နတ်ဝင်ရိုး
Vol. 017 Ch. 1627
ရီဖူရှင်းသည် လေဟာနယ်ခန်းမဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ “ကျုပ်နဲ့ လိုက်ခဲ့ပါ။”
လူတိုင်းသည် မျှော်လင့်တကြီးဖြင့် သူ့နောက်သို့ လိုက်သွားခဲ့ကြသည်။ သူသည် ချိပ်စည်းကို အတွေးတစ်ချက်နှင့် ချိုးဖျက်နိုင်သည့်အတွက် လေဟာနယ်ခန်းမအတွင်းမှ ရတနာ နတ်လက်နက်များသည် မကြာခင်၌ သူတို့အပိုင် ဖြစ်လာတော့မည် ဖြစ်၏။
သူတို့အားလုံး ဝင်သွားပြီးနောက် ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ “အင်အားစုတစ်ခုစီက နတ်လက်နက်သုံးခုစီ ယူနိုင်တယ်။ ခင်ဗျားတို့ လိုချင်တာ သွားရှာကြပါ။ ကျုပ် ခင်ဗျားတို့အတွက် ချိပ်စည်းဖွင့်ပေးမယ်။”
သူသည် ဤနေရာ၌ အလွန် ကြောက်မက်ဖွယ် လက်ဆောင်တစ်ခုကို ရရှိထားသည့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်နေပြီဟု တွေးထင်ထားခဲ့သည်။ နတ်လက်နက်တစ်ခုချင်းစီတိုင်းသည် ကမ္ဘာကိုပင် တုန်လှုပ်နိုင်စေလောက်သည်။ ၎င်းတို့က ထိပ်သီးအင်အားစုများ၏ လက်တွင်းသို့ ကျရောက်သွားလျှင် သူတို့၏ အင်အားက အဆများစွာ တိုးပွားလာပေလိမ့်မည်။
“သွားပြီးတော့ လိုချင်တာကို ရွေးလိုက်ကြပါ။” သူက ပြောလိုက်သည်။ “ခင်ဗျားတို့ ရွေးပြီးသွားရင် ကျုပ်ကို အသိပေးပါ။” လူတိုင်းသည် မတူညီသည့်နေရာများသို့ အလျင်အမြန်သွားကာ လက်နက်များကို စတင်ရှာဖွေလိုက်ကြသည်။ ရီဖူရှင်းသည် တိုက်ပွဲပုဆိန်ဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။ “ယူချင်း မင်းအရင်သွား။ မင်းက အဲဒီပုဆိန်ကို ယူသင့်တယ်။”
ယူချင်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။” သူက လေဟာနယ်ခန်းမ၏ အထက် လေထဲသို့ တက်သွားခဲ့သည်။ ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲသွားခဲ့သည်မှာ သူသည် ပုံရိပ်ယောင်များအားလုံးကို မြင်နိုင်ဟန်တူသည်။ သူ၏ စိတ်စွမ်းအားများက ခန်းမတစ်ခွင်ကို လွှမ်းခြုံသွားပြီး ၎င်းသည် အလင်းလွှာစီးဆင်းနေသည့် လမ်းစဥ်ကို သက်ရောက်စေသော တံခါးအတွက် သော့တစ်ခု ဖြစ်တည်လာသည်ဟု ထင်မှတ်ရသည်။ တံခါးမှ အက်ကွဲရာတစ်ခု ပေါ်ပေါက်လာပြီး တိုက်ပွဲပုဆိန်သည် လေထဲသို့ စတင်ပျံသန်းသွားခဲ့သည်။
ဘုန်း...
တိုက်ပွဲပုဆိန်သည် အထက်သို့ ထိုးတက်သွားခဲ့ပြီး ရီဖူရှင်းက နောက်သို့ ပျံသန်းသွားသည်။ ယူချင်း၏ နတ်ဆိုးအရှိန်အဝါတို့က ထွက်ပေါ်လာပြီး သူသည် တိုက်ပွဲပုဆိန်ထံ လက်ဆန့်ကာ ဆွဲယူလိုက်သည်။ သူ့ခန္ဓာမှ ကြောက်မက်ဖွယ် အရှိန်အဝါက ပျံ့နှံ့လာပြီး အနည်းငယ် တုန်ယင်သွားခဲ့သည်။ တိုက်ပွဲပုဆိန်သည် သူ့ကို လေထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“အရမ်းအစွမ်းထက်တာပဲ။” သောကျောက်က ပြူးကျယ်နေသည့် မျက်လုံးအစုံဖြင့် ပြောလိုက်သည်။
“စိတ်မပူနဲ့။ အဲဒါက ပြဿနာမရှိဘူး။” ရီဖူရှင်းက လေထဲသို့ မော့ကြည့်ကာ ပြောလိုက်သည်။ နတ်လက်နက်ကို ရရှိခြင်းဖြစ်စဥ်သည် စမ်းသပ်စစ်ဆေးခြင်း တစ်ခုဖြစ်ခဲ့သည်။
“မင်း ဒါတွေကို ဘယ်လိုများ ဖွင့်လိုက်တာလဲ။” သူက ရီဖူရှင်းကို ပြောလိုက်သည်။ ဤလူက မည်သို့ လုပ်ရသည်ကို အမှန်တကယ်ပင် ရှင်းမပြခဲ့ပေ။ အတွေးတစ်ချက်နှင့် ထိုနတ်လက်နက်တို့အား ဖွင့်နိုင်ခြင်းမှာ အတော်ထူးခြားဆန်းကြယ်လှသည်။
“ငါ မင်းကို ပြောပြမယ်လို့ တကယ်ထင်နေတာလား။” ရီဖူရှင်းက သောကျောက်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သောကျောက်က သူ၏ မျက်လုံးများက ပေကလပ်ပေကလပ် ဖြစ်သွား၏။
“ငါ အဲဒီနှင်တံ လိုချင်တယ်။” သောကျောက်က အဝေးတွင် ရှိနေသည့် ချိပ်စည်းချထားသော နှင်တံကို ညွှန်ပြလိုက်သည်။ ထိုနှင်တံက ကျောက်စိမ်းရောင်အလင်းတို့နှင့် တောက်ပနေခဲ့သည်။ ၎င်းမှ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည့် အသက်စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ ကြည့်ရသည်မှာ အချိန်တိုအတွင်း အရာရာကို ကုစားနိုင်စွမ်း ရှိလိမ့်မည်ဟု ထင်မှတ်ရပေသည်။
ရီဖူရှင်းက သောကျောက်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ “မင်း အတွေ့အကြုံရှာသင့်တယ်”
“ငါ...”
သောကျောက်က လက်သီးဆုပ်လိုက်၏။ သူက ရီဖူရှင်းကို အားပါးတရ ရိုက်နှက်ပစ်လိုက်ချင်သော်လည်း ရီဖူရှင်း၏ အပြုံးကို မြင်သည့်အခါ သူ၏ အရှိန်အဝါက လျော့ကျသွားခဲ့သည်။ သူပင် အနိုင်မရနိုင်သော သိုင်းနတ်ဘုရားကလန်မှ ဝူမုန့်က ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူက ရီဖူရှင်းကို မနိုင်နိုင်ပေ။ ထို့အပြင် သူသည် ဤနတ်လက်နက်များ ချိပ်စည်းဖြည်ဖို့အရေးတွင် ရီဖူရှင်းကို အားထားနေရပေသည်။
တိုက်ပွဲနတ်ဘုရား၏ အစွမ်းထက် မျိုးဆက် ဖြစ်သည့် သူသည် သူ၏ အကြီးအကဲများအတွက် မျက်နှာအငယ်ခံရပေမည်။ ဤသည်မှာ သောမျိုးနွယ်စု မျိုးဆက်များအားလုံး၏ သမိုင်းတွင် သူသည် အနှိမ့်ချရဆုံးသူ ဖြစ်စေပေလိမ့်မည်။
“အသင့်ပြင်ထား” ရီဖူရှင်းက ပြောလိုက်သည်။
“ကောင်းပြီ” အငြင်းခံရ၍ စိတ်ဓာတ်ကျနေသည့် သောကျောက်သည် ရုတ်တရက် တောက်ပကာ ပျော်ရွှင်သွားပေသည်။
ဤသည်မှာ သူ၏ ခွန်အားကို တိုးပွားလာစေပေလိမ့်မည်။ သူ၏ ဂုဏ်သိက္ခာမှာ မည်သည့်အရေးနည်း။
ရီဖူရှင်းက နတ်လက်နက်ကို ချိပ်စည်းဖြည်လိုက်သည့်အခါ လေဟာနယ်ခန်းမတစ်ခုလုံးတွင် ကျောက်စိမ်းရောင်အလင်းတို့ လင်းလက်သွားပြီး အသက်စွမ်းအားများက လူတိုင်းကို ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် လူတိုင်းသည် တိုက်ခိုက်နေချိန်၌ ပြန်လည်သိုလှောင်နိုင်သည့် အသက်စွမ်းအားနှင့် လေဟာနယ်စွမ်းအင်တို့ကို ခံစားမိလိုက်ကြသည်။ သူတို့သာ ဤနှင်တံကို လက်ဝယ်ပိုင်ဆိုင်ထားလျှင် သူတို့၏ ပြန်လည်ကုသနိုင်စွမ်းက အကန့်အသတ်မဲ့ကာ ကောင်းကင်ကို ကျဆုံးစေပြီး မြေကြီးကို အက်ကွဲစေလောက်အောင် တိုက်ခိုက်နိုင်မည်ဟု တွေးမိလိုက်ကြသည်။
“ဒါက တကယ် ကောင်းတဲ့ ရွေးချယ်မှုပဲ။” တစ်ယောက်က သောကျောက်ကို မော့ကြည့်ကာ ပြောလိုက်သည်။ နှင်တံတွင် ဆန့်ကျင်နေသည့် စွမ်းအားအများအပြား မပါဝင်သည့်အတွက်ကြောင့် သောကျောက်သည် ၎င်းကို ရရှိရန် ခက်ခက်ခဲခဲ မကြိုးစားလိုက်ရပေ။ သူက ထိုလက်နက်နှင့် ဆက်သွယ်မိသွားသည့်အခါ အော်လိုက်သည်။ “အံ့သြစရာပဲ။”
သူ၏ တိုက်ခိုက်မှုစွမ်းရည်သည် အထင်ကြီးလောက်စရာ ဖြစ်ပြီး သူက တိုက်ခိုက်ရေးနတ်ဘုရား၏ သတ္တမဆင့်ကို အသုံးပြုသည့်အခါ ရန်ဟောင်ထက်ပင် အားကောင်းပေသည်။ သို့သော် တိုက်ပွဲပြီးနောက် တန်ပြန်သက်ရောက်မှုက သူ့အတွက် ကြီးမားလှသည်။ ယခု သူ့တွင် ဤနှင်တံရှိပါက သူသည် တစ်ချိန်တည်းမှာပင် ပြန်လည်ကုစား၍ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ထိုသို့သော အတွေးက သူ့ကို စိတ်လှုပ်ရှားလာစေသည်။
ရှားရှင်းယွန်က နှင်တံကို မော့ကြည့်လိုက်ကာ အနည်းငယ် မနာလိုဖြစ်နေခဲ့သည်။ သူမသည်လည်း အသက်စွမ်းအား တန်ခိုးရှင်တစ်ဦး ဖြစ်ပေသည်။
“ပြီးခဲ့တဲ့ တိုက်ပွဲမှာတုန်းက လူတိုင်း စွမ်းအားအများကြီး သုံးခဲ့ရတာမို့ ကျုပ်က သူတို့ လိုချင်တာကို ရွေးချယ်ခွင့်ပြုထားတာ။ လေဟာနယ်ခန်းမထဲမှာ ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်လက်နက်တွေ အများကြီး ရှိတယ်။ အဲဒါတွေကို အင်ပါယာရှားနဲ့ မင်းအတွက် ချန်ထားပေးပါ့မယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“အိုး” ရှားရှင်းယွန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူမက တိုက်ပွဲများကို စောင့်ကြည့်ရုံသာ ကြည့်နေခဲ့ပြီး မည်သည့် စွမ်းအားမှ အသုံးမပြုခဲ့ပေ။
“ကျုပ် ဒီတစ်ခုလိုချင်တယ်။” ထိုအချိန်တွင် ယွမ်ကလန်မှ ယွမ်ဟုန်က ရတနာများထဲမှ တစ်ခုကို ညွှန်ပြလိုက်သည်။ ၎င်းသည် ရောင်စဥ်များ ဖြာထွက်လင်းလက်နေသည့် မြေပုံစာလိပ်တစ်ခု ဖြစ်သည်။ ရီဖူရှင်းသည် ထိုအရာက မည်သည့်အရာဖြစ်သည်ကိုပင် ကြည့်ရန် အလုပ်ရှုပ်ခံမနေဘဲ ပြောလိုက်သည်။ “အသင့်ပြင်ထားပါ။”
“ဟုတ်ပြီ” ယွမ်ဟုန်က ရှေ့သို့ ခြေလှမ်းသွားခဲ့ပြီး ရီဖူရှင်းသည် ၎င်းက မည်သို့သော ပစ္စည်းဖြစ်သည်ကိုပင် စူးစမ်းမနေဘဲ ချိပ်စည်းဖွင့်ပေးလိုက်သည်။ သူသည် လူတိုင်းကို လိုချင်သည့် နတ်လက်နက်အား ပေးမည်ဟု ပြောခဲ့သည့်အတွက် သူ့ကတိသူ တည်ရပေမည်။ သူတို့သည် လိုချင်သည့် မည်သည့် ပစ္စည်းကိုမဆို ရွေးချယ်နိုင်ပေသည်။ သူက ထိုအရာများက မည်သည့်အရာဖြစ်သည်ကို ဂရုမစိုက်ပေ။
“ကျုပ် ဒီဟာ လိုချင်တယ်။” ဝရိန်ခုနစ်ပါး ကလန်မှ သတ္တမဝရိန် က ပြောလိုက်သည်။ ရီဖူရှင်းက သူ့အတွက် ချိပ်စည်း ဖွင့်ပေးလိုက်သည်။
ထို့နောက် လူများက သူတို့၏ အင်အားစုများနှင့် ကိုက်ညီပြီး အစွမ်းထက်ပုံရသော သူတို့လိုချင်သည့် ပစ္စည်းများကို တဖြည်းဖြည်း ရွေးချယ်လာကြသည်။ ခန်းမအတွင်းတွင် လူအများအတွက် ချိပ်စည်းအများအပြား ချိုးဖျက်ပေးခဲ့ပြီး ဖြစ်သည်။
“ဟင်?”
ထိုအချိန်တွင် လူအများက လေထဲသို့ မော့ကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က နတ်လက်နက်ကို ရရှိပြီးနောက် အဆင့်တက်သွားသည်အား မြင်လိုက်ကြရသည်။ ထိုသူမှာ ဝရိန်ခုနစ်ပါး ကလန်မှ သတ္တမဝရိန် ဖြစ်သည်။ သူသည် သူ၏ နတ်လက်နက်နှင့် ဆက်သွယ်မိသွားပြီးနောက် သူ၏ စွမ်းအားများက နောက်တဆင့်သို့ တက်ရောက်ရန် ပြည့်စုံသွားခဲ့သည်။
အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအားတို့က လေထဲတွင် ပြည့်နှက်နေပြီး ထိုနေရာတဝိုက်ရှိ လောကမဟာလမ်းစဥ်အားလုံးကို ဝါးမျိုလိုက်သည်။ သူသည် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းနေခဲ့သည်။
ရီဖူရှင်းသည် သတ္တမဝရိန် နောက်တစ်ဆင့်တက်ရောက်သွားသည်ကို ကြည့်နေခဲ့သည်။ သတ်ဖြတ်ခြင်းနတ်အလင်းတို့က သတ္တမဝရိန် ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ထိုမြင်ကွင်းကို ကြည့်နေရင်း ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
ကြည့်ရသည်မှာ သတ္တမဝရိန် ခန္ဓာကိုယ်အတွင်း၌ စွမ်းအားနှစ်ခု တိုက်ခိုက်နေပုံရသည်။
ဘုန်း...
လေထုအတွင်း၌ အက်ကြောင်းများ ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရသည်။ သူ ရရှိလိုက်သည့် နတ်လက်နက်မှာ လှံတစ်ချောင်းဖြစ်ပြီး ၎င်းသည် လောကမဟာလမ်းစဥ်များကို ဝါးမျိုနေကာ သူ့ခန္ဓာကိုယ်အတွင်း စုပ်ယူနေသည်။ သူ၏ မျက်နှာထက်တွင် ပြင်းထန်လှသည့် နာကျင်ခြင်းတို့ ဖြစ်ပေါ်လာသည်။
“ဘာဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
ယွမ်ဟုန်၏ မျက်လုံးများက နတ်အလင်းတို့ဖြင့် တောက်ပနေသည်။ ထိုသည်မှာ အမှန်ဖြစ်သည်။ သူသာ နတ်ဘုရားနယ်မြေအတွင်း ရန်ဟောင်အဆင့်သို့ တက်ရောက်နိုင်လျှင် အပြစ်အနာအဆာကင်းမဲ့သည့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်စွမ်း ရှိပေလိမ့်မည်။
မဟာလမ်းစဥ် နတ်ဝင်ရိုးက တဖြည်းဖြည်း ဖြစ်တည်လာနေသည်။ ရီဖူရှင်းက သတ္တမဝရိန် ကို ကြည့်ကာ ပြောလိုက်သည်။ “သူသာ အရင်က ရှိခဲ့တဲ့ စွမ်းအားတွေအကုန် ဖျက်ဆီးခံလိုက်ရရင် ဘယ်လိုဖြစ်မှာလဲ။”
“ဒုက္ခိတနဲ့မခြား ဖြစ်သွားမှာပေါ့။” သောကျောက်က ပြန်ဖြေလိုက်သည်။
“အာ” ရီဖူရှင်းက မည်သည့်စကားမှ ဆက်မပြောတော့ဘဲ လေထဲသို့ ကြည့်နေခဲ့သည်။ အခြားသူများအားလုံးလည်း စောင့်ကြည့်နေခဲ့ကြ၏။ တခဏအကြာတွင် သတ္တမဝရိန် ၏ နတ်ဝင်ရိုးက ဖွဲ့စည်းပြီးသွားခဲ့သည်။ သူ့ထံမှ နတ်အလင်းများ ထုတ်လွှတ်နေပြီး သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါက အခန်း၏ ထောင့်နေရာတိုင်းကို ရောက်ရှိသွားခဲ့၏။
“ရတနာအဆင့် နတ်ဝင်ရိုး” သောကျောက်က ပြောလိုက်သည်။
ရီဖူရှင်း၏ မျက်နှာထက်တွင် ဇဝေဇဝါ အကြည့်တို့ ဖြစ်ပေါ်လာ၏။ “မင်း ဘာပြောလိုက်တာလဲ။” သူက မေးလိုက်သည်။
“ငါက သူ့ရဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးအကြောင်း ပြောနေတာလေ။” သောကျောက်က ပြောလိုက်သည်။ “မင်းက မဟာလမ်းစဥ် နတ်ဝင်ရိုးရဲ့ မတူကွဲပြားတဲ့ အဆင့်တွေအကြောင်း မသိဘူးလား။”
“ရန်ဟောင်မှာ မတူနဲ့ အဆင့်တွေ ရှိတာတော့ သိတယ်။ အဆင့်သုံးဆင့်နဲ့ အလွှာကိုးလွှာ ရှိတယ်ဆိုတာ။ ဒါပေမယ့် နတ်ဝင်ရိုးမှာတော့ မတူညီတဲ့ အဆင့်တွေ ရှိနေတာလား။” ရီဖူရှင်းက မေးလိုက်သည်။
“အထက်ဘုံကိုးခုက ထိပ်သီးအင်အားစုတွေသာ အဲဒီအဆင့်ကို ပြုလုပ်နိုင်တယ်။ သာမန်အင်အားစုတွေကြားမှာတော့ သူတို့ရဲ့ နတ်ဝင်ရိုးကလည်း သာမန်တွေပဲမို့လို့ အဲဒီအကြောင်းကို သိပ်မသိကြဘူး။” သောကျောက်က ပြောလိုက်သည်။ “မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းတဲ့အခါ သူတို့ရဲ့ ခွန်အား အနည်းအများပေါ်မှာ မူတည်ပြီး မတူညီတဲ့ အဆင့်တွေ သတ်မှတ်နိုင်တယ်။ ရန်ဟောင်အများစုက သာမန်အဆင့် နတ်ဝင်ရိုးတွေ ရှိကြတယ်။ အရမ်းအစွမ်းထက်တဲ့ သူတွေလောက်ပဲ အလင်းရောင်တွေ တောက်ပနေတဲ့ ရွှေရောင်နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်တယ်။ အဲဒီထက် ပိုမြင့်တဲ့အဆင့်က ရတနာ အဆင့်နတ်ဝင်ရိုးပဲ။ နတ်ဝင်ရိုးတွေက အဲဒီအဆင့်မှာ အရမ်းအားကောင်းကြတယ်။ ပြီးတော့ အဲဒါမျိုးကို ဖွဲ့စည်းနိုင်တာ လူနည်းနည်းလောက်ပဲ ရှိတယ်။ အဲဒါက အခုလေးတင် သတ္တမဝရိန် ဖွဲ့စည်းလိုက်တဲ့ နတ်ဝင်ရိုးမျိုးပဲ။ ပြီးတော့ ဒဏ္ဍာရီတွေမှာ ပြောထားတာက အဲဒီနတ်ဝင်ရိုးတွေရဲ့အထက်မှာ နတ်အလင်းရောင်စဥ်တွေ တောက်ပနေတဲ့ ပြီးပြည့်စုံခြင်းအဆင့် နတ်ဝင်ရိုးဆိုတာ ရှိသေးတယ်တဲ့။ အဲဒါတွေကို နတ်ဘုရား အဆင့် ဝင်ရိုးတွေလို့ ခေါ်ကြတယ်။ အဲဒီ မဟာလမ်းစဥ် ဝင်ရိုးတွေကို နတ်ဝင်ရိုးတွေလို့ ခေါ်ကြတာ အားလုံးက နတ်ဘုရား အဆင့်ကနေ စတင်ကြလို့ပဲ။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ စွမ်းအားမှာ အပြစ်အနာအဆာ ရှိနေမယ်ဆိုရင် အဆင့်နိမ့် နတ်ဝင်ရိုးကိုပဲ ရလိမ့်မယ်။ နတ်ဝင်ရိုးတွေ အားလုံးက ချို့ယွင်းချက်ရှိနေတာကြောင့် မဟာလမ်းစဥ် ဘုံသုံးထောင်ကလူတွေ ဒီအဆင့်ကို မရနိုင်တာပဲ။ တကယ်တော့ နတ်ဘုရားအဆင့်အောက် ဘယ်လိုနတ်ဝင်ရိုးမဆို သာမန်အဆင့်ပဲ ရှိတယ်။ အဲဒါကြောင့် ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးနဲ့ ချို့ယွင်းချက်ရှိတဲ့ နတ်ဝင်ရိုးလို့ ပြောလို့ရတယ်။”
“နားလည်ပြီ” ရီဖူရှင်းက လေထဲမှ သတ္တမဝရိန် ကို မော့ကြည့်လိုက်သည်။ သတ္တမဝရိန် ၏ နတ်ဝင်ရိုးက သူ အစောပိုင်းက တိုက်ခိုက်ခဲ့သော ဝူမုန့်ထက် အားကောင်းပေသည်။ နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေအတွင်း ကျင့်ကြံနေခဲ့သည့် ဟွမ်ကျုံးသည် ပြီးပြည့်စုံသည့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းချင်နေခဲ့ခြင်း ဖြစ်ရပေမည်။
သူသည် နတ်ဘုရားနန်းတော်အတွင်းမှ ထိုထူးခြားသည့် ပုဂ္ဂိုလ်များ ထိုအကြောင်း ပြောနေသည်ကို အနည်းငယ် ကြားသိခဲ့သော်လည်း ထိုသို့ မတူညီသောအဆင့်များ ရှိနေသည်ကို သူတို့ မပြောဖူးခဲ့ကြပေ။
သတ္တမဝရိန် သည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း သူ၏ နတ်ဝင်ရိုးကို ဖွဲ့စည်းခဲ့သည်။ သူ ယူလိုက်သည့် နတ်လက်နက်က သူ့ကို ဤအခွင့်အရေး ရစေခဲ့ပြီး ထို့ကြောင့်ပင် သူက ရတနာ အဆင့် နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် သူ၏ နတ်ဝင်ရိုးမှာ နတ်ဘုရားအဆင့် မဟုတ်ဘဲ ချို့ယွင်းချက်ရှိနေဆဲပင် ဖြစ်သည်။
ရီဖူရှင်းသည် သတ္တမဝရိန် က သူ၏ နတ်ဝင်ရိုးဖြင့် တိုက်ခိုက်လျှင် မည်သို့ ဖြစ်မည်ကို သိချင်နေပေသည်။
သူက မပြောနိုင်ပေ။ ထိုသည်မှာ သတ္တမဝရိန် ၏ ကိုယ်ပိုင် ကျင့်ကြံရေးလမ်းစဥ်ဖြစ်ပြီး သူတို့၏ ခင်မင်မှုက နက်ရှိုင်းခြင်းမရှိသေးပေ။ သူတို့က သေခြင်းရှင်ခြင်းကိစ္စကို သာမန်ကိစ္စကဲ့သို့ ပြောဆိုနိုင်ခြင်း မရှိချေ။
နောက်ဆုံး၌ အင်အားစုတိုင်းသည် နတ်လက်နက်သုံးခုစီ ရွေးချယ်ပြီးခဲ့ပြီဖြစ်သော်လည်း သူတို့က ထို့ထက်ပို၍ လိုချင်နေကြသည်။ သူတို့သည် သုံးခုနှင့် မလုံလောက်ဟု ခံစားနေရပြီး ထွက်သွားရမည်ကို မသွားလိုကြပေ။
“ကျုပ်တို့ ကလန်က လူတွေအတွက် နည်းနည်းလောက် ပိုပေးလို့မရနိုင်ဘူးလား။” သောကျောက်က မရဲတရဲမေးလိုက်သည်။
“ခုနက ဟာတွေက မင်းတစ်ယောက်တည်းအတွက် ရွေးထားတာလား။” ရီဖူရှင်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူတို့က အလွန် အရှက်မဲ့လှသည်။
သောကျောက်က ကိုးယို့ကားယား ပြုံး၍ ပြောလိုက်သည်။ “ငါက သောကလန်ရဲ့ အရေးပါဆုံး ဂျူနီယာလေ။ တစ်နေ့မှာ ငါက ခေါင်းဆောင် ဖြစ်လာလိမ့်မယ်။”
ရီဖူရှင်းသည် အချို့သော ရှုထောင့်များနှင့် သူနှင့် သောကျောက် မညီမျှဟု ခံစားလိုက်ရသည်။
သူက အခြားသူများကို ကြည့်လိုက်လျှင် သူတို့၏ မျှော်လင့်တကြီး အကြည့်တို့ကို မြင်လိုက်ရသည်။
“ကောင်းပြီလေ။ အင်အားစု တစ်ခုစီကို နောက်ထပ်နှစ်ခု ရွေးခွင့်ထပ်ပေးမယ်။ ချီရှောင်းနတ်တောင်နဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင်က အားအင်ကို ဖြုန်းတီးခဲ့လို့ ထပ်မရတော့ဘူး။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ချီရှောင်းနတ်တောင်သည် တွေဝေနေခဲ့ပြီး နောက်ဆုံးကျမှ သူတို့နှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။ ထပ်၍ ပြောရလျှင် သူတို့က အားအနည်းဆုံး ပြိုင်ဘက်များ ဖြစ်သည့်အတွက် သစ္စာရှိမှုက မလုံလောက်ခဲ့ပေ။ ယခုတွင် သူတို့က မဟာမိတ်များ ဖြစ်နေသော်လည်း ထွက်သွားခဲ့ပြီးနောက် ရန်သူဖြစ်မလား မိတ်ဆွေဖြစ်မလား ဟူသည်မှာ မည်သူသိနိုင်မည်နည်း။ သူက သူတို့ကို အကြွင်းမဲ့ ယုံကြည်မထားနိုင်ပေ။
ဗြဟ္မာ့သန့်စင်ကောင်းကင်သည်တော့.....
ချင်းဟယ်က သူ့ကို အပြုံးနှင့်ကြည့်လိုက်ပြီးနောက် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ “ကျွန်မကို တကယ်ပဲ အဲဒီလိုရက်စက်တော့မှာလား သခင်လေးရီ”
“ခွင့်လွှတ်ပါ နတ်မိမယ်ချင်း။ ခင်ဗျား နတ်လက်နက်တွေကို ကိုယ့်အတွက်ကိုယ် သိမ်းထားနိုင်ပါတယ်။ တကယ်လို့ ဗြဟ္မာ့သန့်စင်ကောင်းကင်က လိုချင်တယ်ဆိုရင် အရှင်မက ကျွန်တော့ကို မေးလာတဲ့အခါ ကျွန်တော် ကျိန်းသေပေးလိုက်မှာပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။ ဤကိစ္စနှင့် ပတ်သတ်ပြီး သူ့တွင် အခြားသော ရည်ရွယ်ချက်များ ရှိနေသည်လား။
ချီရှောင်းနတ်တောင်မှ လူများ၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့က မည်သည့်စကားမှမဆိုသော်လည်း မကျေမနပ် ဖြစ်နေကြသည်။
သို့သော် အခြားသော အင်အားစုများအားလုံးက အတော်လေး ပျော်ရွှင်နေကြ၏။ သူတို့သည် ဤဖြစ်ရပ် အလှည့်အပြောင်းကို ကြိုက်နှစ်သက်ကြပုံ ရသည်။
အမှန်တွင် ရီဖူရှင်းသည် အစကတည်းကပင် အင်အားစုအားလုံးကို နတ်လက်နက် ငါးခုစီပေးရန် ရည်ရွယ်ထားပေသည်။
မကြာမီ၌ အင်အားစုများက ပစ္စည်း နှစ်ခုစီထပ်၍ ရွေးချယ်ပြီးသား ဖြစ်ခဲ့သည်။ ရီဖူရှင်းက ကျယ်ပြောလှသည့် ခန်းမအတွင်း လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် ပိတ်ပင် တားဆီးထားသည့် နေရာကို ရှာတွေ့ခဲ့သည်။ တံခါးသည် ခန်းမ၏ တစ်ဖက်ခြမ်းကို တားဆီးထားခဲ့သည်။
တံခါး၏ ရှေ့တွင် ရွှေရောင်အလင်းများ တောက်ပနေသည့် ပုလဲတစ်လုံး ရှိလေသည်။ ခန်းမအတွင်းမှ အလင်းများအားလုံးက ၎င်းထံ စုစည်းလာနေပြီး မရေတွက်နိုင်သည့် အလင်းလှိုင်းများ ဖြစ်တည်နေသည်။
သိသာစွာပင် နတ်ဘုရားအမွေအနှစ်က ဤနေရာ၌ အဆုံးသတ်မသွားသေးပေ။ ဤတံခါး၏ အလွန်တွင် နယ်မြေများရှိနေသေးသည်။
***