ပြိုင်ဘက်ကင်းသော မဟာဧကရာဇ်
Vol. 119 Ch. 1554
ရောက်လာခဲ့သည့်အရာကား... မဟာဧကရာဇ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ အသိစိတ်အလျဉ် ဖြစ်သည်။
ကမ္ဘာဦးခေတ်တွင် မရေမတွက်နိုင်သော ဖန်ဆင်းရှင်များသည် မဟာဧကရာဇ်ကို ကိုးကွယ်ပူဇော်ခဲ့ကြ၏။ ပူဇော်ကိုးကွယ်ကြသော စွမ်းအင်တို့မှတစ်ဆင့် မဟာဧကရာဇ်၏ ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ်တို့က အကန့်အသတ်များကို ကျော်ကာ အင်မတန်မှ သန်မာအားကောင်းလာခဲ့သည်။
ထောင်သောင်းချီသော မျိုးနွယ်ဝင်တို့၏ ပူဇော်ကိုးကွယ်မှုအောက်တွင် မဟာဧကရာဇ်သည် သူ၏အသိစိတ်အလျဉ်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တံဆိပ်ခတ်နှိပ်ခဲ့ကာ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်ကောင်းကင်ဘုံအား ဖွဲ့တည်နိုင်ခဲ့၏။ တာအိုသစ်ပင်ပင် စိုက်ထူ၍ တာအိုပန်းပွင့် ပွင့်လန်းစေကာ တာအိုသစ်သီးလည်း သီးစေနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ မဟာဧကရာဇ်ကား ထာ၀ရရှင်သန်နိုင်သွားပြီး ပြိုင်ဘက်ကင်းခဲ့သည်။
သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံကား ပူဇော်ကိုးကွယ်သူများကြောင့် ဖြစ်တည်လာခဲ့ခြင်းပင်။ သူကိုယ်တိုင်အားထုတ်ခဲ့ခြင်းကြောင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် အသိစိတ်အလျဉ်တာအိုအပေါ် သူ၏ နားလည်သိမြင်မှုသည် ၃၅ ဘုံမြောက် ကောင်းကင်ဘုံအထိသာ ရောက်ခဲ့၏ ယင်းအကြောင်းကြောင့်ပင် သူ၏ တာအိုသစ်သီးမှာ ဘယ်တော့မှ မှည့်၀င်းမလာနိုင်ဘဲ စိမ်းနေခြင်းပင်။
ထို့ပြင် မဟာဧကရာဇ်မှာ ကျောက်ယန်ခန်းမမှ ကမ္ဘာဦးတန်ခိုးရှင်၏ ကျော့ကွင်းထဲလည်း ရောက်ခဲ့ဖူးသေးသည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို သွားရောက်လေ့လာခဲ့တုန်းက သူနှင့် ထိုက်ချူသည် ကျောက်ယန်ခန်းမအား တွေ့ခဲ့ကြ၏။ ကျောက်ယန်ခန်းမထဲ ရောက်သည့်အခါ မီလော့နန်းတော်ဆီမှ ကမ္ဘာဦးတန်ခိုးရှင်တစ်ယောက်က မဟာပျက်စီးခြင်းကပ်ဘေးကြီးနှစ်ခုအား ဖြတ်ကျော်နိုင်ခဲ့ကြောင်း သိခဲ့ရလေသည်။
ထို့ကြောင့် မဟာဧကရာဇ်တို့သည် မီလော့နန်းတော်၏ ထိုကမ္ဘာဦးတန်ခိုးရှင်အား သွားရောက်အရိုအသေပြုခဲ့ကြ၏။ သို့သော် ကမ္ဘာဦးတန်ခိုးရှင်တွင် မကောင်းသောအကြံအစည်များ ရှိနေခဲ့သည်။ ထိုသူသည် ယုံကြည်စိတ်အပေါ် အခြေခံ၍ တာအိုရယူသော လမ်းစဉ်ကို လျှောက်လှမ်းနေခဲ့၏။ သူ အဆင့်တက်နိုင်ရန်အတွက် မဟာဧကရာဇ်နှင့် ကျန်သူများ သူ့အပေါ် ယုံကြည်ရန် လိုအပ်ခဲ့သည်။
ဤသို့ဖြင့် မဟာဧကရာဇ်တို့မှာ ကျောက်ယန်ခန်းမထဲတွင် ပိတ်မိနေကာ ထွက်မသွားနိုင်ခဲ့ကြပေ။ နောက်ဆုံးတော့ ထိုက်ချု၏ အင်အားဖြင့် ကျောက်ယန်ခန်းမအား ချိုးဖျက်၍ အပြင်ထွက်နိုင်ခဲ့ပြီး မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင်နှင့် ကျောက်ယန်ခန်းမအား ချိပ်ပိတ်ခဲ့ကြ၏။
ထိုအချိန်တုန်းက ကမ္ဘာဦးတန်ခိုးရှင်သည် ယုံကြည်ကိုးကွယ်ခြင်းလမ်းစဉ်ဖြင့် တာအိုရအောင် မဟာဧကရာဇ်အား သင်ကြားပေးခဲ့သည်။ သို့သော် တမင်ရည်ရွယ်အကောက်ကြံကာ အရာအားလုံး မသင်ခဲ့ပေ။
မဟာဧကရာဇ်သည် ယုံကြည်ကိုးကွယ်ခြင်းလမ်းစဉ်နှင့် အသိစိတ်အလျဉ်လမ်းစဉ်ကို ပေါင်းစည်းခဲ့ပြီး ကမ္ဘာဦးဖန်ဆင်းရှင်များအား သူ့ထံ ယဇ်ပူဇော်စေခဲ့သည်။ ထို့မှသာ သူ့အသိစိတ်အလျဉ်အနေဖြင့် အန္တိမဟင်းလင်းပြင်သို့ ရောက်ရှိ၍ တံဆိပ်ခတ်နှိပ်နိုင်ပေမည်။ သို့သော် မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင်က သေသေချာ မသင်ပေးခဲ့သောကြောင့် ဖန်ဆင်းရှင်တို့၏ ယဇ်ပူဇော်စွမ်းအားကိုသာ အားကိုးလာရပြီး နောက်ထပ်ခြေလှမ်းမတက်နိုင် ဖြစ်ခဲ့သည်။
သူ၏ပန်းတိုင်တွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသာ မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ရှောင်၏ ရုပ်ခန္ဓာနှင့် ထိုက်ချူတာအိုလည်း ပါဝင်သည်။
ချင်မူ၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့သည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို သိမ်းပိုက်နိုင်ရန် အသည်းအသန် တိုက်ခိုက်နေကြသည်။ သို့သော် သူကလည်း ကောင်းကင်နတ်အရှင်ရှောင်ကို ဝါးမြို၍ သူ့အသိစိတ်အလျဉ်ကို ထိုက်ချူတာအိုအဖြစ် ပြောင်းလဲရန် စောင့်နေခြင်းမဟုတ်ပါလော။
ချင်မူနှင့် ခိုင်ဧကရာဇ်က သူ့ကို ရှင်းလင်းသတ်ဖြတ်လိုကြပြီး ကောင်းကင်နတ်အရှင်ဟောင်ကတော့ သူ့ကို ဝါးမြိုချင်နေသည်။ သို့သော် သူကလည်း သူ့ကို ပြီးပြည့်စုံစေနိုင်မည့် အခွင့်အရေးကို စောင့်နေခဲဒ့ခြင်းဖြစ်၏။
ယခုတွင်တော့ အခွင့်အရေးက ရောက်လာခဲ့လေပြီ။
ခိုင်ဧကရာဇ်သည် ဓားကိုင်ရင်း ကောင်းကင်နတ်အရှင်ရှောင်နှင့် အစွမ်းကုန် တိုက်ခိုက်နေ၏။ သူတို့ထဲမှ တစ်ယောက်သည် တာအိုရရှိထားပြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ခွန်အားမှ တစ်ဆင့် တာအိုရထားသည်။ ကောင်းကင်နတ်အရှင်ရှောင်က ပို၍အားကောင်းသော သိုင်းအခြေခံနှင့် ထိုက်ချူတာအိုကို ပိုင်ဆိုင်ထားသည့် အားသာချက်ရှိသည်။ ခိုင်ဧကရာဇ်ကမူ ပို၍နက်ရှိုင်းသည့် တာအိုကျင့်စဉ်စနစ်ကို ပိုင်ဆိုင်ထားသည့််အတွက် သူ၏ အတိုက်အခိုက်စွမ်းရည်က ပိုမိုအားကောင်း၏။
သူတို့နှစ်ယောက်အနေဖြင့် တစ်ချက်တည်းဖြင့် တစ်ယောက်ကိုတစ်ယောက် အသေသတ်ရန် မလွယ်ပေ။ ကောင်းကင်နတ်အရှင်ရှောင်မှာ အရေးနိမ့်နေသော်လည်း ခိုင်ဧကရာဇ် သူ့ကို မသတ်နိုင်သရွေ့ ထိုက်ချူတာအိုကို အားပြုလျက် အားပြန်ဖြည့်နိုင်သည်။ ခိုင်ဧကရာဇ်သည် ဓားတာအိုဖြင့် ကောင်းကင်နှင့် မြေကြီးကို ခုတ်ပိုင်းနိုင်သလို သူ၏ ကမ္ဘာဦးချီစွမ်းအင်တို့ကို ဖျက်ဆီး၍ ကျင့်ကြံခြင်းအခြေခံကို အားနည်းစေနိုင်လေသည်။
ချင်မူ့ဘက်တွင်တော့ ခွန်အားနှင့် ကောင်းကင်နတ်သိုင်းများအကြား ယှဉ်ပြိုင်မှုသက်သက်သာ ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက သန်မာပြီး ချင်မူ့ကောင်းကင်နတ်သိုင်းက ခေတ်ရှေ့ပြေးသည်။
ကောင်းကင်နတ်အရှင်ဟောင်ကမူ ခရမ်းရောင်ကောင်းကင်ဘုံခန်းမကို ကျင့်ကြံထားသဖြင့် သူ၏ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များ နှင့် ကျင့်စဉ်များမှာ သိသိသာသာ ပြောင်းလဲလာခဲ့၏။ သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲမှာလည်း သူမသာ၊ ကိုယ်မသာ အခြေအနေတွင် ရှိနေသောကြောင့် အချိန်တိုအတွင်း မည်သူက အနိုင်ရနိုင်မည်လဲ ပြောနိုင်ရန် ခက်သည်။
သို့သော် ချင်မူသည် ကိုယ်ပိုင်ရုပ်ခန္ဓာမဟုတ်ဘဲ ကောင်းကင်နတ်ဧကရာဇ်၏ သန်မာလှသော ရုပ်ခန္ဓာဖြင့် တိုက်ခိုက်နေခြင်း ဖြစ်၏။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်ဟောင် မည်သည့်ကောင်းကင်နတ်သိုင်းများ၊ ကျင်စဉ့်များနှင့် လမ်းစဉ်များကို အသက်သွင်းသည်ဖြစ်စေ အသက်ကို ရင်းကာ ပြန်လည်ချေဖျက်တိုက်ခိုက်သည်။
နှစ်ယောက်စလုံး ဒဏ်ရာရနေသည့်အချိန်တွင် အထီးကျန်နေသော လေအေးတစ်ချက်က ဝေါခနဲ တိုက်ခတ်လာပြီး ကောင်းကင်တစ်ပြင်လုံး အကန့်အသတ်မရှိအောင် ဆန့်ထွက်သွား၏။ အရာအားလုံးက နှိုင်းယှဉ်၍မရနိုင်အောင် ပါးလွှာလာတော့သည်။
ကောင်းကင်သည် အလွန်အမင်း ပါးလွှာနေပြီး မည်သည့်အထူမှမရှိသည့် အတိုင်းအတာအထိ ဆန့်ထွက်သွားချေပြီ။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင် သူတို့နှစ်ယောက်လုံး အံ့ဩမှင်သက်နေကြသည်။ သူတို့၏ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များမှာလည်း လေအေး၏ တိုက်ခတ်မှုကြောင့် ပြောင်းလဲလာကြ၏။ သူတို့မှာ ပါးလွှာပြီး ပြားကပ်လာကြတော့သည်။ သူတို့၏ရုပ်ခန္ဓာများကို ဖွဲ့တည်ထားသည့် ဒြပ်အမှုန်စများမှာလည်း အကန့်အသတ်မရှိ ဆန့်ထွက်လာကြသည်။
ကောင်းကင်နတ်အရှင်ရှောင်၏ ရုပ်ခန္ဓာသည်လည်း မိုင်ထောင်ပေါင်းများစွာအထိ ပြန့်ကားဆန့်ထွက်ပြီး ပြားသထက် ပြားလာသည်။
“အန္တိမဟင်းလင်းပြင်”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ကောင်းကင်ဘုံ ၃၆ ဆောင်ဖြင့် ဖွဲ့တည့်ထားသော မဟာကောင်းကင်နတ်ဘုံကို ဖွဲ့တည်လိုက်၏။ သူ့ခန္ဓာကိုယ်က တုန်ခါလာပြီး ခန္ဓာကိုယ်ကို အတင်းအကြပ် ပြန်ချုံ့၍ လေအေးများကို ခုခံကာကွယ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပြန်ကျုံ့၀င်သွားပြီး သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
သို့သော် သူ မဟာကောင်းကင်နတ်ဘုံအဆင့်သို့ တက်ပြီးသည့်တိုင် သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်အပေါ် အန္တိမဟင်းလင်းပြင်၏ သက်ရောက်မှုမှာ ရှိနေသေးသည်။ ၎င်းက သူ့အပေါ် ဖိအားပေးလာသဖြင့် ကောင်းကင်နတ်သိုင်းများပင် အသက်သွင်းကာ ခုခံနေရတော့သည်။
အခြားတစ်ဖက်တွင် ခိုင်ဧကရာဇ်က ဓားတာအိုနှင့်အတူ သူ၏ ဓားသိုင်းကွက်များကို အသက်သွင်းနေသည်။ ဓားတာအိုနယ်ပယ်က သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကာရံထားပြီး အန္တိမဟင်းလင်းပြင်၏ အေးစက်တည်ငြိမ်သောလေကို ခုခံနေသည်။
ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ၏ မဟာကောင်းကင်နတ်သိုင်းကို အသက်သွင်းလျက် အန္တိမဟင်းလင်းပြင်ကို မှော်စွမ်းအင်ဖြင့် ဖိနှိပ်လိုက်သည်။ သူ့မှာ ထိတ်လန့်နေလေသည်။
ချင်မူ၏ မူလဝိညာဉ်က ကောင်းကင်နတ်ဧကရာဇ် ရုပ်ခန္ဓာထဲတွင် ပုန်းနေသဖြင့် မည်သည့်ထူးဆန်းမှုကိုမှ မခံစားရပေ။ သို့သော် ရုပ်ခန္ဓာမှာတော့ ဆက်လက်ခံနိုင်ရည် မရှိတော့ချေ။ အေးစက်နေသော လေဖြင့် တိုက်ခတ်ခံလိုက်ရသည့်အချိန်တွင် ချက်ချင်းဆိုသလို အလွန့်အလွန် ပါးလွှာလာသည်။
ကောင်းကင်နတ်အရှင်လင်မှာလည်း အလားတူပင်။
သူမ၏ သိုင်းအခြေခံက ချင်မူ့အောက် နိမ့်ကျသလို၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ခိုင်ဧကရာဇ်တို့ဖြင့်လည်း မယှဉ်နိုင်ပေ။ လေအးများက သူမ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့ကို ချက်ချင်း ပုံပျက်လာစေတော့သည်။
“ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်”
ချင်မူက ရုတ်တရက် အော်ဟစ်လိုက်သည့်အခါ သူ၏ကောင်းကင်ရတနာနယ်ပယ်က ပျံ့ကားထွက်လာသည်။ ချက်ချင်းဆိုသလို လောကသစ်ပင်တစ်ပင်သည် စိမ်းလန်းဝေဆာစွာဖြင့် မြေကြီးထဲမှ ပေါက်လာပြီး အန္တိမဟင်းလင်းပြင်ထဲတွင် ကမ္ဘာလောကတစ်ခုကို ထောက်ပံ့ပေးထားလိုက်၏။
ကောင်းကင်နတ်အရှင်လင်နှင့် ချင်မူ၏ ရုပ်ခန္ဓာများမှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ရောက်သွားကြပြီး ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့ ပုံပျက်နေမှုများ ချက်ချင်း ရပ်တန့်သွားကြသည်။
ကောင်းကင်နတ်အရှင်လင်က မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သဖြင့် သူမ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူမက အံ့ဩစွာဖြင့် ပတ်ဝန်းကျင်အား အကဲခတ်ေသည်။
သူတို့အနေဖြင့် ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များကို ကာကွယ်နှိပ်ထားကြသော်လည်း လေအေး၏ သက်ရောက်မှုကို ဖိနှိပ်နိုင်ရန် ခက်ခဲနေသေးသည်။
ကံကောင်းစွာဖြင့် သူတို့၏ သိုင်းအခြေခံများမှာ လုံလောက်အောင် ခိုင်မာကြသည်။ လေအေးက သူတို့အပေါ်တွင် သက်ရောက်မှုရှိသော်လည်း အသက်အန္တရာယ်ကိုတော့ မထိခိုက်နိုင်ပေ။
သူတို့အားလုံး ပြိုင်တူခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့၏အလယ်တွင် တာအိုသစ်ပင်တစ်ပင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။ တာအိုသစ်ပင်၏ သစ်ကိုင်းများက ခိုင်မာတောင့်တင်းနေကြပြီး သစ်ပင်ထိပ်ဖျားက ကြီးမားကျယ်ပြန့်စွာ လွှမ်းခြုံထားလေသည်။
သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသော်လည်း ကောင်းကင်ကို မမြင်ရတော့ပေ။ ကောင်းကင်တစ်ပြင်လုံး ဗလာနတ္ထိဖြစ်သွားချေပြီ။
မဟာဧကရာဇ်၏ အသိစိတ်အလျဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံကား နောက်ဆုံးတော့ ဆင်းသက်လာပြီ ဖြစ်၏။
“တာအိုသစ်ပင် မစိုက်ထူနိုင်ရင်... တာအိုပန်းပွင့် မပွင့်စေနိုင်ရင်... တာအိုသစ်သီး မသီးစေနိုင်ရင်... ပုရွက်ဆိတ်သာသာပဲ ရှိလိမ့်မယ်”
ခံညားထည်ဝါသော ဖန်ဆင်းရှင်တစ်ဦးက တာအိုသစ်ပင်အနောက်မှ ထွက်လာကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အားလုံးကို ကြည့်၍ အေးဆေးစွာ ပြော၏။ “ပုရွက်ဆိတ်တွေဟာ အဆင့်နိမ့်တဲ့ ကမ္ဘာလောကတွေမှာ အသက်ရှင်ဖို့ တိုက်ခိုက်နေကြပေမယ့် ဖျက်ဆီးရတာပဲလေ … သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်”
“ကျူယွီမျိုးနွယ်”
“မဟာဧကရာဇ်” ချင်မူ့မျက်လုံးများ တောက်ပလင်းလက်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်ပြီး တိုက်ခိုက်ရန် စိတ်အားထက်သန်လာသည်။
ခိုင်ဧကရာဇ်က ရပ်လျက် တာအိုသစ်ပင်ကို အကဲခတ်နေပြီး မဟာဧကရာဇ်ကို အဖက်မလုပ်ပေ။
ချင်မူက မဟာဧကရာဇ်ကို အသေအချာ ကြည့်ကာ အတောမသတ်နိုင်အောင် ချီးကျူးနေသည်။ “အစ်ကိုကြီး၊ ဒါက အစ်ကိုကြီးရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံလား… အန္တိမဟင်းလင်းပြင်မှာ အသိစိတ်အလျဉ်တာအိုကို တံဆိပ်ခတ်နှိပ်ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖွဲ့တည်ခဲ့တာလား…. အသိစိတ်အလျဉ်တာအိုကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီးတော့ မသေနိုင်တဲ့ ပြိုင်ဘက်ကင်း တန်ခိုးရှင်ကြီး ဖြစ်သွားခဲ့တာပေါ့ ဟုတ်လား’’
သူ့မှာ အင်မတန် သိချင်နေပြီး အန္တိမဟင်းလင်းပြင်၏ လျှို့ဝှက်ချက်များကို လေ့လာနေမိသည်။
မဟာဧကရာဇ်က သူ့ကို တစ်ချက်ကြည့်လိုက်ရင်း အေးဆေးတည်ငြိမ်းစွာ တုံ့ပြန်၏။ “ညီငယ်လေး၊ မင်း သေပြီးသွားရင် မင်းရဲ့အသိစိတ်အလျဉ်ကို ငါ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ချုပ်နှောင်ထားပြီး နေ့ညမနား နှိပ်စက်ပေးမယ်…. မင်းမှာ လေ့လာဖို့ အချိန်တွေ အများကြီး ရှိမှာပါ… မလောပါနဲ့”
ချင်မူမှာ ကျေးဇူးတင်လွန်းသဖြင့် ငိုမဲ့မဲ့ ဖြစ်နေသည်။ “အစ်ကိုကြီးက သဘောကောင်းလိုက်တာဗျာ… ကောင်းကင်နတ်အရှင်ယွင်ကရော… သူလည်း အစ်ကိုကြီးရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှာပဲလား..”
မဟာဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သူက ငါ့တာအိုသစ်ပင်အောက်က မြေဩဇာဖြစ်နေပြီ… မင်းလည်း သူ့လိုဖြစ်မှာပဲ… မင်းတို့အားလုံးရောပေါ့”
သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားနေသည့်အလားး တဖျတ်ဖျတ် တောက်ပနေကြ၏။ “ညီငယ်လေး၊ မင်း ထိုက်ချူခန္ဓာကိုယ်ကို ငါ့ဆီ အရောက်ပို့ပေးခဲ့တဲ့အတွက် ငါ သိပ်ကို ကျေးဇူးတင်တယ်… ဒီနေ့ရောက်အောင် ငါ ဘယ်လောက် စောင့်ခဲ့ရသလဲ မင်းသိလား…. မင်း နဂါးဟန်ခေတ်အစောပိုင်းကို ပြန်သွားကတည်းက ငါ စောင့်နေခဲ့တာ… အခုဆို နှစ်တစ်သန်း ကြာခဲ့ပြီ…ညီလေးနှစ်၊ မင်းကည်း နှစ်လေးသောင်းကြာပြီးတဲ့နောက်မှာ မင်းရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ငါ့ကို ပူဇော်ခဲ့တယ်… ကျေးဇူးတင်ပါတယ်… မင်းကို ဝါးမြိုပြီး မင်းအတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးပါမယ်”
ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလိုက်သည်။ “ကျုပ်လည်း ကျုပ်ရဲ့ အစ်ကိုကြီးကို နောက်တစ်ကြိမ် တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားနေမိပါတယ်”
မဟာဧကရာဇ်က တဟားဟား ရယ်လိုက်ပြန်သည်။ သူ့ စကားဆုံးသည်နှင့် သူ၏အကြည့်က ကောင်းကင်နတ်အရှင်လင်အပေါ် ကျရောက်သွား၏။ သူက ဖြည်းညှင်းစွာ ပြောသည်။ “ငါ့ရဲ့မူလဝိညာဉ်ကို နှစ်လေးသောင်းအထိ ချုပ်နှောင်ထားနိုင်ခဲ့တာ သိပ်ကို တော်ပါတယ်… မင်းက ငါ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖောက်ထွက်နိုင်ခဲ့တဲ့ ပထမဦးဆုံးပုဂ္ဂိုလ်ပဲ… ကောင်းကောင်းသေရအောင် လုပ်ပေးပါ့မယ်”
ကောင်းကင်နတ်အရှင်လင်က သူမ၏ဆံထိုးကို ထုတ်လိုက်သည်။
မဟာဧကရာဇ်က စိတ်ထဲမထားပေ။ သူ၏အကြည့်သည် နတ်ဘုရားမထိုက်စုအပေါ် ကျရောက်သွား၏။ သူက ပြုံးလျက် ပြောသည်။ “အရင်က မင်္ဂလာလက်ဖွဲ့ဖြစ်ခဲ့တဲ့ ဥတောင် မွေးဖွားလာပြီပဲ... ကောင်းတယ်”
နတ်ဘုရားမထိုက်စုက အေးစက်စွာ မဲ့ပြုံးလိုက်သည်။
ထို့နောက် မဟာဧကရာဇ်က ခိုင်ဧကရာဇ်ကို ကြည့်ကာ ချီးကျူးသည်။ “မင်းရဲ့ ဓားတာအိုက တည်ရှိလာတာ မကြာသေးပေမယ့် မင်းရဲ့အနာဂတ်က တောက်ပနေတယ်… မင်းက ငါ့အောက် တစ်ဆင့်နိမ့်နေတာ နှမြောစရာပဲ… ဒါ့အပြင် တာအိုကို လောလောလတ်လတ်ကမှ ရထားသေးတာဆိုတော့ တာအိုရပြီးတဲ့နောက် နောက်ထပ်အဆင့်တစ်ဆင့်ကို ဘယ်လိုတက်ရမလဲ သိဦးမှာ မဟုတ်ဘူး … အခုအချိန်က လွန်ခဲ့တဲ့ နှစ်လေးသောင်းပါ ဖြစ်နေသေးတော့ မင်းအတွက် သိပ်ကို နှမြောဖို့ကောင်းတယ်”
ခိုင်ဧကရာဇ်၏အကြည့်သည် သူ၏ တာအိုသစ်သီးအပေါ် ရောက်သွားပြီး တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လိုက်၏။ “ကျုပ်က ခင်ဗျားထက် အဆင့်တစ်ဝက်ပဲ နိမ့်တာ… ခင်ဗျားရဲ့ တာအိုသစ်သီးက မမှည့်သေးဘူး…”
မဟာဧကရာဇ်က ပြုံး၍ ပြော၏။ “အဆင့်တစ်ဝက်ကလည်း မင်းကို ဖျက်ဆီးချေမှုန်းဖို့ လုံလောက်တယ်… ကောင်းကင်နတ်အရှင်ဟောင်ကတော့…”
သူက ပြုံးလျက် ဆက်ပြောသည်။ “မဆိုးပါဘူး… ခွန်အားကနေ တာအိုရတဲ့လမ်းစဉ်ကို သုံးထားတာပဲ... မင်းအနေနဲ့ ဒီအဆင့်အထိ ရောက်လာဖို့ ခက်ခဲ့တယ်… အန္တိမဟင်းလင်းပြင်မှာ ကိုယ်ပိုင်ခွန်အားနဲ့ တံဆိပ်မခတ်နှိပ်ရသေးတာ နှမြောစရာပဲ… ခွန်အားကတစ်ဆင့် တာအိုရတာမှာ မပြီးပြည့်စုံသေးဘူး… မင်းက ငါ့ထက် အဆင့်သုံးဆင့် နိမ့်တယ်… တာအိုသစ်ပင်၊ တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးတို့ပေါ့”
သူသည် စကြ၀ဠာကြီးအပေါ် နှစ်ပေါင်းကုဋေကုဋာ အုပ်ချုပ်ခဲ့သော ဧကရာဇ်တစ်ပါးကဲ့သော ဟိတ်ဟန်ကို အပြည့်အဝပိုင်ဆိုင်ထား၏။ သူက အေးအေးလူလူပင် ညည်းတွားလိုက်သည်။ “ငါ့ရဲ့ ရှည်လျားလှတဲ့ ဘဝတစ်လျှောက်မှာ မင်းတို့လို စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တွေ ငါနဲ့ ဆော့ကစားပေးခဲ့တဲ့အတွက် မပျင်းခဲ့ရဘူး…. နှမြောစရာပဲ သိပ်ကို နှမြောဖို့ကောင်းတယ်”
ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရတ် ဒုန်းခနဲ ဒူးထောက်ချ၍ နတ်ဘုရားမထိုက်စုကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ဒေါ်လေး၊ ကျွန်တော့်ရဲ့ ဆုတောင်း ဖြည့်ဆည်းပေးတော်မူပါ … သူ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ပျက်စီးစေချင်ပါတယ်”
နတ်ဘုရားမထိုက်စုက ထိုက်စုတာအိုကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ခုလုံးမှာ ဒြပ်ထုများဖြင့် ပြည့်နှက်သွားပြီး စင်ကြယ်သန့်ရှင်းမနေတော့ပေ။
ထိုက်စု လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်အရှင်လင်က မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ ဒြပ်ထုအားလုံးကို မပြောင်းလဲသော ဒြပ်ထုများအဖြစ် အသွင်ပြောင်းသွားစေသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရှောင်သည် သံရှည်ဆွဲ၍ အော်ဟစ်လိုက်၏။ မဟာကောင်းကင်နတ်ဘုံကို ဖွဲ့တည်ထားသည့် ကောင်းကင်နန်းဆောင် ၃၆ ဆောင်က တုန်ခါသွားကြသည်။ မူလဝိညာဉ်က ကောင်းကင်နတ်ဘုံထဲမှ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး ထိုက်ချူတာအိုကို အသက်သွင်းကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က ဒူးထောက်နေရာမှ ထရပ်သည်။ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးသည် တဝှီးဝှီး လှည့်ပတ်လျက် တာအိုသစ်ပင်ထံ ပြေးဝင်သွား၏။
တချိန်တည်းမှာပင် ခိုင်ဧကရာဇ်က သူ၏ဓားကို ထုတ်ကာ တာအိုသစ်ပင်ပေါ်ရှိ တာအိုသစ်သီးထံ ချိန်ရွယ်လိုက်သည်။ ဓားရောင် လက်သွားပြီး ဓားနယ်ပယ်အလွှာ ၃၆ လွှာ ထွက်ပေါ်လာချေပြီ။ အမြင့်မားဆုံးအလွှာမှာ ဓားတာအိုဉ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်သည်။
ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ရင်း နှိုင်းယှဉ်မရနိုင်အောင် ကြောက်စရာကောင်းသည့် စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ သူက အင်အားကြီးမားသော ရုပ်ခန္ဓာဖြင့် တာအိုတစ်သောင်းကို ထိန်းချုပ်ထားလျက် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဆီသို့ ဦးတည်သွားပြီး လက်ဆန့်တန်းကာ ဖောက်ခွဲရန် ပြင်လိုက်သည်။
မဟာဧကရာဇ်က တဟားဟား ရယ်နေပြီး တာအိုသစ်ပင်ထဲတွင် မဟာတာအိုတို့ လည်ပတ်သွားကြကာ တာအိုသစ်သီးထံမှ အလင်းရောင်က ထွန်းလင်းတောက်ပလာသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ တိုက်ကွက်က တာအိုသစ်ပင်အထက်ရှိ ကောင်းကင်ပေါ်သို့ ရောက်လာခဲ့သော်လည်း သစ်ကိုင်းများနှင့် သစ်ပင်ထိပ်မှ ထွက်လာသည့် အလင်းရောင်တို့ကြောင့် ဟန့်တားခံလိုက်ရသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ရပ် သူ့အား လှုပ်ခါလိုက်သလို ခံစားလိုက်ရပြီး အပေါ်သို့ မြောက်တတ်သွားတော့သည်။
သူ့မှာ အံ့ဩမှင်သက်စွာဖြင့် သူ၏တိုက်ကွက်ကို အကြိမ်ကြိမ် အသက်သွင်းနေ၏။ လက်ဖဝါးတစ်ခုပြီးတစ်ခုက ရိုက်ချနေကြသော်လည်း အဆက်မပြတ် ဟန့်တားခံနေရလေသည်။
ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းလှည်းဘီးသည် တာအိုသစ်ပင်ကို ဝင်တိုက်သွားလျှင်ချင်း ဝုန်းခနဲ ပေါက်ကွဲသွား၏။ သူ့မှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။
ခိုင်ဧကရာဇ်၏ ဓားက တာအိုသစ်သီးထဲ ထိုးစိုက်သွားသည်။ တာအိုသစ်သီးထဲရှိ စွမ်းအားသည် ဓားရောင်ကို အက်ကွဲသွားစေပြီး ခိုင်ဧကရာဇ်မှာ ရှောင်တိမ်းလိုက်ရသည်။
ချင်မူ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ဆီသို့ ပြေးဝင်လာသည့်အချိန်၌ နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အသိစိတ်အလျဉ်တစ်ခု ပေါက်ကွဲထွက်လာ၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူ၏မူလဝိညာဥ်မှာ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲမှ လွင့်ထွက်သွားတော့သည်။
တာအိုသစ်ပင် တစ်ချက်မျှ ယိမ်းနွဲ့သွားသည့်အချိန်လေးမှာပင် လူရိပ်များ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြချေပြီ။ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြစ်စေ၊ နတ်ဘုရားမထိုက်စု၏ ဆုတောင်းဖြစ်စေ အားလုံး ဖျက်ဆီးခံလိုက်ရသည်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ကြေးမုံတစ်ချပ်ကဲ့သို့ ကြည်လင်တောက်ပနေဆဲပင်။ ချင်မူ၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်လင်နှင့် ထိုက်စုတို့သာ သွေးအန်လျက် လဲကျသွားကြသည်။
ခိုင်ဧကရာဇ်က ခြေတစ်လှမ်း လွှဲ၍ တာအိုသစ်သီး၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်၏။ သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ မဟာဧကရာဇ်ကြောင့် ဒဏ်ရာရမသွားခဲ့သော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်သွားမိသည်။
မဟာဧကရာဇ်က ခေါင်းမော့၍ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်၏။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ “မင်းတို့အားလုံးက ငါ လိုအပ်နေတဲ့ခန္ဓာကိုယ်ကို အရောက် ပို့ပေးကြတာပဲ… ဒီနေ့ကစပြီး ငါဟာ အန္တိမဟင်းလင်းပြင်ကနေ ထွက်ခွာပြီး ကမ္ဘာလောကဆီ အပြည့်အဝ ဆင်းသက်လာနိုင်တော့မယ်”
ဝှမ်း…
သူကား ကောင်းကင်နတ်ဧကရာဇ် ရုပ်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။
အားလုံး၏ မျက်နှာအမူအရာများကား အဖတ်မဆည်နိုင်အောင် ပျက်ယွင်းသွားကြတော့သည်။