ လေထဲရစ်သိုင်းလျက် သူ့ခန္ဓာကိုယ်သည် အမြင့်ပေ သုံးဆယ်အထိ ထိုးတက်လာကာ ဘုံကျောင်းမျက်နှာကျက်ကို ဖောက်ထွင်းသွားသည်။
“ ခရစ် ... ။ ”
မျက်နှာကျက်ကြွေပြားနှင့် ကျောက်တုံး အပိုင်းအစများ မိုးများရွာသကဲ့သို့ ကြွေကျလာ တော့၏။
“ ဝှစ် ... ။ ”
မျက်စိတစ်မှိတ်အတွင်း သန်မာသော ကြွက်သားများဖြင့် တောင်ကြီးတစ်လုံးကဲ့သို့ ပြောင်းလဲလာကာ ခြေတစ်လှမ်းတိုးလျက် စုရီကို ခုတ်ပိုင်းပြန်၏။
ဓားအလင်းသွားရာ လမ်းတစ်လျှောက် သွေးနီအလင်းများ ရေတံခွန်ကဲ့သို့ လိုက်ပါလာ တော့သည်။ ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ပေပင်။
လူသား ကျင့်ကြံသူများအတွင်း အတွင်းပိုင်းသန့်စင်ခြင်းအဆင့်ရှိ မည်သူမဆို ဤဓားကို မခံယူနိုင်ချေ။
“ ဟမ့် ... တစ္ဆေတစ်ကောင်က ငါ့ရှေ့မှာ ဓားဆွဲဝံ့လား။ ”
သို့သော်လည်း စုရီမျက်လုံးထဲတွင် အမှိုက်သာ ဖြစ်နေသေး၏။ လက်သီးဆုပ်လျက် ပြန်လည်ထိုးနှက်လိုက်သည်။ မည်သည့် ကိုယ်ခံပညာမျှ မပါချေ။
ပေါ့ပေါ့ပါးပါး ထိုးနှက်ချက်တစ်ခုသာ ဖြစ်သော်လည်း ရှေးခေတ်နတ်တောင်ကြီးကဲ့သို့ လေဟာနယ်ကို ဖြတ်သန်းသွားသည်။
“ ဝုန်း ... ။ ”
အလင်းမိုးများ တဖွဲ့ဖွဲ့ ရွာကျလာ၏။ လက်သီးစွမ်းအားသည် သွေးနီဓားအလင်းထံ ဖြတ်ကျော်ကာ ပျက်ပြယ်သွားခြင်း မရှိဘဲ ဆက်လက်တိုးဝင်သွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သစ်သားမီးတောက် တာအိုဘုန်းကြီးမှ ခြေလှမ်း(၃၀)ခန့် ဆုတ်ခွာလိုက်ရ၏။ သို့တိုင် မလွတ်မြောက်ခဲ့ချေ။
“ ဘုန်း ... ။ ”
လက်သီးအလင်းရိပ်ကြီးသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ကာ မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။
ခန္ဓာကိုယ် ကွဲသွားပြီး အရေပြားနှင့် အသားများ ပွင့်ထွက်ကုန်ကာ သွေးမြူအဖြစ် ပျံ့ကျဲသွားချေပြီ။
တစ်ဆက်တည်းမှာပင် အဖျက်စွမ်းအင် လှိုင်းများသည် ဘုံကျောင်းအနှံ့ ရိုက်ခတ်သွားပြီး အဆောက်အဦးများ ပြိုကျသွားစေ၏။
ယွမ်ဟမ်က ဘုံကျောင်းအဝတွင်ရပ်လျက် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ အစောပိုင်း၌ ဝင်ရောက်စွက်ဖက်ရန် စဉ်းစားမိသော်လည်း မလှုပ်ဖြစ်ခဲ့ချေ။
သရဲတစ္ဆေများသည် သစ်ပင်အရိပ်များ ကြားတွင် ကြောက်လန့်တကြား တုန်လှုပ်လျက် အသံတိတ်ကုန်၏။
မည်သူမျှ အသံမထွက်ဝံ့ တော့ချေ။ ဆောင်းရာသီတွင် အော်မြည်သော ပိုးမွှားများ ကဲ့သို့ပေပင်။ ချက်ချင်း တိုးတိတ်ကုန်ချေပြီ။
***