ထျန်းရှန်ကျောင်းတော်
Vol. 017 Ch. 1629
ရွှေရောင်နတ်တံခါးက ပွင့်လာခဲ့သည်။ ရီဖူရှင်းနှင့် အခြားသူများအားလုံး အထဲကို ကြည့်လိုက်ကြသည်။ ဤနေရာက အမွေအနှစ်နယ်မြေ၏ အဆုံးသတ်လေလား။
ရီဖူရှင်းက တံခါးကို ဖြတ်ကာ ရှေ့သို့ ခြေချလိုက်ပြီး အခြားသော တန်ခိုးရှင်များက သူ့နောက်မှ လိုက်လာခဲ့သည်။
“ပျက်စီးနေတဲ့ နန်းတော်နဲ့ အမွေအနှစ်” ရီဖူရှင်းသည် အနီးဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့သည် နန်းတော်များ၏ အပျက်အစီးများအတွင်း ရှိနေခဲ့၏။ လူများသည် သိသာစွာပင် ဤနေရာ၌ ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အဆင့်မြင့် တိုက်ပွဲအချို့လည်း ဖြစ်ပွားခဲ့ပြွး ဖြစ်သလား။
ပျက်စီးသွားသည့် နန်းတော်များအားလုံးသည် ထူးခြားဆန်းကြယ်သည့် ပညာရပ်ဖြင့် တည်ဆောက်ထားသည်ဟု ထင်မှတ်ရသည်။ ဤသည်မှာ နတ်ရတနာအိမ်တော်ကဲ့သို့ပင် ဖြစ်၏။ ဤနေရာသည် မည်မျှ ခမ်းနားထည်ဝါခဲ့သည့်နေရာဖြစ်မည်ကို ခန့်မှန်းကြည့်၍ပင် မရနိုင်ပေ။ ဤနေရာတစ်ခုလုံးသည် ထူးခြားဆန်းကြယ်သည့် စွမ်းအားတို့နှင့် ပြည့်နေခဲ့သည်။
“ဟိုကို ကြည့်လိုက်” အချို့သော လူများသည် အဝေးသို့ ကြည့်နေခဲ့သည်။ ပျက်စီးနေသည့် နန်းတော်များသည် လေထဲတွင် မျောလွင့်နေပြီး ယခင်က မည်မျှ ခမ်းနားထည်ဝါခဲ့သည်ကို ခပ်ရေးရေး သိနိုင်စွမ်း ရှိပေသည်။ ကြည့်ရသည်မှာ နတ်အမွေအနှစ်သည် နတ်ဘုရားတစ်ပါးချန်ရစ်ခဲ့သော အမွေအနှစ် ဖြစ်ပေမည်။
ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေ၏ အစစ်အမှန် အဓိပ္ပါယ်ပေလား။
ဘုန်း...
အသံတစ်ခု ထွက်ပေါ်လာပြီး အားလုံးသော တန်ခိုးရှင်များ၏ အကြည့်တို့က ထိုနေရာသို့ ရောက်လာသည်။ သူတို့၏ ပူးပေါင်းမှုက ကျိုးပျက်ကာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ သူတို့က ဤနေရာသို့ ရောက်မလာခင်၌ အတူတကွ အလုပ်လုပ်ခဲ့ကြသော်လည်း ဤသည်က အမှန်တကယ် နတ်ဘုရားအမွေအနှစ်ဖြစ်လျှင် သူတို့က တစ်ယောက်နှင့်တစ်ယောက် ခွင့်ပြုနိုင်ကြမည်လား။
သူတို့ထဲက မည်သူမှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးက ထိုအမွေအနှစ်အတွက် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သော်လည်း သူက အရေးစိုက်ခြင်း မရှိပေ။ သူသည် ဤနေရာက ပင်မကျောရိုးဖြစ်မည်ကို သိရှိပေသည်။ အရပ်လေးမျက်နှာမှ အဓိကနေရာများသည် ရတနာသိုက်၊ စာကြည့်တိုက်၊ ဥယျာဥ်နှင့် ယခု သူတို့ရှေ့မှ ဤနေရာဖြစ်လေသည်။
ဤသည်မှာ အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးနေထိုင်ရာ ဖြစ်ပေလိမ့်မည်။ လူအများကညတိုက်ခိုက်ယူငင်ချင်နေကြသည့် ဤ နတ်ဘုရားအမွေအနှစ် နယ်မြေတစ်ခုလုံးက သူ၏ ရတနာသိုက်ပင် ဖြစ်ပေလိမ့်မည်။
ဤနေရာ၌ တစ်ခုခု ရှိလျှင် ခိုးယူရန် ကျိန်းသေ ခက်ခဲလိမ့်မည် ဖြစ်၏။
သူတို့သည် နန်းတော်အပျက်အစီးများကို လေထဲမှ ဖြတ်သန်း၍ အထက်ကောင်းကင်၌ လွင့်မျောနေသော အပျက်အစီးနယ်မြေဆီသို့ ပျံသန်းသွားခဲ့သည်။ နောက်ဆုံး၌ သူတို့သည် လွင့်မျောနေသော နန်းတော်သို့ ရောက်ရှိလာကာ အပေါ်သို့ မော့ကြည့်လိုက်သည်။
အလွန် ကြောက်မက်ဖွယ်ဖိအားက တန်ခိုးရှင်များကို ဖုံးလွှမ်းလာပြီး သူတို့ကို ထူးဆန်းအံ့ဖွယ်ရာ ခံစားချက်ကို ပေးစွမ်းသည်။ ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ပင် နန်းတော်သည် ခန့်ညားထည်ဝါ၍ လွှမ်းမိုးနိုင်စွမ်း ရှိနေဆဲ ဖြစ်၏။
သူတို့၏ အရှေ့မှ မမြင်နိုင်သည့် ခြိမ်းခြောက်မှုအင်အားတစ်ခု ထွက်ပေါ်လာကာ သူတို့၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။ သူတို့၏ ရှေ့တွင် နန်းတော်သို့ ရောက်ရှိနိုင်သည့် လမ်းဖြစ်သော အလွန် ကျယ်ဝန်းသည့် မဟာလမ်းစဥ် လမ်းတစ်ခု ရှိနေသည်။ သူတို့က အဝေးတွင် စောင့်ကြပ်နေသည့် လူအစစ်နှင့်တူသော ရုပ်တုအချို့ကို မြင်တွေ့နိုင်သော်လည်း ၎င်းတို့ဆီ၌ အသက်စွမ်းအား မရှိကြောင်း ပြောနိုင်သည်။ သို့သော် သူတို့သည် နန်းတော် အောက်ဘက်တွင် စောင့်ကြပ်နေကြဆဲ ဖြစ်သည်။
သူတို့သည် နန်းတော်သို့ သွားရာ လှေကားတွင် စောင့်ကြပ်နေကြသည်။ ကြည့်ရသည်မှာ ထိုနေရာသို့ သွားရန် ဤလမ်းတစ်လမ်းသာ ရှိပုံရလေသည်။
“တော်ဝင်အသိအငွေ့အသက်... ” ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လာသည်။ ဤနန်းတော်တွင် တော်ဝင်အသိအငွေ့အသက် သဲလွန်စတို့ ရှိနေခဲ့သည်။ သူကိုယ်တိုင်၌ တော်ဝင်အသိ တချို့ရှိနေသည့်အတွက် သူသည် ရင်းနှီးသည့် ခံစားချက်ကို ခံစားရသည်မှာ သဘာဝပင် ဖြစ်၏။
သို့ဆိုလျှင် ဤနန်းတော်၏ သခင်သည် မဟာအင်ပါယာနှင့် တူညီသည့် အဆင့်တွင် ရှိသူတစ်ယောက်ယောက် ဖြစ်ပေလိမ့်မည်။ ဤနေရာသည် သူ ကျင့်ကြံရာနေရာဖြစ်ပေရမည်။
ထိုသို့ဆိုလျှင် လောကမှ လူများက နတ်ဘုရားများဟု ပြောသည့်အခါတွင် ဆိုလိုသည်က မဟာအင်ပါယာအကြောင်းကို ပြောနေကြခြင်းပေလား။
သူတို့သည် နတ်ဘုရားများကဲ့သို့ အားကောင်းကြပေသည်။
“ဟင်?”
လူတိုင်းသည် အတွင်းမှပင် တုန်ယင်လာသော်လည်း သူတို့သည် ရုတ်တရက် အစွမ်းထက်အရှိန်အဝါများ သူတို့ထံ တိုးဝင်လာနေသည်ကို ခံစားမိလိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး သူတို့ လေထဲမှ လာနေသည့် လူတစ်စုကို ကြည့်လိုက်ကြသည်။ ထိုသူတို့မှာ သူတို့ကဲ့သို့ပင် ဤနေရာသို့ လာနေသည့် တန်ခိုးရှင်တစ်စု ဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ” သူတို့၏ မျက်နှာများထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ ထိုသူများသည် ယခင်က ဤနေရာတွင် ရှိနေခဲ့သော်လည်း မည်သို့ ရောက်လာသနည်း။
ရီဖူရှင်းသည် အပျက်အစီးနယ်မြေအကြောင်း မည်သူ့ကိုမှ မပြောဖူးခဲ့သည့်အတွက်ကြောင့် သူတို့အကြောင်းကို သိကြလိမ့်မည် မဟုတ်ပေ။
ယခု ရောက်လာသည့် တန်ခိုးရှင်များသည်လည်း ရီဖူရှင်း၏ အဖွဲ့ကို ကြည့်ကာ အံ့သြသွားကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “မင်း ဒီကို ဘယ်လိုရောက်လာတာလဲ”
“ငါတို့လည်း အဲဒါပဲ မေးချင်နေတာ။ မင်းတို့ ဘယ်နေရာကနေ ရောက်လာတာလဲ” တစ်ယောက်က ပြန်ပြောလိုက်သည်။ မည်သည်တို့ ဖြစ်နေသည်ကို မည်သူမှ မသိကြပေ။
“ကြည့်ရတာ ကျုပ်တို့ရဲ့ အကြီးအကဲတွေ ခန့်မှန်းတာ မှန်နေပြီ။ နတ်ဘုရားအမွေအနှစ် နယ်မြေရဲ့ အရပ်လေးမျက်နှာကို ခွဲထွက်ပြီး သွားကြပေမယ့် အဆုံးကျရင် တစ်နေရာတည်းမှာပဲ လာဆုံကြလိမ့်မယ်။” လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက ထိုအဖြစ်ကြောင့် အံ့အားသင့်နေခဲ့၏။
အရပ်လေးမျက်နှာသို့ သွားခဲ့ကြသော်လည်း တစ်နေရာတည်းတွင် လာရောက် ဆုံစည်းကြသည်လား။
ယခုတင် ရောက်ရှိလာသည့် အဖွဲ့ထဲမှ ခန့်ညားချောမောသည့် လူတစ်ယောက်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ ပေါ်ပေါက်လာသည့်ခဏမှာပင် လူတိုင်း၏ အကြည့်တို့က သူ့ပေါ်သို့ ကျရောက်လာသည်။
“အဲဒါကြောင့် သူရောက်နေတာပဲ။” ယွမ်ယန်ကလန်မှ ယွမ်ဟုန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုတို့ဖြင့် လင်းလက်သွားခဲ့၏။ ဤလူက ဗဟိုအင်ပါယာဘုံတွင် ကျော်ကြားလှသည်။ သူသည် သူ၏ မျိုးဆက်အတွင်း ထိပ်ဆုံး၌ ရပ်တည်နိုင်သူ ဖြစ်သည်။ ယခုတွင် သူက ဤနေရာ၌ ရောက်နေခဲ့၏။
“သူက ရန်ဟောင်အဆင့်မှာ ရောက်နေပြီ။” ယွမ်ဟုန်သည် လူငယ်၏ အရှိန်အဝါကို ခံစားမိသည့်အခါ သူ ပထမဆုံး နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်လာစဥ်က အဆင့်ကို ပြန်တွေးမိပြီး တုန်လှုပ်သွားပေသည်။ ထို့အပြင် သူ၏ ပါရမီနှင့် သူသည် ရန်ဟောင်အဆင့်သို့ ထိုမျှ အဆောတလျင် ဝင်ရောက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထိုသို့ လုပ်ရန် အခွင့်အရေး ရခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူက အလွန် ထက်မြက်သော အရည်အချင်းနှင့် သူက မည်သို့သော မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့သနည်း။ ချို့ယွင်းချက်ကင်းမဲ့ ပြီးပြည့်စုံသည် နတ်ဝင်ရိုး ဖြစ်နိုင်သလား။
ယွမ်ဟုန်သည် သူ့ဘေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမ ဗဟိုအင်ပါယာဘုံ၏ ယွမ်ယန်ကလန်မှ လာသော်လည်း ရီဖူရှင်း၏ ပါရမီက သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သူသည် ကိုယ်ပိုင်အင်အားဖြင့် သမိုင်းတစ်ခု ဖန်တီးခဲ့ကာ သူတို့အားလုံးကို ဤအမည်မသိနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ နတ်ဘုရားအမွေအနှစ်က အမှန်တကယ် ဤနေရာ၌ ရှိနေလျှင် ရီဖူရှင်းသည် ၎င်းအတွက် ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိပေသည်။
သို့သော် ယခုတွင် ရန်ဟောင်အဆင့် ရောက်နေသည့် ထိုသူကို ကြည့်လိုက်ပြီး ယွမ်ဟုန်သည် ရီဖူရှင်း၏ မျှော်လင့်ချက်များ ပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားမိပေသည်။
သူ့အတွက် မျှော်လင့်ချက်မရှိဟုပင် ပြောနိုင်ပေသည်။
သူတို့ ဤနေရာသို့ ရောက်လာကြသည်မှာ အံ့သြစရာမရှိပေ။ အကြောင်းရင်းမှာ ထိုသူက သူတို့နှင့်အတူ ရှိနေ၍ ဖြစ်ပြီး သူက ရန်ဟောင်အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရီဖူရှင်းသည်လည်း ထိုလူငယ်ကို ကြည့်လိုက်သည်။ တစ်စုံတစ်ယောက် မှန်ကန်စွာ ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် စကားပြောလိုက်သူမှာ သူ့ကို အလွန် စွမ်းအားကြီးသည့် ခံစားမှုကို ပေးသောသူ ဖြစ်သည်။
“မင်း သူ့ကို သိလား။” ရီဖူရှင်းက ယွမ်ဟုန်ကို မေးလိုက်သည်။ သူသည် ယွမ်ဟုန်က သူ့ကို ထိုလူနှင့် ယှဥ်နေသည်အား ခံစားမိပေသည်။
“မင်း မဟာလမ်းစဥ် ဘုံသုံးထောင်မှာ အကျော်ကြားဆုံး ကျောင်းတော်ဆိုတာကို ကြားဖူးလား။” ယွမ်ဟုန်က မေးလိုက်သည်။
ရီဖူရှင်းက ခေါင်းယမ်းလိုက်၏။ “မကြားဖူးခဲ့ဘူး။”
ယွမ်ဟုန်က သူ့ကို ကြည့်လိုက်သည်။ ဤလူက အမှန်တကယ်ပင် မည်သည့်အရာကိုမှ ဂရုမစိုက်ပေ။
“ဗဟိုအင်ပါယာဘုံက ထျန်းရှန်ကျောင်းတော်က မဟာလမ်းစဥ် ဘုံသုံးထောင်မှာ လမ်းစဥ်ရှာဖွေဖို့ အကောင်းဆုံး ကျောင်းတော်အဖြစ် နာမည်ကြီးတယ်။ အဲဒီမှာ မရေတွက်နိုင်တဲ့ ရှေးဟောင်းစာအုပ်တွေရှိပြီး မရေတွက်နိုင်တဲ့ လူတွေလည်း အဲဒီမှာ ပညာသင်နေတယ်။ သူတို့အားလုံးက အရည်အချင်း ပြည့်ဝကြပေမယ့် ဘယ်သူကမှ ထျန်းရှန်ကျောင်းတော်ရဲ့ အဓိကလူအဖြစ် ဝင်ရောက်နိုင်စွမ်းမရှိကြဘူး။ ဒါပေမယ့် ဒီလူကတော့ အဲဒီက လူငယ်မျိုးဆက်တွေ ကြားမှာ အားအကောင်းဆုံးလို့ သတ်မှတ်နိုင်တယ်။ သူ့ရှေ့မှာဆိုရင် ဗဟိုအင်ပါယာဘုံက လူစွမ်းကောင်းအားလုံးက မှေးမှိန်သွားရတာပဲ။” ယွမ်ဟုန်က ရီဖူရှင်းကို တိုးတိုးပြောလိုက်သည်။ “ကျုပ်အပါအဝင်လား။”
ရီဖူရှင်းက အံ့အားသင့်နေခဲ့သည်။ ယွမ်ယန်ကလန်တွင် မွေးဖွားလာသည့် ယွမ်ဟုန်သည် အလွန် မာနကြီးပြီး ယုံကြည်ချက်ရှိသူတစ်ဦး ဖြစ်သည်။ သို့သော် သူက သူသည်ပင် ထိုသူနှင့် မယှဥ်နိုင်ဟု ပြောနေခဲ့သည်။ ထိုသည်မှာ သူက မည်မျှထိ အစွမ်းထက်သည်ကို ပြသနေ၏။ သူက အမှန်တကယ်ပင် လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်ရပေမည်။
သူသည် ထျန်းရှန်ကျောင်းတော်တွင် အကျော်ကြားဆုံး လူငယ် ဖြစ်သည်။ သူသည် အားလုံးသော ရန်သူများကို သုတ်သင်နိုင်စွမ်းရှိသူ ဖြစ်သည်။
ထို့အပြင် သူက ဗဟိုအင်ပါယာဘုံမှ ဖြစ်သည်။
သူ့ကို မြင်သည်နှင့် ထူးခြားသည်ဟု ခံစားရသည်မှာ အံ့သြစရာမရှိတော့ပေ။
“သူက ထျန်းရှန်ကျောင်းတော်က ကျန်ချင်းကျူလား” သူတို့ဘေးမှ သောကျောက်က မေးလိုက်သည်။
“ဟုတ်တယ်။ သူက ထျန်းရှန်ကျောင်းတော်ရဲ့ အရည်အချင်း အရှိဆုံး ကျန်ချင်းကျူပဲ။” ယွမ်ဟုန်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။
သူ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တစ်ခု ပေါ်ပေါက်လာသည်။ သူက သောကျောက်ကို လှည့်ကြည့်ကာ မေးလိုက်၏ “မင်းလည်း သူ့ကို သိတယ်လား။”
သောကျောက်က ကျီဝေးဘုံမှ ဖြစ်သည်။ အချို့သော ပုဂ္ဂိုလ်ကြီးများ ဖြစ်လျှင် သောကျောက် သိနေသည်မှာ သဘာဝပင် ဖြစ်သော်လည်း ကျန်ချင်းကျူသည် သောကျောက်နှင့် မျိုးဆက်တူပင် ဖြစ်သည်။ သူတို့၏ ဘုံများက အကွာအဝေး ကျယ်ပြောလှသော်လည်း သောကျောက်က ထိုသူ့အကြောင်းကို သိနေသေးသည်။ ထိုသည်က အလွန် ထူးခြားလှပေသည်။
“ကျုပ်တို့ အကြီးအကဲက တစ်ခါပြောဖူးတယ်။ ကျုပ်က တစ်ချိန်မှာ သောမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာမှာ။ ကျုပ်က မဟာလမ်းစဥ် ဘုံသုံးထောင်ကြားက ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရပ်ရလိမ့်မယ်။ ကျန်ချင်းကျူက သူတို့ထဲက တစ်ယောက်ပဲ။” သောကျောက်က ပြောလိုက်သည်။ “ဒီလူက ထျန်းရှန်ကျောင်းတောင် တည်ထောင်သူတွေထဲက ကျန်ကလန်မှာ မွေးဖွားလာတယ်။ သူ ငယ်ငယ်ကတည်းက စာအုပ်မျိုးစုံကို ဖတ်နိုင်ခဲ့ပြီး အဲဒီက မတူညီတဲ့ နည်းလမ်းအမျိုးမျိုးကို သင်ယူနိုင်ခဲ့တယ်။ သူ မလုပ်နိုင်တာ ဘာမှမရှိဘူးတဲ့။”
“အရမ်းအစွမ်းထက်တာပဲ။” ရီဖူရှင်းက ပြောလိုက်သည်။ သူက မဟာလမ်းစဥ် ဘုံသုံးထောင်ကို တုန်လှုပ်သွားစေမည့် နာမည်ကျော်တစ်ယောက် ဖြစ်ကာ တူညီသည့် မျိုးဆက်မှ အခြား မာနကြီးကြီး လူများကိုပင် သူကဲ့သို့ မတော်ဟု ပြောထွက်လာအောင် လုပ်နိုင်စွမ်းရှိသည်။ သူ၏ အရည်အချင်းက လောကကို တုန်လှုပ်စေနိုင်ပေသည်။
ယခင်က သူသည် မည်သူမှ မယှဥ်နိုင်သည့် နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေမှ ဟွမ်ကျုံးနှင့် တွေ့ဆုံခဲ့သည်။ ယခု ဤနေရာမှ ကျန်ချင်းကျူသည်လည်း ထျန်းရှန်ကျောင်းတော်၌ တူညီသော အဆင့်အတန်းတွင် ရှိနေသည်။
ထို့အပြင် သူသည် နတ်ဘုရားအမွေအနှစ်နယ်မြေ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြံရွယ်နေသည်။
အရပ်မျက်နှာနှစ်ခုသို့ သွားခဲ့သူများက ဤနေရာ၌ လာမဆုံခဲ့လျှင် သူတို့က ထိုသို့ ပြုလုပ်ရန် လိုအပ်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ကျန်ချင်းကျူ၏ အကြည့်က ရီဖူရှင်းထံသို့ ကျရောက်လာ၏။ “မင်းက အရှေ့ဘက်ကနေ လာခဲ့တာလား” သူက မေးလိုက်သည်။
“ဟုတ်တယ်။” တစ်ယောက်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “မင်းက မြောက်ဘက်ကနေ လာတာလား။”
ကျန်ချင်းကျူကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ အကြီးအကဲ ခန့်မှန်းတာသာ မှန်ရင် အရှေ့ဘက်မှာ နတ်ဆိုးသားရဲတွေရဲ့ အရိုးစုတွေနဲ့ နတ်လက်နက်အပြည့် ခန်းမတစ်ခု ရှိလိမ့်မယ် ဟုတ်လား။”
ကျန်ချင်းကျူက အဆင့်အတန်း မြင့်မြင့် မွေးဖွားလာခြင်း ဖြစ်သည်။ သူသည် ယခင်က နတ်ဘုရားနယ်မြေသို့ စူးစမ်းလေ့လာရန် လူများစေလွှတ်ဖူးသည့် ထျန်းရှန်ကျောင်းတော်၏ တည်ထောင်သူ မျိုးနွယ်တစ်စုဖြစ်သော ကျန်ကလန်မှ ဖြစ်သည်။ ထို့ကြောင့် သူက အခြားသူများထက်စာလျှင် ဤနေရာကို အနည်းငယ် ပို၍ သိရှိပေသည်။ သူတို့သည် ဤသတင်းကို ပြင်ပလောက၌ မဖြန့်ဝေပေးခဲ့ဖူးပေ။
သူသည် အကျွမ်းကျင်ဆုံးသော နေရာ စာကြည့်တိုက်သို့ သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ဖြစ်ရပ်များသည် သူက မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း သက်သေပြနေပြီး သူသည် လိုချင်သမျှ အရာအများအပြားကို ရရှိခဲ့သည်။ သူသည် နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ကာ ဤနေရာသို့ ရောက်လာခဲ့သည်။
“ဒီနေရာနဲ့ နတ်ခန်းမကြားက တံခါးကို ဖွင့်ခဲ့တာ ဘယ်သူများလဲ။” သူက မေးလိုက်သည်။ သူက ဤနေရာတွင် ရောက်နေခဲ့သည့်အတွက် ထိုသို့လုပ်ရသည်မှာ မည်မျှခက်ကြောင်း သိရှိပေသည်။ သူသည် သူက ပထမဆုံးဟု တွေးခဲ့သော်လည်း တစ်စုံတစ်ယောက်က ဤနေရာသို့ အရင်ဆုံးရောက်လာခဲ့သည်။
ကျန်ချင်းကျူ အပါအဝင် လူတိုင်း၏ အကြည့်များက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။
“ကျုပ်က ထျန်းရှန်ကျောင်းတော်က ကျန်ချင်းကျူပါ။” သူက ရီဖူရှင်းကို ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျုပ်က ထျန်းဟယ်ဘုံက ထျန်းဟယ်မဟာအကြီးအကဲရဲ့ ဆက်ခံသူ ရီဖူရှင်း ပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ရီဖူရှင်း၏ မိတ်ဆက်မှုက ကျန်ချင်းကျူ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တစ်ခု ပေါ်ပေါက်လာစေသည်။ ထျန်းဟယ်ဘုံလား။
သူက မည်သည့် အထက်ကိုးဘုံကမှ လာခြင်း မဟုတ်သည်လား။
ထျန်းဟယ်နန်းတော်သည် ထျန်းဟယ်မဟာအကြီးအကဲ ကျင့်ကြံရာနေရာဖြစ်မည်။ သူနှင့် ရှန်းကလန်ကြားတွင် ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သေး၏။
“မြောက်ဘက်မှာ ဘာတွေ ရှိလဲ။” ရီဖူရှင်းက စူးစမ်းကာ မေးလိုက်သည်။
“ရှေးဟောင်းစာပေတွေနဲ့ စာကြည့်တိုက်တစ်ခုပါ။” ကျန်ချင်းကျူက မည်သည်ကိုမှ ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည် ခရမ်းရွှေကြွက်များမှတဆင့် အာရုံခံစားမိပြီးသား ဖြစ်သည်။
“ခုနက မင်းပြောတာ မှန်တဲ့ပုံပဲ။ ဘယ်အရပ်မျက်နှာကို သွားပါစေ ဒီနေရာမှာပဲ လာပြီး အဆုံးသတ်လိမ့်မယ်” သူက ပြောလိုက်သည်။
လူတိုင်း၏ အကြည့်များက ဆံပင်အဖြူရောင်နှင့် လူငယ်လေးအပေါ်ကို ကျရောက်လာသည်။ ထျန်းဟယ်ဘုံမှ ရီဖူရှင်းသည်လည်း ကျန်ချင်းကျူကဲ့သို့ပင် တံခါးများထဲမှတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်လား။
ကျန်ချင်းကျူ ပြောသည်မှာ အမှန်ဖြစ်လျှင် အရှေ့ဘက်မှ နတ်လက်နက် ရတနာသိုက်ကို ရီဖူရှင်းနှင့် သူ၏ လူများက အားလုံး ယူဆောင်သွားခဲ့သည်လား။
***