← Chapters

ကြာပန်းမှ သခင်ရွေးချယ်ခြင်း

Vol. 017 Ch. 1632

ကြာပန်းမှ သခင်ရွေးချယ်ခြင်း

Vol. 017 Ch. 1632

ကြမ္မာလောကမှ တန်ခိုးရှင်များ၏ မျက်နှာထက်တွင် အလွန်ခက်ထန်သည့် အမူအရာတို့ ပေါ်ပေါက်လာသည်။ သူတို့ကို ရိုက်ခတ်လာသည့် လှံတစ်ချက်သည် တန်ခိုးရှင်အားလုံးကို တွန်းလှန်ကာ နောက်ဆုတ်သွားရစေရန် ပြုလုပ်နိုင်သည်။

ထို့အပြင် ယခု သူတို့က ယှဥ်ပြိုင်ရန် အခွင့်အရေးမရှိတော့ရုံမျှမက အသတ်ပင် ခံရနိုင်သည်။

“မင်းက ဘယ်သူလဲ။” မျက်လုံးထဲမှ အနက်ရောင်အလင်းတို့ ထုတ်လွှတ်နေသည့် ဝတ်စုံနက်လူက ရီဖူရှင်းကို မေးလိုက်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းထံမှ လွှဲဖယ်မသွားခဲ့ပေ။

သူတို့သည် ဤလူကို မည်သည့်အခါကမှ မသိရှိခဲ့ပေ။ သူက မည်သည့်အတွက် ထိုမျှ အားကောင်းရသနည်း။

ရှောင်းကလန်မှ တန်ခိုးရှင်များနှင့် ပုံရိပ်ယောင်ကျွန်းမှ လူများသည်လည်း ထိတ်လန့်အံ့အားသင့်ကုန်သည်။ သူတို့သည် ရီဖူရှင်းက ထိုမျှထိ အားကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကြမ္မာလောကမှ တန်ခိုးရှင်များသည် ထိုရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ကြပေ။ ထိုရိုက်ချက်က သူတို့ကို ဆန့်ကျင်ရန် ရည်ရွယ်ခဲ့ပါက သူတို့ရော ခံနိုင်ရည် ရှိပါမည်လား။

“ထျန်းဟယ်ဘုံက ရီဖူရှင်း။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက ရှောင်းကလန်နှင့် ပုံရိပ်ယောင်ကျွန်းမှ လူများကို ကြည့်ကာ ပြောလိုက်သည်။ “အခု ကျုပ် ယှဥ်ပြိုင်မှုမှာ ပါလို့ရပြီလား။”

“ရတယ်” ရှောင်းမုယွီက သဘောတူလိုက်သည်။ ရီဖူရှင်းက ထိုမျှ ခွန်အားရှိနေရာ သူ့ကို မပါဝင်စေရန် လုပ်ဆောင်မည်ဆိုလျှင် ဖြစ်နိုင်ပါမည်လား။

ပုံရိပ်ယောင်ကျွန်းမှ ခေါင်းဆောင်က မည်သို့မှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ယခု သူတို့က ကံတရားပေါ်တွင်သာ မူတည်ပေတော့သည်။ သိသာစွာပင် ဤလူက သူတို့ထက် ပို၍ အားကောင်းပေသည်။

ရီဖူရှင်းက ပြုံး၍ ပြောလိုက်သည်။ “ကျုပ်တို့ အတူတူ စဥ်းစားတွေးခေါ် ကြည့်ကြတာက ကောင်းတယ်မလား။ အကြမ်းဖက်ပြီး ဖြေရှင်းဖို့ထိ မလိုအပ်ပါဘူး။”

သူက အခြားသူများကို စည်းရုံးသိမ်းသွင်းရန် အမြဲတစေ စဥ်းစားတွေးခေါ်ပြီးမှ ပြုမူလေသည်။

သို့ပေမယ့် သူတို့က လက်မခံနိုင်လျှင်....

ယနေ့တွင် အစ်ကိုသုံးပြောသည့် စကားကို လက်ကိုင်ထားရမည် ဖြစ်သည်။

ရှောင်းကလန်နှင့် ပုံရိပ်ယောင်ကျွန်းမှ တန်ခိုးရှင်များသည် ရီဖူရှင်းပြောသည်ကို ကြားသောအခါ ရှုံးမဲ့သွားကြလေသည်။  စဥ်းစားတွေးခေါ်မှုလား။

ရတနာအတွက် ယှဥ်ပြိုင်ရာ၌ မည်သည့်နေရာတွင် စဥ်းစားတွေးခေါ်ရန် လိုအပ်ပါသနည်း။ သူတို့သည် အဓိကပြဿနာမှာ မည်သူက အသန်မာဆုံး ဖြစ်သည်ဟူ၍ပင် တွေးခဲ့ကြသည်။

“ကျုပ် သူငယ်ချင်းလည်း အတူတူ လိုက်လာလိမ့်မယ်။” ရီဖူရှင်းက သူ့နောက်မှ ရှားရှင်းယွန်ကို ကြည့်လိုက်သည်။ သူသည် ရှားရှင်းယွန်ကို တစ်ယောက်တည်း ထားခဲ့ရန် မလွယ်ပေ။ ထို့ကြောင့် သူနှင့်အတူ ခေါ်သွားရပေမည်။

“ရတယ်။” အဓိက အင်အားစုနှစ်ခုက မည်သူမှ သဘောမတူဘဲ မနေကြပေ။

“ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းသည် သူတို့၏ တုန့်ပြန်မှုကို အလွန် ကျေနပ်သွားခဲ့သည်။ ထိပ်သီးအင်အားစုများမှ တပည့်များအနေနှင့် သူတို့က မည်သို့ စဥ်းစားတွေးခေါ်သင့်သည်ကို သိရှိပေသည်။

“သွားကြစို့။” သူတို့လေးယောက်က အတူတူ ရှေ့သို့ သွားခဲ့ကြပြီး ကြမ္မာလောကမှ လူများသည် အလျင်စလို လှုပ်ရှားခြင်းမပြုကြပေ။ ရီဖူရှင်းသည် လမ်းလျှောက်နေရင်းနှင့်ပင် သူ့ လက်ထဲ၌ လှံက ရှိနေဆဲဖြစ်ကာ မျက်နှာထက်တွင် ခင်မင်ရင်းနှီးသည့် အပြုံးတစ်ခုဖြင့် သူတို့ကို အချိန်နှင့်အမျှ စောင့်ကြည့်​နေသည်။ သို့သော် မည်သူကမှ ထို အထင်ကြီးလောက်ဖွယ် တိုက်ခိုက်မှုကို မမေ့နိုင်ကြပေ။

သူတို့လေးယောက်သည် ရေကန်အလယ်သို့ လျှောက်လာကြသည်။ အရောင်ခြောက်ရောင်ပွင့်ချပ် ကြာပန်းက ပွင့်လန်းနေပြီး ၎င်း၏ အလင်းတို့က ကောင်းကင်နှင့် မြေကြီးကိုပင်  လွှမ်းခြုံထားလေသည်။ ရီဖူရှင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူသည် အကြည့်တစ်ချက်နှင့်ပင် ထိုကြာပန်းပိုင်ဆိုင်သည့် ကိုယ်ပိုင်သိစိတ်ကို ခံစားမိပေသည်။

လောကရှိ အရာအားလုံးသည် ဝိညာဥ်စွမ်းအားများပြည့်နှက်နေပြီး အသက်စွမ်းအားတို့ ပါဝင်နေသည်။ ကြာပန်းသည်လည်း အတူတူပင် ဖြစ်သည်။ အသက်စွမ်းအားပါဝင်ခြင်းသည် ကိုယ်ပိုင်သိစိတ် ပိုင်ဆိုင်ခြင်းနှင့် မတူသော်လည်း ဤပွင့်လန်းနေသည့် ကြာပန်းက ရီဖူရှင်းကို ထိုသို့သော ခံစားချက်အား ပေးစွမ်းပေသည်။

ရုတ်တရက် အရောင်ခြောက်ရောင် နတ်အလင်းတို့ ပေါက်ကွဲထွက်လာကာ ကျယ်ပြောသည့် လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မရေတွက်နိုင်သည့် ကြာပန်းများက ရီဖူရှင်းနှင့် အခြားသူများ အနီးတွင် ပေါ်ပေါက်လာပြီး သူတို့အား ရစ်ပတ်လိုက်သည်။ တခဏအတွင်း ရီဖူရှင်းသည် ပြင်ပလောကနှင့် သီးခြားတည်ရှိနေသည့် ကြာပန်းကမ္ဘာသို့ ဝင်ရောက်သွားသည်ဟု ထင်မှတ်လိုက်ရသည်။

“အံ့သြစရာပဲ။” ရှားရှင်းယွန်က တီးတိုးရေရွတ်လိုက်သည်။ သူတို့၏ ခြေဖဝါးအောက်တွင်လည်း ကြာပန်းများ ပေါ်ပေါက်လာသည်။

“ဟမ်” ရှောင်းမုယွီက မျက်မှောင်ကြုတ်လိုက်၏။  ထိုသည်မှာ ယခင်က သူမ သတိပြုမိခဲ့သည့် အခြေအနေမှ အနည်းငယ် ကွဲလွဲနေသည်။

တခဏအတွင်း သူမသည် ကောင်းကင်သို့ ဦးတည်ကာ ကြာပန်းအလယ်သို့ ပြေးသွားခဲ့သည်။

သို့သော် သူမသည် အူတိုင်ကို ထိမိဆဲဆဲတွင် တောက်ပသည့် အလင်းများ ထွက်ပေါ်လာကာ သူမရှေ့မှ ကြာပန်းက ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြား မျောလွင့်နေသည့် အနန္တကြာပန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“သွားပြီ”

ရှောင်းမုယွီက အံ့အားတသင့် ကြည့်လိုက်သည်။ သူတို့က ယခင် လေဟာနယ်မှ ထွက်လာပြီး မရေတွက်နိုင်သည့် ကြာပန်းများက ရေကန်ပေါ်တွင် မျောလွင့်နေကာ သာမန်ကြာပန်းများကဲ့သို့ပင် ဖြစ်သည်။

“တကယ်ပဲ ပုံရိပ်ယောင်” ပုံရိပ်ယောင်ကျွန်းမှ တန်ခိုးရှင်၏ မျက်လုံးက ကြောက်မက်ဖွယ်ကောင်းလာကာ အောက်ဘက်ရှိ ကြာပန်းကို ကြည့်လိုက်သည်။ သို့သော် ကြာပန်းတစ်ခုချင်းစီသည် တူညီလုနီးပါးရှိကာ  အခြားကြာပန်များထက် ပိုမိုတောက်ပနေသည့် ကြာပန်းအနည်းငယ်ရှိသည်။ သူ၏ ပုံရိပ်က လျှပ်တပြက်လှုပ်ရှားသွားကာ သူ၏ လက်များကို ဝှေ့ယမ်းလိုက်သည်။ လက်ဝါးရိုက်ချက် ခွန်အားက ကြာပန်းကို အစိတ်စိတ် ကွဲသွားစေပြီး သူသည် အစစ်အမှန် ကြာပန်းတို့အား သိရရန် ကြိုးစားနေသည်။

သို့သော် ထိုကြာပန်းများက တစ်ဖန်ပြီးတစ်ဖန် ပြန်လည်မွေးဖွားလာနေပြီး မည်သည့်အခါမှ ပျောက်ကွယ်သွားတော့မည် မဟုတ်သကဲ့သို့ ရေကန်မျက်နှာပြင်တွင် တိတ်ဆိတ်စွာ မျောလွင့်နေသည်။

ရှောင်းမုယွီက သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြာပန်းကို သူမ၏ လက်များအတွင်းသို့ ဆွဲယူချင်နေသည်။ သို့သော် ကြာပန်းတစ်ပွင့် ပျောက်ကွယ်သွားသည့်အချိန်တွင် ပိုမိုများပြားသည့် ကြာပန်းများက အဆုံးမရှိ ပေါ်ပေါက်လာနေပြီး သူမကို ချက်ချင်းရပ်တန့်စေရန် တွန်းအားပေးနေသည်။

ရှားရှင်းယွန်သည် အဖြစ်အပျက်တို့အား နားမလည်သည့်အတွက် ရီဖူရှင်းကို ကြည့်လိုက်သည်။

“သူက ဒီနေရာက ထွက်မသွားချင်ဘဲ ဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်တို့ကို ကိုယ့်ဘာသာ ထွက်သွားစေချင်နေတယ်။” ရီဖူရှင်းက ပြောလိုက်သည်။

“ထွက်သွားဖို့ စိတ်မပါတာလား။” ရှားရှင်းယွန်က ပြောလိုက်သည်။ “ရှင်ပြောတာက ဒီကြာပန်းမှာ အသိစိတ် ရှိတယ်လို့လား။”

ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။ သူသည်လည်း အသေအချာ သိရှိထားခြင်း မရှိပေ။ ဘုန်းကြီး က မိုးမခပင်အောက်တွင် လမ်းစဥ်ကို နားလည်သဘောပေါက်ခဲ့ပြီး ရန်ဟောင်အဆင့်သို့ ဝင်ရောက်စဥ်တွင် ဗုဒ္ဓတစ်ဆူဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။ မိုးမခသစ်ပင်က သူ့ကို အလွန်ထူးခြားဆန်းကြယ်သည့် အာရုံခံစားမှုကို ပေးစွမ်းပြီး အသက်စွမ်းအားများ ရှိနေသလို ခံစားရသည်။ သို့ဆိုလျှင် အသက်စွမ်းအားက အရာအားလုံးကို ဝိညာဥ်ဖြစ်တည် လာစေနိုင်သည်လား။

ဤသည်က မည်သို့သောဘုံမျိုးနည်း။

“ဖြစ်နိုင်တာက နတ်ဘုရားတွေက ရေကန်မှာ ကျင့်ကြံပြီး ကြာပန်းဝိညာဥ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ် ထင်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ပုံရိပ်ယောင်မှော်သည် အလွန် အားကောင်းလှပြီး မည်သည်က အစစ်ဖြစ်ကြောင်း သူပင် မခွဲခြားနိုင်ပေ။ သူ၏ မျက်လုံးများက အစစ်အမှန်မဟုတ်သည့် အရာအားလုံးကို ခွဲခြားနိုင်စွမ်းရှိသော်လည်း ကြာပန်းအစစ်အမှန်ကို ခွဲခြားနိုင်ခြင်း မရှိပေ။ ၎င်းက မည်သည်ကို ဆိုလိုသနည်း။

ဆိုလိုသည်မှာ ထိုကြာပန်းက သူ၏ မျက်လုံးများနှင့် အဆင့်တူတွင် ရှိသည် ဟူ၍ပင် ဖြစ်သည်။

၎င်းသည် မဟာအင်ပါယာ၏ ပြုစုပျိုးထောင်ပေးခြင်းမှ မွေးဖွားလာပြီး လမ်းစဥ်ကို ရရှိထားခဲ့ပြီး ဖြစ်သည်။

အမွေအနှစ် ဥယျာဥ်အတွင်း ရှေးဟောင်းသစ်ပင်နှင့် နတ်ဆေးပင်တို့ အများအပြားရှိနေပြီး အများစုသည် လူအများအား ယှဥ်ပြိုင်မှုများ ဖြစ်ပွားစေနိုင်သည်။ ဤကြာပန်းက ထူးခြားဆန်းကြယ်လှသော်လည်း ကျင့်ကြံရေးတွင် စွမ်းရည်ကိုက်ညီမှု မကိုက်ညီမှုတို့ကြောင့် အင်အားစုအနည်းငယ်သာလျှင် ဤနေရာသို့ လာနိုင်ပေသည်။ သို့သော် သူတို့က အမှန်တကယ် နားမလည်ပေ။ မိုးမခပင်သည်တော့ ဘုန်းကြီး သာလျှင် နားလည်သဘောပေါက်နိုင်ခဲ့သည်။ လူအများသည် မိုးမခပင်က ထူးခြားဆန်းကြယ်သည်ကို သိသော်လည်း သူတို့က ၎င်းမှ မည်သည့်အရာမှ နားလည်နိုင်ခြင်း မရှိပေ။

လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်အခွင့်အရေး ရှိသည်။

ကြည့်ရသည်မှာ ရှားရှင်းယွန်၏ အခွင့်အရေးက သူ မှန်းဆထားသည်ထက် သာလွန်ကောင်းမွန်နေပုံရသည်။

ရီဖူရှင်းက ရေကန် မျက်နှာပြင်ထက် လမ်းလျှောက်လာပြီး ကြာပန်းများကို ဖြတ်ကျော်လာသည်။ သူသည် ထိုကြာပန်းများကို ကြည့်ကာ ပြောလိုက်သည်။ “ဒီပန်းအားလုံးက တစ်ခုတည်း ဟုတ်တယ်မလား။ မင်းနဲ့ တခြားပန်းတွေကြားမှာ ကွာခြားချက် မရှိဘူး။”

သူက ရေကန်ပေါ်တွင် ထိုင်ကာ ကြာတစ်ပွင့်ကို သူ့လက်ပေါ်တင်လိုက်၏။ ဤသည်မှာ သူက မည်သည့်နေရာတွင်မှ ကွဲပြားခြားနားမှုကို မမြင်သောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးက အတူတူပင် ဖြစ်နေသောကြောင့် ဖြစ်သည်။

“မင်း စောင့်ဆိုင်းနေတဲ့သူက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ နှစ်ထောင်ပေါင်းများစွာ အထီးကျန်မှုကို သည်းခံနေမယ့်အစား အသစ် တစ်ယောက်ယောက် ထပ်ရှာတာ ပိုမကောင်းဘူးလား။” ရီဖူရှင်းက ကြာပန်းကို ပြောလိုက်သည်။ ရှောင်းကလန်နှင့် အခြားတန်ခိုးရှင်များက ထိုမြင်ကွင်းကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြ၏။

ထိုသူက အမှန်တကယ်ပင် ကြာပန်းနှင့် စကားပြောနေသည်လား။

သူတို့အားလုံးသည် ထိပ်သီးအင်အားစုများမှ လာခြင်းဖြစ်၍ ဖြစ်တည်မှုအားလုံးတွင် ဝိညာဥ်ပိုင်ဆိုင်သည်ကို သိကြသည်။ သို့သော် သူတို့သည် ဤသို့သော အခြေအနေမျိုးကို မည်သည့်အခါကမှ ​မမြင်တွေ့ဖူးကြပေ။ ဤကြာပန်းတွင် အမှန်တကယ်ပင် အသက်ရှိနေနိုင်သည်လား။

သို့ဆိုလျှင် ၎င်းက လမ်းစဥ် ရရှိပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟူသည့် အဓိပ္ပါယ်လေလား။

“ရှင်းယွန်၊ ထိုင်လိုက်။” ရီဖူရှင်းက သူ့ဘေးမှ ရှားရှင်းယွန်ကို မော့ကြည့်လိုက်သည်။

ရှားရှင်းယွန်က နာခံစွာဖြင့် သူ့ဘေးတွင် ထိုင်လိုက်သည်။

“မင်းရဲ့ သက်စောင့်ဝိညာဥ်ကို ထုတ်လိုက်” ရီဖူရှင်းက ပြောလိုက်သည်။ ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ သက်စောင့်ဝိညာဥ်ကို ထုတ်လွှတ်လိုက်သည်။ တောက်ပသည့် ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။ ၎င်း၏ ပွင့်ချပ်များက ပွင့်အာလိုက်ဖူးငုံလိုက် ဖြစ်နေသည်။ ထိုအခိုက်တွင် ရှားရှင်းယွန်သည် သန့်စင်သည့် ရောင်ဝါများနှင့် နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်သည်။

“သူမက မင်းလိုပဲ။ သက်စောင့်ဝိညာဥ်က ကြာပန်း ဖြစ်တယ်။ ကြာပန်းတွေက အသက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်းက သူမရဲ့ အသက်လမ်းစဥ် ကျင့်ကြံခြင်းကို မှီခိုပြီး ကြီးထွားနိုင်တယ်။ မင်းသာ သူမရဲ့ သက်စောင့်ဝိညာဥ်နဲ့ ပေါင်းစည်းပြီး သူမရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ရင် မင်းနဲ့အတူ အဖော်ပြု ကြီးပြင်းလာပေးမယ့် တစ်စုံတစ်ယောက် ရှိနေမှာမို့လို့ ထပ်ပြီး အထီးကျန်ဆန်သလို ခံစားရတော့မှာ မဟုတ်ဘူး။” ရီဖူရှင်းက နူးညံ့စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားတို့က နူးညံ့သိမ်မွေ့နေပြီး တောက်ပသည့် နတ်အလင်းက သူ၏ လက်ဖဝါးမှ စီးဆင်းနေသည်။

လူတိုင်းက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်နေကြ၏။

ရှောင်းမုယွီ၏ မျက်လုံးများထဲတွင် ပြင်းပြလှသည့် သိချင်စိတ်တို့ဖြင့် ပြည့်နေခဲ့သည်။ သူမသည် တစ်စုံတစ်ယောက်က ရတနာကို ဤကဲ့သို့ ဆွဲဆောင်နေသည်အား ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူက ကြာပန်းနှင့် စကားပြောနေသည်လား။ ထို့အပြင် ၎င်းကို ကိုယ်ပိုင်သခင် ရွေးချယ်ရန် မေးနေသည်လား။

သူတို့သည် ထိုအဖြစ်မျိုး မည်သည့်အခါကမှ မမြင်ဖူးခဲ့ပေ။

အခြားသော အခြေအနေမျိုး၌ဆိုလျှင် သူမသည် ရီဖူရှင်းနှင့် ပတ်သတ်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ထင်မိပေမည်။

သို့သော် ဤလူသည် အလွန်ပင် ချောမောခန့်ညားလှသည်။ သူ၏ အဖြူရောင်ဝတ်စုံက ငွေဖြူရောင်ဆံပင်နှင့် လိုက်ဖက်နေပြီး နူးညံ့သိမ်မွေ့ကာ ခန့်ညားသည်။ ကြာပန်းနှင့် ပြောနေသည့် သူ၏ စကားများ​က သူမကို အလွန် ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းကာ သူက အချို့သော ဆရာသခင်တစ်ပါးဟုပင် ထင်မှတ်လာမိစေသည်။

“ရူးနေတာ”

ရှောင်းမုယွီသည် သူမကိုယ်သူမ တွေးလိုက်မိသည်။ ဤလူ၌ ထူးခြားသည့် အငွေ့အသက်တို့ ရှိနေသော်လည်း သူက သူမနှင့် ရွယ်တူခန့်ပင် ရှိရပေမည်။

ထို့အပြင် သူက ကြာပန်းကို သူ့အတွက် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ သူ့ဘေးမှ အမျိုးသမီးအတွက် ဖြစ်သည်။ သူမက သူ၏ ချစ်ရသူများ ဖြစ်နေသလား။

ရီဖူရှင်း၏ လက်ဖဝါးထဲမှ အလင်းက ထူးခြားဆန်းကြယ်သည့် အရှိန်အဝါ ရှိသည်။ ကြာပန်းဝည် တဖြည်းဖြည်း အလင်းရောင်တို့ ထုတ်လွှတ်လာကာ အပေါ်သို့ ဖြည်းဖြည်းချင်း မျောလွင့်လာပြီး အမှန်တကယ်ပင် ရှားရှင်းယွန်၏ သက်စောင့်ဝိညာဥ်အတွင်း ပျော်ဝင်သွားလေသည်။

“ဒါက ဘာလဲ...”

သူတို့ ရှေ့မှ မြင်ကွင်းကို တွေ့လိုက်ရသည့်အခါ လူတိုင်း အံ့အားသင့်ထိတ်လန့်သွားခဲ့သည်။ ယခု သူတို့ မြင်တွေ့ခဲ့ရသည့် အရာအားလုံးက မယုံနိုင်ဖွယ်ဖြစ်သော်လည်း အမှန်တကယ်ပင် သူတို့၏ ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းက အလုပ်ဖြစ်သွားသည်လား။

သူတို့သာ သိရှိခဲ့လျှင် ကြာပန်းနှင့် စကားပြောပြီးနေခဲ့မည် ဖြစ်ကာ ရီဖူရှင်းကို စောင့်ဆိုင်းနေရန်ပင် မလိုပေ။

အလင်းက တစထက်တစ ပို၍ တောက်ပလာပြီး မရေတွက်နိုင်သည့် ကြာပန်းများက ကြာပန်းပွင့်တစ်ခုအတွင်း ပေါင်းစပ်သွားကာ ရှားရှင်းယွန်၏ ခေါင်းအထက်တွင် မျောလွင့်နေသည်။ ခြောက်ရောင်ခြယ်ပွင့်ချပ်များမှ နတ်အလင်းတို့ ထုတ်လွှတ်ပေးနေသည်။ အမှန်တကယ်ပင် ကြာပန်းများအားလုံးက တစ်ခုတည်းပင် ဖြစ်သည်။

၎င်းက အမှန်တကယ် နားလည်ပေသည်။

ထိုအချိန်တွင် လူတိုင်းက စိတ်မသက်မသာ ဖြစ်နေကြသည်။

သို့သော် ထိုအချိန်တွင် ရီဖူရှင်းက ထရပ်လိုက်ပြီး  လက်ထဲက လှံကို လေထဲသို့ ချိန်ရွယ်ကာ ရယ်မောရင်း ပြောလိုက်သည်။ “ကျုပ်က အမြဲ ကျိုးကြောင်းဆီလျော်တာကို ယုံတယ်။  ကျေးဇူးပြုပြီး ကြာပန်းရဲ့ ရွေးချယ်မှုကို လေးစားကြပါ။”

ကြာပန်းရဲ့ ရွေးချယ်မှုကို လေးစားရမယ်တဲ့လား။

လူတိုင်းက ရီဖူရှင်း ပြောသည်ကို ကြားသည့်အခါ သူ့အား ဒေါသတကြီးနှင့် ရိုက်နှက်ချင်လာသည်။ သို့သော် သူတို့သည် လှံ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိကြသဖြင့် မည်သူကမှ အလျင်စလို မလှုပ်ရှားရဲကြပေ။

“နင်က ဒီနေရာမှာ နင့်အတွက်နင် လာတိုက်ခိုက်တာ မဟုတ်ဘူးလား။ သူက ဘယ်သူလဲ။” ရှောင်းမုယွီက ရှားရှင်းယွန်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။

“ကျုပ် သူငယ်ချင်း။ ဒါပေမယ့် အဲဒါက ဘာကွာလို့လဲ။” ရီဖူရှင်းက ပြုံးလိုက်သည်။

“ငါ့ကို ဘာလို့ ကြာပန်း မပေးရတာလဲ။ ရှောင်းကလန်ရဲ့ ရှောင်းမုယွီက နင်နဲ့ သူငယ်ချင်း ဖြစ်နိုင်ပါတယ်။” ရှောင်းမုယွီက ကလူသလို ပြုံးလိုက်ပြီး သူမ၏ ဆွဲဆောင်မှုတို့ကို ထုတ်ပြထားသည်။ သူမသည် အလွန်လှပ၍ ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ အလွန် ကျွမ်းကျင်သည့် စွမ်းရည်တစ်ခုက မြှူဆွယ်ခြင်းပင် ဖြစ်၏။

ရီဖူရှင်းသည် ခေတ္တမျှ အံ့သြသွားသော်လည်း ထို့နောက်တွင် သူက ရှောင်းမုယွီကို ပြုံးပြလိုက်သည်။ ရီဖူရှင်းသည် အလှကြောင့် ယိမ်းယိုင်တတ်သူ မဟုတ်ပေ။

“ရှောင်းကလန်က ကျုပ်ကို လက်ထပ်ခွင့် တောင်းချင်တယ်ဆိုရင်တော့ စဥ်းစားပေးပါ့မယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ဗဟိုအင်ပါယာဘုံ၏ ထိပ်သီး အင်အားစုတစ်ခုမှ သမီးကို လက်ထပ်ခဲ့လျှင် သူက ဤသို့သော အားထုတ်မှုမျိုးနှင့် ကျင့်ကြံရန် မလိုအပ်တော့ဟု ဆိုလိုသည် မဟုတ်ပါလား။

“အရှက်မရှိလိုက်တာ။”

သူ့ဘေးမှ ရှားရှင်းယွန်သည် နွေးထွေးသည့် ခံစားမှုတို့ကြောင့် ဇဝေဇဝါ ဖြစ်နေသော်လည်း ရီဖူရှင်း၏ စကားလုံးများကို သူမ ကြားသည့်အခါ ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ 'ဘယ်လောက် အရှက်မရှိလိုက်တဲ့ကောင်လဲ။'

နောက်ပိုင်း၌ သူမက သူ့အတွက် ထပ်ပြီး စိတ်လှုပ်ရှားမိလျှင် သူမ....

ရှောင်းမုယွီက အေးခဲသွားကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမသည် ဤအကောင်က အရှက်မရှိသည့်ကောင် ဖြစ်သည်ကို မ​မြင်နိုင်ရလောက်အောင် ကန်းသွားခြင်း ဖြစ်ရမည်။

“နောက်တာပါ။ ခင်ဗျားက ကျုပ်ကို အဲဒီလိုလူမျိုးထင်နေလား။ ဒီကြာပန်းနဲ့ ကျုပ် သူငယ်ချင်းက အံကိုက်ကို ပြည့်စုံနေတာ။ ပြီးတော့ ကြာပန်းက သူ့ကို သခင်အဖြစ် ရွေးလိုက်သေးတယ်။ အဲဒါကြောင့် ကြာပန်းက သူမအပိုင် ဖြစ်သွားပြီ။ သဘောမတူတဲ့ ဘယ်သူမဆို ကျုပ်နဲ့ ကျုပ်ရဲ့ လှံကို အရင် ဖြတ်ကျော်ရမယ်။” ရီဖူရှင်းက ရှားရှင်းယွန်၏ ဘေး၌ ရပ်ကာ စောင့်ကြပ်ပေးနေရင်း ပြောလိုက်သည်။

ရှားရှင်းယွန်၏ နှလုံးသားလေးက တစ်ဖန် နွေးထွေးသွားပြန်သည်။

ကြည့်ရသည်မှာ သူက ထိုမျှထိ အရှက်ကင်းမဲ့ပုံတော့ မရပေ။

မည်သူကမှ အလွယ်တကူ မလှုပ်ရှားရဲကြပေ။ သူတို့သည် ကြာပန်းက ရှားရှင်းယွန်၏ သက်စောင့်ဝိညာဥ်နှင့် ပေါင်းစပ်ပျော်ဝင်နေသည်ကို စောင့်ကြည့်နေကြသည်။ ခဏချင်းအတွင်း ရှားရှင်းယွန်၏ သက်စောင့်ဝိညာဥ်က ကောင်းကင်တွင် ပြည့်နေသည့် ကြာပန်းများကဲ့သို့ အလွန် တောက်ပသည့် ရောင်စဥ်တို့ ထုတ်လွှတ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ လမ်းစဥ်တို့က ရှားရှင်းယွန် ခန္ဓာအတွင်း အရူးအမူး စီးဝင်နေသည်။ သူမသည် မျက်လုံးများမှိကာ တရားထိုင်နေရင်း ကောင်းကင်နှင့် မြေကြီးမှ လမ်းစဥ်တို့ကို စုပ်ယူနေကာ ကြာပန်း၏ အစစ်အမှန် အဓိပ္ပါယ်ကို စူးစမ်းလေ့လာနေသည်။

သူမကို နတ်အလင်းတို့က လွှမ်းခြုံထား၏။ ရီဖူရှင်းက သူမကို တစ်ချက်ကြည့်လိုက်လျှင် သူသည် ရှားရှင်းယွန်၏ မျက်နှာက နတ်အလင်းတို့ဖြင့် ရောင်ပြန်ဟပ်နေကာ ခမ်းနားထည်ဝါသည့် နတ်ဘုရားမ တစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။

သူမက အတော်လေး ခက်ထန်သော်လည်း သူမသာ မိန်းကလေးဆန်ဆန် ဝတ်စားပါလျှင် အတော်လေး လှပပေလိမ့်မည်။

***

All Chapters