← Chapters

ယွင်နှင့် မူ ဆုံတွေ့ခြင်း

Vol. 119 Ch. 1557

ယွင်နှင့် မူ ဆုံတွေ့ခြင်း

Vol. 119 Ch. 1557

မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ချင်မူမှာ ကောင်းကင်နတ်အရှင်လင် ဘေးမသီရန်မခ ထွက်သွားသည်ကို မြင်မှ စိတ်အေးသွားသည်။

ကောင်းကင်နတ်အရှင်လင်၏ သိုင်းအခြေခံမှာ အားနည်းသည့်အတွက် သူမ၏ ကောင်းကင်နတ်သိုင်းများမှာ ထူးခြားပြောင်မြောက်သော်လည်း ပြိုင်ဘက်မကင်းနိုင်ပေ။ သူ့ဘေးတွင် လင် ရှိနေသရွေ့ ကာကွယ်ပြီး ငဲ့ညှာနေရမည်ဖြစ်သဖြင့် စိတ်ဖြောင့်ဖြောင့် တိုက်ခိုက်နိုင်မည်မဟုတ်။

သို့သော် ယခုတွင် ကောင်းကင်နတ်အရှင်လင် ထွက်သွားသောကြောင့် မည်သည်ကိုမှ ငဲ့ကွက်စရာမလိုဘဲ တိုက်ခိုက်နိုင်လေပြီ။

ရွှေသင်္ဘောကြီး ပြန်လည်ပျံသန်း ရောက်ရှိလာသည့်အခါ ချင်မူက ၎င်းအပေါ်သို့ ဆင်းသက်လိုက်သည်။ မဟာဧကရာဇ်သည် ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် နတ်ဘုရားမထိုက်စုတို့ဖြင့် ရင်ဆိုင်တိုက်ခိုက်နေသော်လည်း သွေးတစ်ပွက်ပွက် အန်နေရသူများမှာတော့ ခိုင်ဧကရာဇ်၊ ဟောင်၊ ရှောင်နှင့် ထိုက်စုတို့သာ ဖြစ်နေကြသည်။ ခိုင်ဧကရာဇ်ပင်လျှင် ဒဏ်ရာရထားလေသည်။

မဟာဧကရာဇ်တွင် ပြိုင်ဘက် မရှိချေ။

‘တာအို ရပြီးတဲ့နောက်ပိုင်း အဆင့်သုံးဆင့် ရှိသေးတယ်… တာအိုသစ်ပင်၊ တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးပဲ… မဟာဧကရာဇ်က တာအိုသစ်သီးအဆင့်မှာ… ခိုင်ဧကရာဇ်ကတော့ တာအိုပန်းပွင့်အဆင့်မှာပဲ ရှိသေးတယ်”

ချင်မူလည်း ရုတ်ခြည်း ဝင်ရောက်တိုက်ခိုက်သည်။ သူသည် ရွှေသင်္ဘောကို ပဲ့ထိန်းလျက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား ပတ်၍ ပျံသန်းရင်း တဖိတ်ဖိတ် တောက်ပနေသည့် မျက်ဝန်းများဖြင့် မဟာဧကရာဇ်၏ ပြစ်ချက်များကို ရှာဖွေနေ၏။

မဟာဧကရာဇ်သည် ကျောက်ယန်ခန်းမမှ ကမ္ဘာဦးတန်ခိုးရှင်၏ ချောက်ချမှုကြောင့် တာအိုကို အစစ်အမှန်ရရှိထားခြင်း မဟုတ်ပေ။ သူသည် အင်အားကြီးမားသော်လည်း ဧရာမပြစ်ချက်ကြီးတစ်ခု ရှိနေသေး၏။

မဟုတ်လျှင် မဟာဧကရာဇ်သည် ကောင်းကင်နတ်အရှင်‌ရှောင်နှင့် ကောင်းကင်နတ်ဧကရာဇ်တို့၏ ရုပ်ခန္ဓာတို့အား ဒုက္ခခံ၍ သိမ်းပိုက်ဝါးမျိုပြီး ယဇ်ပူဇော်ခြင်းမှ ရရှိလာသည့် အားနည်းချက်တို့ကို ဖယ်ရှားနိုင်ရန် ကြိုးစားလိမ့်မည်မဟုတ်ပေ။

အဆိုပါပြစ်ချက်တို့ကြောင့် သူကား မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ပိတ်မိနေခဲ့ပြီး အသိစိတ်အလျဉ်အနည်းငယ်သာလျှင် ကမ္ဘာလောကဆီသို့ ဆင်းသက်နိုင်ခဲ့သည်။ ဤသည်က သူ၏အားနည်းချက်အား သိသာစေခဲ့ခြင်းပင်။

ရွှေသင်္ဘောက မဟာဧကရာဇ်၏ တာအိုသစ်ပင်ဆီသို့ ပျံသန်းသွားသည်။ သစ်ပင်၏ သစ်မြင်များက လေထဲတွင် လွင့်မြော ကခုန်နေကြလေသည်။ တိုက်ပွဲက ပြင်းထန်နေသော်လည်း ဤနေရာကတော့ အလွန်အေးချမ်းနေသည်။

ထိုစဉ် ချင်မူမှာ ကြောင်အသွားသည်။ သူ၏ မျက်နှာထက်တွင် ပျော်ရွှင်အံ့ဩနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“ကောင်းကင်နတ်အရှင်မူ၊ ယွင်နဲ့ မူ တစ်ခါမှ မတွေ့ဖူးကြသေးဘူးနော်… သမိုင်းကြောင်းတလျှောက်လုံး ငါတို့တတွေ သေချာစကားပြောဖို့ အခွင့်အရေး မရခဲ့ဘူး… ဒါပေမဲ့ ဒီလိုအခြေအနေနဲ့ ဆုံတွေ့ရလိမ့်မယ်လို့လည်း ထင်မထားမိဘူး”

ကောင်းကင်နတ်အရှင်ယွင်သည် အမြစ်အလွှာပေါင်းများစွာဖြင့် ငုံခံထားရသော်လည်း တည်ငြိမ်အေးဆေးစွာ ထိုင်နေ၏။ သူ့မှာ မူလဝိညာဉ်အခြေအနေဖြင့်သာ ရှိနေပြီး အမြစ်များက မူလဝိညာဉ်ထဲသို့ ထိုးစိုက် ချုပ်နှောင်ထားလေသည်။

ချင်မူ့ကို လှမ်းကြည့်လိုက်သော သူ၏အကြည့်များမှာ နွေးထွေးနေသည်။ သူသည် အကျဉ်းသားတစ်ယောက် ဖြစ်နေသည့်အတွက် ရှက်ရွံ့နေဟန် မရှိဘဲ ပြုံးလျက် ပြောလိုက်၏။ “ဒီနေ့မှာတော့ မင်းနဲ့ တွေ့ရပြီဆိုတော့ သေချာစကားပြောနိုင်ပါပြီ”

ချင်မူလည်း တဟားဟား ရယ်မောလိုက်ရင်း ရွှေသင်္ဘောအား တာအိုသစ်ပင်အောက်ဆီသို့ ပျံသန်းစေလိုက်သည်။ တာအိုသစ်ပင်၏ အမြစ်များသည် သူ့ဆီသို့ ပြေးဝင်လာသောကြောင့် ချင်မူမှာ ရွှေသင်္ဘောကို ထိန်းချုပ်ရင်း ရှောင်တိမ်းနေရသည်။ သို့သော် တာအိုသစ်ပင်၏ အမြစ်များမှာ နူးညံ့ပြီး ခိုင်မာသော သဘောရှိသောကြောင့် သူပင်လျှင် မဖြတ်တောက်နိုင်ချေ။

တာအိုသစ်ပင်၏ အမြစ်များက မဟာဧကရာဇ် နောက်တစ်ပါးအလားပင်။ ၎င်းတို့၏ တိုက်ကွက်များတွင် ထူးဆန်းသော လှည့်ကွက်များ ကိန်းဝပ်နေသဖြင့် ကောင်းကင်နတ်အရှင်ယွင်အနား ချဉ်းကပ်ရန် ခက်ခဲနေသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ယွင်သည် ထရပ်လိုက်၍ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တာအိုသစ်ပင်အမြစ်များ ချက်ချင်း ပြေကျသွားသည်။ သူက ကြင်နာသောအပြုံးဖြင့် လျှောက်လာသည်။ “မူ၊ ငါ့ရဲ့ မူလဝိညာဉ်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ဘာလို့ ဖျက်ဆီးမခံရတာလဲ မင်း သိလား”

တာအိုသစ်ပင်အမြစ်များသည် မူလဝိညာဉ် ကောင်းကင်နတ်အရှင်ယွင်၏ ကျောကုန်းနှင့် ဆက်နွှယ်နေကြောင်း ချင်မူ သတိထားမိလိုက်သည်။ ၎င်းတို့က ကောင်းကင်နတ်အရှင်ယွင်၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲအထိ ထိုးစိုက်ကာ မဟာဧကရာဇ်၏ တာအိုသစ်ပင်နှင့် တစ်သားတည်း ဖြစ်နေစေခြင်းပင်။

ချင်မူမှာ ကြက်သီးမွေးညှင်းများ ထသွားကာ အော်ဟစ်လိုက်သည်။ “ခင်ဗျားက မဟာဧကရာဇ်လား… မဟာဧကရာဇ်က ကျွန်တော့်ကို သတ်မှာမဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်သွား၏။ ချင်မူ အဘယ်ကြောင့် ထိုအတွေး ပေါ်လာမှန်း မသိသဖြင့် သူ့မှာ ငိုရခက် ရယ်ရခက်ဖြစ်သွားတော့သည်။ “ငါက မဟာဧကရာဇ်မဟုတ်ပါဘူး … ဒါပေမဲ့ ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ်ရဲ့ သက်ရောက်မှုပဲ… ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ်က တခြားသူတွေရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို စုပ်ယူ‌တဲ့နေရာမှာ ထူးချွန်ပြီး အဲဒါတွေကို ပေါင်းစည်းပြီးတော့ ငါ့ရဲ့ကိုယ်ပိုင် တာအိုကျင့်စဉ်တွေ ဖြစ်လာစေတယ်… အရင်တုန်းက ငါဟာ မဟာဧကရာဇ်သတ်တာ ခံခဲ့ရတယ်… မဟာဧကရာဇ်က ငါ့ရဲ့မူလဝိညာဉ်ကို မသတ်နိုင်ခဲ့တော့ အန္တိမဟင်းလင်းပြင်ထဲ ပို့ခဲ့တယ်… ငါ့ကို ဒီနေရာမှာ နှိပ်စက်ပြီး အကျဉ်းချထားဖို့ ရည်ရွယ်ခဲ့တာပေါ့”

တာအိုသစ်ပင်အမြစ်များစွာသည် ပျံသန်းလာ၍ သူ့အား ရစ်ပတ်ရန် ကြိုးစားလိုက်ကြ၏။ အမြစ်တချို့ဆိုလျှင် သူ၏ပါးစပ်ထဲသို့ တိုးဝင်ကာ စကားမပြောနိုင်တော့အောင် တားဆီးနေသည်။ မဟာဧကရာဇ်ကား ဤအခြေအနေကို အာရုံခံနေမိသဖြင့် ကောင်းကင်နတ်အရှင်ယွင်အား နှုတ်ပိတ်ရန် ကြိုးစားနေသည်မှာ သိသာလှသည်။

သို့သော် ထိုအမြစ်များမှာ ကောင်းကင်နတ်အရှင်ယွင်ကို ထိတွေ့သွားသည်နှင့် ပစ်မှတ်လွဲချော်သွားကြပြီး မူလဝိညာဉ်ကို ဖောက်ထွက်သွားကြလေသည်။

ကောင်းကင်နတ်အရှင်ယွင်က တာအိုအမြစ်များကို တရွတ်တိုက်ဆွဲလျက် လျှောက်လာသည်။ “ငါ ဒီနေရာမှာ အကျဉ်းချခံခဲ့ရတုန်းက တာအိုသစ်ပင်ရဲ့ အမြစ်တွေ ငါ့ကို ဖောက်ထွက်သွားကြပြီး လှုပ်ရှားလို့ မရခဲ့ဘူး…. ဒါပေမဲ့ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က တာအိုဖြစ်လာခဲ့တယ်… ငါ တာအိုသစ်ပင်နဲ့ ထိတွေ့လိုက်တဲ့အခိုက်အတန့်မှာပဲ မဟာဧကရာဇ် အသိစိတ်အလျဉ်ရဲ့ နက်နဲမှုကို ငါ နားလည်ခဲ့တယ်”

ချင်မူသည် မဟာဧကရာဇ် အသိစိတ်အလျဉ်မှတစ်ဆင့် တာအိုရရှိခဲ့သည်ကို သတိထားပြီး ဖြစ်၏။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖန်တီးခဲ့ပြီး တာအိုသစ်ပင်မှာလည်း အသိစိတ်အလျဉ်တာအိုသာ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်အရှင်ယွင်က တာအိုသစ်ပင်နှင့် ထိတွေ့လိုက်သည့်အခိုက်အတန့်မှာင် မဟာဧကရာဇ်၏ အသိစိတ်အလျဥ်တာအိုကို နားလည်ခဲ့လေသည်။

သို့သော် နားလည်ခြင်းက နားလည်ခြင်းသာ။ ကောင်းကင်နတ်အရှင်ယွင်အနေဖြင့် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအား ကျင့်ကြံကောင်း ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။

နောက်အခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်သည် တာအိုသစ်မြစ်များအား ရှောင်တိမ်းကာ ရွှေသင်္ဘောအရှေ့သို့ ရောက်လာ၏။ “ငါ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို နားလည်ပြီးနေပြီ” သူက ပြုံးလျက် ဆက်ပြောသည်။ “အဲဒီထဲမှာပါတဲ့ အာဟာရတွေကို နားလည်ပြီးတဲ့နောက်တော့ ငါကလည်း အဲဒီ့အာဟာရတွေထဲက တစ်ခုဖြစ်သလို တာအိုသစ်ပင် ထင်သွားအောင် လုပ်ခဲ့တယ်… သေခြင်းတရားကို ရှောင်တိမ်းနိုင်ဖို့ ငါ မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်နဲ့ ပေါင်းစည်းခဲ့ရတာပဲ”

ချင်မူမှာ စိတ်ရှုပ်ထွေးနေဟန် တူပြီး ဤနေရာတွင် နှစ်ထောင်သောင်းပေါင်းများစွာ အကျဉ်းချ ချုပ်နှောင်ခံခဲ့ရသည့် တာအိုမိတ်ဆွေအား ကြည့်နေသည်။ သူတို့သည် နဂါးသွဲ့ရေကန်အစည်းအဝေးတွင်သာ တစ်ကြိမ်တွေ့ဆုံဖူးကြပြီး တစ်ခါမှ ပြောဆိုဆက်သွယ်မှု မရှိခဲ့ကြပေ။ ထို့နောက် ကောင်းကင်နတ်မြစ်၊ အချိန်နှင့် နေရာဟင်းလင်းပြင်တို့၏ ခွဲခြားထားခြင်း ခံခဲ့ရသောကြောင့် အဝေးမှသာ ကြည့်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်ကား အတော်လေး ဆင်တူကြသည့် လူနှစ်ယောက်ပင်။ တစ်ယောက်က အတိတ်ကို ထမ်းပိုးထားပြီး နောက်တစ်ယောက်ကတော့ အနာဂတ်မျှော်လင့်ချက်များကို သယ်ဆောင်ထား၏။

ယခုတွင်တော့ မျက်နှာချင်းဆိုင် ရပ်နေကြလေပြီ။

ဤမြင်ကွင်းက ချင်မူ၏ စိတ်ခံစားချက်များကို လှုပ်ရှားလာစေသဖြင့် သူ့မှာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင်ခဲ့ပေ။

သူက သူ၏ နှလုံးသားထဲတွင် လှိုင်းထန်နေသော ခံစားချက်များကို မြိုသိပ်ကာ သံသယများကို ထုတ်ပြောသည်။ “ယွင်၊ ခင်ဗျားက အလွယ်လေး ပြောခဲ့ပေမယ့် ကျွန်တော့်အနေနဲ့တော့ ခင်ဗျားကို ယုံနိုင်ဖို့ ခက်နေသေးတယ်… မဟာဧကရာဇ်က တာအိုရခဲ့ပြီးပြီ… ခင်ဗျားက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်မဟုတ်ဘဲ တာအိုသစ်ပင်နဲ့ ဘယ်လိုလုပ် ပေါင်းစည်းနိုင်တာလဲ… မဟာဧကရာဇ် ဖြစ်နေရင်တော့ တစ်မျိုးပေါ့”

ကောင်းကင်နတ်အရှင်ယွင်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။ သူနှင့် ချင်မူသည် တာအိုမိတ်ဆွေများ ဖြစ်ကြသော်လည်း ချင်မူသည် ကြောက်စရာကောင်းလောက်အောင် ခေါင်းမာသူဖြစ်မှန်း သိထား၏။

တစ်ခါတစ်ရံတွင် ထူးထူးဆန်းဆန်း အတွေးအခေါ်များကိုလည်း တွေးတတ်သေးသည်။ သူ စိတ်မကျေမနပ်မချင်း ထိုထူးဆန်းသော အတွေးများက ပျောက်သွားမည်မဟုတ်ပေ။

“ဘာလို့လဲဆိုတော့ မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်တာအိုက မပြည့်စုံသေးဘူးလေ”

ကောင်းကင်နတ်အရှင်ယွင်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ငါ သူ့ရဲ့ အသိစိတ်အလျဉ်တာအို မပြည့်စုံသေးတာ အာရုံခံခဲ့မိတယ်… သူ့တာအိုပန်းပွင့်တွေနဲ့ သစ်သီးမှာလည်း ပြစ်ချက်တွေ ရှိနေတယ်… ဒါကြောင့် ငါ စစ်ဆေးပြီး လစ်ဟာနေတဲ့ နေရာတွေမှာ ဝင်ယူဖို့ အခွင့်အရေး ရခဲ့တာပဲ… ငါ့ကိုယ်ငါ အသိစိတ်အလျဉ်တာအိုရဲ့ ပြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ပြီးတော့ တာအိုသစ်ပင်၊ ပန်းပွင့်နဲ့ သစ်သီးမှာ နေရာ၀င်ယူလိုက်မှ ငါ ရှင်သန်နိုင်မှာ”

ချင်မူက လိုက်တွေးကြည့်သည်။ ကောင်းကင်နတ်အရှင်ယွင် ပြောပြသည့် နည်းလမ်းက သဘောတရားအရ ဖြစ်နိုင်ချေရှိသော်လည်း သူ့နှလုံးသားထဲတွင် သံသယများ ရှိနေသေး၏။

ပထမဦးဆုံးအနေဖြင့် မဟာဧကရာဇ်၏ ပြစ်ချက်သည် ကျောက်ယန်ခန်းမ၏ ကမ္ဘာဦးတန်ခိုးရှင် လွှဲပြောင်းပေးခဲ့သော မပြီးပြည့်စုံသည့် ကိုးကွယ်ပူဇော်ခြင်းလမ်းစဉ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။ မဟာဧကရာဇ်ကိုယ်တိုင်ပင် မည်သို့ဖြေရှင်းရမည်မှန်း မသိပေ။

ကောင်းကင်နတ်အရှင်ယွင်က မည်သည့်နည်းဖြင့် သိရှိခဲ့ပါသနည်း။

ဒုတိယအနေဖြင့် ကောင်းကင်နတ်အရှင်ယွင်၏ မူလဝိညာဉ်သည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံသို့ အပို့ခံခဲ့ရသည်။ သူ တာအိုသစ်ပင်ကို ထိတွေ့၍ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှတစ်ဆင့် အသိစိတ်အလျဉ်တာအိုကို သိမြင်နားလည်ခဲ့လျှင်တောင်မှ အချိန်များစွာ ယူရပေလိမ့်မည်။

မဟာဧကရာဇ်သာ သူ၏တာအိုကို ကောင်းကင်နတ်အရှင်ယွင် တိတ်တဆိတ် လေ့လာနေကြောင်း သိရှိသွားပါက အဘယ်သို့ သည်းခံနိုင်လိမ့်မည်နည်း။

ကောင်းကင်နတ်အရှင်ယွင်၏ ပါရမီက မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို အချိန်တိုအတွင်း ကျင့်ကြံနိုင်ခဲ့သည့်အပြင် ပြစ်ချက်များကိုပင် ရှာတွေ့၍ ဖြည့်ဆည်းနိုင်ခဲ့သည့်အထိ ထူးကဲကောင်းမွန်ပါသည်လော။

ထိုသို့ဆိုလျှင် ကောင်းကင်နတ်အရှင်ယွင်၏ ပါရမီက မြင့်မားလွန်းလိမ့်မည်။

“နောက်တစ်ချက် ရှိသေးတယ်… မဟာဧကရာဇ်အနေနဲ့ ခင်ဗျားကို သေချင်ရင် ခင်ဗျား သူ့လက်ထဲက ဘယ်တော့မှ လွတ်နိုင်မှာ မဟုတ်ဘူး”

ချင်မူသည် တောက်ပနေသော မျက်ဝန်းများဖြင့် တာအိုမိတ်ဆွေမူလဝိညာဉ်ကို ကြည့်လိုက်သည်။ “တာအိုသစ်ပင်က ခင်ဗျားကို မသတ်နိုင်ပေမယ့် မဟာဧကရာဇ်ကတော့ သတ်နိုင်တယ်… ကျွန်တော်သာ မဟာဧကရာဇ်ဆိုရင် ခင်ဗျားရဲ့ အောင်မြင်မှုတွေနဲ့ ပါရမီကို သိတာနဲ့ ချက်ချင်း သတ်ပစ်မှာပဲ”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “မဟာဧကရာဇ်လည်း အဲ့ဒီလို ရည်ရွယ်ခဲ့ပါတယ်…ဒါပေမဲ့…”

သူ၏မျက်နှာအမူအရာက ထူးဆန်းနေသည်။ “ငါ မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်ကို ထိတွေ့လိုက်တာနဲ့ ထူးဆန်းမှုတစ်ခု ခံစားလိုက်ရပြီး အဲ့ဒီထူးဆန်းမှုထဲမှာ မဟာဧကရာဇ် ငါ့ကို မသတ်နိုင်မှန်း သိခဲ့ရတယ်… တာအိုသစ်ပင်ထဲမှာ ပုန်းကွယ်နေတဲ့ ရတနာတစ်ခု ရှိတယ်… အဲဒီရတနာကပဲ မဟာဧကရာဇ် အန္တိမဟင်းလင်းပြင်မှာ အသိစိတ်အလျဉ် တံဆိပ်ခတ်နှိပ်နိုင်အောင် လုပ်ပေးခဲ့တာ… ရလဒ်အနေနဲ့ သူက တာအို ရရှိပြီး တာအိုသစ်ပင်၊ ပန်းပွင့်နဲ့ သစ်သီးတို့ ဖွဲ့တည်နိုင်ခဲ့တာပဲ … မဟာဧကရာဇ်ရဲ့ လမ်းစဉ်က အန္တိမဟင်းလင်းပြင်မှာ ရှိတယ် ဆိုပေမယ့် အဲဒီရတနာကနေလည်း အခြေခံလာတာ”

ချင်မူ့ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ “အန္တိမဟင်းလင်းပြင်မှာ ဘယ်ရတနာမှ မရှိနိုင်ဘူး… ဘယ်လိုရတနာမျိုးကများ ဒီနေရာမှာ အမြစ်တွယ်၊ မြေဆီလွှာအဖြစ် ပြောင်းလဲပြီးတော့ မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်ကို ပေါက်လာစေနိုင်မှာတုန်း”

ကောင်းကင်နတ်အရှင်ယွင်က လက်မြှောက်လိုက်သည့်အခါ အထွတ်အမြတ်ဓားတစ်လက်သည် တာအိုသစ်ပင်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်တပြက် ထွက်ပေါ်လာ၏။ အထွတ်အမြတ်ဓား၏ ဓားရိုးက မွေးရာပါချီဖြင့် ဖွဲ့တည်ထားပုံပေါ်သော်လည်း ဓား၏ကိုယ်ထည်ကတော့ သစ်ပင်ထဲတွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေကြသည့် သံမဏိချိပ်တံ‌ဆိပ်တစ်သောင်းဖြင့် လွှမ်းခြုံလျက် ရှိနေသည်။

အထွတ်အမြတ်ဓား လှည့်ပတ်နေသည့်အချိန်တွင် ရှေးဟောင်းနတ်ဘုရားမျိုးစုံ၏ အရိပ်များက ချိပ်တံဆိပ်တစ်သောင်းထဲတွင် ထွက်ပေါ်လာကြသည်။

ရှေးဟောင်းနတ်ဘုရားတို့၏ အရိပ်များမှာ နတ်ရောင်ဝါတို့ဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်သည်။ ၎င်းတို့က အရွယ်အစားကြီးငယ် မျိုးစုံရှိပြီး စီစီရီရီ ဖြစ်နေကြ၏။ ၎င်းတို့က တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် အထွတ်အမြတ်ဓားကို လှည့်ပတ်နေကြသည်။

“ဧကရာဇ်ဓား”

ချင်မူမှာ သူပင် မသိလိုက်ဘဲ အထိတ်တလန့် ရေရွတ်လိုက်မိသည်။ “ထိုက်ချူရဲ့ ဧကရာဇ်ဓား”

ဤဓားနှင့် ခပ်ဆင်ဆင် ဓားမျိုးကို ယခင်က မြင်ဖူးလေသည်။ ၎င်းက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ လက်ထဲမှ တံစဉ်း ဖြစ်သည်။ ကုရှောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်သည် ဆင်တူသော တံစဉ်းမျိုးကို ထုတ်ကာ လက်သည်းညှိတတ်သည်။

ကုရှောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့ ဤတံစဉ်းအား အသုံးပြုသည့်အခါ ၎င်းသည် ဧကရာဇ်ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်သည်။ ထိုအခါ ရာသက်ပန်တည်မြဲနိုင်သည်အထိ အားကောင်းပြင်းထန်သော စွမ်းအားကိုလည်း ပိုင်ဆိုင်သွားတတ်၏။

သို့သော် ဧကရာဇ်ဓားက တစ်လက်ထက် ပို၍ ရှိသည်။ ကုရှောင်၏ ဧကရာဇ်ဓားသည် ဘိုးဘေးနန်းတော်ထဲတွင် ကျန်ခဲ့ပြီး ကောင်းကင်နတ်အရှင်ရှောင်၏ ဧကရာဇ်ဓားနှင့် မတူပေ။ ဤသည်က တတိယမြောက် ဧကရာဇ်ဓားလော။

‘ကမ္ဘာဦးခေတ်က ဧကရာဇ်ဓားတော့ မဖြစ်နိုင်ဘူး’

ချင်မူက အသေအချာ လေ့လာကြည့်နေရင်း နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ “ဒီဧကရာဇ်ဓားရဲ့ စွမ်းအားက ကျန်တဲ့နှစ်လက်ထက် အများကြီး ပိုအစွမ်းထက်တယ်… ပိုပြီးအရေးကြီးတာက ဒီဧကရာဇ်ဓားထဲမှာ ပါတဲ့ စွမ်းအားကို အမျိုးအစားနှစ်မျိုး ခွဲလို့ရနေတာပဲ”

သူ၏မျက်နှာအမူအရာက ပိုပို၍ထူးဆန်းလာသည်။ ပထမဦးဆုံး စွမ်းအားအမျိုးအစားသည် တစ်ချက်တည်းကြည့်ရုံနှင့် သိနိုင်သော မွေးရာပါချီပင်။

ဒုတိယစွမ်းအားအမျိုးအစားကတော့ ချိပ်တံဆိပ်တစ်သောင်းမှ ရောင်ပြန်ဟပ်နေသော ရှေးဟောင်းနတ်ဘုရားအရိပ်တစ်သောင်း၏ စွမ်းအားပင်။ ထိုရှေးဟောင်းနတ်ဘုရားအရိပ်များ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အပေါက်များ ရှိနေကြသည့်အတွက် တတိယမျက်လုံးများ ပိုင်ဆိုင်ခဲ့သယောင်ပင်။ သို့သော် တတိယမျက်လုံးများကတော့ မရှိတော့ပေ။

ထိုချိပ်တံဆိပ်တစ်သောင်းပေါ်တွင် ထိုက်ချူနတ်ကျောက်တုံးတစ်တုံးကို ခတ်နှိပ်လိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရားအရိပ်များမှ တတိယမျက်လုံးများ ပေါက်လာလိမ့်မည်ဟု ချင်မူ ခံစားနေရသည်။

တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် ထိုနတ်ကျောက်တုံးများမှ ဧကရာဇ်ဓားပေါ်မှ ဖြုတ်ထားခံရလေသည်။

အခြားနည်းဖြင့်ပြောရလျှင် ဒုတိယစွမ်းအားမှာ အသိစိတ်အလျဥ်လမ်းစဉ်ပင် ဖြစ်သည်။

အသိစိတ်အလျဉ်လမ်းစဉ်နှင့် မွေးရာပါချီတို့ ပူးပေါင်းထားခြင်းက ပြီးပြည့်စုံသော ထိုက်ချူလမ်းစဉ် ဖြစ်သည်။

ကျန်ဧကရာဇ်ဓားနှစ်လက်တွင် ထိုသို့လုပ်ဆောင်ချက်များ မရှိကြပေ။ ၎င်းတို့သည် ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် မှန်းဆသွန်းလုပ်ထားသည့် အတုအယောင်များနှင့် တူပြီး ဤဓားကတော့ အစစ်အမှန်ဖြစ်သယောင်ပင်။

“ဒီ‌ဓားက ကောင်းကင်နတ်‌ဧကရာဇ်ထိုက်ချူရဲ့ အထွတ်အမြတ်ရတနာများလား” ချင်မူက ရေရွတ်လိုက်၏။

ထိုစဉ်မှာပဲ ခိုင်ဧကရာဇ် မဟာဧကရာဇ်၏ တာအိုသစ်ပင်ကို မခုတ်နိုင်ရခြင်းနှင့် ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်တို့ ဤတာအိုသစ်ပင်အား မည်သို့မှ မလုပ်နိုင်ခြင်းတို့ကို ရုတ်တရက် သဘောပေါက်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် တာအိုသစ်ပင်ကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ထိုက်ချူအထွတ်အမြတ်ရတနာကို တိုက်ခိုက်နေရသည့်အတွက်ကြောင့်ပင်။

သူတို့၏ တိုက်ကွက်အားလုံးက ဤရတနာအပေါ်သို့သာ ကျရောက်ခဲ့ကြလေသည်။

All Chapters