အခန်း (၁၈၁)
Vol. 13 Ch. 181
လမ်းတစ်ဝက်တွင် ဟန်ကျောက်ဟာ သူမတို့နှစ်ဦးကို စီရင်စုမြို့တော်တွင် စျေးအကြီးဆုံး ဖြစ်သည့် လင်းကျန်းစားသောက်ဆိုင်သို့ ကျွေးမွေးရန် ခေါ်သွားခဲ့သည်။
သူတို့ စားသောက်ပြီးစီးကာ ဆိုင်အတွင်းမှ လျှောက်ထွက်လာချိန်၌ ကောင်းကင်ဟာ လုံးဝ မဲမှောင်နေပါပြီ။
သို့ရာတွင် စီရင်စု မြို့တော်တွင် ညအချိန်၌ ဖွင့်လေ့ရှိသည့် ညစျေးတစ်ခု ရှိပါသည်။ ထို့ကြောင့် လမ်းများဟာ တောက်ပစွာ ထိန်းလင်းနေဆဲရှိ၏။
"ညီလေးဟန်.. ဒီနေ့မှာ မင်းကို ပိုက်ဆံကုန်ကျစေခဲ့တယ်။ သွားရအောင်.. ငါနဲ့ ပန်းမိုးစားသောက်ဆိုင်ကို လိုက်ခဲ့.. မင်းကို အလှလေးတစ်ယောက်ရှာဖို့ ခေါ်သွားပေးမယ်"
ယန်ပိုင်ချွမ်းဟာ သေရည်အနည်းငယ်ကို သောက်ပြီးနောက် မဟုတ်တာများကို စတင် ပြောလာခဲ့၏။ ဟန်ကျောက်က သူ၏ပါးစပ်ကို အမြန်ပိတ်သည်။
ခေါင်းကို လှည့်ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်နေသည့် လုယင်ရွှမ်းကို တွေ့လိုက်ရ၏။ သူမ၏ မျက်ဝန်းများဟာ အနည်းငယ် စိုက်ကျနေပြီး သူ့ကို အပြုံးတစ်ခုနှင့် ကြည့်နေပါသည်။
ဤသည်မှာ ချစ်သူများအကြား သဝန်တိုခြင်း ပုံစံ မဟုတ်ကြောင်းကို သူသေချာပါသည်။
ပြီးခဲ့သည့် ဘဝတုန်းက အကြောင်းကို သူပြန်လည် စဉ်းစားမိသည်။
သူ၏ မိခင်၏ တုတ်တစ်ချောင်းကိုကိုင်ကာ ဂိမ်းဆိုင်ရှေ့တွင် ပိတ်ထားသည့် အချိန်၌ ဖြစ်ပေါ်နေတတ်သည့် ပုံစံမှာ ယခုကဲ့သို့ ဖြစ်၏။
"စီနီယာအစ်မ.. နားလည်မှုမလွဲပါနဲ့.. ကျွန်တော်က သိုင်းပညာ အကယ်ဒမီကို ရောက်လာကတည်းက ကြိုးကြိုးစားစားနဲ့ ကျင့်ကြံနေခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းမှာ နေ့စဉ်နေ့တိုင်း ဆေးသန့်စင် နေခဲ့ရတယ်။ အဲဒါကို အစ်မလည်းသိပါတယ်"
"တကယ်တော့ ကျွန်တော်က ယန်ပိုင်ချွမ်နဲ့ ရင်းနှီးတာတောင် မဟုတ်ဘူး"
ထိုစကားနှင့်အတူ ဟန်ေကျာက်ဟာ ယန်ပိုင်ချွမ်၏ ဖောင်းနေသည့် ဖင်ကို ကန်ကာ မြေပြင်ပေါ်သို့ ယိုင်ကျသွားစေခဲ့သည်။
ယန်ပိုင်ချွမ်ဟာ သေရည်ကြောင့် ရီဝေနေပါပြီ။ ထိုအချိန်၌ မြေပြင်ပေါ်သို့ လဲကျသွားရာ လမ်းပေါ်တွင် အိပ်ပျော်သွားတော့၏။
ထိုပုံကို တွေ့ရပြီးနောက် လင်းကျန်းစားသောက်ဆိုင်ရှိ ဆိုင်အကူလေးက အမြန်ပြေးလာကာ တွဲထူပေးသည်။
လုယင်ရွှမ်းဟာ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ ဟန်ကျောက်က သူမနောက်မှ လိုက်သည်။
"စီနီယာအစ်မ.. စိတ်မဆိုးပါနဲ့.. တကယ်တော့ ကျွန်တော်..."
"ဟန်ကျောက်.. နင်ငါ့ကို ဘာမှရှင်းပြဖို့ မလိုဘူး"
လုယင်ရွှမ်းက ခြေလှမ်းများကို ရပ်တန့်ကာ တည်ငြိမ်စွာပြောသည်။
ဟန်ကျောက်ဟာ တိတ်ဆိတ်သွား၏။
"နင့်ကိုယ်နင် အထင်ကြီးလွန်းနေပြီလို့ မထင်ဘူးလား"
"အစ်မဘာကို ဆိုလိုတာလဲ"
"နင်ပြောတော့ ငါတို့က တစ်ဖွဲ့တည်းပဲဆို.. ဒါပေမယ့် ငါ့အထင်တော့.. နင့်ကငါ့ကို နင့်အပိုင်လို့ ယူဆထားတာမှတ်လား"
လုယင်ရွှမ်း၏ လေသံ၌ ထေ့ငေါ့မှုတို့ အနည်းငယ် ပါဝင်နေ၏။
"အစ်မကို ဘယ်အရာက ဒီလိုမျိုး ဖြစ်သွားစေခဲ့တာလဲ"
ဟန်ကျောက်ဟာ ထိုစကားကို ကြားရပြီးနောက် သူ၏ စနောက်လိုစိတ်တို့ကို ဖျက်သိမ်းလိုက်သည်။
"ဒါက နင်ရဲ့ မောက်မာပုံပဲ"
လုယင်ရွှမ်းက ခံစားချက်မဲ့စွာဖြင့် ပြောသည်။
"နင်က ကိစ္စအားလုံးကို သိပုံပေါ်ပေမယ့် ဘာမှမပြောဘူး"
ဟန်ကျောက်ဟာ မှင်သက်သွား၏။ သူမဟာ စိတ်ဖတ်နိုင်သည်လား။
"ငါ့အဖေက နင့်ကို ငါ့ကိုလာရှာခိုင်းတာ ဘာလို့လဲဆိုတာကို နင်သိတယ်။ ငါ့ကို ကူညီချင်တယ်လို့ လည်း နင်ပြောခဲ့တယ်။ ဒါပေမယ့် ကျောက်နက်မြို့မှာ နင့်မှာ မိန်းမတစ်ယောက်ရှိတာကိုတောင် ထုတ်မပြောခဲ့ဘူး။ အဲ့ကိစ္စကို ငါ့အဖေက စာထဲမှာ လုံးဝ မရေးတာဘူးလို့ နင်ထင်နေတာလား"
လုယင်ရွှမ်းက မေးသည်။
"အဲ့ဒါက.. ကျွန်တော် အစ်မကို ကူညီချင်တာနဲ့ ဘာဆိုင်လို့လဲ... ကျွန်တော်က..."
ဟန်ကျောက်ဟာ မည်ကဲ့သို့ ပြန်ပြောရမည်အား စဉ်းစား၏။
"အဲ့ကိစ္စက ပြောပြလောက်စရာ မရှိဘူးလို့ နင်ထင်တာလား.. ဒါမှမဟုတ်.. နင်ရဲ့ရုပ်ရည်နဲ့ ပါရမီကြောင့် မိန်းမနှစ်ယောက်ကို အလွယ်တကူ ပိုင်ဆိုင်နိုင်တယ်လို့ တွေးထားလို့လား။ နင်ကတော့ ငါ့အကြောင်းကို အရမ်း သိသလိုပဲ။ ဒါပေမယ့် နင့်အကြောင်းကိုတော့ ငါအများကြီးမသိရဘူး။ ဒါက ငါတို့အကြားက ယုံကြည်မှုကို တည်ဆောက်တဲ့ပုံလား"
လုယင်ရွှမ်း၏ အသံက အေးစက်နေ၏။
ဟန်ကျောက်က လုယင်ရွှမ်းကို ကြည့်သည်။ ဖြစ်နိုင်တာက သူဟာ ထိုကိစ္စကို အလေးမထားမိတာ ဖြစ်ပေလိမ့်မည်။ လုယင်ရွှမ်းဟာ အစမ်းရှင်သန်မှု အတွင်းတွင် သူနှင့် လက်ထပ်ခဲ့သော်လည်း ရှေ့ရှိ လူဟာ သက်ရှိတစ်ယောက်ဖြစ်သည်။ သူမဟာ ဂိမ်းထဲက စီမံမှုတစ်ခု မဟုတ်သလို သတ်ဆိုင်ရာ ရွေးချယ်မှုများကို ပြုလုပ်ပြီး သိမ်းပိုက်နိုင်သည့် ဂိမ်းထဲမှ ဇာတ်ကောင်လည်း မဟုတ်ပေ။
သူ့ကိုယ်သူ မောက်မာခြင်းအား ဝန်ခံပါသည်။ ဘာပဲဖြစ်ဖြစ် အခြားတစ်ယောက်ဆိုလျှင်လည်း မည်သူက မမောက်ပါပဲ နေမည်လဲ။
သူ၏ ကြိုးစားအားထုတ်မှုအပေါ် သူ့အသိအမှတ်ပြုသည်။ သို့ပေမယ့် စနစ်၏တန်ဖိုးကို ဘယ်တုန်းကမှ ငြင်းဆန်ခြင်း မပြုခဲ့ပါ။
"သူမသည် ဒေါသဖြစ်နေရန် အခွင့်အရေး ၈၅% ရှိသည်။ ရာသီလာနေတာ ဖြစ်ရန် အခွင့်အရေး ၁၅% ရှိသည်"
"ရှေ့သို့တက်ကာ သူမကို ဖက်လိုက်ပါ။ ထို့နောက် ချိုမြန်သည့် စကားအချို့ကို ပြောလိုက်ပါ။ အခြေအနေအား တည်ငြိမ်စေမည့် အောင်မြင်နိုင်ချေ ၇% ရှိသည်။ နေရာမှာတင် ဒဏ်ရာရနိုင်ချေ ၉၂% ရှိသည်။ တစ်ခါတည်း အသတ်ခံရနိုင်ချေ ၁% ရှိသည်"
စနစ်၏ အချက်ပေးချက်က ပေါ်လာ၏။ ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီအချိန်၌ သူဟာ သောက်စနစ်၏ ဒီအချက်ပေးမှုကြောင့် ထရယ်မိပါက အသတ်ခံရမည်မှာ ၉၂% သေချာပါသည်။
“အရင်ကတည်း ငါပြောဖူးတယ်မလား.. နင့်အနေနဲ့ ငါ့အပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုဘူး။ ငါနဲ့ ပက်သက်ပြီး ယုတ္တိမရှိတဲ့ စိတ်ကူးယဉ်မှုတွေ ထားမနေနဲ့။ ပြီးတော့ နင့်ရဲ့ စကားလုံးတွေနဲ့လည်း ငါ့ကို လာစမ်းသပ်မနေနဲ့.. ငါက စကားလုံးအနည်းငယ်နဲ့ နင်လှည့်ဖျားလို့ရမယ့် ကလေးမလေးတစ်ယောက် မဟုတ်ဘူး”
လုယင်ရွှမ်းက နောက်သို့လှည့်ကာ အေးစက်သည့် ပုံစံဖြင့် ထွက်ခွာသွား၏။
သို့ပေမယ့် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူမ၏ ပုံစံက နေရခက်စွာ ပြောင်းလဲသွားသည်။ ‘လုယင်ရွှမ်း. နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ’
သူမဟာ အကြောင်းပြချက်မရှိပဲ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိနေသည်ကို မသိပေ။ ဟန်ကျောက်ဟာ ရှလင်အကြောင်း မည်သည်မှ မပြောပြခဲ့၍လား။
ဟန်ကျောက်နှင့် လန်ဖန်းယွင်တို့၏ ဆက်နွယ်မှုကြောင့်လား။ ယန်ပိုင်ချွမ်က သူ့ကို အပျော်မယ်သွားရှာမည်ဟု ပြော၍လား မသိပေ။
သို့ပေမယ့် ထိုအထဲမှ မည်သည်ကမှ သူမအနေနှင့်….
လမ်းမအလယ်သို့ လျှောက်လှမ်းသွားသည့် လုယင်ရွှမ်းဟာ ရပ်တန့်ကာ နောက်သို့ ပြန်လှည့်ကာကြည့်သည်။ ဟန်ကျောက်ဟာ ခေါင်းငုံ့စွာဖြင့် နေရာတွင် ခြေချုပ်ကျနေ၏။
သူမဟာ သူမကိုယ်သူမ သူ့ကို ဒေါသထွက်ရန် မည်သည့်ဆက်ဆံရေးမှ မရှိကြောင်းကို ပြန်လည်မေးခွန်းထုတ်မိသည်။ ထိုကဲ့သို့ တွေးမိပြီးနောက် လုယင်ရွှမ်းဟာ ခဏတာ တုံ့ဆိုင်းသွား၏။ ထို့နောက် ပြန်လျှောက်သွားလိုက်သည်။
ရှေ့တွင် ပေါ်လာသည့် သွယ်လျသည့် ခြေထောက်များကို တွေ့လိုက်ရပြီးနောက် ဟန်ကျောက်ဟာ ခေါင်းမော့ကြည့်၏။ လုယင်ရွှမ်းဟာ ကြယ်ရောင်များနှင့် ကောင်ကင်ကို မော့ကြည့်နေပါသည်။
‘သွားပြီမဟုတ်ဘူးလား.. ဘာလို့ ပြန်လာတာလဲ..’
မဟုတ်ပေ။ သူဟာ ထိုကဲ့သို့ မပြောခဲ့ပါ။ အဲ့ဒီအစား မေး၏။
“ဘာဖြစ်လို့လဲ”
“စီရင်စုမြို့တော်ရဲ့ လုံခြုံရေးက ကောင်းပေမယ့် လုံးဝ စိတ်ချရတာတော့ မဟုတ်ဘူး။ နင့်ကိုယ်ပေါ်မှာ ပိုက်ဆံတွေ များလွန်းတယ်”
လုယင်ရွှမ်းက ခေါင်းငုံ့ခြင်းမရှိပဲ ပြောသည်။
“ဟုတ်တယ်.. ဒါဆိုရင်.. ပြန်ကြရအောင်လေ စီနီယာအစ်မ”
ဟန်ကျောက်က ခေါင်းညှိတ်၏။ သူဟာ ညအချိန်၌ အလစ်အငိုက် သွားလာရာတွင် အထူးချွန်ဆုံး ဖြစ်သည်။
လုယင်ရွှမ်းအတွက်လည်း တူညီစွာ ဖြစ်၏။
လွန်ခဲ့သည့် နှစ်ဝက်က သုန်းချန်ရှင်၏ ရိုက်နှက်ခံရမှုကို သူမှတ်မိသေးသည်။ အိမ်တွင် နှစ်လလောက် လဲသွားခဲ့၏။ ထို့နောက် သိုင်းပညာအကယ်ဒမီတွင် သူ့ကို တွေ့ရချိန်၌ တစ္ဆေသရဲအား တွေ့ရသည်နှယ် ရှောင်ပြေးတော့သည်။
ဟန်ကျောက်ဟာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် လုယင်ရွှမ်းဟာ နေရာမှာတင် ရပ်နေဆဲ ဖြစ်ကြောင်းကို တွေ့ရသည်။ မနေနိုင်ပဲ ပဟေဋိဖြစ်စွာ ခေါ်ကြည့်၏။
“စီနီယာအစ်မ..”
“ဘာမှမဟုတ်ဘူး.. သွားကြမယ်”
လုယင်ရွှမ်းဟာ ထူးဆန်းသည့် ပုံစံဖြင့် သတိပြန်လည်လာခဲ့၏။
ခုနက သူမ၏ စကားလုံးများဟာ အလွန် ပြင်းထန်လွန်းသွားသည်။ သူမ၏ အမြင်တွင် ဟန်ကျောက်အနေနှင့် အနည်းဆုံး စကားအနည်းငယ်တော့ ထေ့ငေါ့စွာ ပြန်ပြောသင့်ပါသည်။
“စီနီယာအစ်မ.. ကျွန်တော် အစ်မကို တစ်ခုမှတ်ထားစေချင်တယ်”
ဟန်ကျောက်က ရုတ်တရက် ပြော၏။
“ပြောလေ”
လုယင်ရွှမ်းက ခြေလှမ်းရပ်ကာ လရောင်၏ အရိပ်တစ်ခုအောက်တွင် မတ်တပ်ရပ်သွားသည်။
“ကျွန်တော့ ဆရာ့ကို မိသားစုလို ဆက်ဆံတာက သူက ကျွန်တော့အပေါ် အရမ်းကောင်းလို့ပဲ။ ရှလင်ကို မိသားစုလိုဆက်ဆံတာက သူမက ကျွန်တော့အပေါ် အရမ်းကောင်းလို့ပဲ။ အစ်မကို မိသားစုလို ဆက်ဆံတာကလည်း အစ်မက ကျွန်တော့အပေါ် အရမ်းကောင်းလို့ပဲ..”
ဟန်ကျောက်က ရှင်းလင်းစွာ ပြော၏။ လှည့်ကွက်များ သုံးမည့်အစား သူမကို စိတ်ရင်းနှင့် ဆက်ဆံခြင်းသာ ကောင်းပါသည်။
လုယင်ရွှမ်း၏ နှုတ်ခမ်းက ပွင့်ဟနေပြီး မည်သည်ကို ပြောရမည်မသိ ဖြစ်နေ၏။ နောက်ဆုံးတွင် ခေါင်းညှိတ်ကာသာ အရိပ်များအောက်မှ ထွက်ကာ လမ်းအဆုံးဆီသို့ လျှောက်သွားသည်။
“နောက်တော့..”
ဟန်ကျောက်က ရေရွတ်သည်။
“ဘာလဲ”
လုယင်ရွှမ်းက နောက်သို့လှည့်လာ၏။ သူမ၏ စစ်ဘုရင်အဆင့် အကြားစွမ်းရည်နှင့် အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပါသည်။
“ဘာမှမဟုတ်ဘူး။ သွားရအောင်”
ဟန်ကျောက်က ပြုံးကာ ခေါင်းကိုယမ်းသည်။
သူမဟာ ရေခဲကဲ့သို့ အေးစက်ပေမယ့် သူမ၏အပြုံးဟာ နေအလင်းကဲ့သို့ တောက်ပလှသည်။ သူမဟာ အလွန်လည်း ကာကွယ်တတ်၏။ ဤသည်မှာ သူမ၏ လက္ခဏာရပ်နှစ်ခုဟု ဆိုနိုင်၏။ ပြောရလျှင် သူမ၏ သန်မာမှုလည်း ဖြစ်သည်။
သို့ပေမယ့် သူမဟာ စာရွက်တစ်ခုကို လှန်ခြင်းထက် ပိုမိုမြန်ဆန်စွာ ရန်လိုတတ်သေးသည်။