← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

သူ့လက်ချောင်းထိပ်မှ အဖြူရောင်အလင်းတစ်ခု ကျဆင်းလာသည်။

ပြတ်တောက်နေသော အရွတ်များ နည်းနည်း လှုပ်ယွယွ ဖြစ်လာပြီး တစ်ဖန် ပြန်လည် ဆက်သွယ်ရန် နီးပါးပင်။ ဂါရက် စူးစိုက်ကြည့်ရင်း တိတ်တိတ်လေး စိတ်လှုပ်ရှားနေသည်။

အရွတ်ခွဲစိတ်မှုတွင် ချုပ်ခြင်းသည် အမြဲတစေ အခက်ခဲဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။ အပ်စိုက်တိုင်း၊ ချည်ဆွဲတိုင်းသည် ကုသမှုရလဒ်အပေါ် သက်ရောက်မှုရှိသည်။

4-0 သို့မဟုတ် 5-0 ချည်မျှင်များကို အသုံးပြုခြင်းဖြင့် 10-0 အထိ ချုပ်ရာတွင် လုံလောက်သော ဆွဲဆန့်နိုင်စွမ်းရှိရမည်ပင်။

အချင်း 100 ရှိသော ကွေးနေသည့်အပ်သည် အတိအကျ 23 ဒီဂရီထောင့် လိုအပ်သည်။ ပို၍လည်းမရသလို လျော့၍လည်းမရပေ။ အပ်၏ကိုယ်ထည်သည် ပြီးပြည့်စုံစွာ ကွေးညွတ်ရမည်ဖြစ်သော်လည်း ကိုင်တွယ်ရလွယ်ကူရန် လေးထောင့်ဖြတ် အနေအထားကို ထိန်းသိမ်းထားရမည်ပင်။

ဤကမ္ဘာ၏ စက်မှုအဆင့်အတန်းအရ ဂါရက်သည် နောက်ဆယ်စုနှစ်အတွင်း ဤအဆင့်ကို ရရှိလိမ့်မည်ဟု သံသယရှိသည်။

သို့သော် ယခုမူ ကုသခြင်း မှော်ပညာ ရှိနေပြီဖြစ်သည်။ ချုပ်ရန် မလိုတော့ပေ။ ၁ မီလီမီတာ သွေးကြောပေါ်တွင် ၆ သို့မဟုတ် ၈ ချက် ချုပ်ရန် မှန်ဘီလူးဖြင့် မှေးကြည့်နေစရာ မလိုတော့ပေ။

တက္ကသိုလ်ကတည်းက လိမ္မော်သီးနှင့် စပျစ်သီးများပေါ်တွင် ချုပ်ခြင်းကို လေ့ကျင့်ခဲ့ရသော်လည်း အချည်းနှီး ဖြစ်သွားပုံရသည်။

ဒါပေမဲ့ ကောင်းတယ်လို့ ခံစားရတယ်။

အဖြူရောင်အလင်းအောက်တွင် အရွတ်များ တဖြည်းဖြည်း ပေါင်းစည်းလာသည်။ တစ်မျှင်ချင်းစီ...

ရပ်တန့်သွားသည်။

ကုသမှု မလုံလောက်ဘူးလား။

စမ်းသပ်မှုများအတွင်း ဝက်များ သို့မဟုတ် သိုးများဖြစ်စေ အရွတ်ကုသခြင်းမှာ လွယ်ကူခဲ့သည်။ ဂါရက် ခဏရပ်ပြီး စဉ်းစားလိုက်သည်။ သူရဲကောင်း၏ အသက်စွမ်းအားသည် အရွတ်ကုသရန် စွမ်းအင်ပိုမို လိုအပ်သည်ဟု ကောက်ချက်ချလိုက်သည်။

ကောင်းပြီလေ ထပ်ကြိုးစားကြည့်ရအောင်။

အဖြူရောင်အလင်း ထပ်မံ ထွက်ပေါ်လာပြီး အရွတ်များ ကြီးထွားလာသည်...

ထပ်ပြီး ရပ်တန့်သွားပြန်ပြီ။

ကုသခြင်း စွမ်းအားကို ပိုမို ထုတ်ဖော်ရန် ကြိုးစားသောအခါ ဂါရက် ခေါင်းမူးလာပြီး နားထင်များပါ တထိတ်ထိတ်ခုန်လာတော့သည်။ မှော်ဆရာတပည့်ဘဝကတည်းက ရင်းနှီးနေသည့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု၊ မှော်ပညာ မသုံးနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာသည်။

အဆင့်နိမ့်တာက တကယ်ပဲ စိတ်ပျက်စရာပဲ။ အရွတ်သေးသေးလေး ချုပ်တာတောင်မှ တစ်ယောက်တည်း အဆုံးမသတ်နိုင်ဘူး။

ဂါရက်က ပြတ်ပြတ်သားသား အချက်ပြလိုက်သည်။ အရေးကြီးသည့်အပိုင်းကို ပြီးစီးသွားသော ဦးဆောင်ဆရာဝန်ကြီး က ကျန်တာကို လက်ထောက်များဆီ လွှဲပြောင်းပေးလိုက်သည်။ ထိပ်ပြောင်ဘုန်းတော်ကြီး ခင်ဗျားရဲ့ အလှည့်ရောက်ပြီ။

ဘုန်းတော်ကြီး၏ လှုပ်ရှားမှုက တကယ်ပင် အထင်ကြီးစရာကောင်းသည်။ သိမ်မွေ့ပြီး သိပ်သည်းသည့် အဖြူရောင်အလင်းတစ်ခု ကျဆင်းလာပြီး မျက်တောင်တစ်ခတ်အတွင်း ပြတ်တောက်နေသည့် အရွတ်များ မူလအတိုင်း ပြန်ဖြစ်သွားသည်၊ ထိခိုက်မှု တစ်စုံတစ်ရာမှ မရှိတော့ပေ။

ဂါရက် ဆွဲကြည့်လိုက်သောအခါ ကြွက်သားများ ဆန့်ထွက်သွားသည်။ အရွတ်များက ကြွက်သားနှင့် အရိုးကို တင်းတင်းကျပ်ကျပ် ဆက်သွယ်ထားပြီး ပြတ်တောက်မှု လက္ခဏာ တစ်စုံတစ်ရာမှ မရှိပေ။

"ဘယ်လိုလဲ"

အသံများစွာက တပြိုင်နက် ထွက်ပေါ်လာသည်။ ဂါရက် ထပ်မံ စစ်ဆေးကြည့်ရှုပြီးမှ ခေါင်းမော့ကာ ပြုံးလိုက်သည်။

"ကောင်းပါပြီ။ သန့်ရှင်းသောရေနဲ့ လောင်းလိုက်ပါ။ အပေါ်ကနေ အောက်အထိ ဆေးကြောပါ။"

အာ... ဆားရည်နဲ့ ဆေးကြောတာ၊ ပဋိဇီဝဆေးရည်နဲ့ ဆေးကြောတာ ဒါမှမဟုတ် heparin (ဟေပရင်) ပါတဲ့ ဆားရည်တွေ မရှိပေမဲ့ သန့်ရှင်းသောရေကတော့ တစ်ခုခုပဲ။ ဘာမှ မရှိတာထက်တော့ ကောင်းပါတယ်။

(T/L Heparin ကခွဲစိတ်နေစဉ်မှာ သွေးမခဲသွားအောင်သုံးတဲ့ သွေးကျဲဆေးပါ။ ဟေပရင်လို့ပဲဆက်သုံးသွားမယ်နော်)

ဘုရားကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် သူတို့၌ သန့်ရှင်းသောရေ များစွာရှိသည်။ ဂါလန်ပေါင်းများစွာ လောင်းချလိုက်ရာ မြေပြင်ပေါ်သို့ ဖိတ်စဉ်ကျသွားသည်။ နောက်ဆုံး စစ်ဆေးပြီး သေးငယ်သည့် သွေးကြောလေးများမှ သွေးထွက်ခြင်းမရှိသည်ကို အတည်ပြုပြီးနောက် ဂါရက်က သူ၏ကိုယ်ကို ဖြောင့်လိုက်သည်။

"အရမ်းကောင်းတယ်။ ခွဲစိတ်မှု အောင်မြင်ပြီ။ အားလုံး နားလည်ကြရဲ့လား"

"နားမလည်ပါဘူး" ဟု ကြည်လင်ပြီး ယုံကြည်မှုရှိသည့် အသံများစွာက တပြိုင်နက်တည်း ပြန်ဖြေသည်။ ခွဲစိတ်စားပွဲဝိုင်းပတ်လည်မှ ကြည့်ရှုသူများ၊ ဘုန်းတော်ကြီးများနှင့် သူရဲကောင်းများ၊ လက်ထောက်အဖြစ် ရွေးချယ်ခံရသူများအားလုံး ခေါင်းငုံ့ပြီး ဂါရက်၏ အကြည့်ကို ရှောင်ရှားနေကြသည်။

"မလုပ်နိုင်ပါဘူး..."

တစ်စုံတစ်ယောက်၏ တီးတိုးပြောသံကို ဂါရက် ကြားလိုက်ရသည်။ သူ မျက်လုံးလှန်လိုက်တော့သည်။

ချုပ်ရတာကို ဂုဏ်ယူနေကြတာလား။ ကိုယ့်ကိုယ်ကိုယ် သာလွန်တယ်လို့ ထင်နေကြတာလား။ တစ်နေ့ကျရင် မင်းတို့ကို လူနာတစ်ယောက်ရဲ့ ကိုယ်တွင်းမှာ ချည်မျှင်ပါတဲ့ သံချောင်းကို ကိုင်ထားခိုင်းပြီး မီးသတ်သမားတွေ လွှလာတဲ့အထိ စောင့်ခိုင်းမယ်။ လုံးဝလှုပ်လို့မရစေရဘူး။

သူ့မျက်နှာချင်းဆိုင်၌ လက်ထောက်အဖြစ် ဆောင်ရွက်နေသည့် ထိပ်ပြောင်ဘုန်းတော်ကြီးက တင်းမာသော အကြည့်ဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးများက နာမည်ကြီး ဇာတ်ကောင်နှစ်ဦး၏ မျက်လုံးနှင့် ဆင်တူနေသည်။ ဘယ်ဘက်မျက်လုံးက "မလုပ်နိုင်ဘူး" ဟု ပြောနေပြီး ညာဘက်မျက်လုံးက "သင်ပေးမယ်လို့ ကတိပေးထားတယ်" ဟု ပြောနေသည်။

ဂါရက် မပြုံးဘဲ မနေနိုင်ပေ။

ဂါရက်သည် "စိတ်ငြိမ်ငြိမ်ထား" ဟူသည့် အကြည့်ဖြင့် ပြန်ကြည့်ပြီး ညွှန်ကြားချက်များကို ဆက်ပေးခဲ့သည်။

"ချိတ်တွေကို လွှတ်။ လွှတ်လိုက်တော့။ မင်းလည်း လွှတ် လွှတ် လွှတ်…

ကောင်းပြီလေ ဒါက ကုသခြင်းမှော်ပညာဖြစ်တဲ့ အရေပြား ပြန်လည်ပြုပြင်ခြင်းပဲ"

တစ်ဖန် အဖြူရောင်အလင်း ကျဆင်းလာသည်။ ဤတစ်ခါ လူတိုင်းမြင်ရသည်မှာ အနာအဆာမရှိသည့် ချောမွေ့နေသည့် အရေပြား ပင်။

ဆံပင်မွှေး အားလုံးကို ဖယ်ရှားလိုက်သည်က တခြားလက်ထက် ပိုမိုသန့်ရှင်းသည်မှလွဲ၍ ခွဲစိတ်မှု၏ လက္ခဏာ တစ်စုံတစ်ရာမှ မမြင်ရတော့ပေ။

ဂါရက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကုသခြင်းမှော်ပညာ ရှိတာက တကယ်ကို ကောင်းတယ်။ ခွဲစိတ်ပြီးတဲ့နောက် ရောဂါပိုးဝင်တာ၊ အနာမကျက်တာ၊ သွေးကြောပိတ်ဆို့တာ၊ ဒါတွေအားလုံး စိတ်ပူစရာမလိုတော့ဘူး။

ဂါရက်ကိုယ်တိုင် tourniqet ကို ဖြေလျှော့ပြီး သွေးစီးဆင်းမှုကို ကြည့်လိုက်၏။

(T/L ခွဲစိတ်မှုလုပ်တဲ့အခါ သွေးမထွက်ဘဲ ခွဲစိတ်နိုင်ဖို့အတွက် ခွဲစိတ်မဲ့နေရာနားကို စည်းနှောင်းတဲ့ ကိရိယာတစ်မျိုးပါ)

ထို့နောက်...

မဟုတ်ဘူး…. ဒါက မေ့ဆေးဆရာရဲ့ အလုပ် မဟုတ်ဘူး။

"ပိတ်ဆို့ခြင်း မှော်ပညာကို လွှတ်လိုက်"

ဂါရက်၏ ကြည်လင်သော အသံ ပဲ့တင်ထပ်လာသည်။ အဖြူရောင်အလင်းက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူရဲကောင်း ဘာရွန်သည် ထိုင်နေရာမှ ထကာ ခွဲစိတ်စားပွဲပေါ်မှ ခုန်ဆင်းလိုက်သည်။

ဝိုး... ဒါက မေ့ဆေးပြန်လည်ထူထောင်ခြင်းထက် အများကြီး ပိုမြန်တယ်။ သူ့လက်ကောက်ဝတ်ကို ဖြတ်တုန်းက နာကျင်ခဲ့ရလား ဒါမှမဟုတ် တခြားဘာခံစားရလဲ မသိဘူး... နောက်မှ မေးဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်။

ထိပ်ပြောင်ဘုန်းတော်ကြီး ခေါ်လာသည့် စေတနာ့ဝန်ထမ်းများက ဂါရက်ကို အမြဲတမ်း စိုးရိမ်စေသည်။

အရမ်းကို ဘာသာရေးအစွဲအလမ်းကြီးပြီး နာကျင်ပေမဲ့ ဝန်မခံဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒါက ပြင်းထန်တဲ့ ပြဿနာ ဖြစ်နိုင်တယ်။

ဂါရက်က လျင်မြန်စွာ စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာပင် စားပွဲပေါ်မှ ဆင်းလာသော ဆာဘာရွန်သည် ချက်ချင်း သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားကြည့်လိုက်သည်။

လှုပ်ရှားသွားပြီ။

အောင်မြင်ပြီ။

"ကျွန်တော် ပြန်ကောင်းသွားပြီ"

ဆာဘာရွန်က အော်ဟစ်လိုက်သည်။ ထိုခဏ၌ ဂါရက်ပင်မက ကျောင်းတော်ပင် တုန်ခါသွား၏။ အမိုးများ တုန်လှုပ်သွားသလို ဖုန်မှုန့်များ အနည်းငယ် ကျလာသည်ကို ခံစားလိုက်ရသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ထိုအော်ဟစ်သံနောက်တွင် ဆာဘာရွန်က သူ့အား ဖက်ရန် လှည့်လာခြင်းပင်။ ဂါရက် အလိုအလျောက် နောက်ဆုတ်လိုက်သည်။

"နေပါဦး ..နေပါဦး…ခဏလေး…. ခင်ဗျားလက်က အားသုံးလို့ရလား ကျွန်တော် စစ်ဆေးပါရစေ။ ကြွက်သား... အား... စမ်းသပ်မှု... လုပ်ရအောင်"

ဂါရက်၏ အသံ တဖြည်းဖြည်း တိုးဝင်သွားသည်။ ဆာဘာရွန်က ဘယ်ညာ ကြည့်လိုက်ပြီး စားပွဲစွန်းကို သူ့ညာလက်ဖြင့် ဆုပ်ကိုင်ကာ ကြွက်သားများ တင်းမာနေအောင် အားစိုက်လိုက်သည်။

...ဘာမှ မလှုပ်ရှားပေ။

ခွဲစိတ်စားပွဲကို မြေပြင်ပေါ်မှာ ခိုင်အောင် ချိတ်ဆွဲထားတာကိုး။

ဂါရက် အနည်းငယ် ရှက်ရွံ့သွားသည်။ သို့သော် ဆာဘာရွန်က မတုန်မလှုပ်ပေ။ ကွေးနေသော ချိတ်တစ်ခုကို ဆွဲယူကာ သူ့ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ညာလက်ဖြင့် ကွေးနေသော အပိုင်းကို ကိုင်ကာ အားကုန် ဆွဲလိုက်သည်။

"အို...အို...အို...အို...အို...အို"

သတ္တုချင်း ပွတ်တိုက်သံများ၊ ဂါရက် သေသေချာချာ ဆွဲထားသော ပုံကြမ်းများ၊ အထူးပြုလုပ်ထားသော ချိတ် အားလုံးကို ဆာဘာရွန်က ဖြောင့်တန်းသွားအောင် လုပ်ပစ်လိုက်သည်။

"မလုပ်နဲ့ အဲဒါ ကျွန်တော့်ဟာ..."

သူ ဆာဘာရွန်ကို စိုက်ကြည့်လိုက်သည်၊ ဆာဘာရွန်ကလည်း ပြန်စိုက်ကြည့်ရင်း ဘာမှမသိသလို ပုံစံပြနေသည်။ ခဏအကြာတွင် သူရဲကောင်းက ချိတ်ကို ချလိုက်ပြီး ရှေ့သို့ အလျင်အမြန်ပြေးကာ ဂါရက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မျက်ရည်များ စီးကျနေသည်။

"ကျွန်တော် ပြန်ကောင်းသွားပြီ။ ကျွန်တော့်လက် ပြန်ကောင်းသွားပြီ။ ကောင်းသွားပြီ အားးးး"

ဂါရက်သည် ဆူညံသံများကြားမှ ရုန်းကန်ရင်း လှည့်ထွက်သွားရန် ကြိုးစားသည်။ ရုတ်တရက် သူ့ကိုယ်သူ လေထဲသို့ မြှောက်တင်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ဆာဘာရွန်၊ ဆာဖလင်း၊ ဆာဝက်စ်လိုနှင့် အခြားရင်းနှီးသော ကျောင်းတော်မှ သူရဲကောင်းများအားလုံး ပူးပေါင်းပါဝင်ကာ သူ့အား ဖမ်းလိုက်၊ ပစ်မြှောက်လိုက်နှင့် ပြန်ဖမ်းကာ နောက်ထပ် ပစ်မြှောက်လိုက်ကြသည်။

"ကျွန်တော့်ကို ချပေး… ချပေးလို့…ဒီမှာ ပစ်မမြှောက်ကြပါနဲ့။ ဓားမ တွေ ရှိတယ်လို့... ကယ်ကြပါဦး"

ကျောင်းတော်အတွင်း ဂါရက်၏ ဒုက္ခရောက်နေသော အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး ခန်းမများတစ်လျှောက် ပျံ့လွင့်နေသည်။

All Chapters