အထီးကျန်ခဲ့ရသော နှစ်ပေါင်းလေးသောင်း
Vol. 119 Ch. 1555 (1)
ချင်မူကမူ စိတ်အေးသွားသည့်အလား သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ မဟာဧကရာဇ်၏ ခွန်အားက သူထင်ထားသည်ထက် ကျော်လွန်နေခဲ့၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် ဤအတိုင်းအတာအထိ အားကောင်းပြင်းထန်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဤသည်က အတိတ်တုန်းက မဟာဧကရာဇ်၏ လုပ်ရပ်များနှင့် ပြန်ကိုက်ကြည့်လိုက်လျှင် မလျော်ကန်ပေ။
မဟာဧကရာဇ်သာ ထိုမျှကြီးမားသည့် စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားပါက အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရေလိုက်ငါးလိုက် မျှော်နေခဲ့သနည်း။
အဘယ်ကြောင့် သူ၏ ရုပ်ခန္ဓာကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ရှာနေခဲ့သနည်း။
အဘယ်ကြောင့် တိုက်ပွဲများတွင် ဝင်တိုက်ကာ ရုပ်ခန္ဓာကို ညှဉ်းပန်းခဲ့ရပါသနည်း။
သူ၏လူဝင်စား မင်ဖန်းယွီဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ဝင်ထိန်းချုပ်ကာ ကောင်းကင်နတ်အရှင်လင်ကို အဘယ်ကြောင့် တိုက်ခိုက်ရပါသနည်း။
‘မဟာဧကရာဇ်က မီလော့နန်းတော် ကျောက်ယန်ခန်းမထဲက ကမ္ဘာဦးတန်ခိုးရှင် အကောက်ကြံတာကို ခံခဲ့ရတာပဲ ဖြစ်မယ်…. သူ့ရဲ့အသိစိတ်အလျဉ်တာအိုကု အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ ဖန်တီးပြီးတဲ့နောက်မှ အကောက်ကြံခံခဲ့ရတာကို သဘောပေါက်ခဲ့တာနေမှာ … သူ့ရဲ့အသိစိတ်အလျဉ်က အပြည့်အဝ ဆင်းသက်မလာနိုင်လို့ တစ်ခါကို နည်းနည်းစီပဲ ဆင်းသက်လာနိုင်တယ်… ဒါကြောင့် ငါတို့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲ ပြေးဝင်ခဲ့ကြတုန်းက သူ့ထောင်ချောက်ထဲ ရောက်သွားခဲ့တာပဲ’
ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ‘သူ့အနေနဲ့ အခွင့်အရေးကို အသုံးချပြီး ငါတို့အားလုံးကို တစ်ခါတည်း ဖမ်းဆီးလိုက်လို့ရတယ်… ဒါပေမဲ့ ကောင်းကင်နတ်ကရာဇ်ထိုက်ချူရဲ့ ရုပ်ခန္ဓာကလည်း ထိန်းချုပ်ဖို့ အဲ့လောက်မလွယ်ဘူး’
ချင်မူသည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲတွင် အသေးစားလှည့်ကွက်လေးတချို့ မြှုပ်နှံထားခဲ့သည်။ အစက ကောင်းကင်နတ်အရှင်ဟောင် သို့မဟုတ် ကောင်းကင်နတ်အရှင်ရှောင်ကို အကောက်ကြံရန် ရည်ရွယ်ထားခဲ့ခြင်းပင်။ သူတို့နှစ်ယောက် ဤရုပ်ခန္ဓာကို သိမ်းပိုက်လိုက်သည်နှင့် သူ ချန်ထားခဲ့သော လှည့်ကွက်လေးများ အသက်ဝင်လာမည်ဖြစ်သည်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က အားကောင်းလွန်းသောကြောင့် ချင်မူ့ထံမှ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို လုယူသွားသည့် ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ချင်မူ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲတွင် ကွယ်၀ှက်ထားခဲ့သည့် လှည့်ကွက်လေးများမှာ ကမ္ဘာဦးဖရိုဖရဲချီသင်္ကေတ ၀င်္ကပါများ ဖြစ်ကြပြီး ကမ္ဘာဦးဖရိုဖရဲ သင်္ကေတများဖြင့် တံဆိပ်ခတ်နှိပ်ထားသည်။ ၎င်းတို့ထဲမှ တစ်ခုက သူ့အတွက် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို အလွယ်တကူထိန်းချုပ်နိုင်စေရန်ဖြစ်ပြီး အခြားသင်္ကေတများကတော့ တခြားသူများကို ထောက်ချောက်ဆင်ကာ သူ ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဖြစ်ပေသည်။
‘မဟာဧကရာဇ်က အစွမ်းထက်တော့ သူ့ကို အနိုင်ယူဖို့ခက်တယ်... ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်သွားပြီးရငက်တော့ သူ့အပေါ် အနိုင်ယူနိုင်မယ့် ဖြစ်နိုင်ချေတော့ ရှိလာပြီ”
ချင်မူ ထိုသို့တွေးနေသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကိုယ်ထံမှ တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် အသံတစ်သံ ဟိန်းထွက်လာသည်ကို ကြားလိုက်ရသည်။ “သိပ်ကို သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်ပဲ…. ထိုက်ချူ၊ ငါ မင်းကို အားကျမိတယ်… အမြဲတမ်း အားကျနေမိခဲ့တာ’’
မဟာဧကရာဇ်က ထိုခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ကောင်းကင်နတ်အရှင်ရှောင်ကို ကြည့်ကာ ချီးကျူးလိုက်သည်။ “မင်းဟာ မွေးလာကတည်းက ဘာကိုမှ သင်ယူစရာ မလိုခဲ့ဘူး….တစ်လောကလုံးမှာ နံပါတ်တစ် ရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့ပြီး အဆုံးမဲ့တဲ့ ခွန်အားကို ပိုင်ဆိုင်ခဲ့တယ်… မွေးရာပါချီကို ထိန်းချုပ်နိုင်တဲ့အပြင် တစ်လောကလုံးမှာ နံပါတ်တစ် ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသေးတယ်…. ဒါပေမဲ့ ငါကတော့ မတူဘူး… တခြားဖန်ဆင်းရှင်တွေဆီကနေ အသိဉာဏ်ပညာတွေ စုပ်ယူပြီး အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းမျိုးစုံကို သိမြင်နားလည်ခဲ့ရတယ်… တစ်ဆင့်ချင်း ကျင့်ကြံပြီးတော့ တခြားဖန်ဆင်းရှင်တွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်… တစ်လှမ်းချင်း လှမ်းပြီးတော့မှ ငါ အောင်မြင်နိုင်ခဲ့တာ’’
သူက လက်သီးဆုပ်လိုက်သည့်အခါ ပြိုင်ဘက်ကင်းသောစွမ်းအားများ ခန္ဓာကိုယ်ထဲမှ ဖြာတက်လာသည်ကို ခံစားလိုက်ရသည်။
မဟာဧကရာဇ်ပင်လျှင် ခန္ဓာကိုယ်ထဲရှိ စွမ်းအားအား အပြည့်အဝ ထုတ်လွှတ်နိုင်ရန် မလွယ်ပေ။ ချင်မူသာ ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ စွမ်းအားအပြည့်အဝကိုသာ ထုတ်လွှတ်နိုင်ခဲ့ပါက ကောင်းကင်နတ်အရှင်ဟောင်ကို သေအောင် ရိုက်နှက်ခဲ့သည်မှာ ကြာလေပြီ။
ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ စွမ်းအားကို အပြည့်အဝထုတ်လွှတ်ရန် ထိုက်ချူတာအိုအပေါ် နက်ရှိုင်းကျယ်ပြန့်စွာ သိမြင်နားလည်ထားရမည့်အပြင် နှိုင်းယှဉ်မရနိုင်အောင် အားကောင်းသည့် သိုင်းအခြေခံကိုလည်း ပိုင်ဆိုင်ထားရလိမ့်မည်။
မဟာဧကရာဇ်က ထိုအချက်နှစ်ချက်လုံးနှင့် ပြည့်စုံပေသည်။
အသိစိတ်အလျဥ်တာအိုသည် ထိုက်ချူတာအိုမှ မွေးဖွားလာခြင်းမဟုတ်ပါလော။ ထို့အပြင် သူသည် နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်မင်ဖန်းယွီတို့အသွင်ဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် ထိုက်ချူသင်္ကေတများအား နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့သေး၏။
ထို့ကြောင့် ထိုက်ချူတာအိုအပေါ် နားလည်မှုတွင် သူက များစွာအရေးသာသည်။
မှော်စွမ်းအင်အရာတွင်လည်း သူ၏အဆင့်မှာ ခိုင်ဧကရာဇ်ထက် မြင့်မားပြီး တာအိုသစ်သီးပါ ဖွဲ့တည်ထားနိုင်သောကြောင့် ပြိုင်ဘက်ကင်းလေသည်။
သူ့အနေဖြင့် ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ စွမ်းအားကို ကောင်းကင်နတ်အရှင်ရှောင်ထက်ပင် အဆုံးအစွန်အထိ ထုတ်လွှတ်နိုင်သေးသည်။
“ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့က ငါ့ရဲ့ပန်းတိုင် မဟုတ်သေးဘူး”
မဟာဧကရာဇ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း ပြုံးလိုက်သည်။ “ငါ့ရဲ့ပန်းတိုင်က ထိုက်ချူတာအိုပဲ… ငါ ထိုက်ချူတာအိုကို အမှန်တကယ် ကျင့်ကြံချင်တယ်ဆိုရင် ဖန်ဆင်းရှင်အားလုံးရဲ့ အသိစိတ်အလျဉ်ကို စုပ်ယူတာအပြင် ထိုက်ချူရုပ်ခန္ဓာကို ထိန်းချုပ်ပြီး ဝါးမြိုဖို့ လိုအပ်တယ်… အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဆယ်ပါးဟာ တစ်ယောက်ကိုတစ်ယောက် ထိန်းထားခဲ့ကြတယ်… ထိုက်ချူရဲ့ ရုပ်ခန္ဓာကို ဝါးမြိုဖို့ မပြောနဲ့ ထိန်းချုပ်ဖို့တောင် ငါ့အတွက် ခက်ခဲခဲ့တယ်… ထိုက်ချူက လူပြန်န်ဝင်စားပြီးတဲ့အပြင် ဘယ်သူဆိုတာ ငါ မသိခဲ့ဘူး… အဲဒ့ါကြောင့် ထိုက်ချူကိုယ်တိုင် ငါ့အရှေ့ ရောက်လာဖို့ လိုအပ်ခဲ့တယ်… ထိုက်ချူကိုယ်တိုင် ငါ့အရှေ့ ရောက်လာပြီး ဝါးမြိုခံပေးတာထက် လွယ်တာ ရှိပါတော့မလား..”
သူက ဟားတိုက်ကာ ရွဲ့ရယ်သည်။ “ထိုက်ချူကို ဝါးမြိုတာအပြင် ငါ့အတွက် အန္တရာယ်ရှိတဲ့ ရန်သူတွေကိုလည်း ရှင်းလင်းဖို့ လိုအပ်တယ်… မင်းတို့အားလုံးက ထိုက်ချူကို ငါ့ဆီ ခေါ်လာပေးတဲ့အပြင် တစ်ယောက်စီလိုက်သတ်ရမယ့် ပြဿနာကိုလည်း ဖြေရှင်းပေးလိုက်တာပဲ”
သူက တာအိုသစ်ပင်ကို ကျောခိုင်းထားသည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားသည့်အခါ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် တာအိုသစ်ပင်ကလည်း လှုပ်ရှားသွားသည်။ နောက်ထပ်တစ်ခဏတွင် သူသည် ကောင်းကင်နတ်အရှင်ရှောင်အရှေ့သို့ရောက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ကောင်းကင်နတ်အရှင်ရှောင်က မာန်သွင်းဟိန်းဟောက်လိုက်ရာ သူအနောက်ရှိ ကောင်းကင်နန်းဆောင်များက ထွန်းလင်းတောက်ပလာကြသည်။ ချက်ချင်းဆိုသလို သူ၏သိုင်းအခြေခံသည် အမြင့်မားဆုံးအဆင့်အထိ ရောက်ရှိသွား၏။
ထိုမျှသာမက ထိုက်ချူတာအိုအပေါ် ရှောင်၏ နားလည်သိမြင်မှုမှာလည်း အဆင့်တက်သွားပြီး ထိုက်ချူတာအို၏ ၂၈ ဘုံမြောက် ကောင်းကင်ဘုံအထိ တစ်ခါတည်း နားလည်သွားချေသည်။
ကောင်းကင်နတ်အရှင်ရှောင်သည် တစ်ပါးသူ၏ တာအိုသစ်သီးအား အားကိုး၍ ထိုက်ချူတာအိုကို သိမြင်နားလည်ခဲ့သည့် နတ်ဧကရာဇ်လန်ရွှမ် မဟုတ်သလို၊ ကျင့်စဉ်စနစ်များစွာ ကျင့်ကြံထားသည့် ကောင်းကင်နတ်အရှင်ဟောင်လည်း မဟုတ်ပေ။
သူ၏ ကောင်းကင်ဘုံ ၂၈ ဘုံသည် သန့်စင်သော ထိုက်ချူတာအို၏ ကောင်းကင်ဘုံများသက်သက်သာ ဖြစ်ကြသည်။
ထိုက်ချူတာအို၏ ကောင်းကင်ဘုံ ၃၆ ဘုံအထိသာ သိမြင်နားလည်နိုင်ပါက ထိုက်ချူမူလကျောက်တုံးနှင့် နတ်ကျောက်တုံးတို့ကို မလိုအပ်တော့သလို ၊ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များကိုလည်း ဝါးမြိုစရာမလိုတော့ပေ။ တာအိုအဆင့်ကိုသာ အားကိုးကာ တာအိုရရှိနိုင်၏။
ဖန်ဆင်းရှင်များနှင့် မဟာဧကရာဇ်ကို ဝါးမြိုရန် ကြံစည်ခဲ့ရခြင်းမှာ ထိုက်ချူတာအိုအား ရရှိရန် ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
သို့ထိတိုင် ကောင်းကင်နတ်အရှင်ရှောင်အတွက် ထိုက်ချူတာအို၏ ၂၈ ဘုံမြောက် ကောင်းကင်ဘုံအထိ ကျင့်ကြံနိုင်ခြင်းမှာ ခန့်မှန်း၍ မရနိုင်သော အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လေသည်။။
မဟာဧကရာဇ်ထံမှ ဖိအားကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် သူ၏တာအိုကျင့်စဉ်အား ဤမျှအချိန်တိုအတွင်း နောက်ထပ်ကောင်းကင်ဘုံတစ်ဘုံအထိ တိုးတက်သွားအောင် သိမြင်နားလည်နိုင်လိမ့်မည်မဟုတ်ပေ။
ဝုန်း…
ကောင်းကင်နတ်အရှင်ရှောင်တစ်ကိုယ်လုံး သွေးတို့ဖြင့် ရဲပလောင်းခတ်သွားသည်။ သူ၏အရိုးများ၊ ကြွက်သားများ ကျိုးပဲ့ပျက်စီးကုန်ကာ အနောက်သို့ လွင့်ထွက်သွားသည်။
သူ၏မွေးရာပါခွန်အားသည် မည်မျှပင် သန်မာအားကောင်းပါစေ မဟာဧကရာဇ်၏ လက်သီးချက်ကိုတော့ ခံနိုင်ရည်မရှိချေ။
မဟာဧကရာဇ်က နောက်ထပ်ခြေတစ်လှမ်း တက်လိုက်ပြီး သူ၏လက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်သည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ပြန်ဆွဲယူခံလိုက်ရပြီး သူ၏လက်ဖဝါးထဲ ရောက်သွား၏။
မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ရှောင်၏ ဦးခေါင်းကို ကိုင်ကာ မြှောက်လိုက်သည်။
ထိုစဉ် အခြားတစ်ဖက်မှ ဓားရောင်တစ်ချက် ပြေးဝင်လာပြီး ကောင်းကင်နတ်ဧကရာဇ်ရုပ်ခန္ဓာ၏ မျက်လုံးထဲသို့ ထိုးစိုက်သွားသည်။ ကောင်းကင်နတ်အရှင်ရှောင်ကို ကယ်တင်လိုက်သူကား ခိုင်ဧကရာဇ်ပင်။
သူတို့နှစ်ယောက်သည် တစ်ယောက်မသေမချင်း စိတ်မအေးနိုင်ကြသည့် မဟာရန်သူတော်များ ဖြစ်ကြ၏။ တစ်ယောက်ကို တစ်ယောက် ရှင်းလင်းသတ်ဖြတ်ချင်ကြသော်လည်း မဟာဧကရာဇ်က အစွမ်းထက်နေသဖြင့် သူ့ကို ရှင်းလင်းဖယ်ရှားရန် ပူးပေါင်းတိုက်ခိုက်ရလိမ့်မည်။ ကောင်းကင်နတ်အရှင်ရှောင်သာ မဟာဧကရာဇ်ကြောင့် သေဆုံးသွားပါက သူတို့အားလုံး အသက်ရှင်လျက် ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
မဟာဧကရာဇ်က ကျန်လက်တစ်ဖက်ကို မြှောက်ကာ လက်ချောင်းနှစ်ချောင်းဖြင့် မျက်လုံးကို ကာလိုက်သည်။ ခိုင်ဧကရာဇ်၏ ဓားရောင်က သူ၏လက်ချောင်းနှစ်ချောင်းကို ချွင်ခနဲ ထိုးစိုက်သွား၏။ ချက်ချင်းဆိုသလို လက်ချောင်းနှစ်ချောင်းလုံး ပြတ်ရှသွားသဖြင့် သွေးများပန်းထွက်လာသည်။
“ဘယ်ဆိုးလို့လဲ...”