အခန်း (၇၀)
Vol. 5 Ch. 70
သူတစ်ယောက်တည်း ဒဏ်ရာရသူ ၂၉ ဦးကို ရင်ဆိုင်နေရသည်။ ထိုအထဲတွင် အမည်းရောင် အမှတ်အသားပြုထားသူ နှစ်ဦးမှာ အသက်ရှူရပ်ကာ နှလုံးခုန်ရပ်သွား၏။ အနီရောင် အမှတ်အသားပြုထားသူ သုံးဦးမှာ နှလုံးခုန်သံရှိသော်လည်း သတိမေ့နေပြီး ချက်ချင်း ကယ်ဆယ်ရန် လိုအပ်သည်။ အဝါရောင် အမှတ်အသားပြုထားသူ ငါးဦးမှာ ချက်ချင်း အသက်အန္တရာယ် မရှိသော်လည်း လျင်မြန်စွာ ကုသရန် လိုအပ်သည်...
ငါ အကူအညီ လိုအပ်နေပြီ
စစ်နတ်ဘုရားကျောင်းတော်မှာ ခွဲစိတ်မှုအတွက် ယာယီစုဆောင်းထားတဲ့ အကူအညီမျိုး မဟုတ်ဘူး။ အတွင်းလူနာဌာန၊ ခွဲစိတ်ဌာန၊ မေ့ဆေးဆရာဝန်၊ ရောဂါရှာဖွေရေး၊ ဓာတ်မှန်ဌာန၊ သူနာပြုတွေ…. ဆိုရိုးစကားအတိုင်း ပြောရရင် အပြည့်အစုံ ပညာတတ် ဆေးဘက်ဆိုင်ရာအဖွဲ့ တစ်ခုလုံး လိုအပ်တယ်။
ဂါရက် တစ်ခါတည်း ကုသပေးနိုင်သည့် မှော်ပညာကို ထုတ်သုံးနိုင်ရင် ကောင်းမည်ဟု ဆုတောင်းလိုက်မိတယ်။
အလင်းတန်းတွေ ပက်ဖျန်းလိုက်ပြီး လူတိုင်း ပျောက်ကင်းပြီး ပြန်လည်အသက်ဝင်လာကြရင်ပေါ့။
ဒါပေမဲ့ ဒီလိုအရာတွေကို အွန်လိုင်းပုံပြင်တွေထဲမှာပဲ မြင်ဖူးတယ်ဆိုတာ ဘေးဖယ်ထားဦး၊ ဒီကမ္ဘာမှာ တကယ်ပဲ ရှိခဲ့ရင်တောင် သူ ထုတ်သုံးနိုင်လောက်တဲ့ အဆင့်မှာ မဟုတ်သေးဘူး။
ဒါဆို ဘာလုပ်ရမလဲ။
ဆရာဝန် ဆိုတဲ့ ငါ့ရဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းပြီး လူနာတွေကို တတ်နိုင်သမျှ များများ ကယ်တင်နိုင်ဖို့ ငါဘာလုပ်နိုင်မလဲ။
ဂါရက် အသက်ပြင်းပြင်း နောက်တစ်ကြိမ် ရှူလိုက်သည်။ အရေးပေါ်ဌာနတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ခြင်းက သူ့ကို လျင်မြန်စွာ စိတ်တည်ငြိမ်စေပြီးနောက် မြင်ကွင်းကို စစ်ဆေးကြည့်လိုက်သည်။
သူ့အကြည့်က သတိမေ့နေသည့် လူနာများရှိသော အနီရောင်ဇုန်မှ ညည်းညူအော်ဟစ်နေကြသည့် အဝါရောင်ဇုန်သို့ ရွေ့သွားသည်။ ပြီးတော့ ကယ်ဆယ်နိုင်ခြေရှိသည့် သို့မဟုတ် ကယ်တင်ရန် ခက်ခဲနေပြီဖြစ်သော အမည်းရောင်ဇုန်ကို ကြည့်လိုက်သည်။ ခဏတာမျှ သူ နှစ်ပိုင်းကွဲသွားသလို ခံစားလိုက်ရသည်။
တစ်ဝက်ကတော့ ဂရုဏာစိတ်ရှိပြီး လူနာအားလုံးကို ကယ်ဆယ်ရန် ဘာမဆိုလုပ်လိုစိတ်ရှိသောအပိုင်းဖြစ်ပြီး နောက်တစ်ဝက်ကတော့ တည်ငြိမ်ပြီး အေးတိအေးစက်ဖြင့် ကယ်ဆယ်မှု အစီအစဉ်နှင့် အောင်မြင်နိုင်ခြေကို အကဲဖြတ်နေသောအပိုင်းပင်။
ဘယ်သူ့ကို အရင် ကယ်ဆယ်ရမလဲ။
ဘယ်သူ့ကို လက်လွှတ်ရမလဲ။
အသက်တွေကို အရင် ကယ်ပြီးမှ ရောဂါဝေဒနာတွေကို ကုသရမယ်။
အရေးပေါ်ဆရာဝန်တွေက တစ်ယောက်တည်း အလုပ်မလုပ်ကြသလို တစ်ဦးတည်းသော သူရဲကောင်းအဖြစ် မဆောင်ရွက်ကြပါဘူး။
သို့သော် ယခု ထိုနေရာမှာ ဘုရားကျောင်းအသီးသီးက ဘုန်းတော်ကြီးများသာ ရှိသည်။
ဒဏ်ရာရသူ ၂၉ ဦးထဲက ဘယ်သူက အန္တရာယ်အရှိဆုံးလဲ။ ဘယ်သူက ဂရုမစိုက်ဘဲ ထားလိုက်ရင် ချက်ချင်းသေဆုံးနိုင်လဲ၊ ဘယ်သူက အနည်းဆုံး တစ်နာရီလောက် ဆွဲဆန့်ထားလို့ ရလဲ။
ဂါရက် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။ ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး အစိမ်းရောင်ဇုန်ရှိ ဒဏ်ရာရသူများထံ အာရုံစိုက်လိုက်သည်။
"သူတို့ တစ်ယောက်စီကို ရေနွေးတစ်ခွက်စီ ပေးပါ၊ သကြားနည်းနည်းထည့်ပါ။ ဆားနည်းနည်းထည့်ပါ။ ဟိုဘက်မှာ ထိုင်ခိုင်းပြီး သောက်ခိုင်းပါ။ ဘုန်းတော်ကြီးတွေ မကြာခင် ရောက်လာတော့မယ်လို့ ပြောလိုက်ပါ"
"ကျွန်တော် ရောက်ပြီ"
စကားမဆုံးမီ ဘုန်းတော်ကြီးတစ်ပါးက ပြေးဝင်လာသည်။ ဂါရက် သူ့ကို မှတ်မိလိုက်သည်၊ သူ ဒီရောက်ပြီးကတည်းက အကူအညီပေးခဲ့ဖူးသည့် ဂျွန်နှင့် တန်းတူနီးပါးရှိသော စစ်နတ်ဘုရားကျောင်းတော်မှ တပည့်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ လူငယ်ဘုန်းတော်ကြီးက ပတ်ပတ်လည် ကြည့်ပြီး အလျင်အမြန် ပြေးလာသည်။
"ဂါရက် ကျွန်တော် ဘာကူညီရမလဲ"
"မင်းနဲ့ ဂျွန်က အဝါရောင်ဇုန်ကို သွားကြ"
ဂါရက်က ပြန်အော်လိုက်သည်။
"သွေးထွက်မရပ်နိုင်တဲ့ လူနာတွေကို ဂရုစိုက်ပါ။ တတ်နိုင်ရင် ရပ်အောင်လုပ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ သင်ပေးထားတယ်"
"ဟုတ်ကဲ့"
လူငယ်ဘုန်းတော်ကြီးက လှည့်ထွက်သွားသည်။ ဂါရက်က သူ့နောက်မှ လှမ်းခေါ်လိုက်သည်။
"ကျန်တဲ့သူတွေရော"
"မသိဘူး လမ်းပေါ်မှာ တွေ့တာ"
ပင်မအင်အားစု စစ်မြေပြင်ကို မည်မျှကြာမှ ရောက်မည်ဆိုတာ မည်သူမျှ မသိနိုင်ပေ။ ဂါရက် ပခုံးတွန့်လိုက်ပြီး အဝါရောင်ဇုန်ကို လျင်မြန်စွာ ဖြတ်သန်းကာ သွေးထွက်တာ အခြေအနေကို စစ်ဆေးသည်။
ကံကောင်းစွာဖြင့် သူဘက်မှာ ရှိနေသည်။ မြို့စောင့်တပ်သားများသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမရှိသော်လည်း အမိန့်များကို ကောင်းစွာ လိုက်နာကြသည်။ သူ အမှတ်အသားလုပ်ထားသည့် နေရာတိုင်းတွင် သွေးတိတ်ပတ်တီးများ ပတ်ထားကြသည်။ ပိုပြီး ကံကောင်းသည်မှာ ဒဏ်ရာရရှိသူများကို ခိုလှုံရာနေရာသည် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်နေပြီး ဆိုင်ပိုင်ရှင်က မီးဖိုချောင်တွင် ရေနွေးပြင်ဆင်ရင်း အလုပ်ရှုပ်နေသည်။
အင်း... ဒီလိုဆိုရင် နောက်မှ ခွဲစိတ်ဖို့ လိုအပ်လာရင်တောင် ခွဲစိတ်ကိရိယာတွေကို ပိုးသတ်လို့ ရပြီပဲ...
ဂါရက် စဉ်းစားရင်း ဆက်လက်လှုပ်ရှားကာ အနီရောင်ဇုန်ဆီသို့ တည့်တည့်သွားလိုက်သည်။
အနီရောင်ဇုန်မှာ လူနာသုံးဦးသာ ရှိသည်။
ခေါင်းဒဏ်ရာမှ သွေးထွက်နေသည့် လူငယ်တစ်ဦးမှာ သွေးထွက်နေခ့င်း ရပ်တန့်သွားပုံရပြီး ဒဏ်ရာမရှိသည့် ဖြူဖျော့သောမျက်နှာနှင့် ကွေးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး (အထူးသဖြင့် ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဒဏ်ရာပွန်းပဲ့ရာများစွာရှိသည်) နှင့် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး အသက်ရှူရခက်ခဲနေသည့် အဘိုးအိုတစ်ဦး (ခြေထောက်များ နေရာများစွာ ကျိုးပဲ့နေသည်) တို့ကို ဂါရက် မြင်တွေ့လိုက်ရသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် အရေးပေါ်ဌာန ဒုတိယညွှန်ကြားရေးမှူးဟောင်းက သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပြီးသား ဖြစ်သည်။
လူငယ်: ဦးခေါင်းဒဏ်ရာကို အထူးသံသယရှိသည်။ လေလမ်းကြောင်းပွင့်နေအောင် ထိန်းသိမ်းရန်နှင့် အရေးကြီးသောလက္ခဏာများကို စောင့်ကြည့်ရန် အာရုံစိုက်ရမည်။
သတ်လတ်ပိုင်းအရွယ် အမျိုးသမီး: ပြင်းထန်သော အတွင်းပိုင်းဒဏ်ရာများကို အထူးသံသယရှိသည်။ ဝမ်းဗိုက်ထိုးဖောက်စစ်ဆေးခြင်း၊ အာထရာဆောင်း၊ CT စကင် သို့မဟုတ် ခွဲစိတ်မှုပြုလုပ်ရန် အကြံပြုလိုသော်လည်း…..
ထိုသို့အခြေအနေများ တစ်ခုမျှ မရှိပေ။ စီမံထားသော အစီအစဉ်များပင် ပျက်ကုန်သည်။
အဘိုးအိုက အရိုးကျိုးခြင်းကြောင့် သွေးကြောမကြီးများ ပေါက်ပြဲခြင်းဖြစ်နေမည်ကို သံသယရှိနေခြင်းပင်။ ချက်ချင်း သွေးတိတ်အောင် ထိန်းချုပ်ရန် အကြံပြုလိုက်သည်။
ဂါရက်၏ လျင်မြန်သော အကဲဖြတ်မှုက အရေးပေါ်အခြေအနေကို ချက်ချင်း ခွဲခြားလိုက်သည်။ ခေါင်းနှင့် ဝမ်းဗိုက်ဒဏ်ရာများသည် လက်ရှိ ဆေးဘက်ဆိုင်ရာ စွမ်းဆောင်ရည်၏ အတိုင်းအတာထက် ကျော်လွန်နေပြီး ပိုမိုအစွမ်းထက်သည့် ဘုန်းတော်ကြီးများ လိုအပ်နိုင်သည်။ သို့သော် သွေးကြောမကြီးများမှ ပြင်းထန်စွာ သွေးထွက်ခြင်းကမူ သူ၏ ကျွမ်းကျင်မှုနယ်ပယ်ပင်။
"မင်း"
သူ ပထမဆုံး လူငယ်ဘေးက စေတနာ့ဝန်ထမ်းကို ကြည့်လိုက်သည်။
"သူ့ခေါင်းကို တစ်ဖက်စောင်းပြီး စောင်းထားလိုက်ပါ။ သူ အန်ချင်ရင် ချက်ချင်း အန်ခိုင်း။ လည်ချောင်းမနင်စေနဲ့။ လိုအပ်ရင် သူ့ပါးစပ်ကို ဖွင့်ပြီး ရှင်းထုတ်။ နားလည်လား"
စေတနာ့ဝန်ထမ်း ခေါင်းညိတ်လိုက်သည်။ ဂါရက်က သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကို စကားမပြောဘဲ ကြည့်လိုက်သည်။ နောက်ဆုံးတော့ အဘိုးအိုဆီ အလျင်အမြန်သွားရင်း တစ်ချိန်တည်းမှာပင် အသံကျယ်ကျယ်ဖြင့်
"ဓားချွန်တစ်ချောင်း ယူလာခဲ့ ပိုပါးပြီး ပိုမြန်တဲ့ဟာ"
"ဒီမှာ"
မြို့စောင့်တပ်သားတစ်ဦးက သူ့ကို ဓားတစ်ချောင်း ချက်ချင်း ကမ်းပေးလိုက်သည်။ ဂါရက်က ပိုးသတ်ခြင်းကိုတောင် ဂရုမစိုက်ဘဲ အရိုးကျိုးသည့်နေရာတွင် ခွဲစိတ်လိုက်သည်။
"အားးး"
အဘိုးအို အော်ဟစ်လိုက်သည်။ ဂါရက် မျက်မှောင်ကြုတ်လိုက်သည်။ ပြင်းထန်သည့် နာကျင်မှုက အဒရီနာလင်ကို လှုံ့ဆော်ပြီး သွေးပေါင်ချိန်ကို လျင်မြန်စွာ မြှင့်တင်မည်ဖြစ်ရာ နှလုံးရပ်တာ၊ ဦးနှောက်သွေးကြောပေါက်တာ၊ နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်သည်။
ဒီလောက် ကံဆိုးမိုးမှောင်ကျနိုင်သလား။
ဘယ်လောက်ပဲ ကံဆိုးမိုးမှောင်ကျကျ အရေးမကြီးဘူး။ မေ့ဆေး မရှိရင် မှော်ပညာ ဒါမှမဟုတ် မြင့်မြတ်တဲ့ပညာရပ်တွေနဲ့ မေ့ဆေး ပေးလို့မရရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။
ဂါရက် အံကြိတ်လိုက်ပြီး သွေးကြောပြတ်နေသည့် အစွန်းပိုင်းကို အလျင်အမြန် ဖြတ်လိုက်သည်။ ထို့နောက် ကုသခြင်းဆိုင်ရာ မှော်ပညာကို ပစ်လွှတ်လိုက်သည်။ ချုပ်ရန် နည်းလမ်းမရှိသောကြောင့် ကြည့်နေဖို့ အချိန်မရှိပေ။ ကုသမှုတစ်ခုတည်းသာ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
သွေးကြောကို သူ့ဘာသာ ပိတ်သွားပါစေ။ ကျန်တာကို အရိုးဆက်တဲ့အခါမှ ရှင်းမယ်။
ခွဲစိတ်ဆရာဝန် ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ပါး၏ ရှုထောင့်မှကြည့်လျှင် ဤနည်းလမ်းက တော်တော်လေး ထူးဆန်းသည်။ သို့သော် ဂါရက်က ဒါကို ထည့်တွက်နေဖို့ အချိန်မရှိတော့ပေ။ အသက်များကို ကယ်တင်တာထက် ဘာမှ ပိုအရေးမကြီးပေ။ သူ၏ဓားက လျင်မြန်စွာ လှုပ်ရှားပြီး သွေးကြောမကြီး အတော်များများကို ဆက်တိုက် ရှင်းလင်းလိုက်သည်။ အပြင်မှာ မိုးခြိမ်းသံကဲ့သို့ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ဘုန်းတော်ကြီးနှစ်ပါး ထပ်ရောက်လာသည်။
"ဂါရက် ကျွန်တော်တို့ ဘာများ ကူညီပေးရမလဲ"
တစ်ဦးက အနီရောင်နှင့် အဝါရောင် အစင်းကြောင်းပါသည့် ဂါဝန်ရှည် ဝတ်ထားပြီး နောက်တစ်ဦးက အညိုနုရောင် အင်္ကျီ ဝတ်ထားသည်။ နှစ်ဦးစလုံး ခေါင်းတွင် ပန်းကုံးများ ပန်ထားကြသည်။ သဘာဝနတ်ဘုရားများကို ကိုးကွယ်သူများပင်။
ဂါရက် မျက်လုံးများ တောက်ပသွားတော့သည်။
"ဂျိုအန်နာ အန်ထော်နီ ခင်ဗျားတို့ ရောက်လာတာ အချိန်ကိုက်ပဲ"
ဤနှစ်ဦးကို လဆန်းည အစည်းအဝေးပွဲတွင် သူ တွေ့ခဲ့ဖူးသည်။ အမျိုးသားက အဆင့် ၃၊ အမျိုးသမီးက အဆင့် ၄ဖြစ်ပြီး နှစ်ဦးစလုံးက သူ့ထက် အဆင့်တစ်ဆင့်စီ ပိုမြင့်ကြသည်။ ဂါရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ဂျိုအန်နာ မင်းရဲ့ သိမ်းငှက် ဘယ်မှာလဲ။ အကူအညီတောင်းဖို့ လွှတ်လို့ရမလား။ ငါတို့ ဘုန်းတော်ကြီးတွေ လိုအပ်တယ်။ ဘုန်းတော်ကြီးတွေ အများကြီး…. မင်း ပြီးတာနဲ့ အနက်ရောင် မှတ်ထားတဲ့ နှစ်ယောက်ကို စစ်ဆေးပေး။ သူတို့ အသက်မရှိတော့ဘူးဆိုရင် လာကူညီပေး"
"ဟုတ်ကဲ့"
ဂျိုအန်နာ လှည့်ထွက်သွားသည်။ လျှောက်သွားရင်း သူမ ဂါဝန်မှ အနီရောင်အဝတ်စတစ်ပိုင်းကို ဆုတ်ဖြဲလိုက်သည်။ ခဏအတွင်းမှာပင် အပြင်မှာ သိမ်းငှက်အော်သံ ထွက်ပေါ်လာသည်။ ဂျိုအန်နာက အနီရောင်အဝတ်စကို သိမ်းငှက်ခြေသည်းတွင် ချည်နှောင်လိုက်ပြီး သိမ်းငှက်အမွေးများကို ပွတ်သပ်လိုက်သည်။
"ကောင်းတဲ့ ကလေး နိမ့်နိမ့် ပျံ…လေထဲမှာ ဝိုင်းပြီး ပတ်ပါ။ လူတိုင်း မြင်အောင်ပြနော် ပြီးတော့ သူတို့ကို လမ်းညွှန်ပေး။ လူတိုင်းကို ခေါ်လာဖို့ မင်းအပေါ် မူတည်တယ်"
သူမက သူ၏အဖော်ကို လေးလေးနက်နက် ညွှန်ကြားလိုက်သည်။ အန်ထော်နီက အနက်ရောင်ဇုန်သို့ အပြေးအလွှား ရောက်နှင့်နေပြီး ဒဏ်ရာရရှိသူများကို စစ်ဆေးနေသည်။ မကြာခင်မှာပင် သူ အော်ပြောသည်။
"ကောင်မလေးက အသက်ရှင်နေတုန်းပဲ"
မကြာခင်မှာပင် သူ ထပ်ပြောလိုက်သည်။
"နောက်တစ်ယောက်ကလည်း အသက်ရှူနေတုန်းပဲ"
"သူတို့အသက်ကို ထိန်းထား။ ငါ ချက်ချင်းရောက်လာတော့မယ်"
ဂါရက်က ပြန်အော်လိုက်သည်။ သူသည် အဘိုးအို၏ ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နေသည်။ အပြင်ဘက်တွင် ခြေသံများ မြန်လာပြီး ဘုန်းတော်ကြီးသုံးပါး ထပ်ရောက်လာသည်။
"ဒဏ်ရာရသူတွေ ဘယ်မှာလဲ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ"