← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

ဟန်ကျောက်၏ မျက်နှာကြွက်သားများက အနည်းငယ် တွန့်ကွေးသွားသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးဟာလည်း အားတစ်ခု၏ စုတ်ဖြဲခြင်းကို ခံရသည်ဟု ခံစားလိုက်ရသည်။

၎င်းတို့ဟာ ဆက်တိုက် ကျိုးကြေကာ ပြန်လည်ကြီးထွားလာပြီး ပိုမိုသန်မာလာနေ၏။

ထိုဖြစ်စဉ်ဟာ ငါးမိနစ်၊ ခြောက်မိနစ်လောက် ကြာခဲ့သည်။ ဆိုးရွားသည့် နာကျင်မှုဟာ သာမန်လူတစ်ယောက်ကို အော်ဟစ်ငိုကြွေးနေစေရန် လံုလောက်၏။

သို့ရာတွင် ဗာဂျရာအတတ်ကို အကြိမ်ကြိမ် ကျင့်ကြံထားသည့် သူ့အတွက်မူ ဒီအဆင့်ရှိသည့် နာကျင်မှုဟာ သာမန်ဟုသာ ယူဆနိုင်ပါသည်။

“နေပါဦး.. ဘာဖြစ်တာလဲ”

ဟန်ကျောက်ဟာ သူ၏ သက်တမ်းကို ကြည့်ကာ မှင်သက်သွားသည်။

“သက်တမ်း- ၂၂/ ၃၈၈”

သက်ရှည်ကျမ်း၏ အဆင့်ချိုးဖျက်မှုနှင့် အတူ စိတ်ဝိညာဉ်လုယူခြင်း အတတ်ကြောင့် ဆုံးရှုံးခဲ့သည့် သက်တမ်းဟာ ပြန်လည်ကောင်းမွန်လာသည်လား။

“ဘုန်း”

ထိုအချိန်၌ လုယင်ရွှမ်း၏ အခန်းအတွင်းရှိ အငွေ့အသက်ဟာ မြင့်တက်လာခဲ့သည်။

“ဘာတုန်းဟ.. ဘယ်သူက ရွှေလက်ချောင်းပိုင်ရှင်လဲ”

အခန်းအတွင်းရှိ ကြောက်စရာကောင်းသည့် စွမ်းအင်တို့ကို ခံစားကာ ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

“ဂျူနီယာမောင်လေး.. ငါပြီးပြီ.. ဝင်လာခဲ့”

ထိုအချိန်၌ အခန်းအတွင်းမှ လုယင်ရွှမ်း၏ အသံက ထွက်ပေါ်လာ၏။

“ဟုတ်”

ဟန်ကျောက်က တံခါးကိုတွန်းဖွင့်ကာ ဝင်သွားသည်။ လုယင်ရွှမ်းဟာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏ မျက်နှာက ပန်းနုရောင်သန်းနေသည်။

အချိန်အများစုတို့တွင် သူမ၏ ပါးပြင်များဟာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေတတ်သည်။ ဤသည်မှာ ကြည့်လို့ကောင်းလှ၏။ သို့ပေမယ့် အရောင်အဝါ ကင်းမဲ့ကာ ကြည့်ရတာ သိပ်မကျန်းမာသည့် ပုံပါ။

“စီနီယာအစ်မ.. ဘယ်လိုခံစားရလဲ”

ဟန်ကျောက်က စိုးရိမ်စွာ‌ မေးသည်။

“ဒီလောက် တစ်ခါမှ နေလို့မကောင်းခဲ့ဖူးဘူး”

လုယင်ရွှမ်းက ပြုံးသည်။

“စီနီယာအစ်မ.. တကယ်တော့ ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်”

ဟန်ကျောက်က မနေနိုင်ပဲ မေးသည်။

“ဂျူနီယာမောင်လေး.. ဘာမေးချင်လို့လဲ။ ငါသိတာအားလုံးကို သေချာပေါက် ပြောပြမယ်”

လုယင်ရွှမ်းဟာ အလွန် စိတ်အခြေအနေကောင်းစွာ ရှိနေ၏။ ဒီအဆင့်တက်မှုဟာ အလွန်ချောမွေ့ခဲ့လေသည်။

“အစ်မရဲ့ ခန္ဓာကိုယ်ထဲက ယင်နဲ့ ယန်ချီက မျှခြေတည်ရုံပဲ ရှိတာ။ ယန်ချီ ဆယ်ပုံတစ်ပုံကို တစ်ခါတည်း ဆုံးရှုံးတာက ယင်ယန်ညီမျှမှုကို ပျောက်ဆုံးမသွားစေဘူးလား..”

ဟန်ကျောက်က ပဟေဋိဖြစ်နေ၏။

“အင်း.. နင့်ကို ဘယ်လိုရှင်းပြရမလဲလို့ ငါစဉ်းစားဦးမယ်”

ထိုစကားကို ကြားရပြီးနာက် လုယင်ရွှမ်းက စဉ်းစားသည်။

“သိပြီ”

ရုတ်တရက် သူမ၏ မျက်လုံးများက လင်းလက်သွား၏။ ရင်ဘတ်ရှိ အင်္ကျီဖုံးအောက်မှ များပြားလှသည့် ဘဏ်စာရွက်တစ်ထပ်ကို ထုတ်ယူလိုက်သည်။

သူမဟာ ဘဏ်စာရွက်များကို နှစ်ပုံပုံကာ သူမ၏ရှေ့တွင် ထားလိုက်သည်။ တစ်ပုံတွင် ဘဏ်စာရွက်တစ်ရာ ပါရှိ၏။ တစ်ရွက်လျှင် ငွေ၁၀၀လျန် ဖြစ်သည်။

“ဂျူနီယာမောင်လေး.. ကြည့်လိုက်.. ဒီဘဏ်စာရွက်နှစ်ပုံက ငါ့ခန္ဓာကိုယ်ထဲက ယင်နဲ့ယန်ချီပဲ။ အခု.. ဘယ်ဘက်ကို ယန်ချီလို့ မှတ်ယူပြီး.. ညာဘက်ကို ယင်ချီလို့ မှတ်ယူမယ်”

“နှစ်ဖက်လုံးမှာ ငွေ၁၀၀၀၀လျန်စီ ရှိတယ်။ ဒါက ယင်နဲ့ယန် ညီမျှမှုကို ကိုယ်စားပြုတယ်”

လုယင်ရွှမ်းက ရှေ့ရှိ ဘဏ်စာရွက်နှစ်ပုံကို ညွှန်ပြကာ ပြောသည်။

“ဟုတ်ကဲ့.. ဆက်ပြောပါ”

ဟန်ကျောက်က သူ၏ နားလည်ပုံကို ဖော်ပြသည်။

“အစက.. ငါ့မှာ နဂါးဟိန်းခန္ဓာနဲ့ ဖီးနစ်ငိုကြွေးခြင်းခန္ဓာ တစ်ပြိုင်နက် ရှိနေတယ်။ ငါ့ရဲ့ ယန်နဲ့ ယင်စွမ်းအင်က အလိုလို တိုးပွားလာခဲ့တယ်။ ဒါပေမယ့် ခြားနားချက်က အကြီးကြီးမရှိဘူး”

လုယင်ရွှမ်းက ပိုက်ဆံအိတ်အတွင်းမှ ကြေးပြားအချို့ကို ထုတ်ကာ နှစ်ဖက်လုံးတွင် ထည့်လိုက်သည်။

“ဒါပေမယ့်… အစ်မက မိန်းမသားတစ်ယောက်ပဲ.. ဒါ့ကြောင့် ဖီးနစ်ငိုကြွေးခြင်းခန္ဓာနဲ့ သဟဇာတဖြစ်ပြီး နဂါးဟိန်းခန္ဓာနဲ့ ဆန့်ကျင်တယ်”

“ဒါ့ကြောင့် အစ်မခန္ဓာကိုယ်ထဲက သဘာဝအတိုင်း တိုးပွားလာတဲ့ ယင်စွမ်းအင်က တဖြည်းဖြည်းနဲ့ ယန်စွမ်းအင်ကို ကျော်လွန်လာခဲ့တယ်”

“ခွန်အားအဆင့် မြင့်တက်လာတာနဲ့ အမျှ အဲ့ဒီမညီမျှမှုက ပိုပိုပြီး များပြားလာခဲ့တယ်”

“အင်း”

ဟန်ကျောက်က ခေါင််းညှိတ်သည်။

“အဲ့ဒါကြောင့်.. အစ်မမှာ အခု နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ခွန်အားအဆင့်ကို မချိုးဖျက်ပဲ ယင်စွမ်းအင် တိုးပွားမှုကို ဖိနှိပ်ထားဖို့ပဲ”

“နောက်ထပ်နည်းလမ်းကတော့ ခွန်အားကို ကြီးစွာ မြင့်တက်စေပြီး စုစုပေါင်း ယန်ချီပမာဏကိုလည်း တိုးပွားလာစေဖို့ပဲ”

လုယင်ရွှမ်းက ငွေ၁၀၀လျန်တန်သည့် ဘဏ်စာရွက်ဆယ်ရွက်ကို ထုတ်ကာ နှစ်ပုံပုံလိုက်သည်။

“အစ်မကတော့ ဒုတိယနည်းလမ်းကို ရွေးချယ်တယ်။ ဒါ့ကြောင့် ကောင်းကင်ဖင်းနတ်ဆိုးအတတ်ကို ကျင့်ကြံပြီး ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်ရဲ့ ပမာဏနဲ့ အရည်အသွေးကို မြင့်တက်လာစေပြီး ယင်စွမ်းအင်ကို အစွန်းရောက်ယင်ချီအဖြစ် ကျင့်ကြံတယ်”

“ပြီးတော့ အစွန်းရောက်ယင်အဆင့်မှာ ယင်ကနေ ယန်ကို ပေါက်ဖွားလာစေတယ်ဆိုတဲ့ နိယာမအတိုင်း အသုံးပြုပြီး ယင်စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ယန်စွမ်းအင်အဖြစ် ဆက်တိုက်ပြောင်းလဲတယ်။ အဲ့ဒါက ယင်နဲ့ယန်စွမ်းအင်ကို မျှခြေညီမျှရုံ ဖြစ်စေနိုင်တယ်”

“ဒါပေမယ့် ယင်နဲ့ယန် ပြောင်းလဲမှုက အစကတည်းက သိုင်းသူတော်စင်တွေပဲ လုပ်ဆောင်နိုင်တာ။ ယင်နဲ့ယန်ချီကို အတင်းပြောင်းလဲတာက အတွင်းအင်္ဂါ ငါးခုကို ထိခိုက်စေပြီး ရောဂါတစ်ရာကို ဝင်ရောက်လာစေနိုင်တယ်။ အဲ့ဒီအပြင် အဲ့ဒါက အဆိပ်ကိုသောက်ပြီး ရေဆာမှုကို ဖြေဖျောက်တာနဲ့ တူနေရော.. ပြဿနာကို အရင်းအမြစ်ကနေ မဖြေရှင်းနိုင်ဘူး”

ဟန်ကျောက်က သူ၏အမြင်ကို ပြော၏။

“ဟုတ်တယ်”

လုယင်ရွှမ်းက ပြန်ကြားသည်။

“အစ်မက ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်မှာ မီးဒြပ်စင်ချီကို ဦးစားပေး ပေါင်းစပ်ပြီး ခန္ဓာကိုယ်ထဲက ယန်ချီကို အားကောင်းအောင် လုပ်ထားတာ”

သူမက ပြောရင်းနှင့် နောက်ထပ် ဘဏ်စာရွက်တစ်ထပ်ကို ထုတ်သည်။ ညာဘက်တွင် အနည်းငယ်ကို ထည့်ပေါင်းကာ ဘယ်ဘက်တွင်လည်း အနည်းငယ် ထည့်ပေါင်းသည်။

ခဏအကြာ၌ နှစ်ပုံလုံးရှိ ဘဏ်စာရွက် အရေအတွက်ဟာ ကြီးစွာ တိုးပွားလာ၏။ သို့ပေမယ့် ပမာဏဟာ တူညီစွာ ရှိသည်။

“ကြည့်လိုက်.. ယင်နဲ့ယန်စွမ်းအင်ကို ကိုယ်စားပြုတဲ့ ဘဏ်စာရွက်တွေရဲ့ စုစုပေါင်း ပမာဏက ၅၀၀၀၀လျန်ကို ရောက်တော့မယ်.. ဒါက နင်ငါ့ကို ပေးထားတာ အကုန်ပဲ”

“ငါ့ရဲ့ခန္ဓာကိုယ်ကလည်း အခု အဲ့လိုပဲ။ အရမ်းကို ဝန်ပိနေပြီ။ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်ကို ချိုးဖျက်တာနဲ့ ယင်နဲ့ယန်စွမ်းအင်တွေ ညီမျှတာ၊ မညီမျှတာကို ထည့်တွက်ရင်တောင် ငါ့ရဲ့ခန္ဓာကိုယ်က ပြိုလဲပြီပဲ”

“အခု နင်က ငါ့ခန္ဓာကိုယ်ထဲက ယန်စွမ်းအင် ဆယ်ပုံတစ်ပုံကို တစ်ခါတည်း စုပ်ယူလိုက်တယ်။ အဲ့ဒါကတ ကယ်ပဲ ယင်ယန်ညီမျှမှုကို ဖျက်ဆီးလိုက်တယ်”

“ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်က ချက်ချင်းပဲ ကြီးမားတဲ့ အာသာချက်ရပြီး ယန်စွမ်းအင်ကို အချိန်တိုအတွင်းမှာ ဖိနှိပ်လိုက်နိုင်တယ်။ ဒါကလည်း မျှခြေညီနေခြင်း တစ်မျိုးပဲ”

“ဒီအခွင့်အရေးကို ယူပြီး ငါက ချီနှစ်ဆင့် စစ်ဘုရင်အဆင့်ကို တစ်ခါတည်း ချိုးဖျက်လိုက်တယ်။ ပြီးတော့ ယင်စွမ်းအင်တွေက ကြီးကြီးမားမား တိုးပွားလာခဲ့တယ်”

“အချိန်တစ်ခုအတွင်းမှာ ငါ့အတွက် ယင်စွမ်းအင်ကို ယန်စွမ်းအင်အဖြစ် ဆက်ပြီး ပြောင်းလဲနေစရာ မလိုတော့ဘူး။ ဆက်ပြီး ဖိနှိပ်ထားရုံနဲ့ အဆင်ပြေတယ်”

“ချီနှစ်ဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ပြီးရင် ငါ့ခန္ဓာကိုယ်ထဲက ယန်စွမ်းအင်တွေကို နင်ထပ်ပြီး စုပ်ယူလို့ရတယ်။ ငါက အဆင့်တက်တဲ့ နည်းလမ်းကို အသုံးပြုပြီး ယင်စွမ်းအင်တွေကို အားဖြည့်ပြီး အချိန်တစ်ခုအတွင်းမှာ ယန်ချီကို ဖိနှိပ်‌ထားမယ်”

“ကျွန်တော်သိပြီ”

ဟန်ကျောက်ဟာ နားလည်လာခဲ့သည်။ ယင်နှင့်ယန်၏ မညီမျှမှုဟာ လုယင်ရွှမ်းဟာ နှစ်ခုအကြားတွင် အကြမ်းဖျင်း ညီမျှအောင် ချိန်ညှိနေရလို ဖြစ်သည်။

တစ်ခုက အနည်းငယ် နည်းပါးကာ၊ တစ်ခုက အနည်းငယ် များပြားလာသည်နှင့် ချက်ချင်းပင် ပေါက်ကွဲသွားနိုင်၏။

ပြောစကားတစ်ခုရှိသည်။ ဂူတစ်ဂူတည်းတွင် ခြင်္သေ့နှစ်ကောင် မအောင်းပေ။ တစ်ကောင်က အထီးဖြစ်ကာ တစ်ကောင်က အမဖြစ်လျှင်တော့ တစ်မျိုးဖြစ်၏။

ယင်နှင့်ယန်ဟာ ဆန့်ကျင်ဘက် စွမ်းအင်များ ဖြစ်ပေမယ့် ၎င်းတို့ကို အထီးနှင့်အမဟု ယူဆနိုင်ခြင်း မရှိပေ။ ထို့ကြောင့် နှစ်ခုစလုံးကို အတူတူ အားနည်းအောင်၊ သန်မာအောင် ထားလို့မရပါ။

ခြားနားချက်ကို ကြီးမားအောင် ပြုလပ်ကာ သန်မာမှုနှင့် အားနည်းမှုကို ခွဲခြားထားရပေမည်။ တစ်ခုက သန်မာပြီး အခြားတစ်ခုက အားနည်းပါက သန်မာမှုက အားနည်းမှုကို ဖိနှိပ်ထားမည် ဖြစ်သည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ လုယင်ရွှမ်းကို ကြည့်သည်။

“လုယင်ရွှမ်း- ချီနှစ်ဆင့်စစ်ဘုရင်အဆင့် ဖြစ်သည်။ အတွင်းနှင့်အပြင် နှစ်ခုလုံးအား ကျင့်ကြံ၏။ သူမ၏ ခွန်အားဟာ အံ့ဩစရာ ကောင်းလှသည်။ သုံးနှစ်အတွင်းတွင် ယင်နှင့်ယန်ချီဟာ မည်သည့် ကြီးမားသည့် လှုပ်ရှားမှုမှ ရှိမည်မဟုတ်ပေ။ အတွင်းအင်္ဂါများ ဆက်တိုက် ထိခိုက်နေမှုဟာ စတင် ပြန်လည်ကောင်းမွန်လာနိုင်၏”

“ထို့ကြောင့် နောက်တစ်ကြိမ် ယန်ချီများ ထပ်မံများပြားလာပါက ယန်ချီ ဆယ်ပုံတစ်ပုံလောက်ကို စုပ်ယူကာ ဆက်လက်ဖိနှိပ်နိုင်သည်။ သူမ၏ နဂါးဟိန်းခန္ဓာအား လုံးဝ ဆုံးရှုံးသွားသည့် အချိန်အထိ ဖြစ်၏။ ထိုအခါ သူမဟာ ယန်ချီ အားကောင်းလာမှု၏ ပြဿနာကို ရင်ဆိုင်ရမည် မဟုတ်ပေ”

ဟန်ကျောက်က နားလည်သွားပြီး ပြောသည်။ “ကျွန်တော် စိတ်ဝိညာဉ်လုယူခြင်းအတတ်ကို အစ်မ နောက်တစ်ကြိမ် အန္တရာယ်အကြုံခင်မှာ တတိယအဆင့်ကို ရောက်အောင် အမြန်လေ့ကျင့်မယ်”

“ဂျူနီယာမောင်လေးဟန်.. ကျေးဇူးတင်ပါတယ်”

လုယင်ရွှမ်း၏ နှလုံးသားက နွေးထွေးသွားသည်။

“ကျွန်တော် အရင်ကလည်း ပြောခဲ့ပါတယ်။ ဒါက နှစ်ဖက်လုံး အနိုင်၊ အနိုင်.. ကိစ္စပဲ”

ဟန်ကျောက်က ပြုံးကာ ချက်ချင်းပင် စကားပြောင်းလိုက်သည်။

“ဒါနဲ့ စီနီယာအစ်မ.. ဒြပ်စင်စွမ်းအင်ငါးမျိုးကို ကိုယ်တွင်းအင်္ဂါငါးခုထဲကို ဘယ်ကနေ ဘယ်လိုပေါင်းစပ်လဲ ဆိုတာကို သိလား”

ယခုအချိန်အထိ ဟန်ကျောက်ဟာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်များ စုပ်ယူသည့် ဒြပ်စင်ချီငါးမျိုးတို့ ဘယ်ကလာလဲ ဆိုတာကို မသိပဲ ရှိနေဆဲရှိ၏။

All Chapters