အခန်း (၆၂)
Vol. 5 Ch. 62
အရိုးဆက်တာလား။
ဂါရက်တွင် အားထုတ်လိုစိတ် မရှိတော့ပေ။ အမှန်တကယ်ဆိုလျှင် သူသာ အမှန်တကယ် ကြိုးစားလုပ်ဆောင်ပါက တတ်နိုင်ပေလိမ့်မည်။ အကြောင်းမှာ သူ၏ မူလခန္ဓာကိုယ်မှာ ပထမအဆင့် သူရဲကောင်းတစ်ဦးဖြစ်သောကြောင့် ခွန်အားဖြစ်စေ၊ တိုက်ခိုက်ရေးစွမ်းအားဖြစ်စေ သာမန်လူတစ်ဦးထက် များစွာ ပိုမိုသန်မာပေသည်။
ဒါပေမဲ့ ဘာလို့လဲ။
ငါက မှော်ဆရာလေ။
ငါက ခန့်ညားတဲ့ မှော်ဆရာ တစ်ယောက်ပါ။
ငါ အသက်မွေးဝမ်းကျောင်း ပြောင်း ပြီးပြီ။ ငါက သူရဲကောင်းလည်း မဟုတ်ဘူး၊ ကိုယ်ကာယနဲ့ ပတ်သက်တဲ့ အလုပ်လည်း လုပ်တာ မဟုတ်ဘူး။
ငါက ငါ့လှံတံကို ဝှေ့ယမ်းပြီး မှော်မန္တန်တွေ ရွတ်ရုံပဲ။ မှော်ဆရာရဲ့ လက် နဲ့ မမြှောက်နိုင်တဲ့ ငါးပေါင်ထက် ပိုတဲ့ ဘယ်အရာမဆို တခြားသူတွေကို သယ်ခိုင်းသင့်တယ်။
သူ နောက်ဆုတ်ပြီး နေရာပေးလိုက်သည်။ ဆံပင်ဖြူ အဘိုးအိုအား အရိုးကျိုးနေသော အစွန်းနှစ်ဖက်ကို ကိုင်ရန် လက်ဟန်ပြလိုက်သည်။ သူ့ကဲ့သို့ သန်မာသူ၊ လူတစ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်နိုင်ပြီး လေကဲ့သို့ လျင်မြန်စွာ ပြေးနိုင်သူရှိနေမှတော့ ဂါရက်က ဘာကြောင့် အားစိုက်ထုတ်နေရတော့မလဲ။
မှော်ပညာက တောက်ပစွာ လင်းလက်နေသည်။ ဂါရက်သည် အဘိုးအို၏လက်များပေါ်တွင် သူ၏လက်များကို တင်လိုက်သည်။ ညင်သာစွာ တွန်းလိုက်၊ ဆွဲလိုက် လုပ်ဆောင်ရင်း အဘိုးအို၏ခွန်အားကို ထိန်းချုပ်ကာ အဆက်မပြတ် အမိန့်များ ပေးနေသည်။
"နည်းနည်း ရှေ့တိုး နောက်နည်းနည်း… ကောင်းပြီ ညာလက်ကို ပြန်ဆုတ်…မဟုတ်ဘူး နည်းနည်း နောက်ဆုတ်။ ကောင်းပြီ ချိန်……ဖြည်းဖြည်းချင်း ပိုနီးလာအောင်.. ပိုနီးလာအောင်…ရပ်….ခဏ…"
အဘိုးအို၏ လက်မောင်းကြွက်သားများက တင်းမာနေသည်။ သူ ခေါင်းလှည့်ကာ ဂါရက်ကို ထူးဆန်းစွာ ကြည့်နေသည်။
ဂါရက်က သူ့အား ပြန်ပြုံးပြလိုက်သည်။
မှော်စွမ်းအား ထောက်လှမ်းမှုရဲ့ အာနိသင်က ကုန်သွားပြီ...
၎င်းက အလွန်တိုတောင်းလွန်းသည်။ မှော်ပညာ တစ်ကြိမ်သုံးစွဲတိုင်း မှော်ဆရာ၏အဆင့်ပေါ် မူတည်ပြီး အဆင့်တစ်ခုစီကို ၁ မိနစ်သာ ကြာသည်။ ဂါရက်သည် လက်ရှိ မှော်ဆရာတပည့်၊ ၀.၅ အဆင့်ဟု သတ်မှတ်သည်။ သူ ထောက်လှမ်းရေးမှော်ပညာ သုံးစွဲသောအခါ ၃၀ စက္ကန့်သာ ကြာသည်။
ဂါရက် အသက်ရှူသွင်း အသက်ရှူထုတ် အနည်းငယ်လုပ်ပြီး မျက်လုံးမှိတ်ကာ သူ့စိတ်ကို ပြန်စုစည်းလိုက်သည်။ မှော်အလင်း ပြန်လင်းလာပြီး သူ၏မြင်ကွင်းထဲတွင် ကျိုးပဲ့နေသော အရိုးများ ပေါ်လာကာ အရိုးဆက်မည့် လမ်းကြောင်းကို လမ်းညွှန်ပေးသည်။ ဂါရက်သည် သူ၏လက်များဖြင့် တွန်းလိုက်၊ ဆွဲလိုက် လုပ်ဆောင်ရင်း အဆက်မပြတ် အမိန့်ပေးနေသည်။ ဆံပင်ဖြူ အဘိုးအိုကလည်း ကောင်းစွာ ပူးပေါင်းဆောင်ရွက်သည်။ နောက်ထပ် ၃၀ စက္ကန့်မကုန်ဆုံးမီတွင် သူတို့သည် ထိုးထွက်နေသော ခြေသလုံးရိုးကြီးနှင့် ခြေသလုံးရိုးငယ်ကို နေရာတကျ ပြန်ဆက်နိုင်ခဲ့သည်။
"ပြီးပြီ..."
ဂါရက် လက်လွှတ်လိုက်ပြီး မြေပြင်ပေါ် ပုံကျသွားသည်။ ခဏတာအတွင်း မှော်ပညာလေးကြိမ် သုံးစွဲခဲ့သည့် အကျိုးဆက်များ နောက်ဆုံးတွင် ပေါ်လာသည်။ ခေါင်းကိုက်ပြီး သူ့နားထင်များ တထိတ်ထိတ်ခုန်လာတော့သည်။ ဂါရက် မျက်လုံးမှိတ်ပြီး သူ့ဘာသာ အနားယူနေစဉ် အဘိုးအို၏ အံ့အားသင့်သံကို ကြားလိုက်ရသည်။
"ပြီးပြည့်စုံတယ်။ ဘယ်လိုလုပ်လိုက်တာလဲ"
"ကျွန်တော် မြင်နိုင်တယ်... မှော်ပညာနဲ့..."
ဂါရက် အားပျော့စွာ ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် နောက်ထပ်မေးခွန်းကို ကြားလိုက်ရသည်။
"နောက်ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ"
ဂါရက် အမှန်တကယ်ပင် "ကုသခြင်း မှော်ပညာတစ်ခု သုံးပြီး ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့ပါ" ဟု ပြောချင်မိသည်။ သို့သော် လူနာက ထိုနေရာတွင် လဲကျနေသည်ဖြစ်၍ ပိုမိုကောင်းမွန်သော ကုသမှုက ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေမည်သာဖြစ်သည်။ သူ မထနိုင်ဘဲ ရုန်းကန်ပြီး ထိုင်ကာ ညွှန်ကြားလိုက်သည်။ ဂါရက် မျက်လုံးဖွင့်ပြီး တည့်တည့်ထိုင်ရန် ရုန်းကန်ရင်း ရှေ့သို့ ကိုင်းညွှတ်ကာ ကြည့်လိုက်သည်။
"ခဏလေး စောင့်ပါဦး..."
ကံကောင်းစွာပင် မှော်လက်၏ အာနိသင်က မကုန်ဆုံးသေးပေ။ ဂါရက်သည် အားထုတ်ပြီး စိတ်ကို စုစည်းကာ မှော်ပညာကို ဆက်လက်ထိန်းချုပ်နေသည်။ ခဏတာအတွင်းတွင် အဓိက သွေးကြောနှစ်ချောင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်ပြီး ပူးပေါင်းလိုက်သည်။
ဂါရက်သည် အဘိုးအိုဘက်သို့ လှည့်ကာ သူ၏ပါးစပ်ဖြင့် လက်ဟန်ပြလိုက်သည်။
"ပြီးရင် ဒီသွေးကြောနှစ်ချောင်းကို ဆက်ပေးပါ"
"ဟမ် မင်း ဘာ..."
အဘိုးအိုက အံ့အားသင့်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။ သူ ကိုင်းညွှတ်ပြီး သေချာ ကြည့်လိုက်သည်။ လက်ဖြင့်ပင် လှမ်းထိကြည့်လိုက်သည်။
"...မှော်လက်လား။ ဒီလို သုံးတာလား"
"ဟုတ်ပါတယ်"
ဂါရက်က နည်းနည်းလေး ပြုံးပြရင်း ရိုကျိုးသည့် ပုံစံပြလိုက်သည်။
"ဒီလိုဆို အဆင်ပြေတယ် ပြီးတော့ သန့်ရှင်းတယ်"
ညှပ်များကို သယ်သွားပြီး ကြိုတင် ပိုးသတ်ထားစရာ မလိုတော့ပေ။
အဘိုးအိုက "အဆင်ပြေတယ် သန့်ရှင်းတယ်" ဟု အကြိမ်အနည်းငယ် ညင်သာစွာ ထပ်ပြောပြီး သူ၏လက်ညှိုးကို ထိုးပြလိုက်သည်။ သူ၏လက်ချောင်းထိပ်မှ အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး တစ်မီလီမီတာ အကျယ်ရှိသော သွေးကြောများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဂါရက်က မှော်လက်ကို လွှတ်လိုက်သောအခါ မကြာမီတွင် သွေးနီရဲရဲများ စီးဆင်းသွားသည်။
ဒါပဲ... အာရုံကြောတွေကိုတော့ ငါ မထိန်းချုပ်နိုင်တော့ဘူး...
ဂါရက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ ဆက်လက် ညွှန်ကြားသည်။
"အတွင်းထဲက အရိုးတွေကို ဆက်ပေး... ဟုတ်တယ်…တိကျစွာ ကုသပေးနော်။ အရိုးတွေနဲ့ စလိုက်ပါ။ ကျွန်တော် စစ်ဆေးကြည့်... ပြဿနာမရှိဘူး၊ ဒါဆို ခဏလေး….ကြွက်သားတွေကို ကျွန်တော် စီစဉ်လိုက်ဦးမယ်..."
မှော်လက်…..ထ…
ပွင့်လင်းမြင်သာပြီး ထိတွေ့မရသော လက်များ ထပ်မံ မြှောက်တက်လာကာ ကြွက်သားများကို သေသေချာချာ စီစဉ်နေတော့သည်။
ပျက်စီးပြီး ပေါက်ပြဲနေသော ကြွက်သားများကို တစ်ခုချင်းစီ သေချာစွာ လုပ်ပေးနေတော့သည်။ ဂါရက်နှင့် ဆံပင်ဖြူ အဘိုးအိုတို့ ကောင်းစွာ ပူးပေါင်းဆောင်ရွက်ကြသည်။ သူက တစ်ခုကို ခွဲလိုက်သည်နှင့် အဘိုးအိုက မှော်ပညာကို သုံးလိုက်သည်။ အားလုံး နေရာတကျ ဖြစ်သွားပြီးနောက် ဂါရက် မျက်လုံးမှိတ်လိုက်သည်နှင့် သူ့ခါးရိုး ပြန်ကျသွားသည်။
"ပြီးပြီ... အားလုံး ပြီးသွားပြီ"
သူပြောစရာမလိုဘဲ အဘိုးအိုက အဖြူရောင်အလင်းတစ်ခု ထပ်ပစ်လိုက်ပြီး ပျက်စီးနေသော အရေပြားကို ကုသလိုက်သည်။ ဒဏ်ရာရနေသော ခြေထောက်ကို သူ ထိတွေ့ဖိနှိပ်ကြည့်ရင်း အဘိုးအိုက ပို၍ပို၍ အံ့အားသင့်လာသည်။
"ကုသခြင်း မှော်ပညာ သုံးစွဲမှု ထက်ဝက် လျော့သွားပြီ။ ဘယ်လိုလုပ်လိုက်တာလဲ"
"လက်နဲ့ အရိုးဆက်တာ…အလုပ်တွေကို ခွဲခြမ်းတာ..."
ဂါရက်၏ အသံက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး စကားများ လေးသွားကာ ဘယ်အချိန်မဆို အိပ်ပျော်သွားတော့မလို ဖြစ်နေသည်။ သူ့ကိုယ်သူ ယိမ်းထိုးနေရင်းပင် သူက အကြံပေးလိုက်သည်။
"သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ပေါ်မှာ ကုသခြင်း မှော်ပညာတချို့ သုံးဖို့ မမေ့ပါနဲ့။ ဒီလောက် အမြင့်ကနေ ပြုတ်ကျတာ အတွင်းဒဏ်ရာတွေ စိုးရိမ်ရတယ်။ စစ်ဆေးရုံနဲ့ပဲ အရာရာကို မြင်နိုင်တာ မဟုတ်ဘူး..."
အဘိုးအိုက အကြံပေးသည့်အတိုင်း လုပ်ဆောင်သည်။ ကုသခြင်း မှော်ပညာ အနည်းငယ် သုံးစွဲပြီးနောက် လူနာ ပြန်လည် နိုးကြားလာပြီး အကူအညီမပါဘဲ ထိုင်နိုင်လာသည်။ သူ့ခြေထောက် မြေကြီးကို ထိသည်နှင့် ချက်ချင်း အော်ဟစ်လိုက်သည်။
"အားးးးးး"
ဂါရက် လန့်နိုးသွားသည်။ ပထမအဆင့် သူရဲကောင်းတစ်ဦး၏ ခွန်အားဖြင့် အဘိုးအိုထက် စောပြီး စစ်ဆေးနိုင်ခဲ့ကာ လူနာကို ဆွဲယူပြီး အပေါ်အောက် အကုန် စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူ သက်ပြင်းချလိုက်သည်။
"သိပ်ပြင်းထန်တာ မဟုတ်ပါဘူး၊ ခြေထောက်မှာ ဒဏ်ရာရတာပဲ။ အရိုးကျိုးတာ ဖြစ်နိုင်ခြေ အများဆုံး... ကုသခြင်း မှော်ပညာ တစ်ခုလောက် ထပ်သုံးရင် ရပါပြီ"
နောက်ထပ် အရိုးကျိုးတာလား။
ကုသခြင်း မှော်ပညာကို ထုတ်လွှတ်နေသော အဘိုးအို၏ လက် ရပ်တန့်သွားသည်–
"မင်း ဘယ်နေရာ ကျိုးမှန်း မြင်နိုင်သေးလား"
ဂါရက် မျက်နှာပျက်သွားသည်။ သူ ခေါင်းကို အားပျော့စွာ မော့ကြည့်ရင်း အဘိုးအိုကို ကြည့်လိုက်သည်။
"ကျွန်တော် မှော်ပညာကုန်သွားပြီ..."
လက်ရှိတွင် ဂါရက်၏ စိတ်စွမ်းအား သည် တစ်နေ့လျှင် သုညအဆင့် မှော်ပညာ ငါးကြိမ် သုံးစွဲနိုင်ခြင်းသာ ဖြစ်သည်။ သူသည် အားလုံးကို အသုံးပြုခဲ့ပြီး X-ray နှင့် ဆင်တူသော ထောက်လှမ်းခြင်း မှော်ပညာ သုံးမျိုး၊ မှော်လက် တစ်ခု နှင့် မှော်လှည့်ကွက် တစ်ခုပင်။ သူ နောက်ထပ် တစ်ခု ထပ်သုံးချင်လျှင် တစ်ခုတည်းသော ရွေးချယ်စရာမှာ မနက်ဖြန်အထိ စောင့်ဆိုင်းခြင်းပင်။
ဂါရက်သည် ထိုညတွင် ကောင်းမွန်စွာ အိပ်စက်အနားယူရန် လိုအပ်သည်။ မှော်ဆရာများသည် ညလုံးပေါက် အလုပ်လုပ်ရန် မသင့်တော်ပေ။ ကံကောင်းစွာဖြင့် 996 (နံနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ် ၆ ရက် အလုပ်လုပ်ရသော တရုတ်နိုင်ငံ၏ အလုပ်ချိန်ဇယား) ကဲ့သို့သော ပြင်းထန်သည့် အလုပ်ချိန်များ မလိုအပ်ပေ။
"ပြီးပြီလား" ဟု အဘိုးအို၏ မျက်လုံးများတွင် အပြုံးရေးရေးဖြင့် မေးလိုက်သည်။ အစောပိုင်းက ရရှိထားသည့် အချက်အလက်များအရ ဤလူငယ်သည် မှော်ဆရာတပည့်အဆင့်သာ ရှိသေးပြီး မှော်ပညာလေ့လာမှု စတင်သည်မှာ မကြာသေးကြောင်း သိရှိရသည်။ သူတို့ တွေ့ဆုံပြီးနောက် မှော်စွမ်းအင်လှိုင်းငါးခု ဆက်တိုက်တွေ့ရှိရခြင်းကြောင့် သူ၏ မှော်စွမ်းအင်များ ကုန်ဆုံးသွားပြီး ထပ်မံအသုံးမပြုနိုင်တော့သည်မှာ သေချာသည်။
အဘိုးအိုသည် သူ၏ ခါးပတ်မှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် ၎င်းကို ပြန်ထည့်ကာ အခြားတစ်လုံးကို ယူ၍ ဂါရက်အား ပေးလိုက်သည်။
"တစ်စက်ပဲ သောက်လိုက်ပါ"
ပုလင်းငယ်သည် လက်ချောင်းထိပ်ခန့် ရှည်လျားပြီး လက်မခန့် ထူသည်။ ဂါရက်က ၎င်းကို ယူလိုက်ပြီး အတွင်းသို့ ကြည့်လိုက်ရာ ပုလင်းနှုတ်ခမ်းကို သစ်သားဖော့ဖြင့် ပိတ်ထားပြီး အတွင်းရှိ အရည်မှာ စိမ်းပြာရောင် တောက်ပနေသည်ကို တွေ့ရသည်။ မြင်ရသည်မှာ အတော်လေး စိတ်ကြည်နူးဖွယ်ရာ ဖြစ်သော်လည်း အရည်က အစိမ်းရောင် ဖြစ်နေခြင်းပင်။ အသက်ဆေးများသည် အနီရောင်ဖြစ်ပြီး မှော်ဆေးများက အပြာရောင်ဖြစ်ရာ ဤအစိမ်းရောင်က ဘာဖြစ်မလဲ။
အဆိပ်များ ဖြစ်နေမလား။
သူသည် အကူအညီအတွက် အဘိုးအိုအား ကြည့်လိုက်သော်လည်း မည်သည့်အဖြေမှ မရခဲ့ပေ။ ဖော့ကို ဖယ်ရှားလိုက်ပြီး ပုလင်းခွံကို သူ၏ လက်ဖဝါးဖြင့် လေထဲတွင် ဦးစွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သတိထား၍ အနံ့ခံကြည့်လိုက်သည်။ အေးမြသော လေတစ်ချက် တိုးဝင်လာပြီး ဂါရက်၏ နှာခေါင်းကို ယားယံစေကာ နှာချေလုနီးပါးပင်။
"...အဆိပ်တော့ မဟုတ်ဘူး ထင်တယ်။ ပြီးတော့ ကျွန်တော့် စိတ်လည်း နည်းနည်း ပိုလန်းဆန်းလာသလိုပဲ"
ဂါရက်၏ မျက်လုံးများ တောက်ပလာသည်။ အဘိုးအို၏ ညွှန်ကြားချက်အတိုင်း သူသည် ပုလင်းကို သေချာစောင်းကာ တစ်စက်လေးသာ သောက်သုံးရန် ကြိုးစားလိုက်သည်။
"ဒီလောက် ပမာဏနည်းနည်းလေးအတွက် ပြွန်သေးသေးလေးတောင် မပေးနိုင်ဘူးလား။ တော်ကြာ အကုန်သောက်မိသွားရင် ဘယ်လိုလုပ်မလဲ"
အေးမြသော တစ်စက်သည် သူ၏ လျှာပေါ်တွင် ပေါက်ကွဲကာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သူ၏ ပါးစပ်ထဲသို့ ပြည့်ဝင်ပြီး နှာခေါင်းထဲသို့ ရောက်ရှိကာ သူ၏ ဦးနှောက်ထဲသို့ ပျံ့နှံ့သွားသည်။ ဂါရက်သည် တုန်ယင်သွားပြီး မှော်ပညာ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုနှင့် မူးဝေမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
"ကျွန်တော် ပြန်ကောင်းသွားပြီ"
သူ ထခုန်လိုက်တော့သည်။
"သူ့ခြေထောက်ကို ကိုင်ထား…အဆင်သင့်ပြင်ကြ ကျွန်တော် မှော်ပညာ သုံးတော့မယ်"
ပတ်ဝန်းကျင်တွင် တောက်ပသော မှော်အလင်း ထပ်မံ လင်းလက်လာသည်။
ဂါရက်နှင့် အဘိုးအိုတို့သည် ပူးပေါင်းကာ လူနာ၏ အရိုးများကို ပြန်ဆက်ပေးပြီး ကုသမှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ လူနာနှင့် သူ၏မိသားစုက အလွန်အမင်း ကျေးဇူးတင်စကား ပြောကြားကြသော်လည်း အဘိုးအိုကမူ ဘာမျှမသိဟန်ဆောင်ကာ ဂါရက်အား လူအုပ်ထဲမှ ဆွဲထုတ်ခေါ်သွားသည်။ ဂါရက်က သူ၏ လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်စွာ လိုက်ပါလာသည်ကို မြင်သောအခါ အဘိုးအိုသည် သူ၏ ပခုံးကို ကျေနပ်စွာ ပုတ်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
"မင်းက သဘာဝနတ်ဘုရားဆီက မြင့်မြတ်တဲ့ ဗျာဒိတ်တော် ရရှိထားတဲ့သူပဲ ဟုတ်တယ်မလား"