အခန်း (၅၉)
Vol. 5 Ch. 59
"မင်း ကြားပြီးပြီလား။ သူရဲကောင်းဘာရွန်ရဲ့ လက်ဒဏ်ရာကျက်သွားပြီတဲ့"
"မင်း ကြားလား။ လွန်ခဲ့တဲ့သုံးနှစ်က လက်ဒဏ်ရာရလို့ လေးတောင် မကိုင်နိုင်တော့တဲ့ သူရဲကောင်းကြီးရဲ့ လက် ဒဏ်ရာကျက်သွားပြီတဲ့"
"စစ်နတ်ဘုရားကျောင်းတော်မှာ ကုသတာ တကယ်လား"
"ဘုန်းတော်ကြီး ကုသပေးတာလို့ ကြားတယ်..."
"ဪ မင်းရဲ့ သတင်းရင်းမြစ်တွေက ခေတ်နောက်ကျနေပါလား။ ကျွန်တော်ကြားတာ ကောင်လေးတစ်ယောက်က လုပ်တာတဲ့။ ဘုန်းတော်ကြီးတောင် သူ့အမိန့်ကို နာခံရတယ်၊ သူပြောသမျှ လုပ်ရတယ်တဲ့..."
သူရဲကောင်းဘာရွန်၏ နှစ်ရှည်လများ ဒဏ်ရာဟောင်း ကျက်သွားသည့် သတင်းသည် ဟတ်လန်းမြို့တွင် မီးတောင်မီးပွားကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကိုယ်တိုင်ဒဏ်ရာရဖူးသူများ၊ ချစ်ခင်ရသူများ ဒုက္ခရောက်နေသူများ၊ ကုသမှုမအောင်မြင်၍ စိတ်ပျက်နေသူများ၊ သူရဲကောင်းဖြစ်စေ၊ သာမန်သူဖြစ်စေ လူတိုင်း စိတ်ဝင်စားနေကြသည်။
မြို့သခင် ဂျိုအန်ပင် သူရဲကောင်းဘာရွန်ကို တစ်ကြိမ်ဆင့်ခေါ်ပြီး သူ၏ ကုသမှုအကြောင်းကို အသေးစိတ် မေးမြန်းခဲ့သည်။
သုံးရက်အကြာတွင် ထိပ်ပြောင်ဘုန်းတော်ကြီးက ဂါရက်ဆီသို့ စာတစ်စောင် ပို့ပြီး သူရဲကောင်းရိုမန်၏ လက်ကို ကုသပေးနိုင်မလားဟု မေးခဲ့သည်။
အဖြေကတော့ လုံးဝ မရပေ။
လုံးဝကို ငြင်းဆန်လိုက်ခြင်းပင်။
"သူ ကုသပေးဖို့ ငြင်းဆန်တယ်။ သူ လုံးဝ ငြင်းဆန်တယ်ပေါ့"
သူရဲကောင်းရိုမန်က သူ့အခန်းထဲ၌ အော်ဟစ်နေတော့သည်။
သူ့ကို ပြစ်ဒဏ်ခံခန်းထဲ လုပ်ထုံးလုပ်နည်းအရာထည့်ထားခြင်းမှာ ပုံမှန်ပင်။ လက်ဆောင်များ ရရှိပြီး ရက်အနည်းငယ်အတွင်း၌ နွေဦးနတ်ဘုရားမ၏ ပင်မဘုန်းတော်ကြီးက သူ့ကို လွှတ်ပေးခဲ့သည်။ ထိုနေရာများသည် တိတ်ဆိတ်ပြီး အလင်းရောင်မရှိသည့်နေရာများဖြစ်ကာ အဆင့် ၁၀ အောက် သူရဲကောင်းများ တစ်လခွဲခန့်နေလျှင် ရူးသွားနိုင်သည့်နေရာများပင်။
ထို့အပြင် ဘုရားကျောင်းအပြင်နှင့် ဘုရားကျောင်းနောက်ဖေးတောင် ထွက်ခွင့်မရပေ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရန် အခန်းငယ်လေးထဲ၌ ပိတ်လှောင်ခံထားရသည်။ သူ့အမေ၏ စာများ မကြာခဏ ရောက်မလာလျှင် လွန်ခဲ့သော ရက်များကတည်းကပင် သူရူးသွပ်သွားနိုင်သည်။
"ငါ သူ့ကို သတ်မယ်... ငါ ကျိန်ဆိုတယ်၊ သူ့ကို သတ်မယ်။ ဟုတ်တယ် ငါ အခု စာရေးရမယ်။ သူ့ကို သတ်ဖို့ လူလွှတ်ခိုင်းဖို့ ငါ့အမေကို ပြောမယ်"
မိခင်နှင့် သားက တစ်ထပ်တည်း ကျနေသည်။ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်သူ သူရဲကောင်းရိုမန်၏ အမေက ယခု မြို့သခင်အိမ်တော်၌ ဒေါသထွက်နေသည်။ ဤတစ်ကြိမ်တော့ သူမ ဟန်ဆောင်မနေတော့ဘဲ အိမ်တော်၏ ဧည့်ခန်းငယ်လေးထဲ၌ ဟိုဒီ လမ်းလျှောက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် အလှဆင်ပစ္စည်းများကို ဖြိုချနေသည်။
"ဒီလူတွေက သာမန်ပဲ... သာမန်ပဲ။ ငါ လုံလောက်အောင် သည်းခံခဲ့ပြီ။ ငါပြောပါတယ်။ သူ ရိုမန်ကို ကုသပေးရင် ငါ လိုက်မလုပ်ဘူး။ ဒါပေမဲ့ ဒီယုတ်မာတဲ့လူက ငြင်းဆန်ရဲတယ်။ ငါ သူ့ကို သတ်မယ်။ ငါ သူ့ကို သတ်မှာပဲ"
"သူ တမင်တကာ လုပ်တာ မဟုတ်ပါဘူး..."
သခင်ဂျိုအန်က သက်ပြင်းချလိုက်သည်။ သူသည် ဂါရက် စစ်နတ်ဘုရားဘုန်းတော်ကြီးဆီ ပို့ခဲ့သည့် စာတစ်အုပ်ကို ဖြန့်လိုက်သည်။ စာက စကားလုံးများနှင့် ရှုပ်ထွေးသည့် ပုံများဖြင့် ပြည့်နေသည်။ ပုံများသည် မူးနောက်အောင် လုပ်နိုင်သည်မှလွဲ၍ ရိုးသားပြီး အချက်အလက်ပြည့်စုံသည်။
လက်ဖဝါးပေါ်က အရွတ် မည်မျှများလဲ၊ လက်ကောက်ဝတ်က အရွတ်များထက် မည်မျှ သေးငယ်လဲ၊ ပိုဆိုးမလာအောင် သိမ်မွေ့သည့် ကိရိယာများ မည်သို့လိုအပ်လဲ။ ထိုစာထဲ၌ အားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ထိပ်ပြောင်ဘုန်းတော်ကြီးက ဂါရက်ကို ဤရှုပ်ထွေးမှုမှ ကူညီရန် စဉ်းစားခဲ့ပုံရသည်။ စာမျက်နှာတစ်ရွက်မှ မချန်ဘဲ သခင်ဆီသို့ ပို့ခဲ့သည်။ သခင် ဂျိုအန် အပြည့်အဝ နားမလည်ခဲ့ရင်တောင် စာ၏အဓိပ္ပာယ်ကို နားလည်နိုင်သည်။ သူတို့ တကယ်ပင် မလုပ်နိုင်ခြင်းဖြစ်သည်။ ရိုမန်ကို မုန်း၍ တမင်တကာ မလုပ်ခြင်း မဟုတ်ပေ။
သခင်မလေး သို့မဟုတ် အသက်ကြီးလာသည့် သခင်မလေးက အခုထိ ဆူပူနေတုန်းပင်။ သခင် ဂျိုအန်က ပင်ပန်းစွာ နဖူးကို ထောက်ရင်း ပြောလိုက်သည်။
"မင်း သူ့ကို ဘာလုပ်မှာလဲ။ သူက မှော်ဆရာမျှော်စင်ကနေ ဘယ်တော့မှ မထွက်ဘူး"
သတ်လတ်ပိုင်းအရွယ် အမျိုးသမီးပင် လည်ချောင်းနာလာတော့သည်။ သူမက အကြောင်းပြချက်မဲ့သူ ဖြစ်ခဲ့ရင်တောင် မှော်ဆရာမျှော်စင် က ကစားစရာ မဟုတ်ဘူးဆိုတာ သူမ သိသည်။ သူမ သား၏ လက်အောက်ခံ သူရဲကောင်းများကို ထိန်းချုပ်ထားပြီး စစ်တပ်ရာနှင့်ချီ စုဆောင်းနိုင်ခဲ့ရင်တောင် မှော်ဆရာမျှော်စင်၏ စွမ်းအားရှေ့မှာတော့ ရယ်စရာပင် ဖြစ်နေမှာ သေချာသည်။
"ကျွန်မ... တစ်သက်လုံး…သူ ဘယ်တော့မှ အပြင်ထွက်လာမှာ မဟုတ်ဘူးလို့ မယုံဘူး"
"သူ့ကို လက်မပါနဲ့"
သခင်ဂျိုအန်က စားပွဲကို ရိုက်လိုက်သည်။ အော်ဟစ်ပြီးနောက် သူ လျင်မြန်စွာ စိတ်ငြိမ်သွားကာ သူ၏ ချစ်သူကို ဆွယ်ဖို့ ကြိုးစားလိုက်သည်။
"အဲဒီ ကောင်လေးက ကုသပေးသူ။ ကုသပေးသူပါ အချစ်ရဲ့။ ဘုန်းတော်ကြီးက သူရဲကောင်းဘာရွန်ရဲ့ ဒဏ်ရာကို မကုသနိုင်ခဲ့ပေမဲ့ ဒီကောင်လေးက ကုသနိုင်ခဲ့တယ်။ သူ့ဆီကနေ ကုသမှုခံယူဖို့ မျှော်လင့်နေတဲ့ လူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မင်းသိလား။ အနာဂတ်မှာ ဒဏ်ရာရရင် သူ့လိုလူမျိုးကို လိုချင်နေတဲ့သူ ဘယ်နှစ်ယောက်ရှိမယ်ဆိုတာ မင်းသိလား။
မင်း သူ့ကို သတ်ခိုင်းပြီး အဖော်အချွတ်လုပ်ရင်တောင် ငါ မင်းကို မကယ်နိုင်ဘူး"
"ဒါပေမဲ့..."
"ဘာ ဒါပေမဲ့မှ မရှိဘူး။ ဒါပေမဲ့ဆိုတာ လုံးဝ မရှိဘူး။ ရိုမန်ရဲ့ ဒဏ်ရာအတွက် တခြား ကုသပေးသူ တစ်ယောက် ရှာမယ်။ ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို ရှာမယ်။ ပင်မဘုန်းတော်ကြီးကို ရှာမယ်။ ဘယ်အခြေအနေမျိုးမှာမှ သူ့ကို လက်ဖျားနဲ့တောင် တို့လို့မရဘူး"
သတ်လတ်ပိုင်းအရွယ် အမျိုးသမီးက ငိုကြွေးရင်း ထွက်သွားတော့သည်။ မြင်းလှည်းပေါ်ရောက်သောအခါ သူမ မျက်ရည်များကို သုတ်လိုက်ပြီး အပြင်က စီမံခန့်ခွဲသူကို အံကြိတ်ပြီး ပြောလိုက်သည်။
"စုံစမ်းကြည့် အဲဒီ သာမန်လူ အကြောင်း တစ်ခုခု ရှာပေး။ သူ့ကို ဒုက္ခပေးလို့မရဘူးဆိုတာ ကျွန်မ မယုံဘူး"
အိမ်တော်သခင်မ ပြောလိုက်သည်နှင့် စီမံခန့်ခွဲသူက ချက်ချင်း လူငှားပြီး စုံစမ်းရန် မနှောင့်နှေးတော့ပေ။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေပြီးနောက်မှာလည်း မည်သို့မျှ လုပ်၍မရသည်ကို တွေ့လိုက်ရသည်။
ဂါရက်က တစ်ယောက်တည်းသမားဖြစ်ပြီး သူ့အဖေက လွန်ခဲ့သော ကြာပြီကတည်းက ဆုံးပါးသွားကာ သူ၏ အမေကလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခြင်းပင်။ မြို့ထဲမှ ရင်းနှီးသူများထဲတွင် သူ့အဖေ၏ ရဲဘော်ဟောင်းများသာ ရှိသည်။ သို့သော် သူတို့ကို သုံး၍ ဂါရက်ကို ဒုက္ခပေးရန် ကြိုးစားခြင်းက ရူးသွပ်ရာကျခြင်းပင်။
"သခင်မ... ဒီဟာက..."
စီမံခန့်ခွဲသူက သူ့ခါးကို ပိုမိုကုန်းလိုက်သည်။ သူ၏ အရိုးများပင် အသံထွက်နေသလို ခံစားရသည်။
အိုး…ငါ့ခါးလေး...
နောက်တစ်နေ့ကျရင် ဘုရားကျောင်းကို သွားရမည်။ ကုသရန် ပိုက်ဆံမတတ်နိုင်သော်လည်း ဆုတောင်းရင်း ဘုရားသခင်၏ အလင်းရောင် နည်းနည်းရလျှင် ရက်အနည်းငယ်ခန့်တော့ သက်သာသွားလိမ့်မည်ပင်။
သတ်လတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်နှာအမူအရာက ပိုမို မှောင်မိုက်လာသည်။ သူမ၏ ပယပ်တောင်ကိုသာ ညင်သာစွာ ဝေ့ယမ်းနေ၏။ အမွေးတောင်ပံ ယပ်ကောင်ကို ခတ်ကာ လေခံနေသည်။ အနီရောင်နှုတ်ခမ်းနီက အမွေးတောင်ပံများကြား၌ နက်ရှိုင်းစွာ စွဲနေသည်မှာ ရန်သူ၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ပင်။
"ကလစ်"
ယပ်တောင်ရိုး ကျိုးသွားပြီးနောက် အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။
"အဲ့ဒီ သာမန်လူ က ကုသပေးသူ လား"
"ဟုတ်ပါတယ်ခင်ဗျာ"
"သဘာဝနတ်ဘုရားရဲ့ မြင့်မြတ်သော တမန် လား"
"အင်း... သူကိုယ်တိုင် ပြောခဲ့တာပါ... ဒါပေမဲ့ ဒါ အမှန်ပဲ ဖြစ်ရမယ်ဗျ! မြို့စောင့်တပ်တွေရော၊ ကျောင်းတော်စောင့်တပ်တွေရော ကြားဖူးကြတာပဲ"
"ဒါဆို သူ ဘာလို့ ဘယ်တော့မှ ဘုရားမရှိခိုးတာလဲ"
စီမံခန့်ခွဲသူပင် ဘာပြောရမှန်းမသိတော့ပေ။
သတ်လတ်ပိုင်းအရွယ် အမျိုးသမီးက ရုတ်တရက် ထရပ်လိုက်ပြီး အခန်းထဲတွင် ဟိုဒီ လျှောက်သွားရင်း သူမ၏ လေသံက ပိုမိုပြင်းထန်လာသည်။
"ဒါပဲလေ။ သူက မှော်ဆရာမျှော်စင်မှာပဲ နေတယ်။ ဒါမှမဟုတ်ရင် စစ်နတ်ဘုရားကျောင်းတော်ဘေးမှာပဲ လျှောက်သွားနေတယ်။ ဒီအချိန်တစ်လျှောက်လုံး သူ သဘာဝနတ်ဘုရားကို ဘယ်တော့မှ မကိုးကွယ်ခဲ့ဘူး။ သူက အဲဒီ ဘုန်းတော်ကြီးတွေလိုမျိုး ဘယ်တော့မှ သဘာဝနတ်ဘုရားအကြောင်း မပြောဘူး... သူ ဒီလို စကားတွေ တစ်ခါမှ မပြောဖူးဘူး။ သူ့ရဲ့ မြင့်မြတ်သော တမန် အဆင့်က လုံးဝ လိမ်ညာမှုပဲ"
"ဒါပေမဲ့ သဘာဝနတ်ဘုရား... မှာ ကျောင်းတော် မရှိဘူးလေ..."
"ကျောင်းတော် မရှိတိုင်း နောက်လိုက်တွေ မရှိတာ မဟုတ်ဘူး။ သဘာဝနတ်ဘုရားကို ကိုးကွယ်သူတွေက လမ်းတွေပေါ်မှာ လှည့်လည်သွားလာနေကြတာ။ အထက်မြို့မှာ ရှာရခက်ပေမဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ရှာရတာ မလွယ်ဘူးလား။
မဟုတ်ရင် မြို့ပြင်က တောင်ကုန်းတစ်ခုခုကို ရှာလိုက်။ ကျောက်တုံးတွေနဲ့ ဝိုင်းထားတဲ့နေရာ ရှိသရွေ့ မင်း သူတို့ကို သေချာပေါက် တွေ့လိမ့်မယ်။
အဲဒီ သာမန်လူ က သူ့ရဲ့ ကုသမှုပညာကို အားကိုးပြီး ပထမဆုံး စစ်နတ်ဘုရားကျောင်းတော်နဲ့ ပေါင်းတယ်၊ ပြီးတော့ မြို့စောင့်တပ်တွေကို ကျေနပ်အောင် လုပ်တယ်၊ ဒါပေမဲ့ သဘာဝနတ်ဘုရားရဲ့ နောက်လိုက်တွေကို တစ်ခါမှ ရှာမတွေ့ဘူး။ သူ့ရဲ့ မြင့်မြတ်သော တမန် အဆင့်က လိမ်ညာမှုပဲ၊ သူမှာ အပြစ်ရှိတယ်"
"ဂျလွတ် ဂျလွတ်" ခနဲ ဆက်တိုက်ဆိုသလို အသံများ ထွက်ပေါ်လာသည်။ ယပ်တောင်ရိုးများ ကွဲကြေသွားပြီး အမွေးများပင် အပိုင်းပိုင်း ပြဲထွက်ကုန်ကာ အခန်းထဲတွင် မြကျောက်ရောင်နှင့် ရွှေရောင်များ ပြန့်ကျဲနေပြီး လေထဲတွင် လွင့်မျောနေသည်။ အမျိုးသမီးက ကြမ်းပြင်ကို ခြေဖြင့်ဆောင့်ချလိုက်ပြီး သူမ၏ အသံမှာ စိတ်လှုပ်ရှားစွာ တောက်ပနေသည်။
"သဘာဝနတ်ဘုရားကို ကိုးကွယ်သူတွေကို ရှာ။ ဒီသတင်းကို သူတို့ဆီ ပို့ပေး…ဘယ်ဘုရားကျောင်းမှ မြင့်မြတ်သော တမန် အတုအယောင် ကို လက်မခံဘူး။ ဒါက ရိုသေမှုမရှိရာရောက်ပြီး ဘာသာတရားစော်ကားမှုပဲ။ ဒီသတင်းကို ဆက်ပြီး ပို့ပေးလိုက်။ သဘာဝနတ်ဘုရားကို ကိုးကွယ်သူတွေက အဲဒီကောင်လေးကို သေချာပေါက် ဖယ်ရှားလိမ့်မယ်"