ရေကန်ထဲက ကြာပန်း
Vol. 017 Ch. 1631
ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်လျှင် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေပြီး ယုံကြည်ချက်အပြည့် ရှိနေသည်ဟု ထင်မှတ်ရသည်။ သူက မည်သည့်နေရာတွင် အခွင့်အရေးကို ရှာဖွေရမည်အား သိရှိပြီး ဖြစ်နေသကဲ့သို့ ဖြစ်သည်။
ရီဖူရှင်းသည် နတ်ဆိုးသားရဲများအား ထိန်းချုပ်နိုင်သည်ကို သူမ သိရှိထားပြီး သူသည် ခရမ်းရွှေကြွက်များအား နေရာအနှံ့အသီးသီးသို့ ဖြန့်ကျက်သွားခိုင်းထားပြီး ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ရီဖူရှင်းသည် သူမကို ခေါ်ဆောင်လာရာ ဤနေရာ၌ မည်သည့်အရာတို့ ရှိနေသည်ကို သိပြီး ဖြစ်နေနိုင်သည်။
သူတို့ ဦးတည်ရာဘက်သို့ ပုံရိပ်နှစ်ခုက လျင်မြန်စွာ သွားလာခဲ့သည်။
သူတို့သည် နတ်သစ်ပင်နှင့် ဆေးဖက်ဝင်အပင်များကို ဖြတ်ကျော်လာခဲ့သော်လည်း ရီဖူရှင်းသည် စိတ်မဝင်စားဟန်ဖြင့် တစ်ချက်မျှသာ ကြည့်ခဲ့သည်။ တခဏကြာပြီးနောက် သူတို့သည် ရေကန်တစ်ကန်ဆီ ရောက်လာကြသည်။
ရေကန်က ကြီးမားလှပြီး ၎င်း၏ ဘေးတွင် အနားယူရန် နေရာနှင့်တူသည့် စံအိမ်ရှိနေခဲ့သည်။
ရေကန်အလယ်တွင် ကြာပန်းများက ပန်းပင်လယ်ကဲ့သို့ ပွင့်လန်းနေသည်။
“အသက်ဓာတ်က တော်တော် အားကောင်းတာပဲ။” ရှားရှင်းယွန်က ရေရွတ်လိုက်သည်။ သူမက ရေကန်အလယ်သို့ ကြည့်နေခဲ့သည်။ ကြာပင်လယ်၏ အလယ်တွင် အရောင်ခြောက်ရောင်ဖြင့် ပွင့်လန်းနေသည့် ကြာပွင့်တစ်ပွင့် ရှိနေကာ ပွင့်ဖတ်တစ်ခုချင်းစီတွင် မတူညီသည့် အရောင်များ ရှိနေသည်။
ထိုကြာပွင့်က ကြီးမားလှသည်။ ထိုခြောက်ရောင် ပွင့်ချပ်နှင့် ကြာပန်းက ကြာပွင့်တို့၏ သခင် ဖြစ်ပေလိမ့်မည်။
ရေကန်၏ အလယ်တွင် လူများစွာ မတ်တပ်ရပ်နေပြီး သူတို့သည် အလေးချိန် မရှိသကဲ့သို့ ရေမျက်နှာပြင်တွင် ပေါလောပေါ်နေကြသည်။ သူတို့အားလုံးသည် မတူညီသည့် အနေအထားဖြင့် ရှိနေကြပြီး ကြည့်ရသည်မှာ သူတို့အားလုံးက ထိုကြာပွင့်အတွက် တိုက်ခိုက်နေကြပုံရသည်။ ကြည့်ရသည်မှာ သူတို့အားလုံးသည် ထိုကြာပွင့်က ထူးခြားဆန်းကြယ်လှပြီး ရှင်သန်ခြင်းလမ်းစဥ် ပိုင်ဆိုင်ထားသည်ကို သိရှိကြပုံရလေသည်။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ သူတို့ဆီသို့ လာနေသည်ကို တစ်ချက်လှမ်းကြည့်လိုက်ကြသော်လည်း သူတို့၏ အကြည့်များက တည်ငြိမ်နေကာ ဂရုမစိုက်ဟန်ပင် ဖြစ်သည်။ သိသာစွာပင် နှစ်ယောက်တည်းနှင့် အများကြီး အာရုံစိုက်ခံရမည် မဟုတ်ပေ။ ဤ တန်ခိုးရှင်နှစ်ဦးက ရှန့်ထိုအဆင့်၌သာလျှင် ရှိနေကာ အမျိုးသမီး၏ ကျင့်ကြံမှုက ထည့်သွင်းစဥ်းစားရန်ပင် မထိုက်တန်ချေ။
အဖြူရောင်ဆံပင်နှင့် လူငယ်လေးတွင် သာမန်မဟုတ်သည့် အရှိန်အဝါရှိသော်လည်း သူတို့က သူ့ကို မသိရှိကြပေ။ သူတို့သည် ယခင်က သူ့ကို ဤနေရာ၌ မမြင်ဖူးခဲ့ကြပေ။ ဖြစ်နိုင်သည်မှာ သူသည် အခြားသူများထက် နောက်ကျပြီးမှ ရောက်လာသူ ဖြစ်ပေမည်။
“နတ်ဘုရားအမွေအနှစ် ထွက်ပေါ်လာပြီ။ မင်းတို့က သွားမကြည့်ချင်ကြဘူးလား။” ရီဖူရှင်းက ပြောလိုက်သည်။ ရေကန်ထက်မှ လူအများက သူတို့၏ အကြည့်တို့အား ရီဖူရှင်းထံ လှည့်ကြည့်လိုက်ကာ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ “နတ်ဘုရားအမွေအနှစ် ထွက်ပေါ်လာပြီလား။”
“ဟုတ်တယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မြောက်ဘက်ကနေ လာခဲ့တဲ့ ထျန်းရှန်ကျောင်းတော် ကျန်ချင်းကျူက စာအုပ်စုစည်းထားတဲ့ နယ်မြေကို ဖြတ်ကျော်လာပြီး နတ်ဘုရားအမွေအနှစ် နယ်မြေရဲ့ နေရာအမှန်ကို ဝင်သွားခဲ့ပြီ။ သူက တခြား အဓိကအရပ်မျက်နှာတွေကို ဆက်သွယ်ထားတဲ့ တံခါးတွေကို ဖွင့်ဖို့ အမိန့်ပေးခဲ့ပြီး အရပ်လေးမျက်နှာလုံးက နေရာတစ်ခုတည်းကို ဦးတည်နေတယ်ဆိုတာလည်း အတည်ပြုခဲ့ပြီ။ အဲဒီနေရာက နတ်ဘုရားအမွေအနှစ် နယ်မြေက ကောင်းကင်နန်းတော်ပဲ။ အခု လူတိုင်းက အဲဒီကို သွားနေကြပြီ။ ဒါပေမယ့် မင်းတို့ကို ကြည့်ရတာ မသိသေးဘူး ထင်တယ်။”
“နင် တကယ်ပြောနေတာလား။” လျှို့ဝှက်ဆန်းကြယ်၍ ထူးကဲသည့် အရှိန်အဝါနှင့် အမျိုးသမီးတစ်ယောက်က မေးလိုက်သည်။ သူမ၏ မျက်လုံးများက ထက်ရှနေပြီး သူမသည် ရီဖူရှင်းကို ရည်ရွယ်ချက်ရှိရှိ ကြည့်နေခဲ့သည်။
နတ်ဘုရားအမွေအနှစ် နယ်မြေအစစ်က ပွင့်လာပြီလား။
“ဒါက ဘယ်လိုအတုအယောင် ဖြစ်နိုင်မှာလဲ။ ကိုယ့်ဘာသာ သွားကြည့်ရင် သိမှာပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။
“နင်က ဘာလို့ မသွားတာလဲ။” ထိုအမျိုးသမီးက ရီဖူရှင်းကို သံသယဝင်ကာ ကြည့်လိုက်သည်။
“ကျန်ချင်းကျူနဲ့ တခြားပါရမီရှင်တွေ အဲဒီကို ရောက်နေကြပြီ။ ကျုပ်က အာရုံစိုက်ခံရမှာကို ခဏလောက် ရှောင်မလို့ပါပဲ။” ရီဖူရှင်းက အပြုံးနှင့် ပြောနေသည်။ လူတိုင်းသည် သူ့ကို ကြည့်ကာ တစ်ခုခု နားလည်သွားသည်။ ဤလူက သူ့အတွက် ယှဥ်ပြိုင်ရန် မျှော်လင့်ချက်မရှိသည်ကို သိသည့်အတွက်ကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေမည်။
နတ်ဘုရားအမွေအနှစ် နယ်မြေအကြောင်း သတင်းပေးရသည့် ရည်ရွယ်ချက်မှာ သူတို့ ထိုနေရာသို့ ထွက်သွားခဲ့လျှင် သူက ကြာပွင့်ကို ကိုယ်တိုင်အတွက် ယူရန် ဖြစ်ပေမည်။
ဤကြာပွင့်က အလွန်ပင် ထူးခြားလှသည်။ သူတို့သည် ဤနေရာသို့ ရောက်မလာခင်ကပင် ၎င်း၏ တည်ရှိမှုကို ခံစားမိတာကြောင့် ထိုကြာပွင့်အတွက် တိုက်ခိုက်ရန် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့ထဲက မည်သူမှ ၎င်းကို အဝေးသို့ ယူဆောင်သွားနိုင်ခြင်း မရှိကြပေ။
“နောက်မှ တွေ့ကြမယ်။” အဝေးမှ တစ်ယောက်က သွားရန် ပြောလိုက်သည်။ သိသာစွာပင် သူက ရီဖူရှင်းကို ယုံကြည်လေသည်။ ရီဖူရှင်းပုံစံမှာ လိမ်နေပုံမပေါ်ပေ။ သူတို့သည်လည်း ထိုနေရာဘက်မှ လှုပ်ရှားမှုအချို့ကို ခံစားရသော်လည်း မည်သည်တို့ ဖြစ်နေသည်အား မသိရှိခဲ့ပေ။
“မင်းတို့ရော မသွားဘူးလား။” ရီဖူရှင်းက မေးလိုက်သည်။ “အဲဒါက နတ်ဘုရားအမွေအနှစ် နော်။”
အစက စကားပြောလိုက်သည့် အမျိုးသမီးက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့ကို ထွက်သွားစေရန် လုပ်နေသည်မှာ မရိုးရှင်းလှပေ။
နတ်ဘုရားအမွေအနှစ်က အမှန်တကယ် ပေါ်ပေါက်လာလျှင်ပင်ထိုသည်က နောက်ထပ် သွေးလွှမ်းသောတိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင် ဖြစ်ကာ အနည်ထိုင်သွားရန် အချိန်တစ်ခု စောင့်ရန်လိုပေသည်။ ထို့ကြောင့် ၎င်းကြာပွင့်ကို ရရှိရန်မှာ ပထမဦးစားပေးပင် ဖြစ်၏။
“ခင်ဗျားတို့အားလုံး တိုက်ခိုက်တာ ဒီလောက် ကြာနေပြီ။ ရလဒ်လည်း ထွက်မလာကြသလို ခင်ဗျားတို့ ဘယ်သူမှလည်း ဒီကြာပန်းကို ယူမသွားနိုင်ကြဘူး။ ဘာလို့ ဒီမှာ အချိန်ဖြုန်းနေမှာလဲ။ နတ်ဘုရားအမွေအနှစ်ကို လက်ခံရယူနိုင်မယ့် ကောင်းကင်နန်းတော်မှာပဲ သွားပြီး ကံစမ်းဖို့ ကြိုးစားကြည့်တာ ပိုမကောင်းဘူးလား။” ရီဖူရှင်းက တစ်ဖန် သွေးဆောင်လိုက်သည်။
လူတိုင်းသည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ သူတို့က တွေဝေစွာနှင့် ကြည့်လိုက်ကြသည်။ အမျိုးသမီးက မေးလိုက်၏။ “နင် အဲဒီက လာတာလို့ ပြောတယ်မဟုတ်ဘူးလား။ ငါတို့ တိုက်ခိုက်တာ ကြာနေပြီဆိုတာ ဘယ်လိုသိလဲ။”
သူသည် ဤနေရာ၌ ဖြစ်နေသမျှကို အားလုံး မြင်တွေ့ရသကဲ့သို့ ပြောနေသည်။
“ခင်ဗျားက ဗဟိုအင်ပါယာဘုံ ရှောင်းမိသားစုရဲ့ သမီးဆိုတာလည်း ကျုပ် သိထားတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
ဤနေရာတစ်ဝိုက်တွင် ဗဟိုအင်ပါယာဘုံ ရှောင်းမိသားစု၏ သမီးသည် အလွန်ပင် မျက်လုံးကို ဖမ်းစားနိုင်ပြီး အာရုံစိုက်မှု အခံရဆုံးလည်း ဖြစ်သည်။ သူမ၏ အမည်က ရှောင်းမုယွီဖြစ်ကာ သူမ၏ ခွန်အားက အလွန် အစွမ်းထက်သလို စွာတေးလန်လည်း ဖြစ်သည်။
ရှောင်းမုယွီ၏ မျက်လုံးများထဲတွင် သံသယတချို့ ရှိနေပြီ ရီဖူရှင်းကို ကြည့်နေသည့် မျက်လုံးများတွင် အေးစက်မှုတို့ ကြီးထွားလာသည်။
ရီဖူရှင်းသည် အတိအကျ မည်သည့်နေရာမှ လာခဲ့သနည်း။
သူက သူမအား မည်သို့ သိနေသနည်း။
“ဒီကြာပန်းက ကျုပ်အတွက် အသုံးဝင်တယ်။ ခင်ဗျားတို့ အားလုံးလည်း အရင်က အချင်းချင်း တိုက်ခိုက်ပြီးခဲ့ကြပြီပဲ။ တိုက်ခိုက်ပြီးတော့လည်း အဲဒီကြာပန်းကို ယူဖို့ ခက်ခဲနေကြပြန်ရော။ ဘာလို့ ကျုပ်ကို ကြိုးစားကြည့်ဖို့ ခွင့်မပေးရတာလဲ။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။
မည်သူကမှ ရီဖူရှင်းကို အာရုံမစိုက်တော့ဘဲ လျစ်လျူရှုထားလိုက်တော့သည်။
“ရှောင်းမုယွီ သူပြောတာ မှန်တယ်။ ငါတို့ ဒီလို ဆက်လုပ်နေလို့လည်း အကျိုးမရှိဘူး။ ကြာပန်းကမ္ဘာကို အတူတူဝင်ပြီး ဘယ်သူ ရယူနိုင်မလဲလို့ ဘာလို့ မကြိုးစားကြည့်ရမှာလဲ။” ရှောင်းမုယွီ၏ မျက်နှာချင်းဆိုင်မှ ဝတ်ရုံနက်နှင့် လူငယ်လေးက ပြောလိုက်သည်။
“ငါလည်း သဘောတူတယ်။” အခြားတစ်ဖက်မှ နောက်တစ်ယောက်ကလည်း သဘောတူစွာ ပြောလိုက်သည်။
ယခု ရီဖူရှင်းအပြင် အခြားသော အဖွဲ့သုံးခုသာလျှင် ကျန်တော့ပေသည်။
ဗဟိုအင်ပါယာဘုံမှ ရှောင်းမုယွီအပြင် လျှို့ဝှက်နယ်မြေဘုံမှ ကြမ္မာလောက အင်အားစု လည်း ရှိသည်။ ထိုသည်မှာ အခုနက စကားပြောလိုက်သော ဝတ်စုံနက်နှင့် လူငယ်လေးနောက်မှ အင်အားစု ဖြစ်၏။ အခြားအင်အားစုမှာ အသင်္ချေဘုံ ပုံရိပ်ယောင်ကျွန်းမှ ဖြစ်လေသည်။
သူတို့အားလုံးသည် အထက်ကိုးဘုံတွင် အစွမ်းထက်ဆုံးအင်အားစုများမှ ဖြစ်သည်။ ယခုပင် အဓိကအင်အားစုတစ်ခုက ထွက်ခွာသွားခဲ့ပေသည်။ မဟုတ်လျှင် ဤကြာပန်းအတွက် အဓိက အင်အားစုလေးခုက ယှဥ်ပြိုင်နေကြခြင်း ဖြစ်လိမ့်မည်။ ဤကြာပန်းက အလွန် ထူးခြားဆန်းကြယ်သည်ဟု သတ်မှတ်နိုင်ပေသည်။
“သဘောတူတယ်။ ကျုပ်ကိုလည်း ထည့်တွက်ပေး။” ရီဖူရှင်းက သူတို့ကို ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှားရှင်းယွန်ထံ အသံ ပို့လွှတ်ကာ ပြောလိုက်သည်။ “အပြင်မှာ စောင့်နေပေး။”
ရှားရှင်းယွန်က ရေကန်တွင် တိတ်ဆိတ်စွာ ရပ်ကာ စောင့်ဆိုင်းနေ၏။
ရီဖူရှင်း လိုချင်သမျှ သူ့လက်ထဲ ရအောင် ကျိန်းသေ ယူဆောင်နိုင်ပေလိမ့်မည်။ သူမ၏ နှလုံးသားက နွေးထွေးသွားပေသည်။ 'ဒါက သူမအတွက် ရီဖူရှင်း ပေးသည့် ပထမဆုံးလက်ဆောင် ဖြစ်လေမလား။'
“မင်းအတွက် ဘာမှ မရှိဘူး။”
ကြမ္မာလောကမှ အနက်ရောင်လူငယ်က ရီဖူရှင်းကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ ထိုမျက်လုံးများထဲတွင် လူတစ်ယောက်၏ စွမ်းအားကို ဝါးမျိုနိုင်သည့် ကြမ္မာစွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။ ရီဖူရှင်း၏ မျက်လုံးများက ထိုသူကို တိုက်ရိုက်ကြည့်လိုက်လျှင် ချက်ချင်းပင် လမ်းစဥ်စွမ်းအာ အဟုန်က သူ့ကို ကျူးကျော်တိုက်ခိုက်လာသည်ဟု ခံစားလိုက်ရပေသည်။
သူ့ခန္ဓာကိုယ်တွင် တောက်ပသည့် အသက်စွမ်းအားတို့ လွှမ်းခြုံလာပြီး ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်သည်။ သူက ရယ်မောရင်း ပြောလိုက်၏။ “ဒါက မျှတတဲ့ ပြိုင်ပွဲဖြစ်မှတော့ ခင်ဗျား ကျုပ်ကိုလည်း ထည့်မတွက်ပေးသင့်ဘူးလား။”
ထိုဝတ်စုံနက် တန်ခိုးရှင်က ခြေလှမ်းလိုက်တိုင်းတွင် သူ့ ခြေထောက်အောက်၌ ကြာပန်းတစ်ပွင့်စီ ပွင့်လန်းလာသော်လည်း ထိုသည်မှာ အနက်ရောင် ကြာပန်း ဖြစ်သည်။ ကြာပန်းသည် မင်ကဲ့သို့ နက်စွေးနေကာ မှောင်မိုက်သည့် ခံစားချက်တို့က်ု ထုတ်လွှတ်နေ၏။
အနက်ရောင်ကြာပန်းသည် ရီဖူရှင်းထံသို့ ပျံသန်းလာရင်း ကြီးမားလာကာ ရီဖူရှင်းကို ဝါးမျိုချင်နေသည့် ကြာပန်းနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်ပွင့်ချပ်တို့က ကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်သွားလောက်အောင် ကြီးမားလာပြီး ရီဖူရှင်းအား ဝါးမျိုပစ်ရန် ရည်ရွယ်နေသည်ဟု ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် သေဆုံးခြင်း စွမ်းအားတို့က ၎င်းမှ စီးဆင်းလာကာ ရီဖူရှင်းထံ ရောက်ရှိလာသည်။
ဟူး...
ရီဖူရှင်းသည် အနက်ရောင်ကြာပန်းများပင်လယ်အတွင်း နစ်မြုပ်နေခဲ့၏။ ရီဖူရှင်းက သူ၏ လက်ကို မြှောက်ကာ ညွှန်ပြလိုက်ပြီး ကြောက်မက်ဖွယ် ဓားစွမ်းအားတို့က ပွင့်ချပ်များပေါ်သို့ ကျဆင်းလာသည်။
ကျယ်လောင်သည့် အသံနှင့်အတူ ကြာပန်းနက်တို့ ကြေမွပျက်စီးသွားခဲ့သည်။ သေဆုံးခြင်းစွမ်းအားလှိုင်းက ကောင်းကင်တွင် အော်မြည်နေပြီး ပတ်ဝန်းကျင်ကို နက်စွေးသွားစေသည်။
“နတ်ဘုရားအမွေအနှစ် ပစ္စည်းတွေက လွယ်လွယ်ကူကူ ယူလို့ရတယ်။ ကျုပ်က နောက်ကျမှ ရောက်ပေမယ့် မျှမျှတတ ယှဥ်ပြိုင်ဖို့ အခွင့်အရေး တောင်းနေတာ။ ခင်ဗျား ဆက်ပြီး ဒီလိုလုပ်ချင်တယ်ဆိုရင်လည်း အခုကစပြီး ခင်ဗျားရဲ့ ခွန်အားနဲ့သာ စကား ပြောပေတော့။” ရီဖူရှင်းက အမှုမထားသလို ပြောလိုက်သည်။ မည်သည့် ပြဿနာ ရှိပါစေ သူက လိုချင်သည်ကို ရအောင် ယူရပေလိမ့်မည်။
သူက ရှားရှင်းယွန်ကို ကတိပေးထားသည့်အတွက် ထိုကြာပန်းကို ရစေရပေမည်။
သူက ရက်စက်ကြမ်းရမ်းပုံ မပေါ်လိုသောကြောင့် တိုက်ရိုက် လုယက်မယူငင်လိုခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင် အခြားသူများနှင့် ယှဥ်ပြိုင်လိမ့်မည် မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့် လူက မျက်မှောင်ကြုတ်လိုက်သည်။ သူက ခြိမ်းခြောက်နေသည်လား။
ထိုဓားက အလွန် အစွမ်းထက်သော်လည်း သူက မည်သို့ဖြစ်၍ ထိုမျှထိ မောက်မာဝံ့ကြွားရဲရသည်လဲ။
သူသည် ရေကန်ပေါ်တွင် ခြေလှမ်းများစွာ လှမ်းလိုက်ပြီးနောက် ကြမ္မာလောကမှ အနက်ရောင်ဝတ် လူက ရေကန်အထက် လေထဲသို့ ခြေချလာခဲ့သည်။ သူ၏ စိတ်က တွေးလိုက်သည်နှင့် မရေတွက်နိုင်သော အနက်ရောင် ကြာပန်းများက ရေကန်ပေါ်၌ ချက်ချင်း ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို သေဆုံးခြင်းစွမ်းအားများ လွှမ်းခြုံသွားသည်။
ရီဖူရှင်းသည် ကောင်းကင်၌ ပြည့်နှက်နေသည့် အနက်ရောင်ကြာပန်းများကို မော့ကြည့်လိုက်ပြီး သူ၏ လက်ထဲတွင် စစ်ပွဲအငွေ့အသက်တို့နှင့် လှံတစ်ချောင်း ပေါ်ပေါက်လာသည်။ သူက မေးလိုက်သည်။ “ဘာလို့ ဒီလိုလုပ်ချင်ရတာလဲ။”
သူက ခြေလှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာက လေထဲသို့ ဖြတ်ခွင်းကာ ထို ဝတ်ရုံနက်ထံ ရည်ရွယ်သွားခဲ့သည်။
“ဟမ့်”
ဝတ်ရုံနက်နှင့် လူက အေးစက်သည့် နှာမှုတ်သံ ပြုလိုက်ကာ သူ၏ နက်မှောင်သော မျက်လုံးများက ရီဖူရှင်း၏ မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သည့် အနက်ရောင်ကြာပန်းများက ၎င်းတို့၏ ကိုယ်ပိုင်လောကအဖြစ်သို့ ပြောင်းလဲသွားကာ ရီဖူရှင်းကို ဝါးမျိုပစ်ချင်နေသည်။ မရေတွက်နိုင်သည့် အနက်ရောင်ကြာပန်းများက ပွင့်လန်းလာပြီး သူ့အနီးတွင် ဝန်းရံကာ လေဟာနယ်ကို ကာဆီးထားသည်။
သေဆုံးခြင်းစွမ်းအားလှိုင်းများက ရီဖူရှင်းထံသို့ အရူးအမူး စီးဆင်းလာနေသည်။ အနက်ရောင် ကြာပန်းပွင့်ချပ်များက ပျံသန်းထွက်လာပြီး အနက်ရောင်အလင်းများကဲ့သို့ ပြောင်းလဲသွားကာ ရီဖူရှင်းကို ရစ်ပတ်လာသည်။
လေဟာနယ်ပိတ်ဆို့ခြင်းလား။
ရီဖူရှင်းက ဆက်လက်လှုပ်ရှားနေပြီး သေဆုံးခြင်း စွမ်းအင်လှိုင်းများက သူ့ခန္ဓာပေါ် စီးဆင်းနေခြင်းအား ခွင့်ပြုထားလေသည်။ သူ့လက်ထဲမှ လှံက သူ့ကို နှစ်မြှုပ်နေသည့် အနက်ရောင် ကြာပန်းပင်လယ်ကို ထိုးခွင်းသွားသည်။
ချက်ချင်းပင် လေဟာနယ်သည် ပြိုကျသွားသကဲ့သို့ ထင်မှတ်ရကာ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အရှေ့မှ အနက်ရောင်ကြာပန်းများက ပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်က အလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ ရှေ့သို့ ဆက်တိုးသွားခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်က ထိုသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ မရေတွက်နိုင်သည့် အနက်ရောင်ကြာပန်းတို့က သူ့အနီးတွင် ရစ်ဝဲနေကာ တစ်ချိန်တည်း ပွင့်လန်းလာပြီး တွင်းနက်ကြီးကဲ့သို့ ပြောင်းလဲသွား၍ သူ့ကို တိုက်ခိုက်လာသည့် ရီဖူရှင်းကို ဝါးမျိုလိုက်သည်။
သေဆုံးခြင်း အနက်ရောင် စွမ်းအင်လှိုင်းတို့က ကောင်းကင်တွင် ပြည့်နှက်နေကာ အလွန် လျင်မြန်လှစွာ လေဟာနယ်ကို ဖြတ်၍ သေဆုံးခြင်းမုန်တိုင်းကဲ့သို့ပင် ရီဖူရှင်းကို ချက်ချင်း ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။
ဘန်း...
နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး နှောင့်နှေးခြင်းမရှိဘဲ အဖြူရောင်ဆံပင်နှင့် လူငယ်က ပျက်စီးနေသည့် ကြာပန်းနက်များကြားမှ တစ်ဟုန်ထိုး ထွက်လာကာ ကြောက်မက်ဖွယ် စစ်ပွဲအရှိန်အဝါတို့ ထုတ်လွှတ်နေသော လှံကို သယ်ဆောင်လာသည်။
လှံက ထိုးဖောက်လာသည်နှင့် ကြာပန်းနက်ကြီးတစ်ခုက အနက်ရောင် လူငယ်ကို ကာကွယ်ပေးလိုက်သည်။ ကျယ်လောင်သည့် အသံနှင့် အနက်ရောင်ဝတ်လူ၏ ခန္ဓာသည် နတ်လက်နက်နှင့်အတူ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။
ဘုန်း...
ကောင်းကင်ကို လွှမ်းခြုံသွားသည့် သေဆုံးခြင်းစွမ်းအားများက အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။ ကြမ္မာလောကမှ တန်ခိုးရှင်များသည် တစ်ချိန်တည်းတွင် ရှေ့သို့ လျှောက်လာခဲ့သည်။ ချက်ချင်းပင် ကောင်းကင်က ဆည်းဆာချိန်ကဲ့သို့ ပြောင်းလဲသွားပြီး သေဆုံးခြင်းလောကတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။
ရီဖူရှင်းသည် လေထဲသို့ ခြေချလာသည့် ကြမ္မာလောကမှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။
“ဒီနေရာက ထွက်သွားကြ...”
အသံတစ်ခု ထွက်ပေါ်လာပြီး သူ့ထံမှ အလွန်တရာ ကြီးမားများပြားလှသော စွမ်းအားများ ထွက်ပေါ်လာသည်။ လှံ ထွက်ပေါ်လာသည့် တစ်ချိန်တည်းတွင် မရေတွက်နိုင်သည့် အရိပ်များလည်း ပေါ်ပေါက်လာသည်။ အစွမ်းထက် စွမ်းအားတို့က ရေကန်တစ်ခွင်ကို လွှမ်းခြုံသွားပြီး စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်လာရသည်။
ဘုန်း...
အလွန် ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ကြရသည်။ လူအများသည် နောက်သို့ လွင့်ထွက်သွားကာ ကြမ္မာလောကမှ တန်ခိုးရှင်အချို့သည် လှံအရိပ်များ၏ ထိုးဖောက်သွားခြင်းကို ခံလိုက်ရသည်။
“မင်းတို့တွေ ဒီနေရာမှာ လုပ်စရာဘာမှ မရှိတော့ဘူး။ လက်မခံတဲ့ ဘယ်သူမဆို သေရမယ်။” ရီဖူရှင်းက သူ့အား ပါဝင်ရန် ငြင်းဆန်ခဲ့သည့် ကြမ္မာလောက တန်ခိုးရှင်တို့ကို အေးစက်စွာ ပြောလိုက်သည်။
သူသည် ရှားရှင်းယွန်ကို အခွင့်အရေး ရစေရမည်ဟု ကတိပေးခဲ့ပြီး သူက ထိုကြာပန်းကို သူမထံ ယူသွားပေးရပေမည်။ သူသည် မည်သူမှ ဝင်ရောက်စွက်ဖက်ခွင့် မပြုနိုင်ပေ။
***