အခန်း (၆၈)
Vol. 5 Ch. 68
အပေါ်စီးမှကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် ရောင်စုံအဝတ်အစားများဖြင့် လူအုပ်ကြီးက စုရုံးနေကြသည်။ တချို့က တိုးဝှေ့ဝင်ရောက်ရန် ကြိုးစားနေကြပြီး တချို့က ထွက်ပြေးရန် ကြိုးစားနေကြကာ အများစုကတော့ ဘာလုပ်ရမှန်းမသိဘဲ ရှုပ်ထွေးနေသည့် လူအုပ်ကြီးထဲ၌ ငြိမ်သက်စွာ ရပ်နေကြသည်။
လူအုပ်ကြီးထဲမှ နာကျင်သော အော်ဟစ်သံများက ဆက်တိုက်လိုလို ထွက်ပေါ်နေသည်။
ဂါရက် စိတ်ပူပန်နေမိသည်။
သူ လက်နှစ်ဖက်ကို ဖြန့်ကာ တိုးဝှေ့ပြီး အားကုန်အော်ရင်း ရှေ့သို့ တိုးသွားသည်။
"ကျွန်တော်က ဆရာဝန်။ ကုသပေးသူပါ လမ်းဖွင့်ပေးကြပါ"
နောက်ဆုံးတော့ တချို့က သူ့အတွက် လမ်းဖွင့်ပေးကြသည်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။ ဂါရက်က ကျေးဇူးတင်ကြောင်း ပြောရင်း တိုးဝှေ့သွားသည်။ ဤအတောအတွင်းမှာလည်း ဘေးမှလူများ အော်ဟစ်မေးနေတာတွေကို ကြားနေရသည်။
"ဘာဖြစ်တာလဲ"
"စင်မြင့် ပြိုကျသွားတာ"
"ဘယ်လိုဖြစ်ပြီး အဲ့လို ပြိုကျသွားတာလဲ"
"သူတို့ သကြားလုံးတွေ ပစ်ချကြတာ အလုအယက်တိုးရင်း... ပြီးတော့..."
အခြေအနေက ဆိုးဝါးနေပြီ။
ဤသို့ ကြီးမားသော ပွဲလမ်းသဘင်များတွင် အဆိုးဆုံးကြောက်သည်မှာ စင်ပြိုကျခြင်းနှင့် လူအုပ်နင်းမိခြင်းကဲ့သို့သော မတော်တဆမှုမျိုးများပင်။
ဂါရက်၏ နှလုံးခုန်နှုန်း မြန်လာသည်။ အတွင်းစည်းထဲကို တိုးဝင်သွားသောအခါ သူ မြင်ကွင်းကို မျက်ခြည်မပြတ် စောင့်ကြည့်လိုက်သည်။ သူ ထင်ထားတာထက်တောင် ပိုဆိုးနေသည်။
လူအုပ်ကြီး၏ အလယ်ဗဟို၌ သစ်သားစင်မြင့်က တစ်ဝက်ခန့် ပြိုကျနေပြီး ယိုင်နဲ့နဲ့ ဖြစ်နေသည်။ စင်မြင့်ပတ်ပတ်လည်က လှေကားများ ပြိုကျနေပြီး လဲကျနေသည့် လူများဖြင့် ပြည့်နေသည်။
အော်ဟစ်သံများ ကျယ်လောင်နေသည်၊ နာကျင်သော ညည်းညူသံများ၊ တချို့က ရုန်းကန်ပြီး တက်ရန် ကြိုးစားနေကြသည်၊ တချို့ကတော့ မြေပြင်ပေါ်မှာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေကြသည်။ တချို့က အသက်ကုန်လုနီးပါး ကူညီရန် ကြိုးစားနေကြပြီး တချို့ကတော့ ဘာလုပ်ရမှန်းမသိဘဲ ရည်ရွယ်ချက်မဲ့ လှုပ်ရှားနေကြသည်...
ဂါရက်က ညာခြေထောက်က ပုံမှန်မဟုတ်ဘဲ ကွေးနေပြီး သွေးများ စိမ့်ထွက်နေသည့် အမျိုးသမီးငယ်တစ်ဦးကိုပင် တွေ့လိုက်ရသည်။ သို့သော် သူမက သူ၏ဒဏ်ရာကို ဂရုမစိုက်ဘဲ လက်များဖြင့် ကွဲကြေနေသည့် စင်မြင့်ဆီသို့ တွားသွားနေသည်။
"ကောင်မလေး လီလာ... ကောင်မလေး လီလာ..."
ကလေးလား။
ကလေးတစ်ယောက် ဒဏ်ရာရတာလား။
ဂါရက်၏ ဆံပင်များ ထောင်သွားသည်။ ရုတ်တရက် လူတစ်ယောက် သူ၏ဘေးမှ ပြေးသွားသည်။ သူ မှတ်မိလိုက်သည်။
ဤနေရာသို့ ရောက်မှ ပထမဆုံး တွေ့ဖူးသည့် ဘုန်းတော်ကြီး လူငယ် ဂျွန်။
လူငယ် ဂျွန်က အမျိုးသမီးငယ်၏ ဘေးသို့ အပြေးအလွှား ရောက်သွားပြီး သူ၏လက်ဖဝါးမှ နူးညံ့သည့် အဖြူရောင်အလင်း ထွက်လာသည်။ သူမ၏ သွေးထွက်နေသည့် ခြေထောက်ကို ကမ်းလိုက်သည်။ သို့သော် သူမက ကုသမှုကို ငြင်းဆန်ပြီး သူ၏လက်ကောက်ဝတ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။ ပြီးတော့ သူ့ကို စင်မြင့်အပျက်အစီးများဆီ ဆွဲခေါ်သွားသည်။
"ကျွန်မကလေး ကျွန်မကလေးကို ကယ်ပါ"
လူငယ်ဂျွန် တောင့်ခဲသွားသည်။ ပတ်ပတ်လည်မှ လက်များစွာက သူ့ကို ချက်ချင်း ဆုပ်ကိုင်လာကြသည်။ သူ၏ခြေကျင်းဝတ်များကို ဆွဲသူကဆွဲပြီး ဘုန်းတော်ကြီးဝတ်ရုံစကို ဆွဲကြသည်။
"ကျွန်တော့်ကို ကယ်ပါ..."
"ကျွန်မကို ကယ်ပါ..."
"ဘုန်းတော်ကြီး ကျွန်မကို ကယ်ပါ... ကျေးဇူးပြုပြီး..."
"ကျွန်တော် ပိုက်ဆံပေးမယ် ပိုက်ဆံပေးမယ်။ ဒီအိတ်ထဲမှာ ငွေဒင်္ဂါးငါးပြား ရှိတယ်။ အကုန် ခင်ဗျားအတွက်ပဲ၊ အိမ်မှာ ပိုရှိသေးတယ်..."
လူငယ် ဂျွန် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ ရုတ်တရက် လှည့်လိုက်သောအခါ ဂါရက်ကို အနီးအနားတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ တုန်ယင်နေသည့် အသံဖြင့် သူ့ကို အော်လိုက်သည်။
"ငါတို့ ဘာလုပ်ကြမလဲ။ ဒီလောက်အများကြီး ကယ်လို့ မရဘူး။ ငါ ငါ ငါ တစ်ယောက်ပဲ အများဆုံး ကယ်နိုင်တာ"
"လူတွေကို ကယ်တာ မင်း အရမ်းနှေးတယ်။ ငါပြောတာ နားထောင်"
ဂါရက်က သူ၏ဘေးနားသို့ ရှေ့တိုးလိုက်သည်။ လူငယ် ဂျွန်ကို ဆုပ်ကိုင်ပြီး သူ၏လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လက်ချောင်းထိပ်များက အဖြူရောင်အလင်းဖြင့် တောက်ပနေသည်။
"ကျွန်တော် ကုသပေးသူ။ ကျွန်တော့်အမိန့်ကို နားထောင်။ နောက်ဆုတ်… နောက်ဆုတ်…နေရာယူကြ"
အကြိမ်ပေါင်းများစွာ ထပ်ပြောပြီးနောက် ပတ်ဝန်းကျင်က ဆူညံသံများ နောက်ဆုံးတော့ ငြိမ်သက်သွားသည်။ ဂါရက်က မြင်ကွင်းကို ကြည့်လိုက်ပြီး ဉာဏ်ကောင်းပုံရသည့် ကောင်လေးတစ်ယောက်နှင့် နည်းနည်းရင်းနှီးဖူးသည့် ကြံ့ခိုင်သော လူကြီးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း မြို့စောင့်တပ်သားတွေ ကို သွားရှာ"
"မင်း စစ်နတ်ဘုရားကျောင်းတော် ကိုသွား။ ငါ ဂါရက် နော့ဒ်မတ်ခ် လို့ပြောလိုက်။ သူတို့ကို လာကူညီဖို့ ပြောပါ၊ ဒီမှာ ဒဏ်ရာရထားတဲ့လူတွေ အများကြီးပဲ"
"ကျန်တဲ့သူတွေ မထိတ်လန့်ကြနဲ့။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ နောက်ဆုတ်နေကြ၊ ကျန်တဲ့သူတွေ နှစ်ယောက်တွဲ၊ ဒဏ်ရာရထားတဲ့သူတွေကို တစ်ယောက်ချင်းစီ သယ်ထုတ်ပြီး သန့်ရှင်းတဲ့နေရာမှာ ထားကြ"
ဤသို့ ရှုပ်ထွေးသည့် အခြေအနေမျိုးတွင် တစ်ယောက်ယောက်က ဦးဆောင်ပြီး အမိန့်ပေးလိုက်သောအခါ ကျန်သည့်သူများ တဖြည်းဖြည်း လိုက်နာလာကြသည်။ ကောင်လေးနှင့် ကြံ့ခိုင်သည့်လူကြီး ပြေးထွက်သွားကြပြီး အရွယ်ရောက်ပြီးသည့် ယောက်ျားမိန်းမများကတော့ လူငယ်ဂျွန်ကို ကြည့်ရင်း အုပ်စုဖွဲ့ပြီး လူများကို သယ်ဆောင်လာကြသည်။ ဆိုင်ရှင်တစ်ယောက်ကတောင် ထွက်လာပြီး အော်ပြောသည်။
"ကျွန်တော့်ဆိုင်က နီးတယ်။ အဲ့ဒီကို ခေါ်လာခဲ့ကြ"
ကောင်းပြီ။
ဂါရက်က သူ့အား ခေါင်းညိတ်ပြပြီး လက်ဟန်ပြလိုက်သည်။ ထို့နောက် ဒဏ်ရာရရှိထားသူများထံ အပြေးအလွှားသွား၍ တစ်ဦးချင်းစီ စစ်ဆေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤအခြေခံမှော်ပညာနှင့် မှော်ဆရာ၏ လှည့်ကွက်အချို့ကို အသုံးပြုလိုက်သည်။
"ဒီခြေထောက် ကျိုးသွားပြီ။ နှစ်ယောက်က တစ်ဖက်စီကနေ ထောက်ပြီး မကြ။ ခြေထောက်ကို သတိထား"
ဖြတ်……
သူ၏ ညာဘက်ပခုံးပေါ်တွင် တောက်ပသော အဝါရောင်လှိုင်းတစ်ခု ထင်ရှားစွာ ပေါ်လာသည်။ ပြင်းထန်သော ဒဏ်ရာဖြစ်သော်လည်း သတိရှိနေသဖြင့် ချက်ချင်း အသက်အန္တရာယ် မရှိသေးပေ။ ကုသမှုကို နောက်ဆုတ်ထားရန် အဝါရောင် အမှတ်အသားဖြင့် ပြထားသည်။
ဤမှော်ဆရာ၏ လှည့်ကွက်များက တကယ်ပင် အသုံးဝင်လှသည်။ အဆင့် သုည မှော်ပညာဖြစ်ပြီး တစ်နာရီအထိ ကြာမြင့်မည်ဖြစ်ကာ ၆ စက္ကန့်တိုင်း တစ်ကုဗပေအတွင်း အရောင်ချယ်နိုင်သည်။
မှော်ပညာသာ မရှိပါက ဤသို့ အလျင်လိုသော အချိန်တွင် အရောင်လေးမျိုးပါသည့် တံဆိပ်အစုအဝေးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။
"ကောင်းပြီ"
ကြံ့ခိုင်သော အမျိုးသားနှစ်ဦးက လူနာကို မပြီး လျှောက်သွားတော့သည်။ ဂါရက်က အလျင်အမြန် တားလိုက်သည်။
"စောင့်ဦး"
သူ ရပ်နေပြီး ခေါင်းငုံ့ကာ အာရုံစိုက်လိုက်သည်။
အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်... ရှူသွင်း၊ ရှူထုတ်…
ခြောက်စက္ကန့် ရေတွက်ပြီးနောက် သူ လက်ကို ပြန်မြှောက်လိုက်ပြီး လူနာ၏ ခြေထောက် ကျိုးသည့်နေရာနားတွင် တောက်ပသော အဝါရောင်မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
"ခိုင်ခံ့တဲ့ ပတ်တီးရှာ ငါ အမှတ်အသားလုပ်ထားတဲ့နေရာမှာ ချည်။ ဖြစ်နိုင်ရင် သစ်သားချောင်းထည့်ပြီး တင်းတင်းလိမ်။ သွေးထွက်တာ ရပ်တဲ့ထိ…."
"ဟုတ်ကဲ့"
သယ်ဆောင်လာသော အမျိုးသားများက အားရပါးရ ခေါင်းညိတ်ကြသည်။ လူငယ်ဘုန်းတော်ကြီးက သူတို့လောက် အသံမကျယ်သော်လည်း အော်ပြောသည်။
"ခင်ဗျား သူ့ကို အရင်မကုပေးတော့ဘူးလား"
"ပြင်းထန်မှုကို ဦးစားပေးရမယ်"
ဂါရက်က ပြန်အော်လိုက်သည်။
"အခြေအနေ စိုးရိမ်ရတဲ့သူတွေကို အရင်ကယ်၊ ပြီးမှ ပြင်းထန်တဲ့ ဒဏ်ရာတွေကို ကု၊ အသေးအဖွဲ့ ဒဏ်ရာတွေက စောင့်လို့ရတယ်။ မြန်မြန် ဒဏ်ရာရတဲ့သူတွေကို သယ်ဆောင်တာ လမ်းညွှန်ပေး၊ သူတို့ကို ခေါ်လာပြီးမှ လာခဲ့၊ ငါ အမှတ်အသား လုပ်ပေးမယ်"
"ဟုတ်ကဲ့"
လူငယ်ဂျွန်က အပြေးအလွှား ထွက်သွားတော့သည်။ သူ နွေလယ်ပွဲတော်ကို ပျော်ပျော်ပါးပါး လာရောက်လည်ပတ်နေသော်လည်း သူ၏ ဘုန်းတော်ကြီးဝတ်ရုံ ကို ဝတ်ဆင်ထားခဲ့သည်။ လူတွေက သူ့ကို မမှတ်မိနိုင်သော်လည်း သူ၏ဝတ်ရုံကိုတော့ မှတ်မိကြသည်။ သူသည် အမိန့်များကို လိုက်နာသည်ကို မြင်သောအခါ လူတိုင်းက ဂါရက်၏ ဦးဆောင်မှုကို သဘာဝအတိုင်း လိုက်နာကြသည်။ မကြာမီပင် နောက်ထပ် ဒဏ်ရာရသူတစ်ဦးကို တွေ့ရှိခဲ့သည်။ ဂါရက်က တဒူးထောက်ကာ လျင်မြန်စွာ စစ်ဆေးလိုက်သည်။
"ဒီလူ... သတိမေ့နေတယ်။ သွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်း ကို စစ်ဆေးပါ၊ သတိထား။ နောက်တစ်ယောက် လာနေပြီ။ သုံးယောက်စုပြီး တစ်ယောက်က ခေါင်းနဲ့ ပခုံးကို ထောက်၊ တစ်ယောက်က ခါးကို ကိုင်၊ နောက်တစ်ယောက်က ခြေထောက်ကို ကိုင်၊ ဖြောင့်တန်းအောင် ထားပြီး သုံးလို့ရေတွက်တာနဲ့ မကြ"
ဖြတ်…..
တောက်ပသော အနီရောင် အမှတ်အသား တစ်ခု ထိုလူပေါ်သို့ ပက်ဖျန်းလိုက်သည်။ တုံ့ပြန်မှုမရှိ၊ သတိမေ့နေပြီး သွေးခုန်နှုန်းနှင့် အသက်ရှူနှုန်း ရှိနေသည်။
ထိုအရာက အရေးပေါ်ကုသမှုအတွက် ထိပ်တန်းဦးစားပေး ဖြစ်သည်!
သူတို့ကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ရန် လိုအပ်သည်။
သို့သော် အခုတော့ ဆေးရုံမရှိသေးပေ...
လူနာခွဲပြီးသည်နှင့် သူတို့ အမြန်စစ်ဆေးရမည်၊ CPR အတွက် အသင့်ပြင်ထားရမည် သို့မဟုတ် ဘုန်းတော်ကြီးတစ်ပါး ရောက်လာပါက သူတို့ကို ဦးစားပေး ကိုင်တွယ်ခိုင်းရမည်ပင်။
"အနီရောင် အမှတ်အသားတွေကို နေရာတစ်ခုတည်းမှာ ထား၊ အဝါရောင်တွေကို တစ်စုတည်းထား၊ အစိမ်းရောင်နဲ့ အနက်ရောင်တွေကို နေရာစီ ခွဲထား။ လူနာတစ်ဦးစီတိုင်းနဲ့ လူတစ်ယောက်ထားခဲ့၊ ကျွန်တော့်ကို ကူညီဖို့ စောင့်နေ"
ဂါရက်သည် လူများကို သယ်ဆောင်ရာတွင် ကူညီပေးနေသော စေတနာ့ဝန်ထမ်းများကို အသံကျယ်ကျယ်ဖြင့် ညွှန်ကြားလိုက်သည်။ အော်ဟစ်ပြီးနောက် သူ ခေါင်းငုံ့ကာ နောက်ထပ် ဒဏ်ရာရသူကို ချက်ချင်း စစ်ဆေးသည်။
"ဒီလူ... အသက်မရှူဘူး၊ နှလုံးမခုန်ဘူး၊ အခုတော့ ခင်ဗျားကို ဂရုစိုက်ဖို့ အချိန်မရှိဘူး၊ စိတ်မကောင်းပါဘူး..."
ဖြတ်…..
အနက်ရောင် အမှတ်အသားတစ်ခု ဖုံးလွှမ်းသွားသည်။ လက်ရှိတွင် အလုပ်များနေသည်၊ ဒဏ်ရာရသူများကို ခွဲပြီးနောက် အားသည့်လက်များ ရှိလာမှသာ သူတို့ကို ကယ်တင်ရန် တန်ဖိုးရှိ၊ မရှိ ဆုံးဖြတ်ရမည်။
"ဒီလူ... သူ့ဘာသာ ထနိုင်တယ်၊ သွား ဘေးကိုသွားပြီး စောင့်နေ"
ဖြတ်…..
အစိမ်းရောင် အမှတ်အသားတစ်ခု ပြုလုပ်ပေးလိုက်သည်။ သူတို့သည် နောက်ဆုံး ဦးစားပေးများဖြစ်ပြီး ကျန်ဒဏ်ရာရသူများကို ဂရုစိုက်ပြီးနောက် သို့မဟုတ် ကုသမှုအရင်းအမြစ်များ ရရှိနိုင်မှသာ ဤသေးငယ်သော ဒဏ်ရာများကို ကြည့်ရှုနိုင်သည်။
ဒဏ်ရာတွေကို စောင့်ကြည့်ဖို့ လိုအပ်တယ်။ ဘယ်သူသိနိုင်မလဲ၊ သွေးတွင်းအောက်ဆီဂျင်နည်းခြင်း၊ ဇီဝဖြစ်စဉ်အက်ဆစ်ဓာတ်များခြင်းလိုမျိုး ဝှက်ထားတဲ့ ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုတွေ ရှိနေမလား၊ ဂရုမစိုက်ဘဲ ထားလိုက်ရင် ရုတ်တရက် အခြေအနေ ဆိုးရွားသွားနိုင်တယ်...
...
ဂါရက် ဟိုဘက်ဒီဘက် ပြေးလွှားနေပြီး ဆက်တိုက်အော်နေသည်။ ခဏတာမျှ စင်မြင့်ပတ်ဝန်းကျင်က နေရာသည် အဆက်မပြတ် လှုပ်ရှားနေပြီး သူ့အမိန့်အောက်တွင် လူဒါဇင်ပေါင်းများစွာ အလုပ်ရှုပ်နေကြသည်။ စည်းကမ်းထိန်းသိမ်းခြင်း၊ ဒဏ်ရာရသူများကို ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ ပြိုကျနေသော စင်မြင့်ကို သယ်ခြင်း...
လက်များစွာရှိရင် အလုပ်တွေ ပိုပေါ့ပါးတာသဘာဝပဲ။
ခဏအကြာက ငရဲခန်းတစ်ခုလို ဖြစ်နေသည့် မြင်ကွင်းက မကြာခင်မှာပင် တစ်ဝက်လောက် ရှင်းလင်းသွားတော့သည်။