အခန်း (၂၀၈)
Vol. 14 Ch. 208
လန်ဖန်းယွင်ကို ထားလျှင်တောင် သူဟာ ဟန်ကျောက်နှင့်ပင် နှိုင်းယှဉ်နိုင်ခြင်း မရှိပါ။ ဝူမိသားစု၏ အရင်က ဟန်ကျောက်အပေါ် တန်ဖိုးထားခဲ့ခြင်း အဓိကအကြောင်းမှာ ကျီမိသားစုကြောင့် ဖြစ်သည်။
သို့ရာတွင် နှစ်နှစ်ပင် မကြာပဲ သွေးချီချိုးဖျက်ခြင်း ပထမအဆင့်သို့ ရောက်ရှိရုံရှိသေးသည့် ဟန်ကျောက်ဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာသည်လား။
“စီရင်စုမြို့တော်ကို သွားတဲ့အခါကျရင် မင်းဟန်ကျောက်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းထားဖို့ မမေ့နဲ့။ ငါတို့တွေ ရှမိသားစုနဲ့ စုမိသားစုကို အရမ်းကို ကောင်းပေးခဲ့တာက ဒီအခွင့်အရေး အတွက်ပဲ”
ဝူဒီက လေးနက်စွာ ပြောသည်။
“စီရင်စုမြို့တော်က သတင်းအချက်အလက်တွေ အရဆို ဟန်ကျောက်က ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်ရုံတင် မကဘူး ဆေးပညာမှာလည်း ပါရမီ ထူးကဲတယ်တဲ့။ မိသားစုကြီးများစွာက သူ့ကို ဖိတ်ခေါ်နေကြပြီ”
“ဒီလိုလူတစ်ယောက်နဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာက ငါတို့ ဝူမိသားစုရဲ့ နောက်မျိုးဆက်တွေအတွက် ကောင်းမှာ”
“ဟုတ်ကဲ့ပါအဖေ”
ဝူပီက ခေါင်းညှိတ်ကာ သက်ပြင်းချသည်။
“သူဘယ်လိုကျင့်ကြံလဲ ဆိုတာကို ကျွန်တော်တကယ် မသိဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရာအားလုံးကို သိနေသလိုပဲ..”
“ဒီလောကကြီးက အကြီးကြီးပဲ.. မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြတယ်.. ဒီလိုလူမျိုးတစ်ယောက်နဲ့ မင်းကိုယ်မင်း မယှဉ်နဲ့.. ငါတို့တွေ ကိုယ့်ဘာသာပဲ အချင်းချင်း ယှဉ်ကြတာ ကောင်းတယ်”
ဝူဒီဟာ တစ်ခုခုကို စဉ်းစားမိသည့်အလား သက်ပြင်းချ၏။
“ဟုတ်ပါတယ်”
ဝူပီကလည်း သဘောတူစွာ ခေါင်းညှိတ်သည်။
ငါးရက်ကြာပြီးနောက်..
ဟန်ကျောက်တို့ဟာ လမ်းတစ်ဝက်သို့သာ ရောက်ရှိပါသေးသည်။ ဘာပဲဖြစ်ဖြစ် အဖွဲ့အတွင်းတွင် အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားများစွာ ရှိပြီး မြင်းများမှာလည်း သာမန်လူများ တတ်နိုင်သည့် အရာမဟုတ်ပေ။
သူတို့ဟာ ဖြည်းညှင်းစွာသာ သွားနိုင်ကြ၏။
လူအုပ်စုဟာ မြစ်ဘေးရှိ ထူထဲသည့် တောလမ်းအတိုင်း မြန်မြန်လေး ရွေ့လျားကြသည်။ ဟန်ကျောက်က ရုတ်တရက် လက်ကိုမြှောက်ကာ လူတိုင်းကို ရပ်တန့်စေရန် အချက်ပြလိုက်၏။
“ဘာဖြစ်လို့လဲ”
လုယီက မေးသည်။
“အစ်ကိုဟန်”
စုထန်ချီကလည်း အနည်းငယ် ပဟေဋိဖြစ်စွာ မေး၏။
“ကိုယ့်ဘာသာ ဆက်သွားနှင့်ကြ.. ကျွန်တော် မကြာခင် အမှီလိုက်လာခဲ့မယ်”
ဟန်ကျောက်က အသာပြုံးကာ မြင်းပေါ်မှ ဆင်းသည်။
ကိုယ်ပွားက သူ၏နောက်မှ နီးကပ်စွာ လိုက်ကာ ဘေးတွင် ရပ်၏။
“ဖြစ်နိုင်တာက…”
ရှလင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သက်ရှည်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦး လိုက်မှီလာသည်လား။
“အစ်ကိုဟန်.. အစ်ကိုလန်.. ကျွန်တော်လည်း နေခဲ့ပြီး ကူညီလို့ရမလား”
စုထန်ချီဟာလည်း နေခဲ့ရန် ဆုံးဖြတ်လိုက်၏။
“ကောင်းပြီ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ စုထန်ချီ၏ နောက်ခံဟာ အသုံးဝင်ဆဲ ဖြစ်၏။
“အစ်ကို.. ငါလည်း နေခဲ့မယ်”
ထိုပုံကို တွေ့ရပြီးနောက် စုနင်ချုံကလည်း မြင်းပေါ်က ဆင်းတော့မှာပါ။
“ညီမ.. အဖွဲ့နဲ့ပဲ ဆက်လိုက်သွားလိုက်”
စုထန်ချီက သူမကို တားသည်။
“ကောင်းပါပြီ”
စုထန်ချီ၏ လေးနက်သည့် အသွင်ကို တွေ့ရပြီးနောက် စုနင်ချုံက ငြင်းဆန်ခြင်း မပြုတော့ပေ။
“မောင်လေးဟန်.. နင်ဂရုစိုက်နော်”
ရှလင်က စိုးရိမ်စွာ ပြော၏။
“စိတ်မပူပါနဲ့”
ဟန်ကျောက်က လေးနက်စွာ ခေါင်းညှိတ်၏။
ထိုပုံကို တွေ့ရပြီးနောက် လုယီက မြင်းပေါ်မှ ဆင်းတော့မှာပါ။ ဟန်ကျောက်က သူ့ကိုတားကာ ပြော၏။
“ဆရာ.. သူတို့နဲ့ပဲ လိုက်သွားသင့်တယ်”
“ဒါဆိုရင် ဂရုစိုက်”
လုယီက ခဏတာ စဉ်းစားပြီးနောက် ခေါင်းညှိတ်သည်။
“သွားကြတော့လေ”
ဟန်ကျောက်က အဖွဲ့ကို ဆက်လက်သွားရန် လက်ဟန်ပြလိုက်သည်။
ထိုဖြစ်စဉ်က လူတိုင်းကို သတိကြီးသွားစေ၏။ အနောက်ဘက်ရှိ သိုင်းသမားများဟာ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်ကြသည်။ သို့ရာတွင် လုယီ၏ အမိန့်အောက်တွင် လူစုဟာ လမ်းအတိုင်းသာ ဆက်လက်သွားကြ၏။ မကြာခင် ထူထဲသည့် တောအုပ်မှ ထွက်ခွာသွားသည်။
“အစ်ကိုဟန်.. ဘာဖြစ်တာလဲ”
စုထန်ချီက ပဟေဋိဖြစ်စွာ ပြောသည်။ သူဟာ မည်သည်ကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။
“ရောက်ခါနီးပြီ”
ဟန်ကျောက်က မြစ်တစ်လျှောက်ရှိ တောအုပ်ကို ကြည့်သည်။ တကယ်တော့ သူဟာ မည်သည်ကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် ယုနျန်သာလျှင် သတိပေးခဲ့ခြင်း ဖြစ်၏။
သွေးစိတ်ဝိညာဉ်မူဝါဒဟာ စုတ္ထအဆင့်သို့ မြင့်တက်ပြီးနောက် သူ၏ ယုနျန်တို့အကြား ဆက်နွယ်မှုဟာ ပိုမိုကာပင် အားကောင်းလာခဲ့သည်။ သူတို့ဟာ စိတ်ထဲမှ တစ်ခါတည်း ဆက်သွယ်နိုင်နေပြီ ဖြစ်၏။
ခုနက ယုနျန်က သူ၏စိတ်ထဲသို့ အသံတစ်ခုကို ပို့လာခဲ့သည်။ မြစ်တစ်လျှောက်မှ ကျွမ်းကျင်သူတစ်ဦး လျှင်မြန်စွာ လိုက်လံလာသည်ဟု ဖြစ်၏။ ထို့ကြောင့် သူဟာ နောက်တွင် နေခဲ့ပြီး ဟန့်တားရန် စောင့်နေခြင်းဖြစ်သည်။
“ဟုတ်”
စုထန်ချီက ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။ ကြည့်ရတာ ဒီအစ်ကိုဟန်မှာ လျှို့ဝှက်ချက်များစွာ ရှိသည့်ပုံပါ။ သူ၏ အာရုံခံမှုဟာ အလွန် စူးရှ၏။
သုံးယောက်သားဟာ တိတ်ဆိတ်စွာ စောင့်နေကြသည်။
“ချစ်၊ ချစ်၊ ချစ်..”
တောအုပ်နက်ထဲတွင် လှုပ်ရှားသံတို့ ပေါ်လာခဲ့၏။ ထိပ်ဖျားရှိ သစ်ကိုင်းများဟာ လှုပ်ခါသွားပြီး ငှက်တစ်အုပ်ဟာ ကြောက်စရာကောင်းသည့် တစ်ခုခု အဝေးမှ ရုတ်တရက် ရောက်ရှိလာမှုကြောင့် လန့်သွားသည့် ပုံပါ။
“အိုး.. ငါ့ကိုကြိုပြီး ရှာတွေ့နိုင်တာလား”
တောအုပ်ထဲတွင် နက်ရှိုင်းသည့် အသံတစ်ခု ပဲ့တင်ထပ်သွားးသည်။ ထိုအသံဟာ အရပ်မျက်နှာ အားလုံးတို့ဆီမှ လာဟန်ပေါ်ပြီး သူဘယ်သူလဲ ဟူသည်ကို မည်သူမှ သိနိုင်ခြင်း မရှိပေ။
“ရောက်လာပြီ”
စုထန်ချီ၏ ပုံစံက တင်းကြပ်သွားသည်။ ထိုလူဟာ လူမရောက်လာခင်တွင် အသံ ရောက်လာခဲ့၏။
ထိုအသံဟာ ကျယ်လောင်ခြင်း မရှိပေမယ့် နားထဲတွင် ကြားနိုင်လေသည်။ ခေါင်းလောင်းတစ်ခုကဲ့သို့ ဦးနှောက်ကို လှုပ်ခါသွားစေ၏။
စုထန်ချီက မှင်သက်နေစဉ် နောက်တစ်စက္ကန့်တွင် အရပ်ရှည်ကာ ထွားကြိုင်းသည့် လူလတ်ပိုင်းလူကြီးတစ်ဦး ပေါ်လာခဲ့သည်။ သူ၏ပုံစံမှာ အသက်၄၀ ကျော်ရုံလောက် ရှိ၏။ သို့ပေမယ့် တစ်ခေါင်းလုံးတွင် ဆံဖြူများ ပြည့်နေပါသည်။
သူဟာ တင့်တယ်သည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်နေရာတွင် ကြမ်းကြုတ်သည့် အနက်ရောင် ရေနဂါးပုံကို ထိုးထားသည်။
“ခင်ဗျားက ဒေါသရေနဂါးဂိုဏ်းရဲ့ ခေါင်းဆောင် ချီငါးဆင့် စစ်ဘုရင် ရှန့်ကွမ်းယွင်ဖေးလား..”
စုထန်ချီက အသံပြု၏။ ရောက်လာသည့်လူမှာ ချီငါးဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
သူတို့ဟာ ရှင်းလင်းစွာပင် သက်ရှည်ဂိုဏ်းမှ တပည့်များကို သတ်ခဲ့ခြင်း ဖြစ်၏။ ဘယ်လိုလုပ်ပြီး နောက်မှ လိုက်လာသည်မှာ ဒေါသရေနဂါး လူဆိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်နေရသနည်း။
ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရရာတွင် မဖျက်ဆီးနိုင်သော ဗာဂျရာ ဒီဗိုင်းအတတ်ကို တတ်မြောက်ထားသည့် လန်ဖန်းယွင်ပင်လျှင် ပြိုင်ဘက်မဖြစ်နိုင်ပါ။
“မင်းငါ့ကို သိတာလား.. ဗဟုသုတ ရှိသားပဲ”
ရှန့်ကွမ်းယွင်ဖေးက သူ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ဘေးရှိ ဟန်ကျောက်နှင့် လန်ဖန်းယွင်တို့ကို ကြည့်၏။
ဟန်ကျောက်ကို ခေါ်ဆောင်သွားလိုပါက သူဟာ ကောင်းကင်သူတော်စင် ကောင်းကင်ဂူ၏ ဆက်ခံသူဟု ယူဆရသည့် လန်ဖန်းယွင်နှင့် ရန်သူများ ဖြစ်လာမှာ ဖြစ်သည်။ ဤသည်က သူလိုချင်သည့်အရာ မဟုတ်ပေ။
သို့ရာတွင် ဟန်ကျောက်ဟာ အရေးကြီးသည့် ကိစ္စတွင် ပါဝင်နေ၏။ သူ့ကို ခေါ်ဆောင်သွားရန် လိုအပ်ပါသည်။
ကြီးမားလှသည့် စီရင်စု မြို့တော်ကြီးတွင် ဆေးပညာပါရမီနှင့် ပါရမီရှင် များစွာတို့ ရှိကြ၏။
သို့ပေမယ့် သူတို့ဟာ ယွမ်ကန်းကောင်တီတွင် နောက်ခံနှင့် အဆက်အသွယ် များစွာတို့ ရှိနေပြီး ဖြစ်သည်။ ထို့အပြင် နှစ်အနည်းငယ်အတွင်းတွင် သူ၏ လိုအပ်ချက်ကို ပြည့်မှီနိုင်မည့် လူအနည်းငယ်သာ ရှိပါသည်။ ဟန်ကျောက်ဟာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လုနီးပါး ရှိ၏။
“ရှန့်ကွမ်းယွင်ဖေး- ချီငါးဆင့် စစ်ဘုရင် ဖြစ်သည်။ ဒြပ်စင်ငါးမျိုးဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့ကို အတွင်းအင်္ဂါများနှင့် လုံးဝ ပေါင်းစပ်ပြီး ဖြစ်သည်။ သူဟာ သိုင်းးသူတော်စင်တစ်ယောက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့၏။ လက်ရှိ အချိန်၌ ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သို့ပေမယ့် သူဟာ ချီသုံးဆင့် စစ်ဘုရင်တစ်ယောက်ပင် အနိုင်ယူနိုင်သည့် အရာမဟုတ်ပေ။ သင်သည် တစ်ဖက်လူနှင့် သူသေကိုယ်သေ တိုက်ခိုက်ပါက အကောင်းဆုံး ရလဒ်မှာ သူ၏ ဒဏ်ရာများ ပြန်ထလာပြီး အတူတူ သေဆုံးရန် အခွင့်အရေး ရှိသည်”
ဟန်ကျောက်ဟာ စနစ်၏ အချက်ပေးချက်ကို ကြည့်ကာ လေးနက်သွားသည်။ ရှေ့သို့တက်ကာ ပြော၏။
“ဒေါသရေနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်.. စီနီယာရှန့်ကွမ်းနဲ့ တွေ့ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ စောစောမကြိုဆိုမိတဲ့အတွက် တကယ့်ကို တောင်းပန်ပတယ်.. ဖြစ်နိုင်တာက ခင်ဗျားဒီကိုလာခဲ့တာက ကျွန်တော့လို အဆင့်နိမ့် ဆေးပညာရှင်လေး တစ်ယောက် အတွက်ပဲလား”
“ညီငယ်လေး.. မင်းက အရမ်းကြီး ယဉ်ကျေးလွန်းနေပါပြီ။ ဒီလောက် အသက်အရွယ်လေးနဲ့ ဆေးပညာအဆင့်တစ်ခု ရှိလာနိုင်တာ.. မင်းမှာသာ ငါ့ရဲ့ ဒေါသရေနဂါးဂိုဏ်းက အရင်းအမြစ် ထောက်ပံ့မှုရှိရင် မင်းအတွက် အလယ်အလတ် ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ အချိန်တစ်ခုပဲ လိုမှာ။ အဆင့်မြင့်အဆင့် ဆေးပညာရှင် ဖြစ်လာဖို့တောင် မျှော်လင့်ချက်ရှိတယ်”
“အဲ့ဒီအချိန်ကျရင်.. ဒီကြီးမားတဲ့ လောကကြီးမှာ မင်းဘယ်ကိုသွားချင်ချင်.. အဖွဲ့အစည်းကြီးတွေရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် ဖြစ်လာမှာ။ ဘာလို့ အရင်ဆုံး ငါ့ရဲ့ ဒေါသရေနဂါးဂိုဏ်းကို ဝင်ပြီး မင်းရဲ့ အနာဂတ်အတွက် ခြေနင်းမလုပ်မှာလဲ”
ရှန့်ကွမ်းယွင်ဖေးက ညင်သာစွာ ပြုံး၏။