အခန်း (၆၃)
Vol. 5 Ch. 63
ဂါရက်၏ အပြုံးသည် ချက်ချင်း တောင့်ခဲသွားသည်။
"ဟာ ဘုရားရေ… ဟာ ဘုရားရေ…ကံဆိုးလိုက်တာ"
လိမ်ညာမှုတွေက ခဏတာပဲ။ ဒါပေမဲ့ အမှန်တရားက ပေါ်လာမှာပဲ။
ငါ ဘာလို့ အဲ့လို့အလိမ်အညာကို ပြောခဲ့တာလဲ။
ဘာလို့ သဘာဝနတ်ဘုရားကိုးကွယ်သူတွေကို အပြစ်ပုံချခဲ့တာလဲ။
သူသည် အဘိုးအို၏ အဝတ်အစားကို သေချာ စစ်ဆေးကြည့်လိုက်သည်။ နက်မှောင်သော ဝတ်ရုံ၊ ဝက်သစ်ချသား လှံတံ၊ ကြံ့ခိုင်သော ကိုယ်ခန္ဓာ၊ ပြီးတော့ ကြင်နာသော အမူအရာ။ မည်သည့်ပုံစံဖြင့် ကြည့်ကြည့် သဘာဝနတ်ဘုရားကို ကိုးကွယ်သူတစ်ဦးနှင့် တူလှသည်။ ရွာသားများကပင် သူ့ကို အဘိုးအို ဟု ခေါ်ကြသေးသည်။
သူက ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးပဲ။
သူတို့ရဲ့ ခေါင်းဆောင်ကြီး လက်ထဲကို ငါ မတော်တဆ ရောက်သွားတာပေါ့။
ငါ ဘာလုပ်ရမလဲ။ ဘုရားစော်ကားမှု ဖြစ်တယ်လို့ သတ်မှတ်ခံရမလား။ မီးရှို့ခံရမလား။ ဒါမှမဟုတ် ပိုဆိုးတာက မီးနဲ့ မဟုတ်ဘဲ ဝက်ဝံတွေ၊ တောဝက်တွေ၊ ကျားသစ်တွေ ဒါမှမဟုတ် တစ်ခုခုနဲ့ ဝက်သစ်ချပင်အောက်မှာ မြှုပ်နှံခံရမလား။
ဂါရက်သည် ပါးစပ်ဖွင့်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားသော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ အဘိုးအိုက သူ့အား ပြုံးပြုံးလေး ကြည့်နေဆဲဖြစ်ပြီး ပျားအုံကို အဝေးမှ စောင့်ကြည့်နေသော ဝက်ဝံတစ်ကောင်နှင့် တူနေသည်။ ပထမတစ်ချက်ကြည့်လျှင် အန္တရာယ်မရှိသလို ထင်ရသော်လည်း အသွင်အပြင်များက လှည့်စားတတ်သည်။
ဂါရက်သည် ချွေးပင်ပြန်လာတော့သည်။
ထွက်ပြေး၊ တရားမျှတအောင် ပြော၊ ငြင်းဆို...
အတွေးပေါင်းစုံသည် သူ၏စိတ်ထဲတွင် ဝဲနေသော်လည်း နောက်ဆုံးတွင် အံကြိတ်ပြီး အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော် အဲဒီအချိန်တုန်းက ကြွားလုံးထုတ်လိုက်တာပါ..."
သူသည် အခြေအနေကို ရိုးသားစွာ ပြန်ပြောပြသည်။ ဦးလေးကရင်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မယုံကြည်နိုင်လောက်အောင်ပင် သူ ကုသခြင်း မှော်ပညာ ကို ရရှိခဲ့သည်။ သူ၏ ရဲဘော်များ စိတ်မပူစေရန် သူ မြင့်မြတ်သော ဗျာဒိတ်တော်တစ်ခုရသလို ဟန်ဆောင်ခဲ့ခြင်းပင်။
"ကျွန်တော်က... သဘာဝနတ်ဘုရားက ပိုပြီး မြင့်မြတ်တယ်၊ ဂိုဏ်းကလည်း နားလည်မှုရှိတယ်လို့ ထင်ခဲ့မိတာပါ..."
အဘိုးအိုသည် ဂါရက်အား စိုက်ကြည့်နေရင်း သူ၏မျက်လုံးများ ပို၍ ကျယ်လာသည်။ အံ့သြစရာကောင်းလောက်အောင် ထူးဆန်းသည့် အရာတစ်ခုကို မြင်လိုက်ရသလိုပင်။ တစ်စုံတစ်ယောက်၏ စိတ်ကူးစိတ်သန်းက ဤမျှအထိ ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပုံရသည်။ ရုတ်တရက် သူ ခေါင်းနောက်ပြန်လှန်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဟေး အဲ့လောက်တောင် ရယ်ရလား။ ဒီမှာ ငါဘာဖြစ်နေလဲ ကြည့်ပါဦး။
ဂါရက်သည် စိုးရိမ်တကြီး သူ့ခြေထောက်များအား လှုပ်ရှားလိုက်သည်။ အဘိုးအို စိတ်ကောင်းဝင်နေပုံပေါ်ပြီး အဆုံးအထိ လိုက်မလုပ်တော့လျှင်တောင် သူတို့၏ မှောင်မိုက်သော သမိုင်းထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတော့မည်ဟု ထင်ရသည်။
အဘိုးအိုသည် သူ့အား ကြည့်ရင်း ဆက်ရယ်နေဆဲဖြစ်သည်။ ပျားရည်ဝဝစားထားသော ဝက်ဝံတစ်ကောင်က ပျားအုံမှ ပုံမှန် ပူဇော်သကာများ ပေးရန် ဆန္ဒရှိကြောင်း ကြားလိုက်ရသလိုပင်။ သူ၏နောက်မှ နေရောင်ခြည်က ထိုးကျလာပြီး ဂါရက်ပေါ်တွင် ကြီးမားသော အရိပ်ကြီးကို ကျရောက်စေသည်။ အနီးအနားရှိ ဝက်သစ်ချပင်၏ အရိပ်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
ဂါရက်သည် တိတ်တိတ်လေး တစ်လှမ်းနောက်ဆုတ်လိုက်ပြီး နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။
"ခရက်"
သူ မတော်တဆ ဝက်သစ်ချသီးတစ်လုံးကို နင်းမိပြီး ကြေသွားသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်ဘုရားဆီက ဗျာဒိတ်တော်ရတယ်လို့ ပြောတဲ့ လူငယ်မှော်ဆရာတစ်ဦးအကြောင်း ကျွန်တော် ကြားခဲ့ရတယ်" ဟု အဘိုးအိုက ရုတ်တရက် ပြောလိုက်သည်။ ဂါရက်၏ နှလုံးသား တစ်ချက်ခုန်သွားပြီး အဘိုးအိုက ဖြည်းဖြည်းချင်း ဆက်ပြောသည်ကို နားထောင်နေသည်။
"ဒီသတင်းကို ပျံ့နှံ့စေတဲ့ ပုံစံက ထူးဆန်းတယ်။ ကျွန်တော်ကြားရအောင် ရည်ရွယ်ပြီး ပျံ့နှံ့စေတာမျိုး၊ ဒါပေမဲ့ ဘယ်သူက ပျံ့နှံ့စေတာလဲဆိုတာ မသိစေဘဲ လုပ်တာ။ ကျွန်တော် ရက်အနည်းငယ် စုံစမ်းပြီး ဂယ်မန်ကို မေးဖို့ မှော်ဆရာမျှော်စင်ကို လာဖို့ ရည်ရွယ်ထားတာ"
သူတို့သည် မှော်ဆရာ ဂယ်မန်ထံ တိုက်ရိုက်သွားရန် ကြံရွယ်နေခြင်းဖြစ်သည်။ ဒေသခံ သဘာဝကိုးကွယ်သူဂိုဏ်း၏ ခေါင်းဆောင်ကြီးသည် မှော်ဆရာမျှော်စင်၏ ခေါင်းဆောင်ထံ တိုက်ရိုက်ချဉ်းကပ်နိုင်သည့် အခွင့်အာဏာ ရှိသည်။ ဂါရက်က တုန်ယင်သွားပြီး ညင်သာစွာ မေးလိုက်သည်။
"ဒါဆို..."
သူ၏ ပခုံးပေါ် လက်တစ်ဖက် ဖိလိုက်ပြီး သူ၏စကားကို ဖြတ်လိုက်သည်။ အဘိုးအိုက ဂါရက်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ သူ၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်ဖို့ ကြိုးစားနေသလိုပင် အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"မင်းကို လမ်းမှာ ငါတွေ့ခဲ့တယ်။ ဒဏ်ရာရနေတဲ့ ဆင်းရဲသားတွေကို ကူညီချင်စိတ်ရှိတာကို ငါတွေ့ခဲ့တယ်။ နာမည်ဂုဏ်သတင်း ဒါမှမဟုတ် အကျိုးအမြတ်ကို မရှာဘဲ မင်း အားလုံးကို ပေးဆပ်တယ်။ ဒီလို စိတ်ဓာတ်က ငါတို့နတ်ဘုရားရဲ့ သင်ကြားမှုတွေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် ငါမင်းကို မေးမယ်"
"မင်း သဘာဝနတ်ဘုရားရဲ့ အဆုံးအမတွေကို လေ့လာဖို့နဲ့ ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို နားလည်ဖို့ ဆန္ဒရှိလား"
ဒါက...
ဂါရက်သည် အံ့သြသွားသည်။ သူ၏ရှေ့က အဘိုးအိုကို မျက်လုံးပြူးပြီး စိုက်ကြည့်နေသည်။ သူ၏ နားကိုပင် သူ မယုံကြည်နိုင်လုနီးပါးပင်။
ဒါက ဖြစ်နိုင်ပါ့မလား။ ငါ့ကို အပြစ်ပေးတာ ဒါမှမဟုတ် မီးရှို့တာမျိုး မဟုတ်ဘဲ သူတို့ရဲ့ ဂိုဏ်းထဲကို ကြိုဆိုချင်တာလား။
ယုံကြည်မှုကရော ညနတ်ဘုရားတွေကို ရိုသေလေးစားမှု ကရော။
"ဒါ လှည့်စားတာများ ဖြစ်နေမလား"
ဂါရက်က ပြန်ဖြေလိုက်သည်။
"ခင်ဗျား ဘယ်သူလဲဆိုတာတောင် ကျွန်တော်မသိဘူး..."
"ဪ ဟားဟား ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်မိတာပဲ"
အဘိုးအိုက ရယ်မောလိုက်ပြီး ရွှံ့နွံများကြားမှ သူ၏ ဝက်သစ်ချသားလှံတံကို မြှောက်လိုက်သည်။ ဂါရက်၏ မျက်ခွံများ တုန်ခါသွားပြီး အနီးအနားရှိ မြက်ပင်တစ်ပင် အနည်းငယ် ပိုမြင့်တက်လာသည်ကို သူ မြင်လိုက်ရသလို ခံစားလိုက်ရသည်။
"ငါက အယ်လ်ဝင် ဝီလ်ကင်ဆန်၊ ဒေသတွင်း သဘာဝနတ်ဘုရားကိုးကွယ်သူများ ဂိုဏ်းရဲ့ အဘိုးအိုပါ။ မင်း ငါ့ကို အယ်လ်ဝင်လို့ ခေါ်နိုင်ပါတယ်။ ဒါဆို လူငယ်လေး ငါ့ဆီကနေ သင်ယူချင်လား"
"ဒါပေမဲ့... ဒါပေမဲ့ ဘာလို့လဲ"
ဂါရက်က မေးခွန်းထုတ်လိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းက ကောင်းမွန်တဲ့ ကုသပေးသူ တစ်ယောက်ဖြစ်လို့ပဲ။ မင်းမှာ ဆင်းရဲသားတွေကို ကူညီဖို့ စွမ်းရည်နဲ့ စိတ်ဆန္ဒ ရှိတယ်"
အဘိုးအို အယ်လ်ဝင်က အလေးအနက် ပြန်ဖြေသည်။
"မင်းရဲ့ လုပ်ဆောင်ချက်တွေက ဂိုဏ်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတယ်။ ဒီသဘောအရဆိုရင် မင်းက ငါတို့ရဲ့ မဟာမိတ်ပါပဲ"
အဘိုးအိုက ဖြည်းညှင်းစွာနှင့် ရိုးသားစွာ ပြောနေပြီး စကားလုံးတိုင်းသည် သူ၏ နှလုံးသားမှ ထွက်ပေါ်လာသကဲ့သို့ပင်။ ဂါရက်ကမူ မသေချာမရေရာ ဖြစ်နေဆဲဖြစ်ပြီး ပိုမိုနက်ရှိုင်းစွာ မေးမြန်းမိသည်။
"ဒါပေမဲ့ ယုံကြည်မှုကရော ဘယ်လိုလဲ"
"ယုံကြည်မှု..."
အဘိုးအို အယ်လ်ဝင် မပြုံးဘဲ မနေနိုင်တော့။ သူသည် ဤထူးခြားဆန်းကြယ်စွာ လေးနက်ပြီး အလေးအနက်ရှိသော စကားလုံးနှစ်လုံးကို ပြောပြီး ဂါရက်အား အပေါ်အောက် သေချာ စစ်ဆေးကြည့်လိုက်သည်။ ကြည့်လေလေ ကျေနပ်လေလေ ဖြစ်လာသည်။ ခဏတာ စဉ်းစားပြီးနောက် သူလှည့်ကာ အနည်းငယ် လှမ်းလျှောက်သွားပြီး ဂါရက်အား ခေါ်လိုက်သည်။
"လာ..."
ဂါရက်လည်း အလျင်အမြန် လိုက်ပါသွားသည်။ အဘိုးအို အယ်လ်ဝင်သည် တောင်ကုန်းပေါ်သို့ တက်သွားပြီး မလှမ်းမကမ်းရှိ ရွာ၏ မီးခိုးများကို ငေးကြည့်နေသည်။ ရုတ်တရက် သူ ဂါရက်ကို မေးလိုက်သည်။
"မင်းရဲ့ ယုံကြည်ချက် က ဘာလဲ"
"..."
"မင်းရဲ့ စိတ်ဆန္ဒကို စုစည်းပြီး ကုသခြင်း မှော်ပညာ ကို သုံးနိုင်တဲ့ စွမ်းအားကို ဘာက ပေးတာလဲ"
ဂါရက် ခဏမျှ တိတ်ဆိတ်သွားသည်။ အဘိုးအို အယ်လ်ဝင်ဘေးတွင် ရပ်လျက် ရွာထဲတွင် ပြေးလွှားဆော့ကစားနေကြသော ကလေးများကိုလည်းကောင်း၊ ခါးကုန်း၍ အလုပ်လုပ်နေကြသော သက်ကြီးရွယ်အိုများကိုလည်းကောင်း၊ အောက်ဘက်ရှိ ပျားပန်းခပ်မျှ လှုပ်ရှားနေသော ဘဝကိုလည်းကောင်း ကြည့်ရင်း ညင်သာစွာ ရေရွတ်လိုက်သည်။
"ကျန်းမာရေးက အရေးကြီးတယ် အသက်တွေကို အပ်နှံထားတာ..."
"ဘာလဲ"
"ကျွန်တော်တို့ကို ဆေးပညာ သင်ပေးတဲ့သူတွေ ပြောခဲ့တာပါ"
ဂါရက် ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။ ဤဝေးလံသော ကမ္ဘာတွင် ဆရာသမားများနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံး မတူညီသော ကမ္ဘာများဖြင့် ကွဲကွာနေချိန်တွင် လွန်ခဲ့သောနှစ်များက သင်ကြားမှုများနှင့် ကတိသစ္စာများကို ပြန်လည်အမှတ်ရမိသောအခါ ကြီးမားသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်–။
"သူတို့ပြောတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အသက်တွေကို ကယ်တင်ဖို့နဲ့ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့တဲ့။ လူနာတွေက သူတို့ရဲ့ အသက်တွေကို ကျွန်တော်တို့ဆီ အပ်နှံထားတယ်၊ သူတို့ရဲ့ ကျန်းမာရေးက ကျွန်တော်တို့အပေါ် မူတည်တယ်။ ဒါကြောင့် ဘယ်အရာပဲ ဖြစ်လာဖြစ်လာ ဒီရည်မှန်းချက်ကို ကျွန်တော်တို့ ဘယ်တော့မှ ပျက်ကွက်လို့ မရဘူး..."
ဤသင်ကြားမှုများနှင့် ကတိသစ္စာများက အမှန်တကယ်ပင် အ
တန်ဖိုးကြီးသည်။ အဘိုးအို အယ်လ်ဝင်က သေသေချာချာ စဉ်းစားနေလိုက်သည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ နေနေ၏။
ဘယ်လိုလူမျိုးတွေက ဒီလို ကတိသစ္စာတွေ ပြုပြီး ဒီလို နိယာမတွေနဲ့ တပည့်တွေကို သင်ကြားပေးမှာလဲ။
အချိန်အတော်ကြာပြီးမှ သူ သတိပြန်ဝင်လာပြီး ညင်သာစွာ ပြောလိုက်သည်။
"ဒါဆို မင်းက ငါတို့ရဲ့ နတ်ဘုရားဆီကနေ မြင့်မြတ်တဲ့ ဗျာဒိတ်တော် ရခဲ့တယ်လို့ ပြောပြီး သူ့ရဲ့ ဟောကိန်းကို ဖော်ထုတ်ပေးမလား"
ဟောကိန်းကို ဖော်ထုတ်ရမယ်….
ဂါရက် တုန်ယင်သွားသည်။ သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု လင်းကနဲ ဖြစ်သွားသည်။
ဘုရားဝင်စားသူတစ်ယောက်လို ဟန်ဆောင်ပြီး မြေပြင်ပေါ်မှာ တုန်ရီနေတာ၊ ထူးဆန်းတဲ့ အသံနဲ့ ပြောနေတာ၊ ဘုရားသခင်ဝင်စားတယ်လို့ ပြောနေတာ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာ...
လုံးဝ မဟုတ်ဘူး။
ဂါရက်က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။
"ကျွန်တော် မလုပ်ဘူး လုံးဝ မလုပ်ဘူးနော်"
အဘိုးအိုအယ်လ်ဝင်က ရယ်မောလိုက်သည်။ ဂါရက် ဘာတွေ တွေးနေလဲ သူ မသိပေမဲ့ အခုလို ဆံပင်ထောင်မတတ် တုံ့ပြန်မှုက ပြတ်သားမှု ရှိတာအပြင် အတော်လေး ချစ်စရာကောင်းနေသည်။
သူ ဂါရက်ကို ညင်သာစွာ ပုတ်လိုက်ပြီး သူ့ကို စိတ်ငြိမ်သွားစေကာ အလေးအနက် ပြောလိုက်သည်။
"မင်းရဲ့ ယုံကြည်ချက်တွေနဲ့ နိယာမတွေက ဂိုဏ်းနဲ့ မဆန့်ကျင်ပါဘူး။ ဒါကြောင့် သဘာဝနတ်ဘုရားရဲ့ သင်ကြားမှုတွေနဲ့ ကောင်းချီးမင်္ဂလာတွေကို နားလည်ဖို့ မင်း ဆန္ဒရှိမယ်ဆိုရင်၊ ပြီးတော့ အဲဒါတွေကို လက်ခံနိုင်မယ်ဆိုရင် ငါတို့နဲ့ ပူးပေါင်းမလား။ ပြီးတော့ ငါတို့လည်း မင်းရဲ့ ကုသနည်းတွေကို သင်ယူခွင့်ရမလား"
"ကျွန်တော် အရမ်း ဝမ်းသာပါတယ်"