အခန်း (၁၉၀)
Vol. 13 Ch. 190
ကျောက်နက်မြို့၏ မြို့တွင်းပိုင်းရှိ ယုန်ဟီဒေသတွင်..
ရှမိသားစု၏ အဓိကအိမ်တော်၌ …
စာဖတ်ခန်းအတွင်းတွင် ရှလင်ဟာ လေးနက်သည့် အသွင်နှင့် ရှေ့နောက် လမ်းလျှောက်နေ၏။ သူမဟာ အသက်၂၄နှစ်တွင် အတွင်းအားကို အောင်မြင်စွာ ဖမ်းဆုပ်ခဲ့ပြီး ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤသည်မှာ တစ်မီလီယံတွင် တစ်ယောက်ရှိသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ ရှမိသားစုဟာ ကျောက်နက်မြို့တွင် ထိပ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
ထည်ဝါကာ မြင့်မားသည့် သိုင်းသခင်များဟာလည်း တစ်ယောက်ထက် အခြားတစ်ယောက်က ပိုမိုယဉ်ကျေးစွာ ဆက်ဆံကြသည်။ သူမအား ပွဲများသို့ ဖိတ်ခေါ်ခြင်း စာလွှာများဟာ တောင်တစ်လုံးကဲ့သို့ ပုံနေရော့မည် ထင်၏။
အနီးအနားရှိ မြို့များတွင် စီးပွားကူးသန်းရေး လုပ်ဆောင်ရသည်မှာလည်း အလွန် ချောမွေ့လှသည်။ သို့ရာတွင် ဒီအတောအတွင်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စတစ်ခုက သူမကို အနည်းငယ် စိုးရိမ်နေစေ၏။
ကုန်သွယ်ရေး အဖွဲ့ဟာ စီးပွားရေးချဲ့ထွင်ရန် ပြင်ဆင်နေ၏။ ထို့ကြောင့် ပိုမိုဝေးကွာသည့် ပိုင်ကျဲမြို့ဆီသို့ ခြေလှမ်းဆက်ခဲ့သည်။
မထင်မှတ်စွာပင် ထိုရွှေ့ကွက်ဟာ ကိစ္စကြီးအား ပျက်စီးစေခဲ့၏။ လွန်ခဲ့သည့် ဘဝက်က ကုန်သွယ်ရေးအဖွဲ့ဟာ ပိုင်ကျဲမြို့ရှိ အော်ဒါကြီးတစ်ခုကို လက်ခံခဲ့သည်။ အောင်မြင်ပါက အနည်းဆုံး ငွေ၁၀၀၀၀လျန်လောက် ရမှာဖြစ်၏။
သို့ရာတွင် ထိုတာဝန်သာ ကျရှုံးပါက သူမတို့ဘက်မှ ငွေ၃၀၀၀၀လျန်ကို ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။
ရှမိသားစုနှင့် စုမိသားစု၏ လက်ရှိခွန်အားနှင့် အံကိုကြိတ်ကာ ငွေ၃၀၀၀၀လျန်ကို ထုတ်ပေးနိုင်ပါသည်။ သို့ပေမယ့် ဤသည်မှာ ကြီးမားသည့် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်မှာဖြစ်၏။
နောင်တွင် ကုန်သွယ်ရေးအဖွဲ့ကို ချဲ့ထွင်ဖို့ အသာထား လက်ရှိ အခြေခံ ဈေးကွက်ကိုပင် ကာကွယ်နိုင်မည် မဟုတ်ပေ။
သို့ရာတွင် ကုန်လှည်းဟာ တာဝန်ကို ဆက်လက်လုပ်ကိုင်လျှင်လည်း ပြန်လာနိုင်လောက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမတို့ဟာ သက်ရှည်ဂိုဏ်း၏ သွေးစိတ်ဝိညာဉ်ခန်းမမှ ခန်းမသခင်ဟု ခေါ်သည့် ကျွမ်းကျင်သူတစ်ယောက်နှင့် ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်၏။
တစ်ဖက်လူက သူမကို ဂိုဏ်းသို့ ဖိတ်ခေါ်ကာ နောင်တွင် ကုန်အဖွဲ့၏ ဖွံ့ဖြိုးမှုအား ထောက်ပံ့ပေးမည်ဟု ဆိုလေသည်။ သဘောမတူပါက သူမဟာ အကျိုးဆက်များကို ခံယူရမည် ဖြစ်၏။
ပိုင်ကျဲမြို့၏ ကိစ္စကို တွေးကြည့်ပြီးနောက် ရှလင်ဟာ ထောင်ချောက်တစ်ခုအတွင်းသို့ ကျဆင်းခဲ့သည်ဟု ခံစားရသည်။ ဤသည်မှာ ထောင်ချောက်တစ်ခု ဖြစ်ပေမည်။
သက်ရှည်ဂိုဏ်းဟာ မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်ကာ စီရင်စုမြို့တော်က ရာဇဝတ်သားများအဖြစ် သတ်မှတ်ထားသ်ည။ သူမဟာ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခုနှင့် ပက်သက်လိုခြင်း မရှိပါ။
စုယွင်နှင့် ဆွေးနွေးပြီးနောက် ရရှိလာသည့် အဖြေဟာ ပိုမိုများပြားသည့် ကျွမ်းကျင်သူများကို လမ်းခရီးတွင် ခေါ်ဆောင်သွားဖို့ ဖြစ်သည်။ လုယီကို အတူတူ ခေါ်နိုင်ပါက အကောင်းဆုံး ဖြစ်၏။
ထို့နောက်.. တာဝန်ပြီးဆုံးပါက သူမတို့ဟာ စီရင်စုမြို့တော်သို့ တစ်ခါတည်း ပြောင်းရွှေ့မည် ဖြစ်သည်။
ရှလင်ဟာ ထိုအကြောင်းကို စဉ်းစားပြီးနောက် ဟန်ကျောက်ကို ဒီအချိန်အတွင်း မပြောသေးရန် ဆုံးဖြတ်လိုက်သည်။
အရင်တုန်းက သူမဟာ ဟန်ကျောက်ဆီသို့ ခဏအကြာတိုင်းတွင် စာရေးပို့လေ့ ရှိပြီး ပိုက်ဆံအချို့ကို ထည့်ပေးခဲ့၏။
သို့ရာတွင် လွန်ခဲ့သည့် ရှစ်လက ဟန်ကျောက်ဟာ သူမကို ပိုက်ဆံများ ထပ်မံမပို့ရန် ပြန်ကြားခဲ့သည်။ သူမအနေနှင့် ဒီအတိုင်း မကြာခဏ စာပို့တာ ကောင်းမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဟန်ကျောက်ဟာ စီရင်စုမြို့တော်တွင် တစ်ယောက်တည်း ကြိုးစားရုန်းကန်နေရ၏။ သူ့တွင် သူမအတွက် စိုးရိမ်နေရန် အပိုစွမ်းအင် မရှိလောက်ပါ။
အကြောင်းပြချက် မရှိပဲ သူမဟာ စာပို့ပြီး သူ့ကို စိတ်မချဖြစ်အောင် လုပ်မည်မဟုတ်ပေ။
သို့ရာတွင် ယခုကိစ္စဟာ အရေးကြီးသည့် ကိစ္စတစ််ခု ဖြစ်၏။ အမှန်တကယ်သာ တစ်ခုခု ဖြစ်ပွားပါက သူမဟာ ဟန်ကျောက်ကို အသိပေးမှာ ဖြစ်သည်။
အရင်တုန်းက သူမဟာ အတွင်းအားကို ဖမ်းဆုပ်ပြီးပါက စီရင်စုမြို့တော်သို့ သွားရောက်ကာ သူ့ကို ရှာမည်ဟု နှစ်ယောက်သား သဘောတူထားခဲ့သည်။ ရှလင်ဟာ သူမ၏ လွမ်းဆွတ်မှုတို့ကို ဆက်လက်တောင်ခံနိုင်ခြင်း မရှိတော့ပေ။
သို့ပေမယ့် မထွက်ခွာခင်တွင် နောက်ထပ် ပိုက်ဆံများများအား ရှာသွားချင်သေး၏။ ဘာပဲဖြစ်ဖြစ် သွားရမည့်နေရာမှာ စီရင်စုမြို့တော် ဖြစ်သည်။ ကုန်ကျစရိတ်ဟာ သေချာပေါက် ကြီးစွာ တိုးများလာမှာ ဖြစ်၏။
ဟန်ကျောက်ဟာ သေချာပေါက် ဒီအဆင့်တွင် ရပ်နေမည့်လူ မဟုတ်ပေ။ ထို့ကြောင့် သူမဟာ သတိလက်လွတ် ဖြစ်ရဲခြင်း မရှိပေ။ သူမတို့နှစ်ဦး၏ အကြားရှိ ကွာဟချက်ကို ကြီးမားစေလိုခြင်း မရှိပါ။
“စုယွင်ဘက်မှာ ကျွမ်းကျင်သူအနည်းငယ် ရှာနိုင်ဖို့ ငါမျှော်လင့်တယ်”
ရှလင်ဟာ သက်ပြင်းချ၏။
ငါးရက်ကြာပြီးနောက်.. ညနေခင်းတစ်ခုတွင်..
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ဟာ စုအိမ်တော်၏ အဝသို့ ရောက်ရှိလာကြသည်။ အမျိုးသားဟာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကိုယ်သူ ညင်သာစွာ ယပ်ခပ်နေ၏။ အမျိုးသမီးဟာတော့ ရှည်လျားသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာကို ပုဝါဖြင့် အုပ်ထားသည်။ နှစ်ယောက်သားဟာ တံခါးဝရှိ ဆိုင်းဘုတ်ကိုကြည့်ကာ ရပ်တန့်သွားကြ၏။
“ဝမ်းကွဲအစ်ကို.. ဒီနေရာ ဟုတ်တယ်မလား”
“ကျောက်နက်မြို့မှာ စုမိသားစု တစ်ခုပဲရှိတယ်။ ဒါပဲဖြစ်မယ်”
ထိုနှစ်ယောက်မှာတော့ စုထန်ချီနှင့် စုနင်ချုံတို့ ဖြစ်ကြသည်။
တကယ်တော့ စုယွင်ဟာ ကောင်တီမြို့ရှိ စုမိသားစုဆီသို့ အထူးစာရေးကာ.. လက်ရှိ ခရီးတွင် စုမိသားစုက သိုင်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်အား စေလွှတ်ကူညီပေးရန် မျှော်လင့်၏။
ဒီကောင်တီမြို့ရှိ စုမိသားစုမှာ တိမ်စီရင်စုရှိ အုပ်စိုးသူမိသားစု သုံးခုမှ တစ်ခုဖြစ်သည့် စုမိသားစု၏ ဂိုဏ်းခွဲတစ်ခု ဖြစ်သည်။
လွန်ခဲ့သည့် ရှစ်လက စုထန်ချီဟာ လန်ဖန်းယွင်၏ ခွန်အားကြောင့် ထိတ်လန့်သွားခဲ့၏။ ထို့ကြောင့် သူဟာ ကမ်းပေါ်သို့ ပြန်ရောက်ပြီးနောက် စီရင်စုမြို့တော်မှ ထွက်ခွာကာ ပတ်ဝန်းကျင်မြို့များတွင် လအနည်းငယ် လှည့်လည်သွားလာခဲ့သည်။
နောက်ပိုင်းတွင် စီရင်စုမြို့တော်ရှိ စုမိသားစု၏ တပည့်တစ်ယောက်နှင့် ကြုံတွေ့ခဲ့ပြီး စီရင်စု မြို့တော်ဆီသို့ ဖိတ်ကြားခံရ၏။
ကောင်တီမြို့ရှိ စုမိသားစုဟာ ထိပ်တန်းအဆင့် အဖွဲ့အစည်းတစ်ခု မဟုတ်ပေမယ့် အထိုင်ချနေသည့် ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက် ရှိရာ အားနည်းခြင်း မရှိပေ။
စုမိသားစုဟာ အဓိကမျိုးဆက်မှ လာသည့် စုထန်ချီနှင့် စုနင်ချုံတို့ကို ကောင်းမွန်သည့် ဝိုင်နှင့် ဟင်းပွဲများနှင့် တစ်နေ့လုံး ဧည့်ခံခဲ့၏။ သို့ရာတွင် စုထန်ချီဟာ စားခြင်းသောက်ခြင်းတွင် စိတ်ဝင်စားခြင်း မရှိပါ။
သူစိတ်ဝင်စားသည့် တစ်ခုတည်းသော အရာမှာ သိုင်းပညာနှင့် ကျော်ကြားမှု ဖြစ်သည်။ ထို့ကြောင့် ကျောက်နက်မြို့ရှိ စုမိသားစုတွင် ပြဿနာတက်နေသည်ဟု သိလိုက်ရသည်နှင့် ရှေ့သို့ထွက်ကာ သူတာဝန်ယူမည်ဟု ဆို၍ စုနင်ချုံကို ခေါ်ပြီး ထွက်ခဲ့ခြင်း ဖြစ်သည်။
လန်ဖန်းယွင်နှင့် ချန်လော့ဟိုင်တို့၏ တိုက်ပွဲကို ကြုံတွေ့ရပြီးနော်က စုထန်ချီဟာ သူ၏ ကျော်ကြားမှု ခရီးစဉ်ဟာ အလွန် လေးလံပြီး ရှည်လျားမည်ဟု ခံစားလိုက်ရသည်။ သူဟာ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းရန် လိုအပ်ပါသည်။
သက်ရှည်ကျမ်းဟာ အလွယ်တကူ သွားရှုပ်လို့မရပေ။ သို့ပေမယ့် ကျောက်နက်မြို့ဟာ တစ်ခါမှပင် မကြားဖူးသည့် မြို့ငယ်လေးတစ်ခုသာ ဖြစ်၏။ ထိုကဲ့သို့သော နေရာမျိုးတွင် အထိုင်ချသည့် သက်ရှည်ဂိုဏ်းမှ တပည့်သားများဟာ အလွန်ဆုံး ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှု၌သာ ရှိမှာပါ။
သူဟာ အဆင့်တူသည့် သိုင်းသမားများကို ရင်ဆိုင်ရန် အကြွင်းမဲ့ ယုံကြည်ချက်တို့ ရှိနေဆဲ ဖြစ်၏။ မဟုတ်ပါက ကောင်းကင်နက်နဲဂိုစ်း၏ အစစ်အမှန် တပည့်တစ်ယောက်ဖြစ်သည့် သူဟာ အတုအယောင် ဖြစ်လာသည်နှင့် မတူပေဘူးလား။
ဤသည်မှာ ချီလင်အဆင့်ရှိ မကောင်းဆိုးရွာားများကိုတော့ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။
“အစ်ကို.. နင်သက်ရှည်ဂိုဏ်းနဲ့ ရင်ဆိုင်ချင်ရင်တောင်.. ဒီလို သေးငယ်တဲ့ နေရာလေးတစ်ခုကို လာဖို့ မလိုဘူးမလား.. ပြီးခဲ့တုန်းက အဖြစ်အပျက်က နင့်ကို စိတ်ဒဏ်ရာကြီးတစ်ခု ရစေခဲ့လို့လား”
စုနင်ချုံက အထင်သေးစွာ ပြောသည်။
ပြီးခဲ့သည့် အဖြစ်အပျက် ပြီးဆုံးပြီးချိန်မှ သူမ၏ ဝမ်းကွဲအစ်ကိုဟာ မည်သည့် မကောင်းသည့်အစားအစာမှ မစားခဲ့သည်ကို နားလည်လာခဲ့သည်။
သူဟာ ရှင်းလင်းစွာပင် လန်ဖန်းယွင်ကြောင့် ထိတ်လန့်သွားခြင်း ဖြစ်၏။ ထိုစစ်ဘုရင်အဆင့် တိုက်ပွဲအပြီးတွင် သူဟာ စီရင်စုမြို့တော်မှာပင် နေရဲခြင်း မရှိတော့ပေ။ ဒီတစ်ကြိမ်တွင် ယခုကဲ့သို့ သေးငယ်သည့် အစွန်အဖျား မြို့လေးကိုတောင် လာခဲ့၏။
“ရှူး… ညီမ.. နင်အဲ့အကြောင်းကို ပြန်မပြောလို့ မရဘူးလား”
စုထန်ချီက ယပ်ခပ်နေသည်အား ရပ်တန့်ကာ ပြောသည်။
“ဒီလို နေရာလေးကို လာတာ နင်လန်ဖန်းယွင်နဲ့တွေ့မှာ ကြောက်လို့လို့တော့ မပြောနဲ့နော်”
စုနင်ချုံက သူ့ကို မနှစ်မြို့စွာ ကြည့်သည်။
“ညီမ.. နင်မှားနေပြီ.. ကျောက်နက်မြို့ရဲ့ စုမိသားစုကလည်း ငါတို့နဲ့ တစ်မိသားစုတည်းပဲလေ.. သူတို့ကလည်း စုမိသားစုရဲ့ အဖွဲ့ဝင်တွေပဲ။ ငါတို့တွေ ဘယ်လိုလုပ်ပြီး ဒုက္ခကြားမှာ ပစ်ထားလို့ရမှာလဲ”
စုထန်ချီက ဖြောင့်မတ်မှန်ကန်စွာ ပြောသည်။
သူဟာ သူ၏ အနာဂတ် ကျော်ကြားမှု လမ်းကြောင်းအတွက် အကြီးမားဆုံး အတားအဆီးမှာ ရှေ့ရှိ ဒီဝမ်းကွဲညီမ ဖြစ်သည်ဟု ခံစားလိုက်ရသည်။ နောင်တွင် သူမကို သူ၏ အားနည်းချက်များအား ဖော်ထုတ်ခြင်းမှ ကာကွယ်ရန် ပညာကုန်သုံးပြီး အရယူရပေမည်။
“ဟုတ်ပါတယ်.. ငါအတွေးလွန်သွားတာပဲ”
စုနင်ချုံက ခေါင်းညှိတ်သည်။
စုထန်ချီ၏ စကားကို အဓိပ္ပာယ်ရှိသည်ဟု ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ဒီနေရာရှိ စုမိသားစုဟာလည်း သူမတို့နှင့် သွေးချင်း ဆက်နွယ်နေပါသည်။ အရမ်းကြီး အေးစက်စွာ ထားလို့မရပေ။