အခန်း (၅၇)
Vol. 5 Ch. 57
ဂါရက်၏ နေ့ရက်များမှာ ယာယီအားဖြင့် တည်ငြိမ်အေးချမ်းလာခဲ့သည်။
သူသည် မှော်ဆရာမျှော်စင်ထဲတွင် တိတ်ဆိတ်စွာ နေထိုင်ရင်း စာဖတ်ပြီး မှော်အတတ်များကို မှတ်သားကာ မှော်ပညာများကို လေ့လာနေခဲ့သည်။ နှစ်ရက်အကြာတွင် မီးစာလုံးပေါင်းကို တတ်မြောက်ခဲ့ပြီး နောက်ထပ်နှစ်ရက်ကြာသောအခါ မှော်လက်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။
နောက်ရက်များတွင်တော့ တရားထိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး မှော်လက်၏ ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ခဲ့သည်။
ဒါပေမဲ့ အရေးအကြီးဆုံးကတော့...
သူသည် နေ့တိုင်း လူ့ခန္ဓာကိုယ်ထဲမှ အရိုးများကို မြင်နိုင်သည့် မှော်ဆန်သော အလင်းတန်းကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာ ကြိုးစားရင်း ထောက်လှမ်းရေးစာလုံးပေါင်း ကို သုံးကြိမ်ရွတ်ဆိုရန် အခွင့်အရေးများ ရှာဖွေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လခွဲ ကုန်ဆုံးသွားခဲ့သည်။ ဂါရက်ကို စစ်နတ်ဘုရားဘုရားကျောင်းသို့ ထပ်မံခေါ်ဆောင်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင်တော့ ဘုန်းတော်ကြီးများနှင့် သူရဲကောင်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဤလောက၌ မကြုံစဖူး ခွဲစိတ်မှုတစ်ခုကို သူ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ထိုခွဲစိတ်မှုမှာ ညာဘက်လက်ကောက်ဝတ်၏ အရိုးဘက်ခြမ်းမှ ကြွက်သားအရွတ်များကို ချုပ်ခြင်းပင်။
သူသည် နာရီဝက်ကြာ ပေါင်းခံပြီး မကြာသေးမီကမှ အခြောက်ခံထားသော ယာယီခွဲစိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အူများမှ ပြုလုပ်ထားသော လက်အိတ်များကို ဝတ်ဆင်ထား၏။
အကူအညီပေးသူများက သူ့မျက်နှာချင်းဆိုင်တွင် ရပ်နေကြပြီး တစ်စုံတစ်ယောက်က ဘေးမှ ကိရိယာများကို ကမ်းပေးနေသည်။
အပေါ်ဘက် တစ်မီတာကျယ်သည့် အဝိုင်းပြားထဲမှ အဖြူရောင်အလင်းများ ပြန့်ကျဲစွာ ထွန်းလင်းနေသည်။ ပိုမို အနီးကပ်ကြည့်လိုက်သောအခါ သူတို့အားလုံးသည် ဘုန်းတော်ကြီးများက ထိုနေရာတွင်ပင် မှော်ပညာဖြင့် ဖန်တီးထားသည့် အလင်းရောင်ပေးသော မှော်အတတ်များ ဖြစ်သည်...
ဒါက ခွဲစိတ်မှုရဲ့ ပုံစံပဲ။
တောထဲတွင် လုပ်သည့် ကြမ်းတမ်းသော ဝမ်းဗိုက်ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်လျှင် ခြားနားမှုက ကြီးမားလွန်းပေသည်။
မှန်ကန်သော နေရာ၊ မှန်ကန်သော အချိန်တွင် ရှိနေခြင်းက တကယ်ပင် ပိုမိုကောင်းမွန်ပေသည်။
ဂါရက်က ဘုရားကျောင်း၏ လေကို ပျော်ရွှင်စွာ ရှူရှိုက်လိုက်သည်။
အနံ့ကတော့ သိပ်မကောင်းဘူး။ လူတွေကလည်းအရမ်းများပြီး သူတို့ရဲ့ ကိုယ်နံ့တွေကလည်း အရမ်းပြင်းတယ်….
စစ်နတ်ဘုရားဘုရားကျောင်းမှ ဘုန်းတော်ကြီးများ၊ ဘုန်းတော်ကြီး အလုပ်သင်များ၊ အတွေ့အကြုံရှိပြီး စူးစမ်းလိုစိတ်ရှိသော သူရဲကောင်းများသည် သူ့ကို ကူညီပေးရုံသာမက ခန်းမထဲသို့ ပြုံတိုးဝင်လာကြသည်။ သူတို့သည် ကုလားထိုင်များ၊ စားပွဲများ၊ ခုံပုလေးများကို ပုံပြီး ယူလာကြသည်။ သူတို့သည် ခွဲစိတ်ခန်းသုံး စားပွဲကို အလယ်မှ အပြင်ဘက်သို့၊ အောက်မှ အပေါ်သို့ စက်ဝိုင်းသုံးထပ်ပုံစံဖြင့် ဝိုင်းရံထားကြသည်။
သူတို့သည် ခွဲစိတ်မှုကို မြင်ရရန် ခက်ခက်ခဲခဲနှင့် ပြုံတိုးကာ ဝိုင်းရံနေသည်ကို မြင်သောအခါ ဂါရက်က ပြောချင်သည်မှာ
"ကျေးဇူးပြုပြီး မလဲကျပါစေနဲ့။ တကယ်လို့ လဲကျမယ်ဆိုရင်လည်း ခွဲစိတ်စားပွဲပေါ်ကို မကျစေပါနဲ့။ပြီးတော့ ကျွန်တော့်ခွဲစိတ်မှုကို မနှောင့်ယှက်ပါနဲ့..."
သိုသော် လူတိုင်းကိုတော့ ဝင်ခွင့်မပြုခဲ့ပေ။ ဆာဖလင်း၊ ဆာဝက်စ်လိုနှင့် ဘာရွန်၏ အခြားသူငယ်ချင်းများကတော့ ခန်းမအပြင်ဘက်သို့ ထွက်နေရပြီး သူတို့လည်ပင်းများကို ဆန့်ကာ မြင်ကွင်းကို ဖမ်းယူရန် ကြိုးစားနေကြသည်။
ဆာဖလင်းက အော်ပြောလိုက်သည်။
"ဂါရက်လေးရေ ကျေးဇူးပြုပြီး…."
"စလုပ်ပြီ"
ဂါရက်က ပြန်လည်အော်ဟစ်လိုက်သည်။ အရေပြားကို ပြင်ဆင်ခြင်း၊ ပြင်းသောအရက်ဖြင့် ပိုးသတ်ခြင်း၊ သွေးတိတ်ကြိုး ချည်နှောင်ခြင်း ဤအရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ပြီး ခေါင်းပြောင်နေသော ဘုန်းတော်ကြီးအား ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်နှစ်ဖက်ကို ယှက်ကာ ဘုန်းတော်ကြီးက ဆုတောင်းစကားဆိုလိုက်သည်။
"အနန္တတန်ခိုးရှင် စစ်နတ်ဘုရား ကိုယ်တော်၏ သစ္စာရှိသူများကို သနားတော်မူပါ၊ သူတို့ နာကျင်ခြင်းမှ ကင်းဝေးပါစေ..."
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဖြူရောင် အလင်းများ စုစည်းထားသည့် ဇယားကွက်တစ်ခုက သူရဲကောင်း ဘာရွန်ကို ခွဲစိတ်စားပွဲတွင် ဖမ်းချုပ်လိုက်သည်။ သူရဲကောင်း၏ ဦးခေါင်းက စောင်းသွားပြီး ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ဂါရက်: "..."
“စကေးတွေ ကြမ်းလိုက်တာဗျာ”
သူသည် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်သော်လည်း သူ တကယ်ပင် မေးမြန်းချင်မိသည်။
ထိုအရာက ထုံဆေးလား၊ အိပ်မွေ့ချခြင်းလား သို့မဟုတ် မှော်ဆန်သည့် ဖမ်းချုပ်မှု တစ်မျိုးလား။
မည်သည့်နည်းလမ်းကိုပင် အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ သူတို့သည် အရင်က ဝက်များပေါ်တွင် စမ်းသပ်ထားပြီး ဖြစ်သည်။ ခွဲစိတ်နေစဉ်အတွင်း ဝက်သည် လုံးဝငြိမ်သက်နေပြီး မရုန်းကန်သလို ကြွက်သားများပင် မတင်းမာခဲ့ပေ။
လုံးဝကို ပြီးပြည့်စုံတယ်။
ဂါရက်က အနည်းငယ် စိုးရိမ်နေပြီး သူ၏ စိုးရိမ်စိတ်များကို ထုတ်ဖော်မပြောမီ ခေါင်းပြောင်သော ဘုန်းတော်ကြီးက ကျန်းမာသန်စွမ်းသည့် စေတနာ့ဝန်ထမ်း ဆယ်ဦးကျော်ကို ခေါ်လိုက်သည်။ သစ္စာရှိသော ဘာသာဝင်များသည် စမ်းသပ်ခံအဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိကြသည်...
ဘုရားသခင်ပေးသည့် မေ့ဆေး ကို အခြေခံပြီး ခွဲစိတ်မှု၏ အောင်မြင်နှုန်းမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း တိုးလာသည်။ ဂါရက်က နှစ်ဖက်စလုံးကို ပျော်ရွှင်စွာ ခေါင်းညိတ်ပြပြီး သူ့အကြည့်ကို အောက်ချကာ ခွဲစိတ်ဖြတ်တောက်မှုကို စတင်လိုက်သည်။
ကံတရားက သူ၏ ဘက်၌ ရှိနေခဲ့သည်။
အသစ်ချွန်ထားသည့် ခွဲစိတ်ဓားကြောင့်ဖြစ်စေ၊ ဘုရားသခင်ပေးသည့် မေ့ဆေးက အရေပြားခုခံအားကို လျှော့ချပေးသောကြောင့်ဖြစ်စေ၊ ဘာရွန်၏ လက်ကောက်ဝတ်မှ အရေပြားသည် ဓားအောက်၌ ချောမွေ့စွာ ကွဲထွက်သွားခဲ့သည်။
ဂါရက်က သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့။
အနည်းဆုံး အရေပြားကို လုံးဝ မဖြတ်နိုင်သည့် အဆင့်အထိတော့ မရောက်ခဲ့ပေ...
ထိုအဆင့်ကိုသာ ရောက်ခဲ့လျှင် ခေါင်းဆောင်ခွဲစိတ်ဆရာဝန် တစ်ဦးအနေဖြင့် သူ၏ ဂုဏ်သိက္ခာကို ဘယ်နားသွားထားရတော့မလဲ။
သို့သော် သူ့ကို ကူညီပေးနေသည့် ဘုရားကျောင်း သူရဲကောင်းများကတော့ ဘေးမှ အသင့်ပြင်ထားပြီးသား ဖြစ်သည်။
ခွဲစိတ်ရာမှ သွေးထွက်နည်းနည်းသာ ရှိသည်နှင့် ပတ်ဝန်းကျင်မှ အာမေဋိတ်သံလေးများ ထွက်ပေါ်လာသည်။
"အံ့ဩစရာပဲ"
"သွေးထွက်တာနည်းလိုက်တာ"
"ဘယ်လိုလုပ်လိုက်တာလဲ"
"ဟေ့ ပိုပြီး ပြောပြပါဦး" ဟု ခေါင်းပြောင်သော ဘုန်းတော်ကြီးက တိုက်တွန်းသည်။ သူ၏အသံက နှာခေါင်းစည်းအောက်မှ ထစ်အအ ထွက်ပေါ်လာပြီး မိုးခြိမ်းသံနှင့် တူသည်။ သူ၏ သြဇာကြီးမားသည့် ရာထူးကို ထည့်သွင်းစဉ်းစားပြီး ဂါရက်က သူ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ရင်း ဘေးမှကြည့်နေသူများကို ရှင်းပြလိုက်သည်။
"ခွဲစိတ်တဲ့ အနက်ကို ဂရုစိုက်ပါ။ အရေပြားကိုပဲ ဖြတ်ပြီး အောက်က ကြွက်သားတွေ၊ သွေးကြောတွေအထိ မရောက်ရင်တော့ သွေးထွက်နည်းတာက သဘာဝပဲ။ ချိတ်ကို ယူလိုက်။"
မရင်းနှီးသေးသည့် ဘုန်းတော်ကြီးနှစ်ပါးသည် တစ်ယောက်တစ်ချိတ်စီကို ကိုင်ကာ ရှေ့သို့ပြေးထွက်လာပြီး ခွဲထားသည့် အရေပြားကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်ကြသည်။ မှဲ့ခြောက်များရှိသော ဘုန်းတော်ကြီးဂျွန်သည် လူနာ၏ ခြေထောက်ရင်းတွင် ရပ်နေပြီး ဂါရက်၏ အချက်ပြမှုကို မစောင့်တော့ဘဲ ညှပ်တစ်စုံကို လှမ်းပေးလိုက်သည်။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်ကောင်းမွန်လှသည်။
သူတို့ကို ရက်အတော်ကြာ လေ့ကျင့်ပေးခဲ့ရခြင်းမှာ အကျိုးဖြစ်ထွန်းခဲ့ပြီပင်။
ဂါရက်က ညှပ်ကို ကျေနပ်စွာ ယူလိုက်ပြီး လူနာ၏ လက်မောင်းပေါ်မှ သွေးကြောများနှင့် အာရုံကြောများကို ရှောင်ရှားကာ နီရဲနေသည့် ကြွက်သားများကို စနစ်တကျ ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ တိတ်တဆိတ် ရေတွက်နေသည်။
တစ်၊ နှစ်၊ သုံး...
"အု..."
တွေ့လား တစ်ယောက်ယောက် အန်နေပြီ။
လာပါဦး မင်းတို့က စစ်နတ်ဘုရားဘုရားကျောင်းက လူတွေ မဟုတ်ဘူးလား။
ခွဲစိတ်တာကို ကြည့်တောင် မကြည့်နိုင်ရင် ဘယ်လိုလုပ် လူတွေကို ကယ်တင်မှာလဲ။
...ဤသို့ တွေးနေရင်း ဂါရက်သည် လူ့ခန္ဓာကိုယ်ကို ခွဲစိတ်သည့် အတန်းတွင် သူ၏ ပထမဆုံးအတွေ့အကြုံတုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်ခဲ့ရပြီး အန်ခဲ့ရသည်ကို လုံးဝ မေ့လျော့သွားခဲ့သည်...
ဂါရက်သည် တစ်ဖက်သို့ မျက်စောင်းထိုးကြည့်လိုက်သောအခါ တုံ့ပြန်မှုမရှိသည်ကို သတိထားမိသွားတော့သည်။ ထပ်မံကြည့်လိုက်ရာ ခေါင်းပြောင်နေသော ဘုန်းတော်ကြီး၏ ဦးခေါင်းက ဘေးဘက်သို့ လှည့်နေပြီး ပါးလွှာသော နှာခေါင်းစည်းအောက်မှ သူ့ပါးများ ဖောင်းနေသည်ကို တွေ့လိုက်ရသည်။
"ဟေး"
ဂါရက်က ညင်သာစွာ ခေါ်လိုက်သည်။ ဘုန်းတော်ကြီး၏ လည်မျိုရိုးက အကြိမ်ပေါင်းများစွာ လှုပ်ရှားသွားပြီး သူ တစ်ခုခုကို မျိုချလိုက်သကဲ့သို့ သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ နောက်ဆုံးတော့ သူ ခေါင်းထောင်လိုက်ပြီး မိုးခြိမ်းသံကဲ့သို့ အော်လိုက်သည်။
"အပြင်ထွက်ပြီး အန်ကြ"
ထိုအသံက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသည်။
ဂါရက် နောက်သို့ လှည့်မကြည့်ပေ။ အန်သည့်သူသည် စားပွဲမှ တိုက်ရိုက် စက်ဝိုင်းထဲမှ အပြင်သို့ ပစ်ထုတ်ခံလိုက်ရသကဲ့သို့ အသံမျိုး ကြားနေရသည်။
တကယ်ပဲ မင်းတို့ စစ်နတ်ဘုရားဘုရားကျောင်းက တော်တော်လေးကို အသည်းငယ်တတ်တာလား။
သူသည် သူ၏ ခွဲစိတ်မှုကိုသာ ဂရုတစိုက် ဆက်လက်လုပ်ဆောင်နေသည်။ သွေးကြောများနှင့် အာရုံကြောများကို ရှောင်ရှားပြီး ကြွက်သားတစ်ခုစီကို ချိတ်လိုက်သည်။ ထို့နောက် မှော်အတတ်များကို ရွတ်ဆိုရင်း မှော်လက်ကို ဘေးဘက်သို့ ဆွဲထုတ်ရန် အသုံးပြုလိုက်သည်။
သို့သော် မရွေ့ပေ။
မှော်ပညာ အခြေခံများအရ၊ မှော်လက် မှော်ပညာသည် ငါးပေါင်ထက် မပိုသော အရာများကို ရွှေ့ပြောင်းနိုင်သည်ဟု ဆိုထားသည်။ သို့သော် ယခုမူ ချိတ်ကို ဆွဲရန် လိုအပ်သော အင်အားက ထိုကန့်သတ်ချက်ကို ကျော်လွန်နေပုံရသည်။
ဂါရက်၏ အတွင်းစိတ်က အေးစက်စက် ချွေးပြန်လာသည်။ သူသည် ချိတ်များကို သူ့လက်ထောက်များအား ပေးလိုက်ပြီး ဆွဲရန် ညွှန်ကြားလိုက်သည်။ ထိုအတောအတွင်း သူဆက်လက်ရှာဖွေရင်း ကြွက်သားအတွင်း နက်ရှိုင်းစွာ ကျုံ့နေသော လက်ကောက်ဝတ်အဆစ်၏ ကြွက်သားအရွတ်ကို တွေ့ရှိခဲ့သည်။ထိုအရွတ်၏ အဖျားကို တစ်ရှူးညှပ် ဖြင့် ညှပ်လိုက်သည်။
အရာရာ အဆင်ပြေချောမွေ့နေခဲ့သည် ဂါရက် ပထမဆုံး အခက်အခဲနှင့် မကြုံတွေ့ချင်းပင်။
ဆွဲမယ်
ဆွဲမယ်
အယ်…. ငါ ဆွဲလို့လည်း မရဘူး…
ရင်ဘတ်ဖိအားလျှော့ချတုန်းက ရင်ဘတ်ကို မဖောက်နိုင်ခဲ့တာနဲ့ အတူတူပဲ၊ အခု အရွတ်ကို ဆန့်တုန်း ကြွက်သားကို ဆန့်လို့မရဘူးလား။
ဒီကမ္ဘာက သူရဲကောင်းတွေ တကယ်ပဲ ကိုယ်ကာယအား အဲဒီလောက် အားကောင်းတာလား။
ဟုတ်သားပဲ ကြွက်သားပြေလျော့မှု….ကြွက်သားပြေလျော့မှု လိုအပ်တယ်။
သို့သော်လည်း ဆေးဝါးမရှိသော ဤကမ္ဘာခြားနေရာတွင် ကြွက်သားပြေလျော့စေသော ဆေးဝယ်ရန် ငွေရှိလျှင်ပင် ဝယ်စရာနေရာမရှိပေ...
ဂါရက် မသိစိတ်ကပင် နောက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ယခင်ဘဝက အာရုံခံဆေးဆရာ ရှိသင့်သည့် ဦးတည်ရာတွင် စားပွဲများ၊ကုလားထိုင်များနှင့် သူတို့ပေါ်တွင် ရပ်နေသော ဘုန်းတော်ကြီးများသာ အလွှာလိုက် ရှိနေသည်။
တကယ်တမ်း အာရုံခံဆေးဆရာရဲ့ တာဝန်ကို ယူထားသူက...
ဂါရက် တစ်ခုခု စဉ်းစားမိလိုက်သည်။ ညှပ်၏ အလယ်ကို သူ့ညာလက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ဘယ်ဘက်လက်ကို လွှတ်လိုက်ကာ ညှပ်လက်ကို ထိပ်ပြောင်ဘုန်းတော်ကြီးအား ညွှန်ပြလိုက်သည်–။
"ဒါကို ကိုင်ပြီး နောက်ပြန်ဆွဲ။ ရပ်ခိုင်းတဲ့အခါ ရပ်။
တစ်၊ နှစ်၊ သုံး…
ဟေး…. ရပ် ရပ် ရပ် ရပ် ရပ်"
ဤဘုန်းတော်ကြီးသည် သူရဲကောင်းအဖြစ်ပါ နှစ်ထပ်ကွမ်း လုပ်နေရပြီပင်။
သူ လုံးဝမလှုပ်ရှားနိုင်ခဲ့သည့် လက်ကောက်ဝတ်အရိုး၏ ကြွက်သားအရွတ်ကို သူက ချက်ချင်း ဆန့်လိုက်သည်။
ဂါရက်က ချွေးစက်တစ်စက်ကို မသိမသာ သုတ်လိုက်သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ဘုန်းတော်ကြီး၏ အမိန့်တိုင်းသည် လုပ်ဆောင်မှုနှင့် ကိုက်ညီနေပြီး ဂါရက် အချက်ပြလိုက်သည်နှင့် ချက်ချင်း ရပ်တန့်သွားတော့သည်။ တစ်မီလီမီတာပင် ပိုမဆွဲပေ။ သူ၏ သန်မာသည့် လက်များက တည်ငြိမ်စွာဖြင့် ပြတ်တောက်နေသည့် အရွတ်၏ တစ်ဖက်စွန်းကို သေသေချာချာ ချိန်ညှိပြီး ပုံသဏ္ဌာန်ကို ပြုပြင်ကာ အစွန်းနှစ်ဖက်လုံးကို ပေါင်းစည်းလိုက်သည်။
ထို့နောက် သူ၏ ရင်ဘတ်ရှေ့တွင် သူ့လက်နှစ်ဖက်ကို မြှောက်ကာ သူ့လက်ဖဝါးများကို အပြင်ဘက်လှည့်ပြီး ခွဲစိတ်ဆရာဝန်၏ ကြိုတင်ပြင်ဆင်မှုပုံစံကို ယူကာ စိတ်ကို စုစည်းပြီး တိတ်တိတ်ဆိတ်ဆိတ် ရွတ်ဆိုလိုက်သည်။
"တစ်ယောက်ရဲ့ ကောင်းကျိုးက နောက်တစ်ယောက်ရဲ့ ယုံကြည်မှုအပေါ် မူတည်တယ်"