← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

သဘာဝနတ်ဘုရား…..

ဂါရက် ထိုအကြောင်းကို ကြာမြင့်စွာကတည်းက မေ့လျော့နေခဲ့သည်။ ဤရက်ပိုင်းများတွင် သူသည် မှော်ဆရာမျှော်စင်၌ အခန်းပိတ်၍ မှော်ပညာကို စိတ်အားထက်သန်စွာ လေ့လာနေခဲ့သည်။ တရားထိုင်ခြင်း၊ မှော်မန္တန်များ ကျက်မှတ်ခြင်း၊ အခြေခံကျမ်းများ လေ့လာခြင်း၊ မှော်ပညာ သင်ယူခြင်း...

မှော်ပညာက အရမ်းပျော်ဖို့ကောင်းတာပဲ။

အာ ဒီ အလင်း ကခုန်ခြင်း က အလင်းရင်းမြစ် လေးခုကို ဖန်တီးပေးပြီး ပတ်ပတ်လည်မှာ ပျံဝဲနေတယ်။ နောက်ထပ် နည်းနည်းလောက် ထပ်ရှိရင် အရိပ်မရှိတဲ့ လက်ဆွဲမီးအိမ်တစ်ခု ဖန်တီးလို့ မရဘူးလား။

အိုး.. ဒီ အေးခဲရောင်ခြည် က နွေရာသီမှာ ရေခဲလုပ်ဖို့ အကောင်းဆုံးပဲ။ အပူချိန်ကို နည်းနည်းလေး ထပ်ချပေးနိုင်ရင် အလွန်ကောင်းမွန်တဲ့ ရေခဲမုန့် တချို့ ဖန်တီးနိုင်ပြီ။

အင်း..ဒီ မီးပွားမှော်ပညာ လည်း ကောင်းတယ်၊ အလင်းအား ကောင်းတယ်။ ဒါပေမဲ့ မှော်ပညာသုံးစွဲတဲ့ ပစ္စည်းအဖြစ် ပိုးစုန်းကြူး တွေကို သုံးတာက ဂေဟစနစ်ကို ထိခိုက်စေတယ်။ တခြားနည်းလမ်း ရှိမရှိ သုတေသန လုပ်ဖို့ လိုတယ်။

ဂါရက်သည် သူ၏ လေ့လာမှုများတွင် နစ်မြုပ်နေခဲ့သည်။ သို့သော် အနည်းငယ် စိုးရိမ်ပူပန်စရာ နှစ်ခု ရှိခဲ့သည်။

ပထမအချက်မှာ သူ၏ စိတ်စွမ်းအားက ကန့်သတ်ချက်သို့ ရောက်ရှိနေခြင်းပင်။ တစ်နေ့လျှင် မှော်ပညာ ငါးကြိမ် သုံးစွဲပြီးနောက် သူသည် တိုးတက်မှု မရှိတော့ဘဲ ကန့်သတ်ချက် တစ်ခုကို ထိမိခဲ့သည်။

ဒုတိယအချက်မှာ မှော်စွမ်းအား ရှာဖွေခြင်း သို့မဟုတ် X-ray မှော်ပညာ နှင့် ပတ်သက်သော သူ၏ သုတေသနမှာ မတိုးတက်သေးခြင်းပင်။

သူသည် မှော်ဆရာမျှော်စင်၏ အဓိကနေရာမှလွဲ၍ နေရာတိုင်းကို အသေးစိတ် ရှာဖွေခဲ့သည်။ ရှာဖွေခဲ့သော်လည်း အရိုးများကို ဖော်ထုတ်ပြသနိုင်သည့် မှော်ပညာကို မတွေ့ရှိခဲ့ပေ။ နေ့တိုင်း သူသည် သူ့ဘဝကို ပြန်လည် မေးခွန်းထုတ်နေခဲ့သည်။

ဒီကမ္ဘာရဲ့ ရူပဗေဒ ဥပဒေသတွေက ငါ့ရဲ့ ယခင်ဘဝနဲ့ မတူဘူးလား။ ဒါမှမဟုတ် ဓာတ်ရောင်ခြည်ထုတ်လွှင့်မဲ့ပစ္စည်းတွေ လိုအပ်တာလား။ ဒါပေမဲ့ သူတို့ကို ရှာတွေ့ခဲ့ရင် ငါ့ရဲ့ ပိန်လှီတဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာလား။

ဂါရက်သည် နေ့တိုင်း မှော်ဆရာမျှော်စင် ၌ စားလိုက် အိပ်လိုက်နှင့် သုတေသန လုပ်ရင်းသာအချိန်ကုန်ဆုံးခဲ့သည်။ သူ၏ ဘဝသည် လိုင်းတစ်ကြောင်းတည်း မဟုတ်ဘဲ အမှတ်တစ်နေရာတည်းလို ဖြစ်နေခဲ့သည်။ သူ၏ နေ့စဉ်သွားလာလှုပ်ရှားမှု လမ်းကြောင်းကို မိုဘိုင်းဖုန်းဖြင့် စစ်ဆေးကြည့်လျှင် အမှတ်တစ်နေရာတည်းကိုသာ မြင်ရလိမ့်မည်။

သက်သောင့်သက်သာရှိပြီး အိပ်မက်ဆန်သည့် ကျေနပ်ဖွယ် ဘဝတစ်ခုပင်။

သို့သော် ဤတစ်ကြိမ်မှာတော့ ဂါရက်ကို မှော်ဆရာမျှော်စင်မှ မောင်းထုတ်ခံလိုက်ရပြီး အနီးအနားရှိ တာလ်ရွာ ကို ကင်းလှည့် ခိုင်းတော့သည်။ ထိုရွာသည် မှော်ဆရာမျှော်စင်၏ စီမံခန့်ခွဲမှုအောက်၌ ရှိသည့် ရွာတစ်ရွာဖြစ်ပြီး သို့မဟုတ် ပိုမိုတိကျစွာပြောရလျှင် မှော်ကောင်စီ ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ အငှားချထားသည့် ဝင်ငွေ ကောက်ခံရန် ကိုယ်တိုင် သွားစရာ မလိုသော်လည်း ရွာ၏ မှော်ကောင်စီပိုင်ဆိုင်မှုကို အတည်ပြုရန် လစဉ် ကင်းလှည့်မှုများ လုပ်ရန် လိုအပ်သည်။

သဘာဝကျစွာပင် ဤသို့ ပျင်းစရာကောင်းပြီး မှော်ပညာ သုတေသနအတွက် အသုံးမဝင်သည့် အလုပ်သည် အဆင့်အနိမ့်ဆုံးနှင့် မှော်ဆရာတပည့်အသစ်လေးဖြစ်သည့် ဂါရက်ဆီသို့ ကျရောက်လာခဲ့သည်။

မြင်းအိုကြီးကို စီးပြီး ညင်သာစွာ ယိမ်းထိုးရင်း ဂိတ်စောင့်နှင့်အတူ တာလ်ရွာဆီသို့ လိုက်သွားသည်။ မြင်းက နူးညံ့ပြီး ဂါရက်၏ အားထုတ်မှု ဘာမှမလိုပေ။ သူ အတွေးထဲ နစ်မြုပ်နေရင်း လမ်းတစ်လျှောက် လှည့်ပတ်သွားနေသည်။ ရုတ်တရက် အနီးအနားမှ ကျယ်လောင်သည့် အော်သံတစ်ခု ပဲ့တင်ထပ်လာသည်။

ဂါရက်: !!!

တစ်ယောက်ယောက် ဒဏ်ရာရတာလား။ ဘယ်မှာလဲ။ ပြင်းထန်လား။

သူ အသံလာရာဆီသို့ အပြေးအလွှား သွားလိုက်သည်။ ရောက်သောအခါ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကျောက်ဆောင်ငယ်တစ်ခုအောက်၌ လဲကျနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ၏ဘယ်ဘက်ခြေထောက်က လိမ်နေသည်။ ရက်ထားသည့် ခြင်းတောင်းတစ်လုံးက ငါးခြောက်လှမ်းခန့်အကွာ၌ ရှိပြီး ကြိုးက ပျော့ပျော့လေး တွဲလောင်းကျနေသည်။ တစ်ဖက်က သူ၏ ခါးတွင် ချည်ထားပြီး ယခုတော့ တစ်မီတာခန့်သာ ကျန်တော့သည်။ ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထားခြင်းပင်။ နောက်တစ်ဖက်ကတော့ ကျောက်ဆောင်ပေါ်မှ တွဲလောင်းကျနေပြီး သူ အလုပ်လုပ်စဉ်က ပြတ်သွားပုံရသည်။

အမြင့်ကနေ ပြုတ်ကျလာတာပဲ။

ဘယ်ဘက်ခြေထောက်ရိုး ကျိုးသွားပြီ။

အခြားအရိုးကျိုးတာလား ဒါမှမဟုတ် အခြား အတွင်းဒဏ်ရာတွေလည်း ရှိနိုင်တယ်။

ဂါရက်က တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။ သူသည် ထိုအမျိုးသားဘေးတွင် ဒူးထောက်လိုက်ပြီး သူ၏ ညာလက်ကောက်ဝတ်ကို ဖိလိုက်သည်။

"အပေါ်ကနေ ပြုတ်ကျတာလား။ တခြားလူတွေရော ဒီအနီးအနားမှာ ရှိသေးလား။ ဒီနားမှာ နေတာလား"

အမျိုးသားက ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ ရုန်းကန်ရင်း ဂါရက်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။

"ကျွန်တော့်ကို ကယ်ပါ... ကယ်ပါ..."

ကောင်းပြီ။ လူနာက သတိလည်းရှိသေးသလို သွေးခုန်နှုန်းလည်း ကောင်းသေးတယ်။ အသက်ရှူနှုန်းမှန်ပြီး အသက်အန္တရာယ် မရှိဘူး။ အခုထိတော့ ကောင်းသေးတယ်။

ဂါရက် ကြည့်လိုက်သောအခါ အမျိုးသား၏ ဘယ်ဘက်ခြေသလုံးအောက်ပိုင်းမှ အရိုး ထိုးထွက်နေသည်ကို တွေ့လိုက်ရသည်။ သွေးများလည်း တသွင်သွင် စီးကျနေ၏။

အရိုးကျိုးပြီးတော့ သွေးထွက်နှုန်းကလည်း များတယ်။

ပထမဆုံး သွေးတိတ်အောင်လုပ်ရမယ်။

ဂါရက်သည် ရှေ့သို့ အလိုအလျောက်တိုးဝင်သွားပြီး သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ထိုအမျိုးသား၏ ပေါင်နားရှိ femoral artery ကို တင်းတင်းဖိလိုက်သည်။

(T/L Femoral artery က ပေါင်ခြံနားကနေစပြီး ဒူးခေါင်းနောက်ဘက်ထိဆင်းသွားတဲ့ ပင်မသွေးလွှတ်ကြောတစ်ခုပါ)

ထို့နောက် နောက်သို့လှည့်ပြီး မှော်ဆရာမျှော်စင်၏ အစေခံကို အော်ပြောလိုက်သည်။

"ပတ်တီးရှည်တွေ ရှိလား"

"မရှိဘူး"

ရွှတ်..ရွှတ်…ရွှတ်..ရွှတ် (အဲ့ဒါလမ်းလျှောက်လာသံနော် ဘယ်လိုရေးရမလဲမသိလို့🥹)

ရှုပ်ထွေးသည့် ခြေသံများနှင့်အတူ လယ်သမားအချို့ ခြင်းတောင်းများ၊ ဂေါ်ပြားများ ကိုင်ပြီး ကျောက်ဆောင်ဘေးမှ အောက်သို့ လျှောဆင်းလာကြသည်။ ထိခိုက်ဒဏ်ရာရထားသည့် အမျိုးသား၏ အဖော်များဖြစ်ပုံပင်။ သူတို့ထဲမှ တစ်ယောက်က အော်ဟစ်ရင်း လျှောဆင်းလာ၏။

"အဘိုးလေးခြောက် ဒဏ်ရာရသွားပြီ။ သခင်ကို သွားခေါ်ကြ မြန်မြန်"

လယ်သမားတစ်ယောက်က ပြေးထွက်သွားသည်။ နောက်တစ်ယောက်က ဂါရက်၏ ပတ်တီးတောင်းသည်ကို ကြားသောအခါ သူ၏ အင်္ကျီမှ ပိတ်စအား လျင်မြန်စွာ ဆွဲဖြဲလိုက်သည်။

ဂါရက် ယူလိုက်ပြီး အထူအပါးနှင့် ခံနိုင်ရည်အားကို အကဲဖြတ်လိုက်သည်။

“သစ်သားချောင်းတစ်ချောင်း ယူလာခဲ့။ လက်ချောင်းလောက် အထူရှိပါစေ၊ ကျွန်တော့်လက်လောက် ရှည်ရမယ်နော်။ သူ့ခြေထောက်ပေါ်မှာထား… ကျွန်တော့်လက်ချောင်းတွေ ရှိတဲ့နေရာမှာ ထားပြီး ပတ်တီးကို တင်းအောင် စည်းလိုက်။ တင်းပြီလား ကောင်းပြီ။ ဒီအချောင်းကို လှည့်လိုက်”

လျှော်ကြိုးက ကျွီခနဲ မြည်သွား၏။ ဒဏ်ရာရသည့်အမျိုးသားက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အဖော်များက ဖိထားကြသည်။

"မလှုပ်နဲ့..မလှုပ်နဲ့…မင်းခြေထောက်... ဟေး သွေးထွက်တာ လျော့သွားပြီ"

"ဆရာလေးက တကယ် မိုက်တယ်"

"ဘာ ဆရာလေးလဲ သူက မှော်ဆရာကွ"

မျက်စိလျင်သည့် လယ်သမားတစ်ဦးက ဂါရက်၏ လက်ဖျားမှ လှံတံကို မြင်သွားပြီး သူ၏ အဖော်များကို ပြင်ပေးလိုက်သည်။ တုတ်ကို တင်းအောင် ကိုင်ထားသည့် လယ်သမားတစ်ယောက်က တုန်ရီနေရင်း ရွှံ့ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"မ...မ...မှော်ဆရာ…ဆရာ"

"မလှုပ်နဲ့ တင်းတင်းကိုင်ထား"

ဂါရက်က သူ့ကို အော်ပြောလိုက်သည်။ အမျိုးသားက နာခံလိုက်သောအခါ ဂါရက် ဒူးထောက်ပြီး သွေးလွှတ်ကြော၏ အစွန်အဖျားကို စမ်းကြည့်ပြီး သွေးခုန်နှုန်း မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် တုတ်ကိုင်ထားသူကို ညွှန်ကြားလိုက်သည်။

"တင်းတင်းဆုပ်ကိုင်ထား… မလှုပ်လိုက်နဲ့။ ပတ်တီးကို ဖြေလျှော့ပြီးတာနဲ့ ငါ့ကို အချက်ပြ"

သေစမ်း… လခွမ်းပဲ…..

သွေးကြောပိတ်ပတ်တီး မရှိတော့ ဒီယာယီဖြေရှင်းနည်းပဲ အခုအတွက် လုပ်ရတော့မယ်။

လယ်သမားက တုန်ယင်စွာ ခေါင်းညိတ်လိုက်သည်။ ဂါရက်က သူ့ကို လျစ်လျူရှုပြီး အခြားသူများကို လူနာကို ပြားပြားလေး လှဲချခိုင်းကာ အဝတ်များ ချွတ်ခိုင်းလိုက်သည်။ သူ အနီးအနား၌ ထိုင်ရင်း ဒဏ်ရာရထားသည့် အမျိုးသားနှင့် သူ၏ အဖော်များကို မေးမြန်းတော့သည်။

"သူ ဘယ်လို ပြုတ်ကျတာလဲ။ မတ်မတ်ကျတာလား ဒါမှမဟုတ် အလျားလိုက် လိမ့်ဆင်းကျလာတာလား"

"ဘယ်အပိုင်းက အရင် မြေပြင်နဲ့ထိတာလဲ။ လက်တွေလား ခြေထောက်တွေလား ဒါမှမဟုတ် နောက်ကျောလား"

"မျက်နှာနဲ့ မှောက်လျက် ကျတာလား ဒါမှမဟုတ် ပက်လက်ကျတာလား"

ဒဏ်ရာရထားသည့် အမျိုးသားနှင့် သူ၏ အဖော်များ တစ်ယောက်ပြီး တစ်ယောက် ပြန်ဖြေကြသည်။ ဂါရက် လိုအပ်သည့် အချက်အလက်များ ရရှိပြီးနောက် အမျိုးသား၏ အဝတ်များ ချွတ်ပြီးလုနီးပါး ဖြစ်နေချိန်တွင် သူ သေချာ စစ်ဆေးတော့သည်။

ကိုယ်ခန္ဓာ မျက်နှာပြင်ပေါ်၌ အခြားမြင်သာသည့် ဒဏ်ရာများ မရှိပေ။

ဝမ်းဗိုက်ကို ဖိကြည့်တော့ ဘယ်ဘက် အပေါ်ပိုင်းဝမ်းဗိုက်... အလယ်ပိုင်းဝမ်းဗိုက်... ညာဘက် အပေါ်ပိုင်းဝမ်းဗိုက်... မည်သည့်နေရာမှ သိသိသာသာ နာကျင်မှု မရှိပေ...

စစ်ဆေးပြီးသည်နှင့် ခြေသံများမှာ အနီးနားရှိ တောင်ပေါ်လမ်းမှ ပဲ့တင်ထပ်လာသည်။ ဂါရက် တစ်ချက်ကြည့်လိုက်သောအခါ အဘိုးအိုတစ်ဦးသည် သူ့လက်တစ်ဖက်က လှံတံကို ကိုင်ထားပြီး ကျန်တစ်ဖက်က အရင်တုန်းက အကူအညီသွားခေါ်သည့် လယ်သမားကို ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။ အဘိုးအိုက အင်မတန် လျင်မြန်စွာ ပြေးလာတာကြောင့် သူ၏ နက်မှောင်သည့် ဝတ်ရုံပင် နောက်သို့ လွင့်နေသည်။ ပေါင် ၁၈၀ ခန့်ရှိသည့် ယောက်ျားကြီးတစ်ဦးကို အလေးချိန်မရှိသကဲ့သို့ လွယ်လွယ်ကူကူ ဆွဲခေါ်လာနိုင်ခဲ့သည်။

ဒီအဘိုးကြီးက တကယ် အထင်ကြီးစရာပဲ။

ဂါရက် တိတ်တိတ်လေး ချီးကျူးလိုက်သည်။ သူ၏ ပတ်ဝန်းကျင်မှ လယ်သမားများက မညီမညာ အရိုအသေပြုလိုက်ကြသည်။

"အဘိုးအို"

"အဘိုးအို"

"အဘိုးအို ကျွန်တော့်ကို ကယ်ပါ။ ကယ်ပါ"

ဒဏ်ရာရနေသည့်လူက ရုန်းကန်နေသည်။ ဂါရက်က သူ့ကို အော်ကာ ဖိထားရင်း စစ်ဆေးခြင်းကို ဆက်လုပ်နေသည်။

"ခင်ဗျား ဘယ်သူလဲ"

အဘိုးအို ရောက်လာပြီး လယ်သမားကို ဂါရက်ဘေး၌ ထားလိုက်ပြီး ဒဏ်ရာရထားသည့်လူကို ကြည့်ရန် ကိုင်းညွှတ်လိုက်သည်။ ခေါင်းမဖော်ဘဲ ဂါရက်က ပြန်ဖြေသည်။

"ဂါရက် နော့ဒ်မတ်ခ်"

"မင်းက ဂါရက်လား"

အဘိုးအို၏ အသံပင် အနည်းငယ် တုန်ရီသွားသည်။ ဂါရက် ပြန်မဖြေမီပင် အဘိုးအိုက ဒူးထောက်လိုက်ပြီး လူနာ၏ သွေးကြောပိတ်ပတ်တီးနားတစ်ဝိုက်ကို စစ်ဆေးသည်။

"ဒါ မင်း တပ်တာလား။ တော်တော် ဉာဏ်ကောင်းတာပဲ။ ကဲ အခု ဘေးဖယ်နေ ဒီခြေထောက်ကို ငါ ကုပေးမယ်"

သူက ကုသခြင်း မှော်ပညာ တစ်ခုတည်းနဲ့ အရိုးကျိုးတာကို ကုသနိုင်တယ်လား။ သူက ငါ့ထက် အများကြီး ပိုတော်တာပဲ။

ဂါရက် ဘေးကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် အဘိုးအို လက်လှမ်းနေသည်ကို မြင်သောအခါ သူ အလိုအလျောက် ရှောင်လိုက်ပြီး အော်ပြောလိုက်သည်။

"သူ့ကို မရွှေ့နဲ့"

အဘိုးအို ရပ်တန့်သွားသည်။ ဂါရက်၏ ပြန်ပြောစကားများက ဆက်တိုက် ထွက်လာသည်။

"ကျွန်တော် စစ်ဆေးလို့ မပြီးသေးဘူး။ သူ့မှာ အတွင်းဒဏ်ရာတွေ ရှိမရှိ ခင်ဗျားသိလား"

အဘိုးအိုက တွေဝေသွားသည်။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူက မေးသည်။

"ခြေထောက်ကျိုးတဲ့သူတွေကို ကျွန်တော် ကုသဖူးတယ်။ တစ်ခါတစ်လေ ခြေထောက်က ကျက်သွားပေမဲ့ ရက်အနည်းငယ်ကြာတော့ သူတို့ သေသွားကြတယ်။ အတွင်းဒဏ်ရာတွေ ဖြစ်နိုင်လား"

"ဖြစ်နိုင်တယ်..."

ဂါရက် တီးတိုးရေရွတ်သည်။ ပြုတ်ကျရာမှ သေဆုံးရသည့် အကြောင်းရင်းများစွာ ရှိသည်။ အတွင်းပိုင်း ပေါက်ပြဲမှုများ၊ ဦးနှောက်ထိခိုက်မှုများ၊ သို့တည်းမဟုတ် ကံမကောင်းလျှင် ပင်မသွေးလွှတ်ကြောကဲ့သို့ သွေးကြောမကြီး ပေါက်ပြဲခြင်းမျိုးများ ဖြစ်နိုင်သည်။ လူနာကို မမြင်ရဘဲ မည်သို့သော အခြေအနေမျိုး ကြုံရမည်ကို မည်သူမျှ မသိနိုင်ပေ။

"ဘယ်လို စစ်ဆေးရမလဲ"

All Chapters