ပိုင်တာ့စွန်း အုပ်စု တည်ထောင်ခြင်း
Vol. 50 Ch. 737
ထိုအရက်သောက်ပြီးနောက် လီန၏ ဖခင်သည် ဖုန်းယွီအပေါ် အမြင်ပြောင်းလဲသွားသည်။ အရက်သောက်ခြင်း သည် လူနှစ်ယောက်ကို ပိုမိုရင်းနှီးစေသည်ဟု စကားပုံရှိပေသည်။ မှန်လဲ မှန်နေပုံပင်။
နောက်တစ်နေ့၌ လီန၏ ဖခင်သည် အရက်နာကျရင်း နိုးလာသည်။ ဖုန်းယွီကမူ သူ့ထက် အခြေအနေ ကောင်းပေသည်။ ဖုန်းယွီ၏ ငယ်ရွယ်မှုကြောင့် မဟုတ်ချေ။ ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ နောက်ဆုံးပေါ် ဆေးကို တိတ်တိတ်လေး စားထား၍ဖြစ်သည်။ ဤသည်က အရက်နာကျ ပျောက်ဆေးပင်။
ယမန်နေ့ည၌ ဖုန်းယွီ မူးနေသဖြင့် လီနအိမ်တွင် တစ်ညအိပ်ခဲ့သည်။ လီနအိမ်တွင် အိပ်ခန်း (၂)ခန်းသာရှိပြီး ဖုန်းယွီမှာ လီနနှင့်အတူ အိပ်လိုက်သည်။ ထိုည မည်သည့် ကျူးလွန်မှုမှ မလုပ်သော်လည်း ဖုန်းယွီ နိုးလာသည့်အခါ အလွန်စိတ်လှုပ်ရှားနေမိသည်။ ယခုတစ်ကြိမ်၌ လီန၏ဖခင်သည် သူတို့နှစ်ယောက်၏ အချစ်ရေးကို မကန့်ကွက်တော့ချေ။ သူ၏ အဖိုးတန်သမီးလေး ကုတင်ပေါ်တွင်ပင် ပေးအိပ်ထားပေသည်။
ဤသည်က လီနဖခင်၏ ဖုန်းယွီအပေါ် သဘောထားပြောင်းလဲသွားသည် ဆိုလိုခြင်းဖြစ်နိုင်ပေသည်။
ဖုန်းယွီသည် ရွာတွင် တစ်နေ့တာ ကုန်ဆုံးကာ ပမ့်မြို့တော်သို့ မပြန်မှီ ထိုင်ပေဝက်နှင့် အစာစက်ရုံသို့ သွားခဲ့သေးသည်။ သို့ရာတွင်ေလီနနှင့်အတူ မဟုတ်သဖြင့် ယနေ့ည တစ်ယောက်တည်း အိပ်လိုက်ရသည်။
မိမိ၌ ရည်းစားရှိသော်လည်း တစ်ယောက်တည်း အိပ်နေရပေသည်။
********
ကျန်းလွေ့ချန်း ရထားပေါ်မှ ဆင်လာကာ ပုံစံမှာလည်း အလွန်ပ်ငပန်းနေသည့်ပုံပင်။ သို့ရာတွင် စိတ်လှုပ်ရှားနေ ပေသည်။
သူသည် သူ့ခေါင်းဆောင်နှင့်အတူ ပေကျင်း ဗဟိုအစိုးရ ဌာနဆိုင်ရာ အသီးသီးသို့ သွားရောက်ခဲ့သည်။
အဆိုပြုချက်ကို ပြည်နယ်အစိုးရအဖွဲ့မှ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ကာ အထက်အရာရှိ အဆင့်ဆင့်ထံ တင်ပြခဲ့သည်။ အထက်အရာရှိများမှလည်း အကြံပြုစာတမ်းကို ဖတ်၍ သက်လက်သီးကျူးထံ ပို့ပေးလိုက်သည်။ သံလက်သီးကျူးသည် အကြံပြုစာတမ်းကို ဖတ်ပြီးနောက် ရှုချန်ယိုနှင့် ကျန်းလွေ့ချန်းတို့ကို သူ့ရုံးခန်းသို့ ခေါ်ယူ မေးမြန်းခဲ့သည်။
ကံကောင်းသည်မှာ ရှုချန်ယိုနှင့် ကျန်းလွေ့ချန်းတို့သည် ထိုအကြံပြုစာတမ်းကို ပြန်လည်ပြင်ဆင်ရာတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ကာ အသေးစိတ်အချက်အလက်များ အလွတ်ရနေပေသည်။ သံလက်သီးကျူး၏ မေးခွန်းများကို အကျေအလည် ဖြေဆိုနိုင်ကြသည်။
သံလက်သီးကျူးမှလည်း ထိုအစီအစဉ်ကို သဘောကျပေသည်။ သူသည် အကြံပြုချက်စာတမ်းတွင် ဖော်ပြထားသည့် အချို့ကဏ္ဍများကို အလွန်စိတ်ဝင်စားခဲ့သည်။
စိုက်ပျိုးရေးသည် အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးသော စက်မှုလုပ်ငန်း တစ်ခုဖြစ်သည်။ အစိုးရမှ ထိုလုပ်ငန်းကို ပြန်လည်မွမ်းမံကာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုစိတ် အစဉ်တစိုက်ရှိခဲ့သော်လည်း နည်းလမ်း ရှာမတွေ့ခဲ့ချေ။
ဤအကြံပြုချက်စာတမ်းတွင် ကုမ္ပဏီသည် စိုက်ပျိုးရေး ထွက်ကုန်များ၏ တန်ဖိုးကို မည်ကဲ့သို့ တိုးမြှင့်ကာ ထုတ်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပသို့ပါ တင်ပို့နိုင်မည် ဖြစ်ကြောင်း ဆိုထားပေသည်။
ဤသည်က သံလက်သီးကျူးနှင့် အစိုးရအဖွဲ့ ဖြစ်လိုသော ကိစ္စဖြစ်သည်။ ပို့ကုန်သည် တရုတ်နိုင်ငံ၏ မြင့်တက်လာသည့် စီးပွားရေးအတွက် အရေးကြီးပေသည်။
ရှုချန်ယိုသည် အသက်(၆၁)နှစ်ရှိပေပြီ။ လက်ရှိ စဉ်းမျဉ်းအရ ရှုချန်ယို၏ ရာထူးအနေအထားတွင် အသက်(၆၃)နှစ် သို့ ရောက်ပါက အငြိမ်းစား ယူရပေမည်။ အစိုးရ၏ အစီအစဉ်မှာ ၎င်းကို အနားယူစေကာ လက်ရှိရာထူးကို အခြားလူသို့ လွှဲပြောင်းပေးရန် သို့တည်းမဟုတ် အငြိမ်းစား မယူမှီ လက်ကျန်ကာလတွင် ဗဟိုအစိုးရသို့ ဝင်ရောက် စေရန်ဖြစ်သည်။
သို့ရာတွင် ရှုချန်ယိုမှာ အနားယူချင်ပုံမရချေ။ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
လူတော်တော် များများသည် အစိုးရဌာနတွင် ငယ်ရွယ်သည့် အရာရှိများကို အရေးပါသည့် အခန်းကဏ္ဍများ၌ ပါဝင် စေလိုသည်။ သံလက်သီးကျူးသည် ဤအကြံပြုလွှာကို ထောက်ခံခဲ့သည်။ သို့ရာတွင် ထိုအရာရှိ ဟောင်းများမှ တောင်းဆိုစရာ တော်တော်များများ ရှိနေသေးကြောင်း နားလည်ပေသည်။
ပိုင်တာ့စန်း အုပ်စုအတွက် အကြံပြုချက်ကို ကောင်းကောင်း ရေးသားထားပေသည်။ ထိုအစီအစဉ်ကို အကြံပြုသည့် ရှုချန်ယိုမှာ အရည်အချင်း ပြည့်ဝသူ တစ်ယောက်ဖြစ်သည်။
ရှုချန်ယိုသည် ထိုအကြံအစည်ကို အကောင်အထည်ဖော်ကာ ဤကုမ္ပဏီ၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လိုသဖြင့် ထိုကုမ္ပဏီ တည်ထောင်ပြီးနောက် ၎င်းအား လွှဲပေးမည် မဟုတ်ချေ။
လောင်ကျင်းပြည်နယ်၏ ခေါင်းဆောင်ကို နောက်(၂)နှစ်ခန့်အထိ ပြောင်းလဲပစ်၍ မရချေ။ ရှုချန်ယိုသည် ယခင်ကလည်း ထူးထူးခြားခြား ပံ့ပိုးမှုများ လုပ်ပြခဲ့ဖူးသည်။ သံလက်သီးကျူးမှာ သူ့ကို အနားယူသည့် အချိန်အထိ ထိုရာထူးတွင် ဆက်ထားရန် ဆုံးဖြတ်လိုက်သည်။
သံလက်သီးကျူးသည် ရှုချန်ယိုအား အငြိမ်းစား ယူချိန်အထိ လက်ရှိရာထူးတွင် ဆက်နေချင်လားဟု မေးသည့်အခါ ရှုချန်ယိုမှ မဆိုင်းမတွ ခေါင်းညိတ်ခဲ့သည်။
သံလက်သီးကျူး၏ စကားကြောင့် ရှုချန်ယိုမှာ ရာထူးတိုးမည် မဟုတ်ကြောင်း သိလိုက်ရသည်။ သို့ရာတွင် လက်ရှိရာထူး ထိန်းထားနိုင်သည်ကပင် သူ့အတွက် လုံလောက်ပေသည်။
ထို့အပြင် ရှုချန်ယိုသည် ထိုပိုင်တာ့စန်းအဖွဲ့ အတွက် မျှော်လင့်ချက် အပြည့်ရှိနေပေသည်။ ထိုကုမ္ပဏီ ကြီးထွာသည် ကို အမှန်တကယ် မြင်ချင်မိသည်။
အကယ်၍ ထိုကုမ္ပဏီသည် ခိုင်မာကာ သိသိသာသာ ကြီးထွားလာပါက ရှုချန်ယို၏ အသက်မွေးဝမ်းကြောင်းအတွက် ပြီးပြည့်စုံသော အဆုံးသတ်ဖြစ်ပေလိမ့်မည်။ အငြိမ်းစား ယူပြီးနောက် လောင်ကျင်းပြည်နယ်နှင့် တရုတ်နိုင်ငံ အတွက် သူ၏ လုပ်ဆောင်ခဲ့မှုများအား ဂုဏ်ယူစွာ ပြန်ပြောနိုင်ပေသည်။
သံလက်သီးကျူး၏ ပံ့ပိုးကူညီမှုဖြင့် ဤအကြံပြုစာတမ်းကို နိုင်ငံတော် ကောင်စီရုံချုပ် အစည်းအဝေး၌ပင် ဆွေးနွေး ခဲ့ကြသည်။ ရှုချန်ယိုနှင့် ကျန်းလွေ့ချန်းတို့သည် မေးခွန်းများ ဖြေရမည်ဖြစ်၍ အစည်းအဝေးတွင် ပါဝင်ခွင့် ရခဲ့သည်။
ရှုချန်ယိုသည် အစည်းအဝေးရှိ လူတော်တော်များများကို သိထားပေသည်။ ထို့အပြင် သူကိုယ်တိုင် အဆင့်မြင့် အရာရှိ တစ်ယောက်မဟုတ်ပေလော။ သူသည် အစည်းအဝေးတွင် လူအများနှင့် လက်တွဲ လုပ်ဆောင် ခဲ့ဖူးပေသည်။ သို့ရာတွင် ကျန်းလွေ့ချန်းမှာမူ မျက်နှာသစ် ဖြစ်နေသည်။ ခေါင်းဆောင် တော်တော်များများမှ ကျန်းလွေ့ချန်းကို အထင်ကြီးကြသည်။ စွမ်းဆောင်ရည် ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ခံစားမိကြသည်။
ကျန်းလွေ့ချန်းသည် အစည်းအဝေးတွင် ခေါင်းဆောင်များအားလုံးအား အကြံပြုချက်ကို ရှင်းပြနေချိန်တွင် ထိုအကြံပြုချက်အား မကျေနပ်သူ တစ်ယောက်ရှိပေသည်။ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။
စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ကုမ္ပဏီ၏ ရှယ်ယာအချို့ ပိုင်ဆိုင်နိုင်သော်လည်း အမြတ်အစွန်းအများစုကို ကုမ္ပဏီမှ သိမ်းယူသွားမည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်နေပေသည်။
ရှုချန်ယိုသည် နောင်တွင် အမြတ်ဝေစုများ ထုတ်ပေးမည်ဟု ကြေငြာခဲ့သော်လည်း အမြတ်ဝေစုသည် စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ယခင်ဝင်ငွေထက် ပို၍ များပြားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့တိုင်အောင် ထိုခေါင်းဆောင် အနေဖြင့် မှန်ကန်မှု မရှိဟု ခံစားနေရဆဲဖြစ်သည်။
ပြည်နယ် လယ်ယာမြေများသည် ဤကုမ္ပဏီအတွက် အရေးကြီးဆုံး အချက်ဖြစ်လောက်ပေသည်။ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ထိုကုမ္ပဏီကို ဦးဆောင်ရပေမည်။ လောင်ကျင်း ပြည်နယ် အစိုးရသည် ထိုပိုင်တာ့စန်းအုပ်စုကို တည်ထောင်ပါက စိုက်ပျိုးရေးဝန်ကြီးဌာနသည် လယ်မြေများပေါ်တွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာများ ဆုံးရှုံးသွားမည် ဖြစ်သည်။
ထိုကုမ္ပဏီသည် အလားအလာမြင့်မားကာ နောင်တွင် ဝင်ငွေ အများစုကို လောင်ကျင်း ပြည်နယ် အစိုးရ လက်ထဲသို့ ရောက်သွားမည်ဖြစ်သည်။ ရှုချန်ယိုသည် စိုက်ပျိုးရေး ဝန်ကြီးဌာနအား အခွင့်အရေးယူနေပုံပင်။ ဤသည်က လွန်လွန်းပေသည်။ ရှုချန်ယိုသည် သူတို့ကို ရှယ်ယာအနည်းငယ်သာ ပေးထားသည်။ အကြံအစည် အားလုံးကို စိတ်ကူးဖော်ထုတ်ယုံဖြင့် ရှယ်ယာ အများစု မယူသင့်ချေ။
ကျန်ခေါင်းဆောင်များမှာမူ ကန့်ကွက်ရန်မရှိချေ။ နောက်ဆုံးတွင် ထိုကုမ္ပဏီ၏ တည်ထောင်မှုသည် ၎င်းတို့အား မထိခိုက်စေပေ။ ထို့အပြင် သံလက်သီးကျူးမှ ထိုအကြံပြုစာတမ်းကို ထောက်ခံကြောင်း အစောကတည်းမှ ပြောထားပေသည်။ ကျန်ခေါင်းဆောင်များမှလည်း ထိုပိုင်တာ့စန်း အဖွဲ့မှာ အလားအလာကောင်းကြောင်း ခံစားရမိသည်။ ကန့်ကွက်ရန် အကြောင်းပြချက် တစ်စုံတစ်ရာ ရှာမတွေ့ချေ။
ထိုအဆိုပြုချက်ကို သဘောမတူသူ အများစုသည်လည်း လူတစ်ယောက် သူတို့ရှေ့မှ ကန့်ကွက်မှုများ ရှိလာသဖြင့် နှုတ်ဆိတ်နေကြသည်။
ကျန်းလွေ့ချန်းမှ ကန့်ကွက်မှုများကို တာဝန်ယူ ဖြေရှင်းခဲ့ပြီး လောင်ကျင်းပြည်နယ်အတွက် ထိုကုမ္ပဏီ၏ အရေးကြီးပုံကို ရှင်းပြခဲ့သည်။ ၎င်းတို့သည် ထိုအကြံအစည် စတင်ခဲ့သူများဖြစ်ပြီး ဤသည်ကို အကောင်အထည် ဖော်သူ ဖြစ်သင့်ကြောင့် ကြိုးစားနေပေသည်။ မိမိထံမှ ထိုစီမံကိန်းကြီးကို လုယူသိမ်းပိုက်ခွင့် မရှိချေ။
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် သံလက်သီးကျူးမှ ဖြတ်ချလိုက်ပြီး လောင်ကျင်းပြည်နယ် အစိုးရသည် ပိုင်တာ့စန်း အုပ်စု စီမံကိန်းတွင် ဦးဆောင်ရမည်ဟု ကြေညာလိုက်သည်။ ဗဟိုအစိုးရသည် အထူးထောက်ပံ့ငွေများနှင့် ယွမ်(၁)ဘီလီယံ ထုတ်ပေးမည်ဖြစ်ကာ ကုမ္ပဏီကို ကူညီမည် ဖြစ်သည်။
ဗဟိုအစိုးရမှ ပေးသော ပမာဏသည် အကြံပြုစာတမ်းတွင် ဖော်ပြထားသည့် မတည်ရင်းနှီးငွေ (၁၀)ဘီလီယံနှင့် အလွန်ကွာဝေးပေသည်။ လောင်ကျင်း ပြည်နယ် အစိုးရသည် (၅)ဘီလီယံကို ကိုယ်တိုင် ရှာဖွေကာ ဘဏ်များမှ ချေးငွေ (၁.၅)ဘီလီယံ ရယူမည် ဖြစ်သည်။ ထိုပမာဏဆိုလျှင် ကုမ္ပဏီ ထူထောင်ရန် လုံလောက်ပေသည်။ အကယ်၍ နောင်တွင် ရန်ပုံငွေထပ်မံ လိုအပ်ပါက ဘဏ်များမှ သို့တည်းမဟုတ် ဗဟိုအစိုးရထံမှ ချေးငွေများ ထပ်မံ ရယူနိုင်ပေသည်။
******
ဝန်ကြီးဌာန အသီးသီးသို့ (၂)လကြာမျှ ဝင်ထွက်သွားလာပြီး နောက်ဆုံးတွင် ခွင့်ပြုချက် ရရှိခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ရန်ပုံငွေများကို ထုတ်ပြန်ခဲ့သည်။ ရှုချန်ယိုသည် နောက်ထပ် ထောက်ပံ့ကြေးများ တောင်းခံရန် ပေကျင်းတွင် နေခဲ့ပြီး ကျန်းလွေ့ချန်းမှာ ပမ့်မြို့တော်သို့ အရင် ပြန်ခဲ့ခြင်း ဖြစ်သည်။
(၃)ရက်အကြာတွင် ပိုင်တာ့စန်း အုပ်စုသည် မှတ်ပုံတင်ကာ လည်ပတ်မှု စတင်တော့သည်။
-------*****--------